အခန်း (၂၆၇-၂၆၈)
Vol. 27 Ch. 267-268
အခန်း (၂၆၇) သစ်တောထဲသို့ ဝင်ရောက်ခြင်း
သူ ဆက်ပြောရန် ပြင်လိုက်စဉ်မှာပင်... သူ၏ မျက်လုံးများကို ပြူးကျသွားစေမည့် တစ်စုံတစ်ခုကို မြင်လိုက်ရသည်။
"နင်... နင် ဘာလုပ်နေတာလဲ" သူက ရှေ့ကို ကြည့်ရင်း မျက်လုံးအပြူးသားဖြင့် မေးလိုက်သည်။
"ငါ ဘာလုပ်နေလို့လဲ" ကျိချင်းက သူမ၏ မျက်နှာတွင် အပြုံးတစ်ခုဖြင့် မေးသည်။
သူမသည် လုံချန်းထံသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။ သူမ၏ ဆံပင်များမှာ စိုစွတ်နေဆဲဖြစ်ပြီး ရေစက်ကလေးများမှာ သူမ၏ ဖြူဝင်းသော ခန္ဓာကိုယ်ထက်မှ စီးကျနေသည်ကို မြင်နေရသည်။ သူမ ဝတ်ဆင်ထားသည်မှာ ကိုယ်လုံးကို ပတ်ထားသော အဖြူရောင် တဘက် တစ်ထည်တည်းသာ ရှိသည်။
"ထားပါတော့။ ငါ ဒီကိုလာတာက မနက်ဖြန်ကျရင် တပည့်အစစ်အမှန် စစ်ဆေးပွဲမှာ ငါ ပါဝင်မယ်လို့ လာပြောတာ။ ကံကောင်းတာက စစ်ဆေးပွဲကို သားရဲသစ်တောထဲမှာ ကျင်းပမှာတဲ့။ သစ်တောထဲမှာ ငါလုပ်စရာရှိတာတွေ ပြီးတာနဲ့ ငါတို့ ဒီကနေ ထွက်သွားကြမယ်" သူသည် ထွက်ခွာရန် လှည့်လိုက်ရင်း ပြောလိုက်သည်။
"ဟေး... ငါ သတိထားမိတာတစ်ခုက၊ နင် ငါတို့နဲ့ ခပ်ခွာခွာနေဖို့ ကြိုးစားနေသလိုပဲနော်။ နင့်မှာ ဘာတွေ ဖြစ်နေတာလဲ"
လုံချန်း ထွက်ခွာသွားသည်ကို မြင်သည့်အခါ ကျိချင်းက ဇဝေဇဝါဖြင့် လှမ်းမေးလိုက်သည်။
"အင်း... ကောင်းပြီလေ။ နင်တို့ကို ငါ ပြောပြသင့်တယ်လို့ ထင်တယ်" သူက ပြန်လှည့်လာရင်း ပြောလိုက်သည်။
"ကိစ္စကတော့... နောက်နှစ်ပတ်လောက်အထိ ငါ မိန်းကလေးတွေနဲ့ နီးနီးကပ်ကပ် မနေလို့ မရဘူး။ အဲဒါက ပိုကောင်းမယ့် ကိစ္စတစ်ခုအတွက်မို့ပါ။ အခုကတည်းက ကြိုပြီး တောင်းပန်ထားပါရစေ။ ငါ့ရဲ့ စမ်းသပ်ပွဲတွေ ပြီးသွားရင်တော့ အရာအားလုံးကို ငါ ရှင်းပြပါ့မယ်" သူက ပြုံးလျက် ဆိုသည်။
"နင့်မှာ အကြောင်းပြချက် တစ်ခုခု ရှိမယ်ဆိုတာ ငါတို့ နားလည်ပါတယ်။ နင့်ရဲ့ ရှင်းပြချက်ကို ငါတို့ စောင့်နေပါ့မယ်။ တစ်ခုတော့ ပြောပြချင်တယ်... နင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ ဘယ်အရာကိုမဆို ငါတို့ကို ပြောပြလို့ ရပါတယ်နော်" မင်ယုက လုံချန်း၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများကို မြင်လိုက်ရသဖြင့် ကြင်နာစွာ ပြောလိုက်သည်။
