သူ့ကို ဗဟိုဧကရာဇ်မြို့ကနေ မောင်းထုတ်ပစ်လိုက်ကြစမ်းပါ
Vol. 8 Ch. 725
" ဒီပိုင်ဟောက်က အဆုံးစွန်အထိ အရှက်မဲ့ပြီး နာမည်ဆိုးနဲ့ ကျော်ကြားတာ။ သရဲကြီးမြို့တော်မှာဆိုရင် သူ့ကို အကျင့်ပျက်သူ၊ သူတစ်ပါး မိန်းမကိုခိုးတဲ့သူ၊ သူတစ်ပါးပိုင်ဆိုင်မှုကိုလည်း ခိုးယူတဲ့သူဆိုပြီး သိကြတယ်။ သူက လူ့အဖွဲ့အစည်းအတွက် အရှုပ်ထုတ်ကြီးပဲ "
" အဖြစ်အပျက်တွေအပြီးမှာ ငါပတ်မေးကြည့်ပြီးပြီ။ ပြီးတော့ သူက ကိုယ့်မျိုးနွယ်စုကိုယ်တောင် အပြစ်တင်ဝေဖန်ပြီး သူ့အဖေအရင်းနဲ့ အစ်ကိုကိုတောင်သတ်ခဲ့တယ်လို့ ငါကြားခဲ့တာကွ။ သူက သူ့မိထွေးကိုတောင် သတ်ဖို့စီစဥ်ခဲ့သေးတယ်တဲ့။ သရဲကြီးမြို့တော်မှာရှိတဲ့ လူတိုင်း သူ့ကိုကြောက်လန့်လို့ ကျီးလန့်စာစား နေခဲ့ရတာ။ သူဘယ်ကိုပဲသွားသွား လူတိုင်းက ဆိုးဝါးတဲ့အခြေအနေတွေနဲ့ပဲ ကြုံတွေ့ရတာတဲ့။ သူကအခု ဗဟိုဧကရာဇ်မြို့တော်မှာရှိနေတာဆိုတော့ ဘယ်လိုကပ်ဆိုးတွေရောက်လာမလဲဆိုတာသာ စဥ်းစားကြည့်လိုက်တော့ "
" သရဲကြီးဘုရင်က သူ့လိုလူမျိုးကို ဘာကြောင့်များသဘောကျရတာတုံး "
" ဟမ့်၊ ကောင်းပြီ။ သရဲကြီးတပ်ဖွဲ့က သူ့ကိုမကာကွယ်မှတော့ ဝိညာဥ်ရေနွေးအိုးထဲမှာ အရှက်ကွဲခဲ့ရတာတွေအတွက် ပြန်ပေးဆပ်ခိုင်းရမယ်"
အဖွဲ့ထဲမှလူတိုင်း စကားပြောနေကြစဥ် သူတို့၏နှုတ်မှ ဆဲရေးတိုင်းထွာသည့် စကားလုံးများလည်းထွက်လာသည်။ ပိုင်ရှောင်ချန်းက စွမ်းအားကြီးပြီး သူ၏နောက်ခံကြောင့် သူတို့အလွယ်တကူ လှုပ်ရှား၍မရသည်ကို အတင်းအကြပ် လက်ခံနေရသည်။
ထိုနေရာရှိလက်ရွေးစင်များအားလုံးမှာ ဝိညာဥ်ရေနွေးအိုးထဲသို့ သွားခဲ့သူများမဟုတ်သော်လည်း လူတိုင်းပြောနေသည့်အဖြစ်အပျက်များကို ကြားသိရသည့်အခါ သိလိုစိတ်ပြင်းပြနေကြသည်။
နောက်ဆုံးတွင် ပန်းရောင်ဝတ်စုံဝတ်ဆင်ထားသည့် လူငယ်တစ်ဦးက ရှေ့တိုးကာ ပြောလေသည်။
