အခန်း (၂၆၉-၂၇၀)
Vol. 27 Ch. 269-270
အခန်း (၂၆၉) နေဝါးမျိုလင်းယုန်နှင့် ရင်ဆိုင်ခြင်း
"ကဲ... ထားပါတော့။ မင်းကို နာမည်တစ်ခု ပေးရအောင်" သူက ပြုံးလျက် ရေရွတ်လိုက်သည်။
"မင်းရဲ့ ခုခံနိုင်စွမ်းက အတောင့်တင်းဆုံးပဲ၊ မင်းရဲ့ ခွန်အားကလည်း အရမ်းကြမ်းတယ်။ မင်းက စစ်ကားကြီး တစ်စီးနဲ့ တူတယ်။ အခုကစပြီး မင်းကို ရွှေခဲလို့ ခေါ်မယ်" သူက ပြုံးလျက် ပြောလိုက်သည်။
ထိုအနက်ရောင် ချိုပါသော သံချပ်ကာကြံ့ကြီးမှာ ထူးထူးခြားခြား တုံ့ပြန်မှု မရှိပေ။ ပျော်ရွှင်ပုံလည်းမရဒေါသထွက်ပုံလည်း မပေါ်ပေ။
"ကဲ ရွှေခဲရေ... သွားကြစို့။ ငါတို့ နေဝါးမျိုလင်းယုန်ကို ရှာဖို့ လိုတယ်။ အားလုံးပြီးသွားရင် မင်းရဲ့ အစ်ကိုတွေ အစ်မတွေနဲ့ တွေ့ဖို့ ငါ ပို့ပေးမယ်" လုံချန်းက ပြုံးလျက် ဆိုသည်။
လုံချန်းသည် ရှေ့သို့လှမ်းကာ ရွှေခဲ၏ ကျောပေါ်သို့ တက်စီးလိုက်သည်။
ရွှေခဲမှာ အရွယ်အစား အလွန်ကြီးမားလှသည်။ ကမ္ဘာပေါ်ရှိ သာမန်ကြံ့တစ်ကောင်၏ အရွယ်အစားထက် နှစ်ဆခန့် ပိုကြီးသည်။
လုံချန်းသည် ရွှေခဲကို သွားရမည့် အရပ်မျက်နှာအား ပြောပြလိုက်သည်။ လုံချန်းသည် ရွှေခဲ၏ မှတ်ဉာဏ်ထဲမှ တစ်ဆင့် နေဝါးမျိုလင်းယုန်ကို ရှာရမည့် သဲလွန်စအား ရရှိထားခြင်း ဖြစ်သည်။
သူသည် ရွှေခဲ၏ မှတ်ဉာဏ်ထဲတွင် နေဝါးမျိုလင်းယုန်၏ အရိပ်အယောင်ကို ခဏမျှ မြင်တွေ့ခဲ့ရသည်။ ၎င်းမှာ ထိုနေရာတွင် ရှိနေသေးမလားဆိုသည်ကိုတော့ သူ မသေချာပေ။ ရှိနေဖို့သာ သူ ဆုတောင်းနေမိသည်။ ရှာဖွေဖို့အတွက် အချိန်အများကြီး မရှိတော့ပေ၊ သူ့တွင် ၄ ရက်သာ အချိန်ရသည်။
အနက်ရောင် သံချပ်ကာကြံ့ကြီးမှာ ကြီးမားလှသော်လည်း တကယ်တမ်းတွင် အလွန်မြန်သည်။ ၎င်း၏ အရွယ်အစားနှင့် အလေးချိန်ကို ကြည့်ရုံနှင့် ဤမျှ မြန်လိမ့်မည်ဟု ဘယ်သူမှ ခန့်မှန်းနိုင်မည်မဟုတ်ပေ။
၎င်းသည် ထူထပ်သော သစ်တောကြီးကို ဘာအခက်အခဲမှ မရှိဘဲ ဖြတ်ကျော်သွားသည်။ သူတို့၏ လမ်းကို ဘယ်သားရဲမှ မပိတ်ရဲသည်ကို မြင်ရသဖြင့် လုံချန်း အံ့သြသွားသည်။ ၎င်းတို့မှာ အနက်ရောင် သံချပ်ကာကြံ့နှင့် မရင်ဆိုင်ချင်ကြ၍ ဖြစ်နိုင်ပေသည်။
ကျန်ရှိသော ခရီးစဉ်မှာ အတော်လေး သက်သောင့်သက်သာ ရှိခဲ့သည်။
၄ နာရီခန့် ခရီးနှင်ပြီးနောက် လုံချန်းသည် ရေကန်တစ်ကန်သို့ ရောက်ရှိသွားသည်။ ၎င်းမှာ သူ လာချင်သော ရေကန်ပင် ဖြစ်သည်။