"သားရဲခန်းမကနေ ငါတို့ ထွက်သွားပြီးတာနဲ့ အရာအားလုံးကို ပြောပြမယ်လို့ ငါ ကတိပေးပါတယ်" ထိိုသို့ ဆိုကာ သူ ထွက်ခွာလာခဲ့သည်။
မည်သူမျှ မသိရှိလိုက်ဘဲ မိုးပျံ သားရဲပေါင်း ရာနှင့်ချီ၍ သားရဲခန်းမဆီသို့ ဦးတည်လာနေကြသည်။ ဤသည်မှာ သာမန် နိုင်ငံတစ်နိုင်ငံကိုပင် တုန်လှုပ်သွားစေနိုင်လောက်သည့် အင်အားပမာဏပင် ဖြစ်သည်။
တစ်နေ့တာလုံးမှာ ထွေထွေထူးထူး မရှိဘဲ ကုန်ဆုံးသွားသည်။ လုံချန်းနှင့် အခြားသူများမှာ အတန်းတက်ကြပြီး ပြန်လာကာ ကျန်ရှိသော အချိန်များကို ကျင့်ကြံခြင်းဖြင့်သာ ကုန်ဆုံးစေခဲ့သည်။
နောက်တစ်နေ့ ရောက်ရှိလာသည့်အခါ အားလုံးက အမှန်တကယ် အရေးကြီးသည့် ကိစ္စအတွက် အဆင်သင့် ဖြစ်နေကြပြီ။ ယာယီတပည့် အားလုံးသည် သူတို့၏ ဝင်းခြံများမှ ထွက်ခွာကာ သားရဲသစ်တောဆီသို့ ဦးတည်ခဲ့ကြသည်။
လုံချန်းနှင့် အခြားသူများ ထိုနေရာသို့ ရောက်သွားသည့်အခါ သားရဲခန်းမ၏ အဝင်ဝတွင် အကြီးအကဲ နှစ်ဦး ရောက်ရှိနေသည်ကို တွေ့ရသည်။ တစ်ဦးမှာ လုံချန်းကို ယခင်က ချီးကျူးခဲ့ဖူးသော အကြီးအကဲကျွင်း ဖြစ်ပြီး ကျန်တစ်ဦးမှာ အကြီးအကဲရှင်း ဖြစ်သည်။
ရာနှင့်ချီသော ယာယီတပည့်များမှာ အကြီးအကဲများ၏ ရှေ့တွင် ရပ်နေကြသည်။ မီကန်နှင့် အခြား စီနီယာတပည့် အချို့မှာလည်း အကြီးအကဲများနှင့်အတူ ရှိနေကြသည်။
"အားလုံး ရောက်ပြီလား။ စတင်ဖို့ အချိန်တန်ပြီ" အကြီးအကဲရှင်းက ရှေ့သို့ လှမ်းတက်ရင်း ပြောလိုက်သည်။
"စည်းကမ်းတွေကို အရင်ပြောပြမယ်။ ဒီစစ်ဆေးပွဲက နင်တို့ရဲ့ သားရဲယဉ်ပါးအောင် လုပ်နိုင်တဲ့ အသိပညာကို စမ်းသပ်မှာပါ။ ငါတို့က သားရဲသစ်တောကို ဝန်းရံထားတဲ့ အစီအရင်မှာ ဝင်ပေါက်တစ်ပေါက် ဖွင့်ပေးမယ်၊ အဲဒီကနေ နင်တို့ ဝင်သွားလို့ ရတယ်" သူမက ရှေ့တွင် ရှိနေသော လူတိုင်းကို ကြည့်ရင်း ဆက်ပြောသည်။