" ဂုဏ်သရေရှိ မိတ်ဆွေတို့၊ ခင်ဗျားတို့အားလုံး နည်းနည်းသတိထားလွန်းနေတယ်လို့ ကျုပ်ထင်မိတယ်။ ဒီပိုင်ဟောက်က သန်မာတယ်ဆိုတာ ဝန်ခံပါတယ်ဗျာ။ ဒါပေမဲ့ အခုက ဝိညာဥ်ရေနွေးအိုးထဲမှာမဟုတ်ဘူးလေ။ ဒီနေရာက ဗဟိုဧကရာဇ်မြို့တော်ဗျ။ ဒီနေရာမှာ ကျုပ်တို့က ပိုပြီးအစွမ်းထက်တာပါ "
သူစကားပြောပြီးသည့်အချိန်တွင် ထိုနေရာရှိလူတိုင်းနီးပါး သူရှိရာအရပ်သို့လှည့်ကြည့်လာကြသည်။
လီထျန်ရှန်က မတ်တတ်ရပ်ကာ လက်ကိုယှက်၍ပြောလေသည်။
" အစ်ကိုကြီးချန်၊ အစ်ကို့မှာဒီအခြေအနေကို ဖြေရှင်းဖို့နည်းလမ်းတစ်ခုခုရှိလို့ရှိရင် လက်ဆောင်ပဏ္ဍာတွေနဲ့ ကျေးဇူးဆပ်ပါ့မယ်ဗျာ "
" ဟုတ်တယ်။ ပိုင်ဟောက်က အစ်ကိုချန်နဲ့ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးဘူး။ တကယ်လို့ အစ်ကိုသာ သူ့ကိုကိုင်တွယ်နိုင်ရင် နတ်ဝံပုလွေလေး ဆိုတဲ့ကျုပ်က ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အစ်ကိုလေးသဘောကျ ဆောင်ရွက်ပေးမယ်ဗျာ "
" တာအိုရောင်းရင်း ချန်ရှုံးရေ။ မင်းက ကိစ္စတိုင်းကို အောင်မြင်အောင် လုပ်ဆောင်တတ်သူပဲ။ အခု မင်းက ဦးဆောင်ပြီး လုပ်ပေးလို့ရမလား "
လူအချို့မှာ ဒေါသထွက်နေပုံရပြီး အချို့မှာ စိတ်မချမ်းမသာဖြစ်နေကြကာ အချို့မှာလည်း ကျေးဇူးတင်နေကြသည်။ ချန်ရှုံးအားရွှန်းလဲ့တောက်ပနေသောမျက်ဝန်းများဖြင့် ကြည့်နေသည့် ပန်းရောင်ဝတ်စုံနှင့် မြောင်လင်းအာက နောက်ဆုံးတွင် ပြောလာသည့်အတွက် ချန်ရှုံးမှာ မျက်ခုံးပင့်မိသွားသည်။
" အစ်ကိုချန်၊ အခုကိစ္စမှာ ကျွန်မကို အကူအညီပေးပါလားရှင် "
" ကောင်းပြီလေ" ချန်ရှုံးက ပြောလိုက်သည်။
" ကျုပ်က တရားဥပဒေအတွင်းကနေပဲ လုပ်ဆောင်မယ်။ သူ့ကိုသတ်ဖို့ဆိုတာ လွယ်ကူမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျုပ် လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ သူ့ကို ဗဟိုဧကရာဇ်မြို့တော်ကနေ အလွယ်လေးမောင်းထုတ်နိုင်တယ် "
သူက ဘေးဘက်ရှိကောင်တာကို ယပ်တောင်ဖြင့်ရိုက်ကာ အလေးအနက်ထား၍ပြောလိုက်သည်။ သူ၏မျက်ဝန်းများတွင် ပြင်းထန်လှသော ယုံကြည်ချက်များဖြင့် စူးရှတောက်ပနေသည်။