"အကူအညီအတွက် ကျေးဇူးပဲ ငါ့ကောင်ကြီး။ သားရဲနယ်မြေထဲမှာ သွားနားလိုက်ဦး။ ဟိုမှာ တခြားသူတွေနဲ့ တွေ့ရင် နှုတ်ဆက်ဖို့ မမေ့နဲ့ဦးနော်။ သူတို့က အခုကစပြီး မင်းရဲ့ မိသားစုဝင်တွေပဲ" လုံချန်းက ပြုံးလျက် ပြောဆိုကာ အနက်ရောင် သံချပ်ကာကြံ့ကို သူ၏ ရှေးဟောင်းလက်စွပ်ထဲရှိ သားရဲနယ်မြေထဲသို့ ပို့ဆောင်လိုက်သည်။
လုံချန်းသည် သူ၏ နတ်ဘုရားအာရုံကို အသုံးပြုရင်း ရေကန်ဆီသို့ လှမ်းသွားသည်။ နောက်ဆုံးတွင် သူ တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။
ရေကန်၏ ကမ်းပါးပေါ်တွင် လှပသော လင်းယုန်ကြီးတစ်ကောင် လဲလျောင်းနေသည်ကို မြင်လိုက်ရသဖြင့် သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ချက် ပေါ်လာသည်။
၎င်းမှာ တောင်ပံပေါ်တွင် အနီရောင် ပုံစံအချို့ပါသော ကတ္တရာစေးကဲ့သို့ မည်းနက်နေသော လင်းယုန်ကြီး ဖြစ်သည်။ ၎င်းမှာ လင်းတနှင့် ဆင်တူသော်လည်း အရွယ်အစားမှာ များစွာ ပိုကြီးသည်။
လုံချန်းသည် မိုးပျံ သားရဲအများအပြားကို မြင်ဖူးသော်လည်း ဤနေဝါးမျိုလင်းယုန်မှာ သူ မြင်ဖူးသမျှထဲတွင် အကြီးဆုံး ဖြစ်မည်ဟု ခံစားလိုက်ရသည်။ ၎င်းသည် လူ ၄၊ ၅ ယောက်ကို အေးဆေးစွာ တင်ဆောင်နိုင်ပုံရသည်။
၎င်း၏ တောင်ပံဖြန့်ကားမှုမှာ ၃၃ မီတာခန့် ရှိသည်။ နေဝါးမျိုလင်းယုန်မှာ မျက်လုံးများ ပိတ်ထားပြီး အေးအေးချမ်းချမ်း အိပ်ပျော်နေပုံရသည်။
လုံချန်းသည် လင်းယုန်ဆီသို့ အသာအယာ လျှောက်သွားသည်။ သူသည် တိုက်ခိုက်လိုသော အရှိန်အဝါများ မထွက်ပေါ်စေရန်အတွက် ဓားကို လက်ထဲတွင် မကိုင်ထားပေ။ သူသည် အရင်ဆုံး တိုက်ခိုက်မနေဘဲ သားရဲကို ယဉ်ပါးအောင် ကြိုးစားကြည့်ချင်သည်။ အခွင့်အရေးမှာ နည်းပါးသော်လည်း သူ စမ်းကြည့်ချင်သေးသည်။
နေဝါးမျိုလင်းယုန်မှာ မြေကမ္ဘာ အဆင့် ၉ သားရဲဖြစ်ပြီး လျင်မြန်သော အရှိန်ကြောင့် လူသိများသည်။ ၎င်းသည် တိုက်ခိုက်မှုများတွင် လေအနှစ်သာရကို အသုံးပြုနိုင်သဖြင့် ရင်ဆိုင်ရန် ခက်ခဲသော ပြိုင်ဘက်ဖြစ်သည်။
လုံချန်းမှာ လင်းယုန်အနားသို့ ရောက်လုနီးပါး ဖြစ်နေပြီ။ သူတို့ကြားတွင် ၁၅ မီတာခန့်သာ ကွာတော့သည်။ ကံမကောင်းစွာဖြင့် ထိုအခိုက်အတန့်မှာပင် နေဝါးမျိုလင်းယုန်က သူ၏ တည်ရှိမှုကို ခံစားမိသွားပြီး မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။
