← Chapters

အခန်း (၂၆၁-၂၆၂)

Vol. 27 Ch. 261-262

အခန်း (၂၆၁-၂၆၂)

Vol. 27 Ch. 261-262

အခန်း (၂၆၁) သားရဲသစ်တော

မီကန် သည် ထိုစကားကို ကြားလိုက်ရသည့်အခါ သိသိသာသာ မှင်တက်သွားပြီး မယုံနိုင်စရာ ကောင်းလှသည့် မျက်နှာထားဖြင့် လုံချန်းကို ကြည့်လိုက်သည်။

"ဘာလဲ... မောင်လေး၊ ငါက နင့်ကို ချစ်စရာကောင်းတဲ့ ခွေးပေါက်လေးလို့ ထင်နေတာ၊ တကယ်တော့ အရေခြုံထားတဲ့ ဝံပုလွေတစ်ကောင် ဖြစ်နေတာပဲ။ နင် ငါ့ကိုပါ ဝါးမျိုဖို့ ကြံနေတာလား" သူမက ကြောက်လန့်ဟန်ဆောင်ကာ မေးလိုက်သည်။

"ကျွန်တော့်မှာ အဲဒီလို ရည်ရွယ်ချက် မရှိပါဘူး" လုံချန်းက ပြန်ဖြေရင်း သူမ၏ လက်မောင်းများကြားမှ ရုန်းထွက်ကာ နောက်သို့ ဆုတ်လိုက်သည်။

လုံချန်း နောက်ဆုတ်သွားသည်ကို မြင်သောအခါ သူမ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

"ဟင်း... နင်သာဆိုရင်တော့ ငါ မကန့်ကွက်ပါဘူး" သူမက လုံချန်းကို မျက်စိတစ်ဖက် မှိတ်ပြရင်း မြှူဆွယ်သလို ပြောလိုက်သည်။

"မလိုပါဘူး၊ ကျေးဇူးပဲ။ ဒါနဲ့ ကျွန်တော်တို့ကို အရင်ဆုံး ဂိုဏ်းအနှံ့ လိုက်ပြပေးလို့ ရမလား" လုံချန်းက ပြောလိုက်သည်။

"အင်း... မောင်လေးက တော်တော် ရက်စက်တာပဲ။ ဒါပေမဲ့ ရပါတယ်။ အစ်မက ရက်စက်တဲ့ ယောကျ်ားတွေကို ပိုသဘောကျတယ်" သူမက လုံချန်းကို ထပ်မံ မျက်စိမှိတ်ပြပြန်သည်။

"ကဲ... ငါ့ကို အဲဒီလိုကြည့်မနေနဲ့တော့။ ငါ နောက်တာပါ။ ငါ့နောက် လိုက်ခဲ့ကြ၊ ဂိုဏ်းအနှံ့ လိုက်ပြပေးမယ်" မီကန်က သူတို့ကို လိုက်ခဲ့ရန် အချက်ပြလိုက်သည်။

သူတို့အားလုံး သူမနောက်မှ လိုက်သွားကြသည်။

"ဂိုဏ်းက အရမ်းကြီးတယ်၊ ဒါပေမဲ့ အခုလောလောဆယ် နင်တို့ သွားခွင့်ရှိတဲ့ နေရာတွေကိုပဲ ငါ အရင်ပြမယ်။ နင်တို့ သားရဲခန်းမရဲ့ တပည့်အစစ်အမှန် ဖြစ်လာပြီဆိုမှ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သွားလာခွင့်ရပြီး နေရာတော်တော်များများကို သွားနိုင်မှာပါ" ခဏအကြာတွင် သူမက ဆိုသည်။

သူတို့သည် ခိုင်ခံ့သော ကျောက်တုံးများဖြင့် လှပစွာ ခင်းကျင်းထားသော လမ်းအတိုင်း လျှောက်လာကြပြီးနောက် လှပသော အဆောက်အဦးတစ်လုံးကို မြင်လိုက်ရသည်။