"သားရဲသစ်တောထဲမှာ သားရဲပေါင်း ထောင်ချီရှိပြီး မိုင်ပေါင်းများစွာ ကျယ်ပြန့်တယ်။ စစ်ဆေးပွဲမှာ အောင်မြင်ဖို့ဆိုရင် သားရဲတစ်ကောင်ကို ယဉ်ပါးအောင် လုပ်ရမယ်။ အဲဒီသားရဲက အနည်းဆုံးတော့ ဝိညာဉ်အဆင့် သားရဲ ဖြစ်ရမယ်။ နင်တို့က သားရဲကို ယဉ်ပါးအောင် မလုပ်နိုင်ရင်တောင်၊ အဲဒီသားရဲက နင့်နောက်ကို သူ့အလိုလို အပြင်ကို လိုက်လာအောင် လုပ်နိုင်ရင် အဲဒါကို အောင်မြင်တယ်လို့ သတ်မှတ်ပေးမယ်"
"အချိန်ကတော့ ၄ ရက် ရမယ်။ ဝင်ပေါက်ကို ဖွင့်ပေးလိုက်တဲ့ အချိန်ကနေ ၉၆ နာရီပြည့်တာနဲ့ သစ်တောထဲကနေ ပြန်ထွက်လာရမယ်။ အဲဒီအချိန် ပြည့်သွားရင် ဝင်ပေါက်ကို ပြန်ပိတ်လိုက်မှာ ဖြစ်ပြီး သစ်တောထဲမှာ ကျန်နေခဲ့တဲ့သူတွေကတော့ အစီအရင်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားလိမ့်မယ်။ ဒါကြောင့် အချိန်မပြည့်ခင် ပြန်ထွက်လာဖို့ သေချာ ဂရုစိုက်ကြပါ။ ငါတို့က ဘယ်လို မတော်တဆမှုကိုမှ မဖြစ်စေချင်ဘူး"
"နောက်ပြီး သစ်တောရဲ့ အပြင်ဘက် ဧရိယာမှာပဲ နေကြပါ။ အစီအရင်ရဲ့ အစွန်းကနေ ၂ မိုင်ထက် ပိုမဝေးပါစေနဲ့။ သစ်တောရဲ့ အနက်ပိုင်းမှာ မြေကမ္ဘာအဆင့် သားရဲတွေ နေထိုင်ကြတယ်။ သူတို့က နင်တို့ကို တိုက်ခိုက်နိုင်တယ်။ ကဲ... ဒါတွေကတော့ နင်တို့ မှတ်သားထားရမယ့် အချက်တွေပါပဲ" အကြီးအကဲရှင်းက ရှင်းပြပြီးသွားသည်။
"ပါဝင်ချင်တဲ့သူတွေကတော့ ငါတို့ အပေါက်ဖွင့်ပေးပြီးတာနဲ့ ဝင်သွားနိုင်ပြီ"
အကြီးအကဲရှင်းနှင့် အကြီးအကဲကျွင်းတို့က ရှေ့သို့ တိုးလာပြီး သူတို့၏ လက်များကို အတားအဆီးပေါ်သို့ တင်လိုက်ကြသည်။ သူတို့ နှစ်ဦးလုံး၏ လက်ကောက်ဝတ်တွင် ရှိသော လှပသော လက်ပတ်များမှာ အတားအဆီးကို ထိလိုက်သည်နှင့် စတင် တောက်ပလာသည်။
ယခင်က ပွင့်လင်းမြင်သာနေသော အတားအဆီးမှာ အပြာနုရောင်သို့ ပြောင်းလဲသွားသည်။ လူတိုင်းမှာ ထိုအတားအဆီးကြီးကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရသည်။ ၎င်းမှာ သစ်တောတစ်ခုလုံးကို လွှမ်းခြုံထားသော ခုံးပတ်ပုံစံကြီးတစ်ခုနှင့် တူလှသည်။