" ဂုဏ်သရေရှိ မိတ်ဆွေတို့၊ ခင်ဗျားတို့အားလုံး ဒီကိစ္စအတွက်ဝိညာဥ်ဆေးလုံးအချို့ ပေးမယ်ဆိုရင်တော့ ကျုပ်က သူ့ကို တစ်လအတွင်း နန်းမြို့တော်ကနေ သေချာပေါက် မောင်းထုတ်ပေးမယ် "
လက်ရွေးစင်များ၏ မျက်ဝန်းများမှာ တလက်လက်တောက်ပသွားပြီး တခြားစကားများပြောစရာပင်မလိုတော့ချေ။
ညက ပုံမှန်အတိုင်း ကုန်ဆုံးသွားခဲ့၏။ နောက်တစ်နေ့ အရုဏ်ဦး၌ “ တစ်မိုးအောက်မှာ ပြိုင်စံရှား နံပါတ်တစ် စိတ်စွမ်းအင်အဆင့်မြှင့်တင်ရေး ဆိုင် “၏ အပြင်ဘက်၌ လူခုနှစ်ယောက်၊ရှစ်ယောက်ခန့် တန်းစီနေကြပြီး သူတို့၏ပစ္စည်းများ စိတ်စွမ်းအင်အဆင့်မြှင့်တင်နိုင်ဖို့အတွက် တံခါးပေါက်ဖွင့်လာမည်ကိုစောင့်ဆိုင်းနေကြသည်။
မကြာမီ ပိုင်ဟောက်က တံခါးများကိုဖွင့်လိုက်ပြီး စောင့်ဆိုင်းနေကြသူများလည်း အလျင်အမြန်တိုးဝှေ့ကာ ရှေ့တက်လာကြသည်။ ပိုင်ဟောက်က သူလုပ်နေကျအတိုင်း စိတ်စွမ်းအင်အဆင့်မြှင့်တင်မည့် အမှာစာရင်းကို အချိန်ယူကာ ကောက်ခံနေသည်။
ပိုင်ရှောင်ချန်းက ကောင်တာ၏အနောက်ဘက်တွင် ပျင်းတိပျင်းရွဲထိုင်နေပြီး ရံဖန်ရံခါ ဆိုင်သို့လာသည့်ဧည့်သည်များကိုကြည့်တတ်သော်လည်း သူအာရုံအစိုက်ဆုံးမှာ ဆယ့်ခုနှစ်ရောင်ခြယ်မီးတောက်၏ ဖန်တီးနည်းသာ ဖြစ်သည်။
များမကြာမီ နံနက်ခင်းအချိန်မှာ ကုန်ဆုံးလုနီးနီးဖြစ်လာသည်။ ပိုင်ဟောက်က စဉ်ဆက်မပြတ် ဝိညာဉ်ကျင့်ကြံသူများဆီမှ အမှာစာရင်းကို လက်ခံနေခဲ့ပြီး အရာရာမှာလည်း ချောချောမွေ့မွေ့အတိုင်း ဖြစ်နေသဖြင့် နောက်ဆုံးတွင် ပိုင်ရှောင်ချန်းက သမ်းဝေလိုက်ကာ အပြင်ဘက်သို့အေးအေးလူလူ လမ်းလျှောက်ထွက်ရန် စဉ်းစားလိုက်သည်။
ထိုအချိန်တွင် ပန်းရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားပြီး ယပ်တောင်တစ်ဖျတ်ဖျတ်ခပ်နေသည့် လူငယ်တစ်ယောက် ဆိုင်ထဲသို့ဝင်လာလေသည်။ သူ့ထံမှ နှောင်းပိုင်းယင်ယန်ဝိညာဥ်အဆင့်အခြေခံ အငွေ့အသက်များဖြာထွက်နေပြီး ဆိုင်အတွင်းမှ ဖောက်သည်များအား ထိတ်လန့်တုန်လှုပ်သွားစေသည်။ ထိုသူမှာ ချန်ရှုံးမှလွဲ၍ အခြားသူမဟုတ်ပေ။