"အဲဒါက ပညာရပ်ခန်းမပဲ။ အဲဒီမှာ ပညာရပ်တွေကို ရွေးချယ်နိုင်တယ်၊ ဒါပေမဲ့ ပညာရပ်တွေ ရဖို့အတွက် ဂိုဏ်းအကျိုးပြုမှတ်တွေ လိုတယ်။ ငါတို့လို တပည့်အစစ်တွေပဲ ဝင်ခွင့်ရှိတာမို့ အထဲကိုတော့ လိုက်မပြနိုင်ဘူး"

သူမသည် ထိုအဆောက်အဦးကို ညွှန်ပြရင်း ရှင်းပြနေသည်။ ထို့နောက် သူမသည် ရုတ်တရက် လုံချန်းအနားသို့ တိုးကပ်လာပြီး သူမ၏ မျက်နှာတွင် အပြုံးတစ်စ ပေါ်လာသည်။

လုံချန်းက နောက်သို့ ဆုတ်မသွားဘဲ သူမ အနားတိုးလာသည်ကို ခွင့်ပြုလိုက်သည်။

"ဪ... ဒါနဲ့ မောင်လေး။ ပညာရပ်ခန်းမကို တာဝန်ယူထားတဲ့ အကြီးအကဲက တကယ့်ကို အလန်းစားကြီးပဲနော်။ နင် ၄ ယောက်မြောက် ဇနီး ထပ်ယူချင်ရင်တော့ အဲဒါ အကောင်းဆုံးပဲလို့ ပြောပြတာပါ" သူမက လုံချန်း၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"၄ ယောက်မြောက် ဟုတ်လား" လုံချန်းက ဇဝေဇဝါ မျက်နှာထားဖြင့် ရေရွတ်လိုက်သည်။

"အင်းလေ... သူက ၄ ယောက်မြောက်ပေါ့။ ငါက ၃ ယောက်မြောက် မဟုတ်ဘူးလား" သူမက မြှူဆွယ်သော လေသံဖြင့် ပြောလိုက်သည်။ လုံချန်းမှာ သူမ၏ ပူနွေးသော ထွက်သက်ကို နားထဲတွင် ခံစားလိုက်ရသော်လည်း မျက်နှာထားကိုတော့ မပျက်အောင် ထိန်းထားသည်။

"ကဲ... ဆက်သွားကြစို့" သူမက ခပ်တိုးတိုး ရယ်မောရင်း နောက်သို့ ဆုတ်လိုက်သည်။

'ဒီမိစ္ဆာမလေးတော့' လုံချန်းက မချိပြုံး ပြုံးရင်း ကျန်ရှိသူများနှင့်အတူ သူမနောက်မှ ဆက်လိုက်လာခဲ့သည်။

သူသည် ကျိချင်းနှင့် မင်ယုတို့၏ မျက်နှာကို လှည့်မကြည့်ရဲပေ။ သူတို့ မည်မျှ စိတ်တိုနေမည် ဖြစ်ကြောင်း သူ ခန့်မှန်းရဲသောကြောင့် ဖြစ်သည်။

၁၀ မိနစ်ခန့် လမ်းလျှောက်ပြီးနောက် တံတိုင်းကြီးတစ်ခုကို မြင်လိုက်ရသည်။ ထိုတံတိုင်းမှာ အတော်လေး မြင့်မားပြီး အလွန်လည်း ရှည်လျားလှသည်။

ထိုတံတိုင်း နောက်ကွယ်တွင် မည်သည်များ ရှိနေမည်မှန်း လုံချန်း မတွေးဘဲ မနေနိုင် ဖြစ်သွားသည်။

"အဲဒီတံတိုင်း နောက်ကွယ်မှာတော့ လေ့ကျင့်ရေး ကွင်းပြင် ရှိတယ်။ ငါတို့ သားရဲသခင်တွေက ကိုယ်ယဉ်ပါးအောင် လုပ်ထားတဲ့ သားရဲတွေနဲ့ အဲဒီမှာ ယှဉ်ပြိုင်ကြတာ။ အဲဒီကိုလည်း နင်တို့ သွားလို့ မရသေးဘူး။ တပည့်အစစ် ဖြစ်လာမှပဲ ဝင်ခွင့်ရမှာ" သူမက ရှင်းပြသည်။

"ကျွန်တော်တို့ ဝင်လို့ရတဲ့ နေရာရော ရှိသေးရဲ့လား" လုံချန်းက ခပ်ပြုံးပြုံးဖြင့် မေးလိုက်သည်။

