ရောက်ရှိလာခြင်း
Vol. 5 Ch. 70
"လျိုရှီ အားယွီလေး ဘယ်လို ရောက်လာသလဲဆိုတာ မမေ့နဲ့"
အဖွားအိုဝမ်မှ တင်းမာခက်ထန်စွာဖြင့် ပြောလိုက်လေသည်။
"ငါတို့တွေ ဒီကိစ္စကို အပြင်လူသိအောင် ထုတ်မပြောသင့်ပေမယ့် မိသားစုထဲမှာ လူဦးရေက များလွန်းတယ် အကယ်၍ သုံးမယ်ဆိုရင်တောင် သဘာဝကျကျနဲ့ လူတိုင်း အသက်ရှင်ဖို့ အတွက်ပဲ ဖြစ်ရမယ်"
"ငါတို့မိသားစုက အနည်းဆုံးတော့ စိတ်ဝမ်းကွဲတာမျိုး မဖြစ်သင့်ဘူး"
"နင့်မိသားစုက ငါတို့အကြောင်း အတင်းအဖျင်း မပြောဘူးလို့ နင် အာမခံနိုင်လို့လား သူတို့ အားယွီကို သံသယ မဝင်ဘူးနိုင်ဘူးလို့ကော နင် အာမခံနိုင်လား သူတို့အားလုံး နင့်ဘက်မှာပဲ ရှိနေမယ်လို့ နင် အာမခံနိုင်သလား"
အဖွားအိုဝမ်၏ မေးခွန်းတိုင်း အတွက် လျိုရှီခမျာ ပြန်မဖြေနိုင်ဘြ ခေါင်းငုံ့ထား ရရှာလေတော့သည်။ နောက်ဆုံးတွင်မူ သူမ မည်သည့်စကားမျှ ပြန်မပြောနိုင်တော့ပေ။ သူမ ငြင်းဆန်နိုင်ခြင်း မရှိပါချေ။ အဘယ်ကြောင့် ဆိုသော် သူမ၏ မိသားစုသည် အလွန်အမင်း ဆင်းရဲလွန်းလှပေသည်။
အကယ်၍ သူမသာ မဆင်းရဲခဲ့ပါက လက်ထပ်ပွဲ အတွက် တင်သွင်းပစ္စည်းများ အနေဖြင့် ဆန် ၅ ကတ်တီ နှင့် အဖိုးအို ဝမ်၏ မိသားစု အတွင်းသို့ လက်ထပ်၍ ဝင်ရောက်ရန် သူမ ဆန္ဒရှိခဲ့လိမ့်မည် မဟုတ်ပေ။ အဖိုးအို ဝမ်၏ မိသားစုသည် ပတ်ဝန်းကျင် ရွာများတွင် နာမည်ဆိုးဖြင့် ကျော်ကြားလေသည်။
လူတိုင်းမှ သူတို့မိသားစုသည် ပျင်းရကာ အလွန် ဆင်းရဲ ယုတ်မာကြသည်ဟု ပြောဆိုကြလေသည်။ အထူးသဖြင့် ဝမ်မိသားစုမှ အဖွားအိုဝမ်သည် ချွေးမများအား နှိပ်စက်ရသည်ကို နှစ်သက်သည့် အဖွားအို ဖြစ်သည်ဟု လူတိုင်းမှ ပြောဆိုနေကြသည့် အတွက်ကြောင့် ဖြစ်လေသည်။
ကောလာဟလများ အရဆိုလျှင် အဖွားအိုဝမ်သည် ချွေးမအများအပြားအား သေသည်အထိ နှိပ်စက်ခဲ့ဖူးသည်ဟု ဆိုကြသေးသည်။ အခြားသော ယောက်ျားလေးများသည် အသက် ၁၄ နှစ် ၁၅ နှစ်အရွယ်ဆိုလျှင် အိမ်ထောင်ပြုရန် အဆင်သင့်ဖြစ်နေကြပြီ ဖြစ်သော်လည်း ဝမ်ချွမ်းမန် တစ်ယောက်တည်းသာ အသက် ၁၉ နှစ်အထိ စောင့်ဆိုင်းခဲ့ရခြင်း ဖြစ်သည်။