အကြီးအကဲများ၏ ရှေ့တွင် သေးငယ်သော တံခါးပုံစံ အပေါက်တစ်ပေါက် ပေါ်လာသည်။ အကြီးအကဲများမှာ နောက်သို့ ဆုတ်လိုက်ကြသည်။
"အခု ဝင်သွားလို့ ရပြီ" အကြီးအကဲရှင်းက ကြေညာလိုက်သည်။
တပည့်များမှာ တစ်ယောက်ပြီး တစ်ယောက် သစ်တောထဲသို့ တိုးဝင်သွားကြသည်။ ကျိရှန်းနှင့် လုံချန်းတို့လည်း ရှေ့သို့ လှောက်လှမ်းခဲ့ကြသည်။
"ကံကောင်းကြပါစေ မောင်လေးတို့" သူတို့ မဝင်ခင်မှာ မီကန်က နှုတ်ဆက်လိုက်သည်။
"ကျေးဇူးပဲ" သူတို့က ပြန်ဖြေခဲ့ကြသည်။
သိပ်မကြာမီမှာပင် မင်ယုနှင့် ကျိချင်းတို့မှအပ ကျန်ရှိသူများ အားလုံး သစ်တောထဲ ဝင်သွားကြပြီဖြစ်သည်။ မီကန်သည် ထိုနေရာတွင် ရပ်နေသော သူတို့နှစ်ဦးထံသို့ လျှောက်သွားလိုက်သည်။
"နင်တို့ ပါဝင်မှာ မဟုတ်ဘူးလား" မီကန်က ဇဝေဇဝါဖြင့် မေးသည်။
"ကျွန်မတို့ မပါဝင်တော့ပါဘူး" မင်ယုက ပြန်ဖြေလိုက်သည်။
လုံချန်းနှင့် ကျိရှန်းတို့သည် သစ်တောထဲသို့ အတူတူ ဝင်လာခဲ့ကြသည်။
"ငါတို့ အတူတူ ရှာကြမလား" ကျိရှန်းက လုံချန်းကို ကြည့်ကာ မေးလိုက်သည်။
"တစ်ယောက်တည်းပဲ ရှာတာ ပိုကောင်းမယ်လို့ ငါထင်တယ်" လုံချန်းက ဆိုသည်။
"ကောင်းပြီလေ။ မင်း အဲဒီလို ပြောမှတော့လည်း" ကျိရှန်းက ပြန်ဖြေသည်။
လုံချန်းသည် ကျိရှန်းကို ထားရစ်ခဲ့ကာ သစ်တောထဲသို့ ပို၍ နက်ရှိုင်းစွာ လျှောက်လှမ်းသွားတော့သည်။
'နေဝါးမျို လင်းယုန်က သစ်တောရဲ့ အနက်ရှိုင်းဆုံး နေရာမှာပဲ ရှိရမယ်' လုံချန်းက တခြားဘာကိုမှ မစဉ်းစားဘဲ ရှေ့သို့သာ ဆက်လျှောက်နေခဲ့သည်။
သူ၏ အဓိက ပန်းတိုင်မှာ နေဝါးမျိုလင်းယုန်ကို ယဉ်ပါးအောင်လုပ်ပြီး ဤဂိုဏ်းမှ ထွက်ခွာရန်ပင် ဖြစ်သည်။ ကျန်ရှိသော ကိစ္စများမှာ ထို့နောက်မှသာ လာမည်ဖြစ်သည်။
သူသည် အကြီးအကဲများ၏ သတိပေးချက်ကို လုံးဝ လျစ်လျူရှုကာ သစ်တော၏ အပြင်ဘက် ဧရိယာမှ ကျော်လွန်ပြီး အတွင်းပိုင်းသို့ ဝင်ရောက်သွားခဲ့သည်။
သစ်တောကြီးမှာ အလွန်ပင် ကျယ်ပြောလှသည်။ သစ်တော၏ အပြင်ပိုင်းမှ အတွင်းပိုင်းသို့ ရောက်ရှိရန်ပင် နေ့တစ်ဝက်ခန့် အချိန်ယူခဲ့ရသည်။