၎င်း၏ မျက်လုံးများမှာ ကောင်းကင်ပြာရောင် ရှိပြီး အနက်ရောင် အမွေးအတောင်များနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ ၎င်းသည် လုံချန်းကို ခြိမ်းခြောက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
လုံချန်း စကားတစ်လုံးမှ မပြောရသေးမီမှာပင် နေဝါးမျိုလင်းယုန်မှာ ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့သည်။
"စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ မင်းကို ထွက်ပြေးခွင့် မပေးနိုင်ဘူး" နေဝါးမျိုလင်းယုန် ပျံတက်သွားသည်ကို မြင်သောအခါ လုံချန်းက ရေရွတ်လိုက်သည်။
"ကောင်းကင်ဘုံ မိစ္ဆာ အတောင်ပံများ" သူက တိုးတိုးလေး အမိန့်ပေးလိုက်ရာ ကျောဘက်တွင် အတောင်ပံ နှစ်ဖက် ပေါ်လာသည်။
သူသည်လည်း ကောင်းကင်သို့ ပျံတက်လိုက်သည်။
"မကြောက်ပါနဲ့။ ငါ မင်းကို မထိခိုက်စေချင်ဘူး။ ငါတို့ရဲ့ ခရီးစဉ်မှာ မင်းကို ပါဝင်စေချင်ပြီး ငါ့ရဲ့ သားရဲ ဖြစ်စေချင်ရုံတင်ပါ" သူက အကျယ်ကြီး အော်ပြောသော်လည်း နေဝါးမျိုလင်းယုန်မှာ သူ၏ စကားကို ဂရုစိုက်ပုံမရပေ။
"ဂီး..." နေဝါးမျိုလင်းယုန်က ကျယ်လောင်စွာ စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး လုံချန်းဆီသို့ ပျံဝင်လာသည်။
၎င်း၏ အရှိန်မှာ အလွန်မြန်ဆန်လှသဖြင့် လုံချန်းပင် ခဏမျှ မှင်တက်သွားရသည်။
သူသည် ဘေးသို့ ရှောင်လိုက်သော်လည်း လင်းယုန်၏ အတောင်ပံများက သူ၏ လက်မောင်းကို ခတ်မိသွားသည်။ လက်မောင်းမှာ သွေးထွက်လာသော်လည်း ကံကောင်းစွာဖြင့် ဒဏ်ရာမှာ အလွန်မနက်ပေ။
"ကြည့်ရတာ မင်းက အကောင်းပြောလို့ မရဘူးပဲ" သူက စိတ်ပျက်သော လေသံဖြင့် ရေရွတ်ရင်း သူ၏ ဘုရင်ဓားကို ထုတ်ယူလိုက်သည်။
ဓားသည် သိုလှောင်လက်စွပ်ထဲမှ ထွက်လာသည်နှင့် ပြင်းထန်သော ဓားအရှိန်အဝါများ ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားသည်။ နေဝါးမျိုလင်းယုန်မှာ ထိုအရှိန်အဝါကို သတိပြုမိသွားပြီး ခြိမ်းခြောက်ခံရသည်ဟု ခံစားလိုက်ရပုံရသည်။
"ဂီး..." ၎င်းက နောက်တစ်ကြိမ် အော်ဟစ်လိုက်ပြီး လေအနှစ်သာရကို သုံးကာ တိုက်ခိုက်လိုက်သည်။