အကြောင်းမှာမူ မည်သည့်မိသားစုကမျှ သူ့အား သဘောမကျကြသည့် အတွက်ကြောင့် ဖြစ်သည်။ သူသည် အသက် ၂၀ ပြည့်သောအခါမှသာ အသက် ၁၉ နှစ်ရှိပြီး ဖြစ်ကာ အိမ်ထောင် မကျသေးသည့် လျိုရှီနှင့် လက်ထပ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
"အမေ သမီး နားလည်ပါပြီ သမီး အဲဒါကို ပြန်မယူ သွားတော့ပါဘူး"
အဖွားအို၏ ပါးစပ်မှာ ကြမ်းတမ်းသော်လည်း အကြောင်းပြချက် ကောင်းကောင်း မရှိဘဲ လူများအား ဆဲဆိုလေ့မရှိမှန်း လျိုရှီ သိလေသည်။ လျိုရှီသည် သူမအတွက် မည်သည့် အရာသည် ပိုကောင်းသည်အား သေချာ သိနေခဲ့သည်။
လျိုရှီမှ နာခံရန် ဆန္ဒရှိနေသည်အား မြင်သော် အဖွားအိုဝမ်၏ မျက်နှာထားမှာ အနည်းငယ် ပျော့ပျောင်းသွားခဲ့သည်။ သူမမှ သတိပေးရုံသာ ပေးလိုက်ခြင်း ဖြစ်သည်။
"မှတ်ထားနော် အားယွီအကြောင်း ဘာတစ်ခုမှ ထုတ်မပြောနဲ့ နင် ဒီသမီးလေးကို မလိုချင်တော့ဘူး ဆိုရင်တော့ တစ်မျိုးပေါ့လေ"
"လိုချင်ပါတယ် လိုချင်ပါတယ်"
လျိုရှီ၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားခဲ့ကာ အလျင်အမြန် ပြောလိုက်သည်။
"သမီးက ဘယ်လိုလုပ်ပြီး မလိုချင်ဘဲ နေပါ့မလဲ အားယွီက သမီးရဲ့ အသက်ပါ"
လျိုရှီသည် တစ်ခါမှ မိခင်တစ်ယောက် မဖြစ်ဖူးသော်လည်း ထိုအကြောင်းအား မရေမတွက်နိုင်လောက်အောင် စိတ်ကူးယဉ်ခဲ့ဖူးလေသည်။
သူမ၏ ကလေးသည် အားယွီလေးလို ဖြစ်သင့်သည်။ အားယွီသည် သူမ၏ ကလေးဖြစ်လေသည်။ မည်သူမှ သူမထံမှ အားယွီအား ခေါ်ထုတ်သွား၍ မရနိုင်ပါချေ။ ဤသည်မှာ သူမ၏ စွဲလမ်းမှုပင် ဖြစ်သည်။
"မနက်ဖြန်ကျရင် အိမ်မှုကိစ္စတွေလည်း ပြီးသလောက်ရှိသွားပြီ နင်နဲ့ စတုတ္ထသားက အားယွီကို နင့်မိသားစုဆီ ခေါ်သွားပြီး သူတို့ကို ပြလိုက်ဦး ပြန်လာရင် အားလုံးကို ပြန်ယူလာဖို့လည်း မမေ့နဲ့အုန်း”
နှင်းမုန်တိုင်း ဘေးအန္တရာယ် ဖြစ်ပြီးချိန်မှ စ၍ အချိန် အတော်ကြာခဲ့ပြီ ဖြစ်သည်။ သူမ၏ ချွေးမများသည် သူတိူ့၏ မိသားစုများအား လွမ်းဆွတ်နေမည်မှန်း သူမ သိလေသည်။ သူမအနေဖြင့် ချွေးမများအား ဖိနှိပ်ကာ အိမ်ပြန်ခွင့်မပေးဘဲ မနေနိုင်ချေ။
"ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ် အမေ"
"သွား နင့်အလုပ်နင် သွားလုပ်တော့ အဲဒီဘူးသီးခြောက်ကို သေချာ သိမ်းထားလိုက်အုန်း"