'မရဘူး' ဟူသော စကားကို ထပ်ခါတလဲလဲ ကြားနေရသဖြင့် သူ အနည်းငယ် ငြီးငွေ့လာပုံရသည်။

"အရမ်း စိတ်မလောပါနဲ့ မောင်လေးရဲ့။ အဲဒီလို နေရာမျိုးလည်း ရှိပါသေးတယ်။ လာ... ငါ့နောက် လိုက်ခဲ့" မီကန်က ပြုံးလျက် ပြောလိုက်သည်။

သူတို့ ဆက်လက် လမ်းလျှောက်လာကြပြီးနောက် ခုံးပတ်ပုံစံ အဆောက်အဦးတစ်လုံး ရှေ့တွင် ရပ်လိုက်ကြသည်။

"ဒါကတော့ စာသင်ခန်းတွေ ရှိတဲ့ နေရာပေါ့။ မနက် ၉ နာရီကနေ ၁၂ နာရီအထိ ကျင်းပတဲ့ အတန်းတွေကို နင်တို့ သွားတက်လို့ ရတယ်။ ကျင့်ကြံခြင်းကနေ သားရဲယဉ်ပါးအောင် လုပ်ခြင်းအထိ ခေါင်းစဉ်အမျိုးမျိုးကို အဲဒီမှာ သင်ကြားပေးတယ်" သူမက လုံချန်းတို့ဘက်သို့ လှည့်ကြည့်ကာ ရှင်းပြသည်။

"ဒီနေရာက သားရဲခန်းမရဲ့ တပည့်ထောင်ပေါင်းများစွာကို တကယ်ပဲ ဆံ့ရဲ့လား" ကျိရှန်းက မေးလိုက်သည်။ ထိုအဆောက်အဦးမှာ အပြင်ပန်းကြည့်ရုံနှင့် လူအများကြီး ဆံ့ပုံမရသဖြင့် သူ သံသယ ဖြစ်နေခြင်း ဖြစ်သည်။

"လူ တစ်သောင်းတင် မဟုတ်ဘူး... ဒီနေရာက လူ ၅ သိန်းလောက်ကို အေးအေးဆေးဆေး ဆံ့တယ်။ အထဲမှာက အပြင်က မြင်ရတာထက် အများကြီး ပိုကျယ်တယ်လေ" သူမက ကျိရှန်း၏ သံသယကို ရှင်းပေးလိုက်သည်။

"မနက်ဖြန် မနက်ကျရင် နင်တို့ကိုယ်တိုင် လာကြည့်လို့ ရပါတယ်။ ကဲ... သွားကြစို့။ ပြန်မသွားခင် ပြစရာ တစ်နေရာပဲ ကျန်တော့တယ်" သူမက ပြုံးလျက် ဆက်လျှောက်သွားပြန်သည်။

ဤတစ်ကြိမ်တွင်မူ တစ်နာရီခွဲခန့် လမ်းလျှောက်ရပြီးမှ သူတို့၏ ဦးတည်ရာသို့ ရောက်ရှိလာသည်။ ၎င်းမှာ မျက်စိတစ်ဆုံး ကျယ်ပြန့်သော တောအုပ်ကြီးတစ်တောနှင့် တူလှသည်။

"ဒါကတော့ ငါတို့ရဲ့ သားရဲသစ်တောပဲ။ သားရဲတွေ အများကြီးကို အဲဒီမှာ ထားထားတယ်။ နောက်ကျရင် နင်တို့လည်း သစ်တောထဲက သားရဲတွေကို လွှဲပြောင်းယူခွင့် ရလာလိမ့်မယ်၊ ဒါပေမဲ့ အခုလောလောဆယ်တော့ ဝင်ခွင့် မရှိသေးဘူး" သူမက နက်ရှိုင်းသော တောအုပ်ကြီးကို ကြည့်ကာ ပြောလိုက်သည်။

'ဒါဆို အဲဒီသစ်တောထဲမှာပေါ့...' လုံချန်းက သစ်တောကို ကြည့်ရင်း စဉ်းစားဟန်ဖြင့် ရေရွတ်လိုက်သည်။