လေဓားသွားများမှာ တစ်စင်းပြီးတစ်စင်း လုံချန်းကို လာရောက် တိုက်ခိုက်သည်။ လေဓားသွားများမှာ လေနှင့်သာ ပြုလုပ်ထားသဖြင့် လုံချန်းမှာ ရှောင်တိမ်းခြင်းမှအပ အခြားနည်းလမ်း မရှိပေ။
ကံမကောင်းစွာဖြင့် နေဝါးမျိုလင်းယုန်မှာ သူ၏ နေရာရွှေ့ပြောင်းခြင်း အကွာအဝေး အပြင်ဘက်တွင် ပျံသန်းနေသဖြင့် ၎င်းအနားသို့ တိုက်ရိုက်ကူးပြောင်း၍ မရနိုင်ပေ။ နေဝါးမျိုလင်းယုန်မှာလည်း အလွန်ပါးနပ်ပြီး အကွာအဝေးကို ထိန်းကာ အဝေးကနေသာ တိုက်ခိုက်နေပုံရသည်။
လုံချန်းမှာ ဘုရင်ဓားကို ထုတ်လိုက်မိသည့် သူ၏ ဆုံးဖြတ်ချက်ကို နောင်တရနေမိသည်။ ၎င်းက လင်းယုန်ကို သတိပေးလိုက်သလို ဖြစ်သွားပြီး အဝေးကနေသာ နေစေခဲ့သည်။
လုံချန်းမှာ ဘာမှမလုပ်နိုင်ဘဲ ရုန်းကန်နေရသည်။ သူက လင်းယုန်အနားသို့ တိုးတိုင်း ၎င်းမှာ ပို၍ နောက်သို့ ဆုတ်သွားသည်။ နေဝါးမျိုလင်းယုန်မှာ လုံချန်းအပေါ် တိုက်ခိုက်မှုများကို ပို၍ ပြင်းထန်စေခဲ့သည်။ လေဓားသွား ဆယ်ဂဏန်းခန့်မှာ သူ့ကို တစ်ပြိုင်တည်း တိုက်ခိုက်လာသည်။
လုံချန်းသည် သူ၏ နောက်ဆုံးလက်နက်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
"ပုံရိပ်ယောင် နိယာမ" သူ၏ မျက်လုံးများမှာ ဖြူရောင်သို့ ပြောင်းလဲသွားပြီး မြူနှင်းများက သူ၏ မျက်လုံးများကို ဖုံးလွှမ်းသွားသကဲ့သို့ ဖြစ်သွားလေတော့သည်။
အခန်း (၂၇၀) တိုက်ပွဲ ဆက်လက်ဖြစ်ပွားခြင်း
လုံချန်း၏ မျက်လုံးများမှာ အဖြူရောင်သန်းသွားပြီး မြူနှင်းများက သူ၏မျက်လုံးကို ဖုံးလွှမ်းသွားသကဲ့သို့ ဖြစ်သွားသည်။
နေဝါးမျိုလင်းယုန်မှာ လုံချန်းနှင့် အကွာအဝေးတစ်ခုမှ ပျံသန်းနေပြီး သူ့ကို အဆက်မပြတ် တိုက်ခိုက်နေသည်။ ၎င်းက တိုက်ခိုက်နေစဉ်မှာပင် လုံချန်းမှာ ရုတ်တရက် ပျောက်ကွယ်သွားသည်။ နေဝါးမျိုလင်းယုန်သည် ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း ကောင်းကင်ယံသို့ ပို၍ မြင့်မားစွာ ပျံတက်သွားသော်လည်း လုံချန်းကို ရှာမတွေ့တော့ပေ။
လုံချန်းသည် နေဝါးမျိုလင်းယုန်၏ ရှေ့တွင် ကိုယ်ပျောက်နေစေရန် သူ၏ ပုံရိပ်ယောင် နိယာမကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ နေဝါးမျိုလင်းယုန်သည် လုံချန်းကို မမြင်ရသော်လည်း အရပ်မျက်နှာ အနှံ့အပြားသို့ ရူးသွပ်စွာ ဆက်လက် တိုက်ခိုက်နေဆဲဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် လုံချန်းသည် ထိုတိုက်ခိုက်မှု အားလုံးကို ရှောင်တိမ်းနိုင်ခဲ့သည်။ သူသည် နေဝါးမျိုလင်းယုန်က သူ၏ဓားအရှိန်အဝါမှတစ်ဆင့် သူ့အား ရှာမတွေ့နိုင်စေရန် ဘုရင်ဓားကိုလည်း ရှေးဟောင်းလက်စွပ်ထဲသို့ ပြန်ထည့်ထားလိုက်သည်။