အဖွားအိုဝမ်သည် လျိုရှီအား ထွက်သွား ခွင့်ပေးလိုက်ပြီး နောက် ခေတ္တမျှ စဉ်းစားနေမိလေသည်။ သူမ တစ်ခုခု လွဲချော်နေသကဲ့သို့ ခံစားရသော်လည်း ချက်ချင်း ပြန်မမှတ်မိနိုင် ဖြစ်နေခဲ့သည်။
အားယွီလေးမှာမူ လယ်ကွင်းပြင်ထဲတွင် ခုန်ဆွခုန်ဆွ လုပ်နေလေသည်။ လူကြီးများသည် ပေါက်ပြားများအား ကိုင်လျှက် မြေကြီးကို ဆွနေကြသည်။ တစ်ခါတစ်ရံတွင် ကောက်ရိုးမြစ်အချို့အား တူးမိပြီး ဘေးဖယ် ထားတတ်ကြသေးသည်။ အားယွီလေး ရောက်လာချိန်တွင် ထိုအရာများကို သူမအား ပေးလိုက်ကြသည်။
အားယွီလေးသည် လက်တစ်ဖက်တွင် ပန်းခြင်းလေး တစ်လုံးနှင့် အခြား လက်တစ်ဖက်တွင် ပေါက်ပြားသေးသေးလေးအား ကိုင်ထားလေသည်။ သူမသည် ဟိုနားတွင် ပန်းခူးလိုက် ဒီနားတွင် မြေတူးလိုက်နှင့် အလွန်အလုပ်ရှုပ်နေပုံ ပေါက်နေခဲ့သည်။
သူမ၏ ရင်ဘတ်တွင် ချိတ်ဆွဲထားသည့် အိတ်ကလေးထဲတွင်လည်း အသီးအနှံများစွာ ပါရှိပြီး ဖြစ်ကာ ထိုအရာများ အားလုံးကို လယ်ကွင်းထဲမှ ခူးဆွတ်ထားခြင်း ဖြစ်ပေသည်။ အခြားကလေးများ သည်လည်း သစ်ပင်ပေါ်တက်ကာ ကြည့်ကောင်းသည့် အသီးများအား ခူးဆွတ်ကာ သူမအား ပေးတတ်ကြသေးသည်။
"အားယွီ နင့်အိတ်က သေးလွန်းတယ် နင့်အမေကို အိတ်အကြီးကြီး တစ်လုံးလောက် လုပ်ခိုင်းလိုက်ဦး"
တစ်စုံတစ်ယောက်မှ ပြုံးလျှက် သတိပေးလိုက်လေသည်။ အားယွီလေးမှ သူမ၏ အိတ်ကလေးကို ပုတ်ပြလိုက်ပြီးနောက် ပြုံးပြလိုက်ကာ ပြန်ဖြေလိုက်သည်။
"အားယွီက ဒါလေးပဲ ကြိုက်တယ်"
သူမသည် လက်ထဲမှ ပန်းခြင်းလေးကိုပင် ဝှေ့ယမ်း ပြလိုက်သေးသည်။
"ပြီးတော့ အဘိုးလုပ်ပေးထားတဲ့ ပန်းခြင်းလေးလည်း ရှိသေးတယ်လေ"
ပစ္စည်းများသည် များလွန်းနေပြီ ဖြစ်သည်။
"ညီမလေး အားယွီ မှိုသွားခူးကြရအောင်"
ကောင်လေး တစ်ယောက်မှ ပြေးလာခဲ့ကာ သူမအား ပြန်ဆွဲ ထားလိုက်လေသည်။ ထိုကောင်လေးမှာ နှာရည်တစ်ချက် ရှုံ့လိုက်ပြီးနောက် ရိုးသားစွာ ပြုံးပြလိုက်လေသည်။
"ဟူဇီ ငါ့ညီမလေးကို မထိနဲ့"
ဝမ်ဝူလန်သည် ကောင်းကင်ပေါ်မှ ဆင်းသက်လာသကဲ့သို့ အလျှင်အမြန် ရောက်လာခဲ့ပြီး ဟူဇီအား တွန်းထုတ်လိုက်လေသည်။
"မင်းနှပ်တွေ မင်းပါးစပ်ထဲ ဝင်တော့မယ်ကွ"