သူ၏ပုံရိပ်မှာ အလွန်အထင်ကြီးဖွယ်ကောင်းလှပြီး သူ၏အရှေ့တစ်ဖက်တစ်ချက်ဆီတွင် နက်နဲလှသည့် ကျင့်ကြံခြင်းအခြေခံရှိသော လူကြီးနှစ်ဦးရှိလေသည်။ ကြည့်ရသည်မှာ ထိုလူကြီးနှစ်ဦးမှာ တာအိုစောင့်ရှောက်သူများဖြစ်ဟန်တူသည်။
" ` တစ်မိုးအောက်မှာ ပြိုင်စံရှား နံပါတ်တစ် စိတ်စွမ်းအင် အဆင့်မြှင့်တင်ရေး ဆိုင် ´ဆိုပါလား။ စကားလုံးက ကြီးကျယ်လှချည်လား "
သူ၏စကားများအရ ဆိုင်အတွင်းမှ ဖောက်သည်များအားလုံးမှာ ချန်ရှုံးက ပြဿနာလာရှာနေသည်ဟု ချက်ချင်းပြောနိုင်သည်။
ပိုင်ဟောက်က သက်ပြင်းချ၍ အခြေအနေကိုထိန်းရန်ပြင်နေစဥ် ပိုင်ရှောင်ချန်းမှာ ကောင်တာ၏နောက်တွင်သာ ရှိနေဆဲဖြစ်သည်။ သူက ချန်ရှုံးကိုမော့ကြည့်ပြီး သူ့အားရင်းရင်းနှီးနှီးသိသလို ရှိနေသည်။
" သူက ဝိညာဥ်ရေနွေးအိုးထဲမှာ ငါမြင်ခဲ့ဖူးတဲ့ လက်ရွေးစင်တစ်ယောက်ယောက်နဲ့ ဆင်တူနေတာပဲ ဖြစ်ရမယ်"
ပိုင်ရှောင်ချန်းက စကားပြောရန် ပြင်လိုက်စဥ် ချန်ရှုံးက လက်ကိုဝေ့ယမ်းကာ ပိုင်ဟောက်အား ဘေးဘက်သို့ လွင့်သွားအောင် လေပြင်းတစ်ချက်ကို ထုတ်လွှတ်လိုက်သည်။
ပိုင်ရှောင်ချန်း၏မျက်နှာထားမှာ ရုတ်ချည်း တင်းမာသွားပြီး ကောင်တာ၏အနောက်ဘက်မှ ရုတ်တရက် ပျောက်သွားလေသည်။ သူက ပိုင်ဟောက်၏နံဘေးတွင် ပြန်၍ပေါ်လာပြီး ပိုင်ဟောက်အားကာကွယ်ထားလျက် ထိုလေပြင်းကိုအဝေးသို့ရောက်စေလိုက်သည်။ သို့သော်လည်း ပိုင်ဟောက်၏ မျက်နှာမှာ ဖြူလျော်နေပြီး ယခင်ကထက်အနည်းငယ် မှုန်မှုန်ဝါးဝါးဖြစ်နေသည်။ ချန်ရှုံးက အားထည့်၍ လက်ကိုဝေ့ယမ်းလိုက်သည်မှာ သိသာလှ၏။
ပိုင်ဟောက် အားနည်းသွားသည်ကို မြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ ဒေါသထွက်လာပြီး ချန်ရှုံးအား အေးစက်စက်မျက်နှာထားဖြင့် လှည့်ကာကြည့်လိုက်သည်။
" မင်းတစ်ခုခုပြောချင်နေတာဆိုရင် ပြောလိုက်စမ်းပါ။ ဘေးလူတွေကို ဆွဲထည့်စရာမလိုဘူး "