"ကဲ... ပြန်ကြစို့။ နင်တို့ နေရမယ့် အဆောင်တွေကို လိုက်ပို့ပေးမယ်" မီကန်က အလေးအနက် စဉ်းစားနေပုံရသော လုံချန်း၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။

"ဪ... အင်း" လုံချန်း သတိပြန်ဝင်လာပြီး အားလုံးနှင့်အတူ ထွက်ခွာလာခဲ့သည်။ သို့သော် သူသည် ထိုသစ်တောဘက်သို့ နောက်ဆုံးတစ်ခေါက် လှည့်ကြည့်ရန်တော့ မမေ့ခဲ့ပေ။

သူတို့ ဆက်လျှောက်လာကြပြီးနောက် ယာယီတပည့်များနေထိုင်ရာ အဆောင်များဆီသို့ ရောက်ရှိလာကြသည်။ ထိုနေရာတွင် ဝင်းခြံလေးများ များစွာ ရှိသည်။

"နင်တို့ ဒီဝင်းခြံ နှစ်ဝင်းကို သုံးလို့ ရတယ်။ ယောကျ်ားလေး နှစ်ယောက်က ဟိုဘက်ဝင်းခြံမှာ နေ၊ မိန်းကလေးတွေကတော့ ဒီဘက်ဝင်းခြံမှာ နေရမယ်။ နေရာက တော်တော် ကျယ်ဝန်းပြီး ကုတင် နှစ်လုံးစီ ရှိတာမို့ ဘာမှ အခက်အခဲ မရှိလောက်ဘူး" သူမက ဝင်းခြံနှစ်ဝင်းကို ညွှန်ပြရင်း ပြောလိုက်သည်။

ကျိချင်းက တစ်ခုခု ပြောချင်ပုံရသော်လည်း မီကန်က ဦးအောင် ပြောလိုက်သည်။

"နင် ဘာမေးချင်လဲဆိုတာ ငါ သိတယ်၊ အဖြေကတော့ မရဘူးပဲ။ နင့်ယောကျ်ားနဲ့ အတူနေလို့ မရဘူး။ နင်တို့ လက်ထပ်ထားရင်တောင် အတူနေခွင့် မရှိဘူး။ ဒါက စည်းကမ်းပဲလေ" သူမက ဆိုသည်။

"ကဲ... အားလုံးပဲ။ ငါ့အလုပ် ပြီးပြီဆိုတော့ ငါ သွားတော့မယ်"

"မောင်လေး... နောက်မှ ပြန်တွေ့မယ်နော်" မီကန်က ရှေ့သို့ လှမ်းတက်လိုက်ပြီး မထွက်သွားမီ လုံချန်း၏ ပါးကို တစ်ချက် နမ်းသွားလေတော့သည်။

အခန်း (၂၆၂) စစ်ပြင်ဆင်မှုလား

"ငါတို့က အဲဒီလို စည်းကမ်းတွေကို လိုက်နာနေစရာ မလိုပါဘူး၊ ဟုတ်တယ်မလား" မီကန် ထွက်သွားပြီးနောက် ကျိချင်းက ပြောလိုက်သည်။

"လိုက်နာရမယ်။ လောလောဆယ် စည်းကမ်းအတိုင်း နေကြရအောင်။ နောက်ထပ် ရက်နည်းနည်းပဲလေ"

လုံချန်းက သူမကို နားဝင်အောင် ရှင်းပြလိုက်သည်။ အပြန်အလှန် စကားပြောပြီးနောက် နောက်ဆုံးတွင် မိန်းကလေးများက သဘောတူလိုက်ကြသည်။

ကျိချင်းမှာ မကျေမနပ် ဖြစ်နေပုံရသော်လည်း လုံချန်း ပြောသည့်အတိုင်း လုပ်ဆောင်ကာ မင်ယုနှင့်အတူ ထွက်သွားသည်။

လုံချန်းနှင့် ကျိရှန်းတို့သည် သူတို့၏ ဝင်းခြံအတွင်းသို့ ဝင်လိုက်ကြသည်။

"မင်း ဘယ်အခန်း ယူမလဲ" အခန်း နှစ်ခန်း ရှိနေသည်ကို သတိပြုမိသဖြင့် ကျိရှန်းက မေးသည်။