ဟူဇီသည် မသိစိတ်ဖြင့် နှပ်ကို ပါးစပ်ထဲသို့ စုပ်သွင်းချင်သွားမိလေသည်။ အားယွီလေးမှ သူ့အား မျက်တောင်မခတ်ဘဲ ကြည့်နေသည်ကို မြင်လိုက်ရသောအခါ သူ အနည်းငယ် ရှက်ရွံ့သွားခဲ့ကာ လက်မောင်းဖြင့် သုတ်ပစ်လိုက်တော့သည်။ သူ၏ နှပ်များသည် စမ်းချောင်းလေး စီးဆင်းနေသကဲ့သို့ မျက်နှာပေါ်တွင် စီးကျနေလေသည်။
(** T/N - လက်ဖက်ရည် ကော်ဖီ မသောက်ရမနေနိုင်တဲ့ သူများ နို့ဆီ နို့စိမ်းလိုရင် ဟူဇီထံမှ သွားတောင်းကြပါ ခိခိ** )
အားယွီလေး၏ မျက်လုံးများ ပြူးကျယ်သွားခဲံသည်။ သူမလေးသည် အောက်သို့ငုံ့လျှဥ် သူမ၏ လက်မောင်းစအား ကြည့်လိုက်ပြီး နောက် လုပ်ကြည့်ရန် လက်ဟန်ခြေဟန် ပြလိုက်လေသည်။
သူမလည်း စမ်းကြည့်ချင်သည်။ ဝမ်ဝူလန်သည် အားယွီလေးအား ကောက်ချီလိုက်ပြီးနောက် ခြေလှမ်းအနည်းငယ်ဖြင့် ဝေးရာသို့ ပြေးထွက်သွားခဲ့သည်။
"အားယွီ သူ့ဆီက အဲဒါမျိုး သွားမသင်နဲ့နော် ရွံစရာကြီးဟ"
သူကိုယ်တိုင်သည်လည်း အရင် အချိန်များတွင် ထိုသို့ လုပ်ခဲ့ဖူးသည်ကို သူ လုံးဝ မေ့လျော့နေခဲ့လေပြီ ဖြစ်သည်။
"ကိုကိုငါး ကိုကိုခြောက်နဲ့ ကိုကိုခုနစ်တို့ရော ဘယ်မှာလဲဟင်"
အားယွီလေးသည် ဝမ်ဝူလန်၏ အနောက်ဘက်သို့ ကြည့်လိုက်သော်လည်း သူ့တစ်ယောက်တည်းကိုသာ မြင်ရလေသည်။ ဝမ်ဝူလန်မှ ပြောလိုက်သည်။
"သူတို့ သမားတော်ဟူနဲ့အတူ တောင် အနောက်ဘက်ကို သွားကြတယ် မြည်းချေး တွေ့တဲ့နေရာကို သွားကြည့်ချင်တယ်ဆိုလို့လေ"
ကောင်လေးအများအပြား လိုက်သွားကြသော်လည်း သူတစ်ယောက်သာ မသွားချင်၍ ကျန်ခဲ့ခြင်း ဖြစ်သည်။
‘မြည်းချေးက ဘာများ ကြည့်ကောင်းနေလို့လဲ’
[ကလေးမလေး နင် တစ်ခုခု မေ့နေတာလား]
အသားလုံးလေး မှာ အလွန်ပင် ပြောစရာမဲ့နေရှာတော့သည်။ မနက်ခင်းတွင် အိမ်မှ ထွက်လာစဉ် အချိန်တုန်းက ယနေ့ လယ် သေချာစိုက်ပါမည်ဆိုပြီး အားယွီလေးမှ ကတိပေးခဲ့သည် မဟုတ်ပါလော။
သို့သော်လည်း တံခါးဝမှ ပြေးထွက်လာပြီး နောက် တောင်ကုန်းပေါ်ရှိ တောပန်းလေးများအား မြင်လိုက်ရသည်နှင့် တပြိုင်နက် ပန်းခူးရန် ပြေးထွက်သွားလေတော့သည်။ ခဏအကြာတွင် လိပ်ပြာ တစ်ကောင်၏ နောက်သို့ အဝေးကြီး ရောက်အောင် လိုက်သွားပြန်တော့သည်။
ပြေးနေရင်းနှင့် တစ်စုံတစ်ယောက်မှ သူမအား ခေါ်လိုက်သည်ကို ကြားသောအခါ လယ်ကွင်းထဲသို့ ပြေးသွားပြီးနောက် လူတိုင်းနှင့် စကားသွားပြောနေပြန်သည်။
...