ချန်ရှုံးမှာ ပိုင်ရှောင်ချန်း၏ရေခဲတမျှအကြည့်အောက်တွင် အနည်းငယ်တုန်လှုပ်သွားပြီး ချက်ချင်းပင် လူအများပြောဆိုနေကြသည့် အဖြစ်အပျက်များအကြောင်းကို တွေးမိသွားသည်။ ရုတ်တရက် သူ၏နှလုံးသားမှာ တဒိန်းဒိန်းခုန်လာပြီး သူ၏အထင်ကြီးဖွယ်ပုံရိပ်မှာ ယခင်ကထက်လျော့ကျသွားသည်။ သို့သော်လည်း ယခုအချိန်က ပြန်၍တပ်ခေါက်သင့်သည့်အခါတော့ မဟုတ်ပေ။
" ကျုပ်က တခြားသူတွေကို အနိုင်ကျင့်ဖို့ ဘယ်တုန်းကမှ အားမသုံးခဲ့ဖူးဘူး " သူကပြောလေသည်။
" မင်းရဲ့ဆိုင်က ဖွင့်ထားတာမလား။ ပြီးတော့မင်းက မင်းဆိုင်ကို တစ်မိုးအောက်မှာ နံပါတ်တစ် စိတ်စွမ်းအင်အဆင့်မြှင့်တင်ပေးနိုင်တဲ့ဆိုင်လို့ ထင်နေတယ်မလား။ ကျုပ်က စိတ်စွမ်းအင်အဆင့်မြှင့်တင်ချင်လို့ လာတာပါ။ ပြီးတော့ ကျုပ်အံ့သြသွားမိတာက... မင်းတို့အမှာစာရင်းကို လက်မခံဘူးဆိုလို့လေ။ မင်းက တမင်တကာ ကျုပ်ကို အထင်အမြင်သေးနေတာလား"
ချန်ရှုံး၏စကားသံမှာ ကျယ်ကျယ်လောင်လောင်ထွက်သွားပြီး ဆိုင်အပြင်ဘက်မှလူများပင် ဖြစ်ပျက်သမျှကိုမြင်နိုင်ရန် စပ်စပ်စုစုနှင့်ကြည့်လာကြလေသည်။
ပိုင်ရှောင်ချန်း၏မျက်နှာထက်တွင် အေးစက်စက်အပြုံးတစ်စဖြစ်တည်လာပြီး သူဘာမှတုံ့ပြန်၍မပြောရသေးမီ ပိုင်ဟောက်က သူ၏လက်မောင်းအား ဆုပ်ကိုင်လာသည်။ ပိုင်ဟောက်ချက်ချင်းပြောပြနိုင်သည်မှာ ထိုလူက ယခင်ပြဿနာရှာဖူးသည့်သူများနှင့် ကွဲပြားနေသည်ကိုပင်။
ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်ကာ သူ၏တပည့်လေးနှင့် ဆွေးနွေးခဲ့သည့်အကြောင်းများအား ပြန်၍စဥ်းစားကြည့်လိုက်သည်။ ထို့နောက် သူက ယခုသရဲကြီးမြို့ထဲတွင်မဟုတ်ကြောင်း သူ့ကိုယ်သူသတိပေးလိုက်သည်။ ယခုအချိန်တွင် သူ အကောင်းဆုံးလုပ်ဆောင်နိုင်မည်မှာ ဖားယားခြင်းသာဖြစ်သည်။
" မင်းက ဘယ်ပစ္စည်းကို အဆင့်မြှင့်တင်ချင်တာလဲ"
သူက တင်းမာခက်ထန်နေသောအသံဖြင့် ပြောလိုက်၏။