သူသည် နေဝါးမျိုလင်းယုန်အနားသို့ တိတ်တဆိတ် ပျံသန်းသွားပြီး ၎င်းအနားသို့ ရောက်ခါနီးအချိန်မှာပင် နောက်ထပ် ကျယ်လောင်သော စူးစူးဝါးဝါး အော်ဟစ်သံတစ်ခုကို ကြားလိုက်ရပြန်သည်။
သူသည် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် ချက်ချင်းပင် အဝေးသို့ တောက်လျှောက် နေရာ ကူးပြောင်းလိုက်ရာ ညာဘက် မီတာ ၃၀ အကွာတွင် ပေါ်လာသည်။
"ကံဆိုးလိုက်တာကွာ" လုံချန်းက သူ့ကို တိုက်ခိုက်ခဲ့သည့် ပျံဝဲလင်းယုန်ကို ကြည့်ကာ ဆဲရေးလိုက်သည်။
နေဝါးမျိုလင်းယုန်မှာလည်း သူ၏ ပုံရိပ်ယောင် နိယာမထဲမှ ပြန်လည် နိုးထလာပုံရသည်။ ၎င်းသည် လုံချန်းကို ပြန်လည် မြင်တွေ့သွားပြီဖြစ်သည်။
"ဒီနိယာမရဲ့ ကန့်သတ်ချက်တွေကတော့ တကယ့်ကို အနှောင့်အယှက်ပဲ" လုံချန်းက တိုက်ခိုက်မှုများကို ရှောင်ရင်း ကျိန်ဆဲလိုက်သည်။
သူ၏ ပုံရိပ်ယောင် နိယာမအပေါ် ထိန်းချုပ်နိုင်စွမ်းမှာ အစောပိုင်းအဆင့်တွင်သာ ရှိသေးပြီး သူ၏ ပုံရိပ်ယောင် စွမ်းရည်မှာ ကြီးမားသော ကန့်သတ်ချက်တစ်ခု ရှိနေသည်။
ပုံရိပ်ယောင်ကို အသုံးပြုရန်အတွက် သူသည် လှည့်စားလိုသောသူကို စိုက်ကြည့်နေရမည် ဖြစ်သည်။ ထိုသူအပေါ်မှ မျက်တောင်တစ်ခတ်မျှ အကြည့်လွဲသွားသည်နှင့် ပုံရိပ်ယောင်မှာ ပျက်ပြယ်သွားမည်ဖြစ်သည်။
လုံချန်းသည် နေဝါးမျိုလင်းယုန်အပေါ် ပုံရိပ်ယောင်ကို အသုံးပြုထားသော်လည်း အခြားတစ်ဖက်မှ ရောက်လာသော ပျံဝဲလင်းယုန်ကမူ သူ့အား မြင်နေရဆဲ ဖြစ်သည်။ ၎င်းက ဘယ်ကမှန်းမသိဘဲ ပေါ်လာပြီး သူ့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သူက အာရုံ ပြောင်းလိုက်သည်နှင့် ပုံရိပ်ယောင်မှာ ပျက်ပြယ်သွားတော့သည်။
သူသည် ဘုရင်ဓားကို နောက်တစ်ကြိမ် ထုတ်ယူလိုက်သည်။ ပျံဝဲလင်းယုန်မှာ နေဝါးမျိုလင်းယုန်လောက် ပါးနပ်ပုံမရဘဲ အနီးကပ် ဝင်ရောက် တိုက်ခိုက်သည်။ ၎င်းသည် လုံချန်းကို တိုက်ခိုက်ရန် သံမဏိကဲ့သို့ မာကျောသော အတောင်ပံများကို အသုံးပြုသည်။
လုံချန်းမှာ အကြိမ်ကြိမ် တိုက်ခိုက်ခံနေရသဖြင့် အတော်လေး စိတ်တိုလာသည်။