စိုက်ပျိုးရေးအလုပ် တစ်ခုမှ မလုပ်ရသေးဘဲ အိတ်ကလေးနှင့် ပန်းခြင်းလေးမှာ ပြည့်သွားခဲ့လေပြီ။ အားယွီလေးသည် သနားစဖွယ် သူမ၏ ခေါင်းလေးအား ပုတ်လိုက်တော့သည်။
"ဝူး သမီး မေ့သွားတယ်"
အသားလုံးလေးသည် ဆွံအသွားခဲ့ကာ ဆူဖို့ရန်ပင် မတတ်နိုင်ပါချေ။ နောက်တစ်ခဏ၌ အားယွီလေးသည် ဝမ်ဝူလန်အား အိမ်သို့ အတင်းဆွဲခေါ်လာပြီးနောက် အဖွားအိုဝမ်ဆီသို့ ပြေးသွားခဲ့လေသည်။ သူမသည် လက်လေးအား ဆန့်တန်းပြ လိုက်သည်။
"ဖွားဖွား အားယွီ လယ်လုပ်ပြီး စပါးစိုက်ချင်တယ်"
အဖွားအိုဝမ်မှ သူမအား ရယ်ချင်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။
"ဖွားဖွားက သမီး မေ့သွားပြီလို့တောင် ထင်နေတာ ဘာဖြစ်လို့လဲ ဆော့ချင်သေးလို့လား လယ်လုပ်ရတာ အရမ်းပင်ပန်းတာနော်"
"ဟင့်အင်း ဟင့်အင်း"
အားယွီလေးမှ ခေါင်းခါလိုက်ပြီးနောက် ဝမ်ဝူလန်အား အရှေ့သို့ တွန်းထုတ်လိုက်လေသည်။
"ကိုကိုငါးက အားယွီကို ကူညီပေးလိမ့်မယ်"
ဝမ်ဝူလန်သည် သူ၏ စိတ်အတွင်း၌ သူသည်မ မည်သည့် အချိန်တွင် အားယွီအား လယ်လုပ်ရန် ကူညီပေးမည် ဟူ၍ ပြောလိုက်မိကြောင်း ပြန်စဉ်းစားနေမိလျှက် ကြောင်အ တွေဝေစွာဖြင့် သူ၏ ညီမလေး ဖြစ်သူအား ပြန်ကြည့် လိုက်မိတော့သည်။
အဖွားအိုဝမ်၏ စူးစိုက် ကြည့်ရှုမှုအောက်တွင် ဝမ်ဝူလန်ခမျာ မတတ်သာဘဲ ခေါင်းညိတ်လိုက်ရကာ ပြန် ပြောလိုက် ရလေတော့သည်။
"အာ ဟုတ် ဟုတ်ပါတယ် ကျွန်တော် ညီမလေးအားယွီကို လယ်ကူ လုပ်ပေးမလို့ပါ"
"ကောင်းပြီလေ အဖွား နင်တို့စိုက်ဖို့ မြေနေရာတစ်ကွက် ပြပေးမယ်"
နောက်ထပ် စကားတစ်ခွန်းမှ မဆိုဘဲ အဖွားအိုဝမ်သည် အိမ်ထဲမှ ဂျုံစေ့ တစ်ဆုပ်အား ယူလာပြီးနောက် အားယွီလေး၏ အိတ်ကပ်ထဲမှ ပစ္စည်းများနှင့် လဲလှယ်လိုက်လေသည်။
သူမသည် ကလေးများအား အနောက်ဘက် အခန်းရှိ တောင်ကုန်းဆီသို့ ခေါ်ဆောင် သွားခဲ့ကာ ခြုံနွယ်များ ထူထပ်နေသည့် မြေကွက်လပ်တစ်ခုအား ညွှန်ပြလိုက်လေသည်။
"နင်တို့ ဒီနေရာမှာ စိုက်လို့ရတယ်"
"ဟုတ်ကဲ့ ဟုတ်ကဲ့"
...