ချန်ရှုံးကသည် ပိုင်ရှောင်ချန်းက စိတ်စွမ်းအင် အဆင့်မြှင့်တင်ပေးရန် ဆန္ဒရှိကြောင်း တွေ့လိုက်ရသောအခါ သူ၏မျက်ဝန်းများမှာ အရောင်တောက်သွားပြီး သူ၏မျက်နှာထက်တွင် အေးစက်စက်အပြုံးတစ်စ ဖြစ်တည်လာသည်။ သူ၏အိတ်ကိုပုတ်ကာ ဘေးဘက်တွင် ခရမ်းရောင်အခိုးအငွေ့များသိပ်သည်းဝန်းရံနေသော ခရမ်းရောင်ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူလိုက်သည်။ မမျှော်လင့်ပဲ ထိုအခိုးအငွေ့များကြားတွင် ဟစ်ကြွေးနေဟန်ရှိသည့် ရေနဂါးတစ်ကောင်၏ ပုံရိပ်ကိုမြင်နိုင်လေသည်။ ချန်ရှုံးက လက်တစ်ချက်ဝှေ့ယမ်းကာ ခရမ်းရောင်အလင်းတန်းအသွင်ဖြင့် ထိုဆွဲပြားအား ပိုင်ရှောင်ချန်းဆီသို့ ပစ်ပေးလိုက်လေသည်။
ထိတ်လန့်အံ့သြဖွယ်ကောင်းစွာ ၎င်းဆွဲပြားပေါ်၌ ငွေရောင်အမှတ်အသားဆယ်ခုရှိနေသည်။
လူအုပ်ကြီးမှာ သူတို့မြင်တွေ့ရသည်များအပေါ် စတင်၍ မှတ်ချက်ပြုကြလေတော့သည်။
" အဲဒီဆွဲပြားထဲမှာ ရေနဂါးဝိညာဥ်ကို ချိတ်ပိတ်ထားတာပဲ။ အဲဒီလိုမျိုး ဝိညာဥ်ရတနာတွေအပေါ် စိတ်စွမ်းအင်အဆင့်မြှင့်တင်ရတာ အင်မတန် ခက်ခဲတယ်ကွ"
" သူက ဆယ်ကြိမ်တောင်အဆင့်မြှင့်တင်ထားပြီးသားပဲ။ ဆယ့်တစ်ကြိမ်မြောက်သာ စိတ်စွမ်းအင်အဆင့်မြှင့်တင်လိုက်ရင် မှော်ပစ္စည်းရဲ့ အခြေခံသဘောသဘာဝတွေက လုံးဝပြောင်းလဲသွားမှာ။ ပြီးတော့ အဲဒီအဆင့်က အောင်မြင်နိုင်ဖို့ အရမ်းကိုခက်တာ "
" မြေ အောက်လမ်းဆရာတောင်မှ အဲဒီစိတ်စွမ်းအင်အဆင့်မြှင့်ရတဲ့အဆင့်ကို လုပ်ရဲမှာမဟုတ်ဘူး။ ပျက်စီးနိုင်မဲ့အခွင့်အလမ်းကြီးကလည်း များလွန်းတယ်လေ "
ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားသွားကာ ပျာယာခပ်ပြီး စိတ်အနှောင့်အယှက်ဖြစ်သွားဟန်ဆောင်လိုက်သည်။ သူက ချန်ရှုံးအား ခပ်စူးစူးပင်စိုက်ကြည့်လိုက်သေးသည်။
ချန်ရှုံးက ခပ်ယဲ့ယဲ့ပြုံးလိုက်မိသည်။ သူမျှော်လင့်ထားသည့်အတိုင်း လူအုပ်ကြီးမှာလဲ အုတ်အုတ်ကျက်ကျက်ဆူညံနေသည်။ ထို့အပြင် အခြားသော အထက်တန်းလွှာမျိုးနွယ်စုများနှင့် မင်းမျိုးမင်းနွယ်များမှ လက်ရွေးစင်များ၏ စိတ်နှလုံးထဲအထိ ကြောက်လန့်အောင်လုပ်ခဲ့သည့် အနှီလူ၏ဖြစ်ပျက်သွားသော မျက်နှာအမူအယာကိုကြည့်၍ ချန်ရှုံးမှာ အလွန်ပီတိဖြာသွားသည်။ သူက မထိတထိရှုတ်ချဟန်အပြည့်ဖြင့် အေးစက်စက်ပြောလိုက်လေသည်။