"ကောင်းကင်ဘုံ မိစ္ဆာ အတောင်ပံများ" သူက တိုးတိုးလေး ရေရွတ်လိုက်ရာ သူ၏ ကျောဘက်တွင် အတောင်ပံ နှစ်ဖက် ပေါ်လာသည်။ သူသည် အတောင်ပံများနှင့် ဝိညာဉ်အာရုံတို့ကို တစ်ပြိုင်တည်း အသုံးပြုကာ အတွင်းပိုင်းသို့ ပျံသန်းသွားတော့သည်။
သူ ပျံသန်းနေစဉ်မှာပင် ဘယ်ကမှန်းမသိဘဲ ရုတ်တရက် တိုက်ခိုက်လာသော မိုးပျံ သားရဲအချို့နှင့် ရင်ဆိုင်ခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် ၎င်းတို့မှာ မြေကမ္ဘာအဆင့်၏ အစောပိုင်း အဆင့်များသာ ဖြစ်သဖြင့် လုံချန်းအတွက် အခက်အခဲ များများစားစား မရှိခဲ့ပေ။
အခန်း (၂၆၈) သားရဲသစ်
သူ ပျံသန်းနေစဉ်မှာပင် ဘယ်ကမှန်းမသိဘဲ ရုတ်တရက် တိုက်ခိုက်လာသော မိုးပျံ သားရဲအချို့နှင့် ရင်ဆိုင်ခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် ၎င်းတို့မှာ မြေကမ္ဘာအဆင့်၏ အစောပိုင်းအဆင့်များသာ ဖြစ်သဖြင့် လုံချန်းအတွက် အခက်အခဲ များများစားစား မရှိခဲ့ပေ။
"သားရဲခန်းမကတော့ တော်တော်လေး အံ့သြဖို့ကောင်းတာပဲ။ ဒီထဲမှာ သားရဲအမျိုးအစားတွေ ဒီလောက်အများကြီး ရှိနေမယ်လို့ ငါ မထင်ထားခဲ့ဘူး"
သူ၏ ဝိညာဉ် စွမ်းအင်များ လျော့နည်းလာသဖြင့် လုံချန်းသည် ပျံသန်းမည့်အစား မြေပြင်မှ လမ်းလျှောက်သွားရန် ဆုံးဖြတ်လိုက်သည်။
သူသည် ထူထပ်သော သစ်တောထဲတွင် လမ်းလျှောက်နေစဉ် မြေကမ္ဘာ အဆင့် ၉ ရှိသော သားရဲတစ်ကောင် သူ့ထံသို့ ပြေးဝင်လာသည်ကို သတိထားမိလိုက်သည်။
လုံချန်း ထိုသားရဲကို မှတ်မိသည်။ ၎င်းမှာ အနက်ရောင်ချို သံချပ်ကာကြံ့ ဖြစ်သည်။ ထိုအနက်ရောင် သားရဲမှာ အလွန်ကြမ်းတမ်းပြီး ဖောက်ထွင်းရန် ခက်ခဲသော ခုခံနိုင်စွမ်းနှင့် မယုံနိုင်စရာကောင်းသော ခွန်အားတို့ကြောင့် လူသိများသည်။
၎င်းသည် မိမိထက် အဆင့် အနည်းငယ် မြင့်မားသော ကျင့်ကြံသူကိုပင် အနိုင်ယူနိုင်စွမ်းရှိသဖြင့် အန္တရာယ်အရှိဆုံး သားရဲများထဲမှ တစ်ကောင်အဖြစ် သတ်မှတ်ခြင်း ခံရသည်။
လုံချန်းသည် သူ၏ ဘုရင်ဓားကို ထုတ်ယူလိုက်ပြီး ထိုကြံ့အနားသို့ နေရာ ကူးပြောင်းလိုက်သည်။
လုံချန်းသည် သူ၏ဓားကို ကြံ့ဆီသို့ ဝှေ့ယမ်းလိုက်သည်။
"ထန်..."