"သူတော်စင်ဓား ခုနစ်သွယ်၊ တတိယပုံစံ၊ ဖျက်ဆီးခြင်း" သူက ကျယ်လောင်စွာ ဟိန်းဟောက်ရင်း ဓားကို ဝှေ့ယမ်းလိုက်သည်။
ပျံဝဲလင်းယုန်မှာ လုံချန်းဆီသို့ ပျံဝင်လာစဉ် အန္တရာယ်ကို ခံစားလိုက်ရသည်။ ၎င်းသည် လမ်းကြောင်းပြောင်းရန် ကြိုးစားသော်လည်း နောက်ကျသွားပြီဖြစ်သည်။ တိုက်ခိုက်မှုသည် ၎င်းနှင့် တည့်တည့် တိုးမိသွားသည်။
ကံကောင်းစွာဖြင့် ပျံဝဲလင်းယုန်မှာ လမ်းကြောင်းကို ညာဘက်သို့ အနည်းငယ် ပြောင်းလဲနိုင်ခဲ့သဖြင့် အသက်ရှင် လွတ်မြောက်ခဲ့သော်လည်း ၎င်း၏ ဘယ်ဘက်အတောင်ပံမှာ ပြတ်တောက်သွားသည်။
ပျံဝဲလင်းယုန်မှာ နာကျင်စွာ အော်ဟစ်ရင်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ လုံချန်းသည် ထိုလင်းယုန်နောက်သို့ မလိုက်တော့ဘဲ နေဝါးမျိုလင်းယုန်ရှိရာဘက်သို့ လှည့်ကြည့်လိုက်သော်လည်း နေဝါးမျိုလင်းယုန်မှာ အဝေးသို့ ပျံသန်းသွားသည်ကို မြင်လိုက်ရသဖြင့် မှင်တက်သွားရသည်။
"ဟေး... ရပ်စမ်း" လုံချန်းက အော်ဟစ်ရင်း နေဝါးမျိုလင်းယုန်နောက်သို့ လိုက်ခဲ့သော်လည်း သူ၏ တိုက်ပွဲအတွင်း ဝိညာဉ်စွမ်းအင် အများအပြား ကုန်ဆုံးထားသဖြင့် သူ၏အရှိန်မှာ လင်းယုန်ကို မမီတော့ပေ။
လုံချန်းသည် နေဝါးမျိုလင်းယုန်နောက်သို့ ခဏမျှ လိုက်ပါသွားပြီးနောက် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။
ယခုအချိန်တွင် သူ၏ ဝိညာဉ်စွမ်းအင် သိုလှောင်မှုမှာ ၉၀ ရာခိုင်နှုန်းခန့် ကုန်ဆုံးနေပြီဖြစ်သည်။ နေဝါးမျိုလင်းယုန်ကို အမီလိုက်နိုင်မည် မဟုတ်ကြောင်း သူ သိလိုက်သည်။ အကယ်၍ မတော်တဆ အမီလိုက်နိုင်ခဲ့လျှင်ပင် ၎င်းကို ဖမ်းဆီးရန်အတွက် ဝိညာဉ်စွမ်းအင် ကျန်ရှိတော့မည် မဟုတ်ပေ။
"ထွက်ပြေးသွားပြီပဲ။ ဟိုပျံဝဲလင်းယုန်သာ ဝင်မရှုပ်ရင် အခုလောက်ဆို ငါ နေဝါးမျိုလင်းယုန်ကို ယဉ်ပါးပြီးလောက်ပြီ"
"နေဝါးမျိုလင်းယုန်က အတော်လေး ပါးနပ်တယ်လို့ ပြောရမယ်။ ဘယ်အချိန်မှာ ဆုတ်ခွာရမလဲဆိုတာ သူ အတိအကျ သိတယ်။ မုဆိုးကြယ် တုန်းကလည်း ဒီလိုပဲ လုပ်ခဲ့တာ ငါ မှတ်မိသေးတယ်။ ရွှေခဲတစ်ကောင်ပဲ ထွက်မပြေးဘဲ ရင်ဆိုင်ခဲ့တာ" လုံချန်းက လင်းယုန် ပျံသန်းသွားသော အရပ်မျက်နှာကို ကြည့်ရင်း ရေရွတ်လိုက်သည်။