" အဲဒီကျောက်စိမ်းဆွဲပြားကို အဆင့်မြှင့်တင်ပေးပါ။ ဒါပေမဲ့ ဒီဆွဲပြားက အရမ်းတန်ဖိုးကြီးတယ်။ ဒါကြောင့်မပျက်စီးစေနဲ့"
ပိုင်ရှောင်ချန်းက အင်္ကျီလက်ကိုဝေ့ယမ်းလိုက်ပြီး ထိုလူအား သူ့နေရာသူသိအောင် မည်သို့မည်ပုံဆောင်ရွက်ရမည်ကို တွေးနေမိသည်။
" ပစ္စည်းတစ်ခုက ဘယ်လောက်အထိ စိတ်စွမ်းအင်အဆင့်မြှင့်တင်မလဲဆိုတဲ့အပေါ် မူတည်ပြီး ကျုပ်က ဝန်ဆောင်ခယူတာ "
ချန်ရှုံးက တုံ့ပြန်သည့်အနေဖြင့်ပြုံးပြလိုက်ပြီးနောက် ဝိညာဥ်သိုလှောင်စေတီတစ်ခုအား ပစ်ပေးလိုက်သည်။
" ဒီစေတီထဲမှာရှိတဲ့ ဝိညာဥ်ဆေးလုံးတွေက ကုန်ကျစရိတ်အတွက် လုံလောက်မှာပါ။ ဆိုတော့...သွားလုပ်တော့လေ။ ဒါနဲ့စကားမစပ် တကယ်လို့မင်း ကျုပ်ပစ္စည်းကိုသာ ဖျက်စီးမိလို့ရှိရင်တော့ အတိုင်းအတာတစ်ခုထိတန်ဖိုးအပြည့်ပေးလျော်ရလိမ့်မယ်။ ဒါပေမဲ့ မင်းသာအောင်မြင်လို့ရှိရင် မင်းရဲ့ပုံမှန်စျေးထက် ဆယ်ဆပေးမယ်ကွာ "
လူအုပ်ကြီးမှာ အံ့သြသွားကြသည်။ ဤဆိုင်က စိတ်စွမ်းအင်အဆင်မြှင့်တင်ပေးသည့် ဝန်ဆောင်မှုအတွက် တောင်းသောအဖိုးအခမှာ ယခင်ကတည်းက မြင့်မားလှသည်။ ထိုပစ္စည်းအတွက် ပုံမှန်စျေးထက်ဆယ်ဆပေးမည်ဟူသော အဖြစ်အပျက်က အလွန့်အလွန် ထိတ်လန့်အံ့သြသွားစေသည်။ ထို့အပြင် ပို၍ထိတ်လန့်သွားစေသည်က ပျက်စီးသွားခဲ့လျှင် ပေးဆောင်ရမည့် လျော်ကြေးကိစ္စဖြစ်လေသည်။
" အဲဒါဆို အခုဟာက အလောင်းအစားတစ်ခုပေါ့ "
" တကယ်လို့ သူ ကျရှုံးသွားခဲ့ရင် အဲဒီလူကိုအလျော်ပေးရလိမ့်မယ်။ ဒါပေမဲ့ သူသာအောင်မြင်သွားရင်တော့ ပွပေါက်ပဲဟေ့ "
" ဒီပွဲက ငါ့အမြင်မှာ မျှတမှုရှိတယ်ကွ။ ဆိုင်ရှင်က လက်ခံ၊မခံပဲ စောင့်ကြည့်ကြစို့ "
ချန်ရှုံးက အေးစက်စက်ပြုံး၍ နေရာ၌ရပ်နေသည်။ သူက ပိုင်ရှောင်ချန်းအား တစ်လအတွင်း ဗဟိုဧကရာဇ်မြို့တော်အတွင်းမှ မောင်းထုတ်ပေးမည်ဟု ကတိပေးခဲ့ပြီး ထိုသို့လုပ်နိုင်မည်ဟုလည်း ယုံကြည်ချက်အပြည့်ရှိနေသည်။ ထိုကျောက်စိမ်းဆွဲပြားက အမြင်အားဖြင့် အထင်ကြီးဖွယ်မကောင်းသော်လည်း ၎င်းက အင်ပါယာမျိုးနွယ်စုမှပေးထားသော လက်ဆောင်မွန်တစ်ခုဖြစ်ကာ ၎င်း၏တန်ဖိုးအတွက် သူ့စိတ်ကြိုက်တောင်းဆို၍ရနိုင်သည်။