ဓားသည် ကြံ့၏ သံမဏိကဲ့သို့ မာကျောသော သံချပ်ကာအသားနှင့် ထိမိကာ သတ္တုချင်း ထိခတ်သံ ထွက်ပေါ်လာသည်။ ဓားသည် ကြံ့၏ အရေပြားကို ဖြတ်တောက်နိုင်ခဲ့သော်လည်း ဒဏ်ရာမှာ အလွန်မနက်လှပေ။
"မင်းရဲ့ ခုခံနိုင်စွမ်းက တော်တော်ကောင်းတာပဲ" လုံချန်းက ရေရွတ်ရင်း နောက်သို့ ခုန်ဆုတ်ကာ ကြံ့၏ တိုက်ခိုက်မှုကို ရှောင်လိုက်သည်။
ကြံ့သည် ဒေါသတကြီး ဟိန်းဟောက်ကာ လုံချန်းဆီသို့ ပြေးဝင်လာပြန်သည်။ လုံချန်းသည် ထိုတိုက်ခိုက်မှုကို ရှောင်ရန် အဆင်သင့်ဖြစ်နေသော်လည်း သူ၏ခြေထောက်များမှာ ခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
ကြံ့သည် ပြေးလာနေစဉ်အတွင်း သူ့ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသော သွေးရောင်လွှမ်းသည့် မျက်လုံးများကို သူ သတိပြုမိလိုက်သည်။
လုံချန်းသည် နေရာရွှေ့ပြောင်းခြင်းကို ထပ်မံအသုံးပြုကာ ကြံ့၏ နောက်ကျောဘက်သို့ ရောက်ရှိသွားသည်။ ထိုအခါမှသာ သူ လွတ်လပ်စွာ လှုပ်ရှားနိုင်တော့သည်။
"ဒါက သူ့ရဲ့ စွမ်းရည်ပဲ ဖြစ်ရမယ်၊ ငါ့ကို တစ်နေရာတည်းမှာ ချုပ်ထားနိုင်တာပဲ။ တကယ့်ကို အံ့သြစရာကောင်းတဲ့ စွမ်းရည်ပဲ... ဒါပေမဲ့ အဲဒါက မင်းကို ကယ်တင်နိုင်မှာ မဟုတ်ဘူး" လုံချန်းက ရေရွတ်ရင်း နေရာရွှေ့ပြောင်းခြင်းကို နောက်တစ်ကြိမ်သုံးကာ ကြံ့၏ အပေါ်သို့ ရောက်သွားသည်။
သူသည် ဓားကို ကြံ့၏ကိုယ်ထဲသို့ ထိုးစိုက်လိုက်သည်။ သို့သော် ဓားကို ပို၍ နက်အောင် မထိုးရသေးမီမှာပင် ကြံ့၏ အရေပြားမှာ စတင်ပူလောင်လာသည်။ လုံချန်းသည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ဓားကို ထားရစ်ခဲ့ကာ ကြံ့ပေါ်မှ ချက်ချင်း ခုန်ချလိုက်သည်။
အနက်ရောင်ကြံ့မှာ မီးတောက်များ လွှမ်းခြုံထားသည့် သားရဲတစ်ကောင်ကဲ့သို့ ဖြစ်သွားပြီး လုံချန်းဆီသို့ ပြေးဝင်လာသည်ကို မြင်လိုက်ရသဖြင့် သူ အံ့သြသွားသည်။
"စိတ်ဝင်စားစရာပဲ... ဒီကြံ့မျိုးစိတ်မှာ ဒီလိုစွမ်းရည်ရှိတယ်လို့ ငါ မကြားဖူးဘူး။ ဒါက မင်းမှာ သွေးနှောမျိုးဆက် ရှိနေလို့ ဖြစ်ရမယ်" လုံချန်းသည် အလေးအနက် စဉ်းစားခန်း ဝင်သွားသည်။
"ကောင်းကင်ဘုံ မိစ္ဆာ အတောင်ပံများ"
"ဒါဆို အသစ်တစ်ခု စမ်းကြည့်ရအောင်" သူက ကောင်းကင်ကို ကြည့်ရင်း တိုးတိုးလေး ပြောလိုက်သည်။
သူသည် လက်ကို ကောင်းကင်ဆီသို့ ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။