"ငါ အဲဒီအခန်း ယူမယ်။ မင်္ဂလာညပါ" လုံချန်းက အခန်းတစ်ခန်းကို ရိုးရိုးရှင်းရှင်း ရွေးလိုက်ပြီး အထဲဝင်သွားသည်။

ကျိရှန်းကမူ ဒုတိယအခန်းထဲသို့ ဝင်သွားတော့သည်။

အချိန်များမှာ တဖြည်းဖြည်း ကုန်ဆုံးသွားပြီး သန်းခေါင်ယံသို့ ရောက်ရှိလာသည်။

လုံချန်းသည် အခန်းထဲတွင် ကျင့်ကြံနေရင်းမှ ရုတ်တရက် မျက်လုံးဖွင့်ကာ တံခါးဘက်သို့ ကြည့်လိုက်သည်။

သူသည် ထရပ်လိုက်ပြီး တံခါးဆီသို့ လျှောက်သွားသည်။ ကျိရှန်း နိုးမသွားစေရန် တံခါးကို အသာအယာ ဖွင့်လိုက်သည်။

သူသည် မှောင်မည်းနေသော ညဉ့်ဦးယံတွင် ဝင်းခြံထဲမှ ထွက်လာပြီး ဦးတည်ရာတစ်ခုသို့ ရှေ့တိုးလာခဲ့သည်။

ပတ်ဝန်းကျင်တွင် အစောင့်များ ရှိနေသော်လည်း သူသည် ကောင်းကင်ဘုံ ဖုံးလွှမ်းခြင်း၏ အကူအညီဖြင့် သူတို့အနားမှ ခိုးထွက်နိုင်ခဲ့သည်။

မိနစ် ၄၀ ခန့် ကြာပြီးနောက် သူ သွားချင်သည့် နေရာသို့ ရောက်ရှိသွားသည်။

၎င်းမှာ သားရဲသစ်တောဟု ခေါ်သော မှောင်မည်းသည့် တောအုပ်ကြီး ဖြစ်သည်။ မီကန် လိုက်ပြခဲ့သော သစ်တောပင် ဖြစ်သည်။ ထိုနေရာမှာ သူ အလိုရှိသော အရာ ရှိနေသည်။

နေဝါးမျိုလင်းယုန်သည် သားရဲခန်းမ၏ သစ်တောထဲတွင် နေထိုင်ကြောင်း စာအုပ်ထဲတွင် သူ ဖတ်ခဲ့ရဖူးသဖြင့် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။

လုံချန်းသည် သူ၏ ဝိညာဉ်အာရုံကို အသုံးပြုလိုက်ရာ ကံကောင်းထောက်မစွာဖြင့် အနီးအနားတွင် မည်သူမျှ မရှိပေ။

သူသည် ရှေ့သို့ လှမ်းလိုက်သော်လည်း ဒုတိယခြေလှမ်းတွင်ပင် သူ၏ ကိုယ်ထဲသို့ အင်အားပြင်းသော တုန်ခါမှုတစ်ခု ဖြတ်စီးသွားသလို ခံစားလိုက်ရသည်။

နာကျင်မှုကြောင့် သူသည် ညည်းတွားရင်း နောက်သို့ တစ်လှမ်း ဆုတ်လိုက်ရသည်။

"ဒီမှာ ဝင်္ကပါတစ်ခု ရှိနေတာပဲ။ တောက်... ငါ ဒါကို တွေးထားသင့်တာ" သူသည် သစ်တောကို ကြည့်ရင်း တိုးတိုးလေး ကျိန်ဆဲလိုက်သည်။

သူသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ကျောက်ခဲတစ်လုံးဆီသို့ အမြန်လျှောက်သွားသည်။ ကျောက်ခဲကို ကောက်ယူကာ သစ်တောဘက်သို့ ပစ်ပေါက်လိုက်သည်။

သူ ထင်ထားသည့်အတိုင်းပင် ကျောက်ခဲမှာ အကာအကွယ်နှင့် ထိမိကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