အကယ်၍ ဤပိုင်ဟောက်သာ အောင်မြင်သွားခဲ့လျှင် သူကနောက်တစ်ဆင့်စိတ်စွမ်းအင်အဆင့်မြှင့်တင်ရန် ခိုင်းစေ၍ရသေးသည်။ တချိန်ချိန်၌ ပိုင်ဟောက်က ကျိန်းသေ ကျရှုံးမည်ဖြစ်ပြီး ထိုအချိန်တွင် ချန်ရှုံးက ပြဿနာစ၍ရှာလိုက်မည်ပင်။
ချန်ရှုံးက ပုန်းလျှိုးကွယ်လျှိုး အန္တရာယ်ပြုတတ်သူဖြစ်ကာ စကားပြောဆိုရာ၌လည်း နှုတ်စောင်းထက်လှသည်။ ၎င်းက အလောင်းအစားတစ်ခုဖြစ်သော်လည်း သမားရိုးကျအလောင်းအစားတစ်ခုလုပ်နေကျနည်းအတိုင်း လုပ်မည်ဟု သူကမပြောပေ။ သူက ပိုင်ရှောင်ချန်း လွတ်လမ်းမရှိနိုင်သည့်နည်းဖြင့် ပြောလိုက်ခြင်းဖြစ်သည်။
အကယ်၍ပိုင်ရှောင်ချန်းသာ ငြင်းဆန်ခဲ့လျှင် နောက်တစ်နေ့၌ အခြားသော စိန်ခေါ်မှုများနှင့်အတူ ပြန်လာမည်ဖြစ်သည်။ ထို့အပြင် သူ၏နောက်လိုက်များအား အလားတူစိန်ခေါ်ခိုင်းလိုက်မည်။ များမကြာမီ သူက ကျိန်းသေ အနိုင်ရသွားလိမ့်မည်။
အကယ်၍ ပိုင်ရှောင်ချန်းက ထိုစိန်ခေါ်မှုများအား ဆက်တိုက်ငြင်းဆန်ခဲ့လျှင်ပင် ၎င်းအခြင်းအရာကပင် သူအား စီးပွားရေးဆက်လုပ်ရန် အခက်တွေ့စေနိုင်ပြီး ထိုအဖြစ်အပျက်အား အောင်နိုင်မှုတစ်ခုဟု မှတ်ယူနိုင်ပေမည်။ ထိုအခြင်းအရာအားလုံးကို အင်အားသုံး၍အနိုင်ကျင့်ခြင်းဟု သတ်မှတ်၍မရပေ။ အမှန်တကယ်တော့ စိတ်စွမ်းအင်အဆင့်မြှင့်တင်သည့်လောကတွင် ကျရှုံးသည်နှင့် ပေးလျော်ရသည်မှာ ဓမ္မတာပင်ဖြစ်သည်။ ထို့အပြင် သူ၏ မူလစျေးထက်ဆယ်ဆဟူသော အဖိုးအခက သရဲကြီးဘုရင်ပင်လျှင် ထိုစီစဥ်မှုအတွက် မကျေမနပ်ပြောမည်မဟုတ်ချေ။
အရေးအကြီးဆုံးက ဤသည်မှာ သူ့အစီအစဥ်၏ ပဏာမအဆင့်သာရှိသေးသည်။ ဒုတိယအဆင့်၊ တတိယအဆင့် ဟူ၍လည်း ရှိသေးသည်။ ထိုအစီအစဥ်များအားလုံးနှင့်သာဆိုလျှင် ချန်ရှုံးမှာ အောင်နိုင်မှုရရှိရန် အကြွင်းမဲ့ယုံကြည်နေတော့သည်။