"မိုးကြိုးဓားသွား"
လုံချန်းသည် ကောင်းကင်ယံမှာ တိမ်တိုက်များ ဖုံးလွှမ်းသွားပြီး မှောင်မည်းလာသည်ကို မြင်လိုက်ရသည်။ တိမ်တိုက်များကြားတွင် လျှပ်စီးများ စတင်လက်လာသည်။ အားလုံးမှာ ကျယ်လောင်သော မိုးခြိမ်းသံကြီးကို ကြားလိုက်ရသည်။
ကောင်းကင်ယံမှ မိုးကြိုးတစ်ချက်သည် နတ်ဘုရား၏ အပြစ်ပေးမှုကဲ့သို့ ဆင်းသက်လာသည်။ ထိုမိုးကြိုးမှာ သဘာဝတရား၏ အင်အားဖြစ်သဖြင့် အကာအကွယ်ကို အလွယ်တကူ ဖြတ်ကျော်ကာ သားရဲသစ်တောထဲသို့ ဝင်ရောက်လာသည်။
မိုးကြိုးသည် ကြံ့၏ကိုယ်ထဲတွင် စိုက်နေသော ဘုရင်ဓားလက်ကိုင်သို့ ကျရောက်သွားပြီး ဓားသွားမှတစ်ဆင့် ကြံ့၏ကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
ပြင်းထန်သော လျှပ်စစ်ဓာတ်လိုက်မှုသည် ကြံ့၏ကိုယ်ထဲသို့ ဖြတ်စီးသွားသဖြင့် ၎င်းသည် နာကျင်စွာ ဟိန်းဟောက်လိုက်ရသည်။
တစ်ချက်တည်းနှင့် မပြီးသေးပေ... နောက်ထပ် မိုးကြိုးတစ်ချက်သည် တိမ်တိုက်ထဲမှ ထွက်ပေါ်လာပြီး ဓားကို ထိမှန်ပြန်သည်။ တစ်ခုပြီးတစ်ခု စုစုပေါင်း ၅ ကြိမ်တိုင်တိုင် မိုးကြိုးများသည် ဓားပေါ်သို့ ကျရောက်ကာ ကြံ့၏ကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
အနက်ရောင်ကြံ့မှာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ ၎င်း၏ ခန္ဓာကိုယ်မှာ လုံးဝ အကြောသေသွားပြီး နှလုံးခုန်သံမှာလည်း အလွန်အားနည်းသွားသည်။ အချိန်မရွေး သေဆုံးသွားနိုင်သည့် အနေအထား ဖြစ်သည်။
လုံချန်းသည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး အတောင်ပံများကို ပြန်သိမ်းလိုက်သည်။ မိုးကြိုးဓားသွားကို အကြိမ်ကြိမ် အသုံးပြုခဲ့ရသဖြင့် သူသည် အလွန်ပင်ပန်းနွမ်းနယ်နေပြီး ဝိညာဉ်စွမ်းအင် အများစုမှာလည်း ကုန်ဆုံးသွားပြီဖြစ်သည်။
ခဏမျှ အသက်ရှူလိုက်ပြီးနောက် သူသည် ကြံ့ဆီသို့ လျှောက်သွားလိုက်သည်။
"မင်းကို ငါ ချီးကျူးရမှာပဲ။ ဒီလောက်အထိ ရင်ဆိုင်ခဲ့ရတာတောင် မင်း အသက်ရှင်နေတုန်းပဲ။ မင်းရဲ့ ခွန်အားနဲ့ မင်းရဲ့ ပြတ်သားမှုတွေက ချီးကျူးဖို့ ကောင်းပါတယ်" လုံချန်းသည် ကြံ့၏ရှေ့တွင် ရပ်ကာ ပြောလိုက်သည်။