"အတားအဆီး တစ်ခု ရှိနေတာ သေချာတယ်။ ငါ ဒါကို ဖျက်ဆီးနိုင်မလား မသေချာဘူး၊ ဖျက်ဆီးနိုင်ရင်တောင်... အဲဒါက ခန်းမအရှင်နဲ့ တခြားသူတွေကို သတိပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။ ငါ နေဝါးမျိုလင်းယုန်ကို ဖမ်းဖို့ အချိန်လိုတယ်။ ငါ့ရဲ့ အလျင်စလို ဖြစ်မှုကြောင့် အရာအားလုံးကို အဆုံးရှုံး မခံနိုင်ဘူး"

လုံချန်းသည် သက်ပြင်းချရင်း သူလာခဲ့စဉ်ကကဲ့သို့ပင် တိတ်ဆိတ်စွာဖြင့် ပြန်လှည့်လာခဲ့သည်။

ဝင်းခြံသို့ ပြန်ရောက်သည့်အခါ သူသည် အခန်းထဲသို့ ဝင်လိုက်သည်။

သူသည် ကုတင်ပေါ်တွင် လှဲရင်း ဖြေရှင်းနည်းကို အသည်းအသန် စဉ်းစားသော်လည်း ဘာနည်းလမ်းမှ ရှာမတွေ့ပေ။ နောက်ဆုံးတွင် သူ အိပ်ပျော်သွားတော့သည်။

နေမင်းကြီး ထွက်ပေါ်လာခြင်းက နေ့သစ်တစ်ခု စတင်ခြင်းကို အချက်ပြနေသည်။ လုံချန်း မျက်လုံးဖွင့်ကာ ထထိုင်လိုက်ပြီး အခန်းထဲက ထွက်လာခဲ့သည်။

မင်ယုနှင့် ကျိချင်းတို့မှာ သူ၏ ဝင်းခြံခန်းမထဲတွင် ထိုင်ကာ စောင့်နေကြပြီ ဖြစ်သည်။

"နင် ကြည့်ရတာ ပင်ပန်းနေပုံပဲ" လုံချန်း အခန်းထဲက ထွက်လာသည်ကို မြင်သည့်အခါ မင်ယုက ပြောလိုက်သည်။

"အင်း... မနေ့ညက ကောင်းကောင်း အိပ်မပျော်ဘူး" လုံချန်းက ခါးသက်သက် အပြုံးဖြင့် ပြောလိုက်သည်။

မင်ယုနှင့် ကျိချင်းတို့မှာ တစ်ယောက်ကိုတစ်ယောက် သံသယဖြင့် ကြည့်လိုက်မိကြသည်။

"နင် ငါတို့ အခန်းထဲကို ခိုးဝင်ခဲ့တာလား" သူတို့ နှစ်ယောက်လုံး တစ်ပြိုင်တည်း မေးလိုက်ကြသည်။

လုံချန်းမှာ ထိုအထင်လွဲမှုကြောင့် ဘာပြန်ပြောရမှန်း မသိဖြစ်သွားသည်။

"မဟုတ်ပါဘူး။ ငါ ပြဿနာတစ်ခုအကြောင်း စဉ်းစားနေလို့ အိပ်မပျော်တာပါ" လုံချန်းက ဆိုသည်။

"ဪ... အားလုံး နိုးနေကြပြီလား။ ငါ သိပြီ၊ မင်းတို့ အတန်းတက်ရမှာကို စိတ်လှုပ်ရှားနေကြတာပဲ" ကျိရှန်း အခန်းထဲက ထွက်လာသည်။ အားလုံး အဆင်သင့် ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် သူ တော်တော် စိတ်လှုပ်ရှားနေပုံရသည်။

"သွားကြစို့။ အတန်းတွေ မကြာခင် စတော့မှာ" သူက ပြုံးလျက် ပြောသည်။

"သွားကြစို့။ ငါလည်း မေးချင်တာလေးတွေ ရှိနေတာနဲ့ အတော်ပဲ" လုံချန်းက စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။

သူတို့အားလုံး ထရပ်ကာ ထိုနေရာမှ ထွက်လာခဲ့ကြသည်။

ဝင်းခြံထဲမှ ထွက်လိုက်သည်နှင့် အနီးနားရှိ အခြားဝင်းခြံများမှ ထွက်လာသော လူအများအပြားကို မြင်လိုက်ရသည်။