လုံချန်းမှာ စိတ်ပျက်နေသော်လည်း အရှုံးပေးလိုစိတ် မရှိပေ။ သူ့တွင် အခွင့်အရေး ရှိသေးကြောင်း သူ သိသည်။ ၃ ရက်ခန့် အချိန်ကျန်သေးသည်။
လုံချန်းသည် အတော်လေး ပင်ပန်းနေသဖြင့် ရွှေခဲကို ခေါ်ထုတ်လိုက်သည်။ သူ ယဉ်ပါးထားသော အနက်ရောင် သံချပ်ကာကြံ့မှာ ရှေးဟောင်းလက်စွပ်ထဲမှ ထွက်လာသည်။
"မုဆိုးကြယ်တို့နဲ့ တွေ့ခဲ့လား" လုံချန်းက ပြုံးလျက် မေးလိုက်သည်။ ရွှေခဲက ခေါင်းညိတ်ပြသည်။
"ကောင်းပြီ။ ကဲ... ငါ မင်းရဲ့ အကူအညီ ထပ်လိုဦးမယ်။ ဒီမှာ အခြေအနေတွေက အစီအစဉ်အတိုင်း ဖြစ်မလာဘဲ နေဝါးမျိုလင်းယုန်က ထွက်ပြေးသွားတယ်" လုံချန်းက သားရဲကို လူတစ်ယောက်လို ရှင်းပြနေသည်။
တစ်စုံတစ်ယောက်ကသာ မြင်လျှင် သူ့ကို ရူးနေပြီဟု ထင်လိမ့်မည်ဖြစ်သော်လည်း လုံချန်းအတွက်မူ လုံးဝ ခြားနားသည်။ သူသည် သူ၏ သားရဲများနှင့် နီးကပ်သော ဆက်ဆံရေးရှိသည်ဟု ခံစားရသည်။
သူသည် အနက်ရောင် သံချပ်ကာကြံ့ပေါ်သို့ တက်စီးလိုက်ပြီး နေဝါးမျိုလင်းယုန် ပျံသန်းသွားသော အရပ်သို့ ဦးတည်ရန် အမိန့်ပေးလိုက်သည်။ သူ ချက်ချင်း အမီမလိုက်နိုင်သော်လည်း နေဝါးမျိုလင်းယုန်မှာ ဘေးကင်းသော နေရာသို့ ရောက်သည်နှင့် အနားယူရန် ဆင်းသက်လာမည်မှာ သေချာသည်။
သူသည် အနက်ရောင် သံချပ်ကာကြံ့၏ ကျောပေါ်တွင် တရားထိုင်သော ပုံစံဖြင့် ထိုင်ရင်း သူ၏ ဝိညာဉ်စွမ်းအင်များကို ပြန်လည် ဖြည့်တင်းနေတော့သည်။
သားရဲသစ်တော၏ အခြားတစ်ဖက်တွင်မူ ကျိရှန်းသည်လည်း တိုက်ပွဲတွင် ပါဝင်နေသည်။
သူသည် လကွယ်မြင်း တစ်ကောင်နှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။
လကွယ်မြင်းမှာ မြေကမ္ဘာ အဆင့် ၅ သားရဲဖြစ်သဖြင့် ကျိရှန်းအတွက် အလွန်လွယ်ကူသင့်သော်လည်း အံ့သြစရာကောင်းလောက်အောင်ပင် သူသည် အတော်လေး အခက်တွေ့နေရသည်။
သူ မည်သို့ပင် ကြိုးစားပါစေ လကွယ်မြင်းက သူ၏ တိုက်ခိုက်မှုအားလုံးကို ရှောင်တိမ်းနိုင်နေသည်။ သူ၏ မှော်စာရွက်များပင် အသုံးမဝင် ဖြစ်နေသည်။
"မင်းက တကယ့်ကို ထူးခြားတာပဲ" သူက ပြုံးလျက် ရေရွတ်လိုက်သည်။
"ငါ ဆုံးဖြတ်လိုက်ပြီ။ ဘာပဲဖြစ်ဖြစ် မင်းကို ငါ့ရဲ့ သားရဲ ဖြစ်အောင် လုပ်မယ်။ သုံးရက် သုံးည တိုက်ရမယ်ဆိုရင်တောင် ဖြစ်အောင် လုပ်မှာပဲ" သူက ပြတ်သားသော လေသံဖြင့် အော်ဟစ်လိုက်သည်။
"အဖြူလေး" သူက သူ၏အိတ်ကို နှစ်ချက်ပုတ်ကာ ခေါ်လိုက်လေတော့သည်။