"မင်းရဲ့ အခြေအနေကို ကြည့်ရတာ အကြာကြီး အသက်ရှင်တော့မှာ မဟုတ်ဘူး။ ငါ့ရဲ့ ယဉ်ပါးသားရဲအဖြစ် လုပ်မလား။ ဒါဆိုရင်တော့ မင်း ဒဏ်ရာတွေ အကုန်ပျောက်သွားလိမ့်မယ်။ မင်းရဲ့ စရိုက်ကို ငါ တကယ် သဘောကျတယ်။ မင်းသာ ငါနဲ့ ပူးပေါင်းမယ်ဆိုရင် ငါတို့ ကမ္ဘာကြီးကို အတူတူ ရင်ဆိုင်ကြမယ်။ ဒါက သေရတာထက် ပိုမကောင်းဘူးလား" လုံချန်းက ကြင်နာသော လေသံဖြင့် ပြောရင်း ရှေ့သို့တိုးကာ ကြံ့၏ကိုယ်ထဲမှ ဓားကို ဆွဲထုတ်လိုက်သည်။
"ငါ အခု စတော့မယ်။ နောက် ဘာဖြစ်မလဲဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ်" လုံချန်းသည် ထိုဓားနှင့်ပင် သူ၏လက်ချောင်းကို အနည်းငယ် လှီးလိုက်သည်။
သူ၏လက်ချောင်းမှ သွေးများ ထွက်လာသည်။ သူသည် လက်ကို ကြံ့၏ နဖူးဆီသို့ ဆန့်ထုတ်လိုက်ပြီး ရွှင်း သင်ပေးထားသော ပုံစံအတိုင်း သူ၏သွေးဖြင့် ပုံဖော်လိုက်သည်။
ကြံ့သည် လုံချန်း၏ မျက်နှာကို စိုက်ကြည့်နေရုံသာ ရှိပြီး ခုခံလိုစိတ် ရှိပုံမရပေ။ ကြံ့၏ ခန္ဓာကိုယ်မှာ တောက်ပစွာ စတင်လင်းလက်လာသည်။ ၎င်းမှာ ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး ယခင်က ပိုးဖလံကို ယဉ်ပါးစဉ်ကထက် အချိန်ပိုကြာနေသည်။
လုံချန်းမှာ တစ်ခုခု မှားနေပြီလားဟု တွေးတောနေမိသည်။ သူသည် ရွှင်းကို ခေါ်မေးရန် ပြင်လိုက်စဉ်မှာပင် ကြံ့၏ကိုယ်မှ အလင်းတန်းများ ပျောက်ကွယ်သွားသည်။
ကြံ့သည် ပြန်လည် မြင်တွေ့ရသည့်အခါ လုံချန်း ထင်ထားသည့်အတိုင်းပင် ဒဏ်ရာအားလုံး ပျောက်ကင်းသွားပြီဖြစ်သည်။ ၎င်းသည် ယခင်ကထက် ပိုမို ကြည့်ကောင်းလာပြီး သံချပ်ကာ အရေပြားမှာလည်း ယခင်ကထက် ပို၍ အစွမ်းထက်ပုံရသည်။ ၎င်းသည် ယခု မည်မျှ အားကောင်းနေမည်နည်းဟု လုံချန်း သိချင်မိသည်။
လုံချန်းသည် ကြံ့ကို ကြည့်နေစဉ်မှာပင် သူနှင့် ကြံ့ကြားတွင် ဆက်နွှယ်မှုတစ်ခု ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ ကြံ့၏ အတိတ်မှတ်ဉာဏ်အချို့မှာ လုံချန်း၏ စိတ်ထဲသို့ ရောက်ရှိလာသည်။
"ထူးဆန်းလိုက်တာ... မင်းမှာ မင်းရဲ့ မိဘတွေအကြောင်း ဒါမှမဟုတ် မင်းရဲ့ ငယ်ဘဝအကြောင်း မှတ်ဉာဏ်တွေ လုံးဝ မရှိဘူးပဲ။ မင်းရဲ့ မှတ်ဉာဏ်တွေက ဒီသစ်တောထဲမှာပဲ စတာလား။ အဲဒီမတိုင်ခင်က အရာအားလုံးက ဗလာဖြစ်နေတာပဲ။ တကယ့်ကို ထူးဆန်းတယ်" လုံချန်းက ကြံ့ကို ဇဝေဇဝါဖြင့် ကြည့်ကာ ရေရွတ်လိုက်သည်။
"ကဲ... ထားပါတော့။ မင်းကို နာမည်တစ်ခု ပေးရအောင်" သူက ပြုံးလျက် ပြောလိုက်လေတော့သည်။