"သူတို့လည်း ယာယီတပည့်တွေပဲ ဖြစ်ရမယ်" အခြားသူများကို သတိထားမိသဖြင့် ကျိရှန်းက ပြောသည်။

"အဲဒီလိုပဲ ထင်တယ်" လုံချန်းက ပြန်ဖြေသည်။

၁၀ မိနစ်ခန့်အကြာတွင် သူတို့ စာသင်ခန်းမဆီသို့ ရောက်ရှိလာကြသည်။

ခန်းမအတွင်းသို့ ဝင်နေသော လူအမြောက်အမြားကို တွေ့ရသည်။ လူတန်းကြီး ရှည်လျားလှပြီး ရှုပ်ရှုပ်ယှက်ယှက် ဖြစ်နေသည်ကို မြင်နေရသည်။

သူတို့သည် လူအုပ်နောက်မှ လိုက်ကာ ခန်းမထဲသို့ ဝင်လိုက်ကြသည်။

မီကန် ပြောပြခဲ့သည့်အတိုင်းပင်။ ခန်းမမှာ အပြင်က မြင်ရသည်ထက် အဆပေါင်းများစွာ ပိုမို ကြီးမားလှသည်။

"လူပေါင်း ၅ သောင်းကျော်တောင် ရှိနေပြီ၊ ခန်းမက တစ်ဝက်တောင် မပြည့်သေးဘူး။ အံ့သြစရာပဲ" ကျိချင်းက အံ့သြတကြီး ရေရွတ်လိုက်သည်။

"တော်တော် ကောင်းပါတယ်၊ ဒါပေမဲ့ ငါ ဒါထက် ပိုကောင်းတာတွေ မြင်ဖူးသလိုပဲ" ကျိရှန်းက ပြန်ပြောသည်။

သူတို့ ထိုင်စရာနေရာ ရှာလိုက်ကြသည်။ နောက်ထပ် မိနစ် ၃၀ အတွင်း လူများ တစ်ယောက်ပြီးတစ်ယောက် ဝင်လာနေကြဆဲ ဖြစ်သည်။

မနက် ၉ နာရီ တိတိတွင် ခန်းမတံခါးကို ပိတ်လိုက်သည်။ ဘယ်သူ့ကိုမှ ဝင်ခွင့် မပေးတော့ပေ။

ဆရာက မည်သည်တွင် ရှိနေသနည်းဟု လုံချန်း တွေးနေစဉ်မှာပင် ဘေးတံခါး ပွင့်လာပြီး အမျိုးသမီးတစ်ဦး ခန်းမထဲသို့ ဝင်လာသည်။

ထိုအမျိုးသမီးမှာ ခြေကျင်းဝတ်အထိ ရှည်သော အနီရောင် ဝတ်စုံနှင့် သားရဲခန်းမ အမှတ်အသားပါသော အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။

သူမမှာ အသက် ၂၀ ကျော် နှောင်းပိုင်းဟု ထင်ရသော်လည်း သူမမှာ ထိုထက် အသက် ပိုကြီးနိုင်ကြောင်း အားလုံးက ခန့်မှန်းနိုင်ကြသည်။

သားရဲခန်းမထဲရှိ လူတိုင်း သူတို့အလုပ်နှင့်သူတို့ ရှုပ်နေကြစဉ်... ဝေးကွာလှသော တစ်နေရာတွင် လူပေါင်း ရာနှင့်ချီ၍ ကြမ်းတမ်းသော မိုးပျံ သားရဲများပေါ်သို့ တက်စီးနေကြသည်။

အချိန်မရွေး ပျံသန်းရန် အဆင်သင့်ဖြစ်နေသော မိုးပျံ သားရဲပေါင်း ထောင်နှင့်ချီ ရှိနေသည်။ ထိုသားရဲများထဲတွင် ရွှေရောင်အဆင့်အောက် တစ်ကောင်မှ မရှိပေ။ အမှန်တကယ်တွင် မြေကမ္ဘာ အဆင့်ကို ရောက်နေသော သားရဲအချို့ပင် ပါဝင်နေလေတော့သည်။

All Chapters