အားယွီလေးသည် စိတ်အားထက်သန်နေခဲ့လေသည်။ အဖွားအိုဝမ် ထွက်သွားသည်နှင့် သူမသည် ပေါက်ပြား သေးသေးလေးဖြင့် စတင် တူးဆွတော့သည်။ ဆယ်ချက်ကျော်လောက် တူးပြီးသောအခါ သူမ မောပန်း လာလေတော့သည်။ သူမ၏ ပါးစပ်လေး ပွင့်လိုက် ပိတ်လိုက်နှင့် ကုန်းပေါ် ရောက်နေသော ငါးတစ်ကောင်ကဲ့သို့ အသက်ရှူနေရလေသည်။
"ကိုကိုငါး အားယွီ အရမ်းမောနေပြီ အားယွီကို လယ်ကူလုပ်ပေးပါဦး"
မြက်ရိတ်ရန် အတင်းအကျပ် ခိုင်းစေခံရသော ဝမ်ဝူလန်ခမျာ သူ၏ ညီမလေး ဖြစ်သူအား မည်သည့် စကားမှ ပြန်မပြောနိုင်တော့ပါချေ။
[ကလေးမလေး သူ့ကို မင်းရဲ့ ရေ ပေးသောက်လိုက်လေ]
အသားလုံးလေးသည် အားယွီအား တကယ်တမ်းကြီး လယ်လုပ်ခိုင်းရန် ဆန္ဒမရှိချေ။ သူမအနေဖြင့် မျိုးစေ့များ ကြဲပက်ခြင်းနှင့် ရေလောင်းခြင်းကို ကူညီပေးနေသမျှ ကာလပတ်လုံး မစ်ရှင်တွင် ပါဝင်သည်ဟု ယူဆနိုင်လေသည်။ အားယွီလေးမှ ပြောလိုက်လေသည်။
"ကိုကိုငါး အားယွီ ကိုကို့အတွက် ရေသွားခပ်ပေးမယ်နော် ရေချိုချိုလေး"
ဝမ်ဝူလန် မှာမူ မယုံကြည်ခဲ့ပေ။ ယခင် အကြိမ်တွင်လည်း သူသည် အားယွီလေးအား ရေယူလာခိုင်းဖူးလေသည်။ ထိုရေသည် လုံးဝ မချိုပါချေ။ အားယွီလေးသည် အိမ်သို့ ပြေးပြန်သွားပြီးနောက် ရေခွက်အား ကောက်ကိုင်လိုက်လေသည်။
ဤ တစ်ကြိမ်တွင် သူမ သင်ခန်းစာ ရသွားခဲ့ပြီ ဖြစ်သည်။ လမ်းတွင် ရေခွက်အလွတ်ကိုသာ ကိုင်ဆောင်လာပြီး ရေပါလာသကဲ့သို့ ဟန်ဆောင်ကာ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။ အဖိုးအို ဝမ်မှ သူမအား အဝေးမှ လှမ်းမြင်ပြီး ဖြစ်သဖြင့် မေးလိုက်လေသည်။
"အားယွီ ရေခွက်ကို ဘယ်ယူသွားမလို့လဲ"
"ကိုကိုငါးအတွက်ပါ သူက အားယွီကို လယ်ကူလုပ်ပေးနေတာ အရမ်းပင်ပန်းတယ်လေ"
"အားယွီက သိပ်လိမ္မာတာပဲ"
အဖိုးအို ဝမ်မှ ဆက်ပြောလိုက်လေသည်။
"နောက်တစ်ခါကျရင် သူ့ဘာသာသူ လာသောက်ခိုင်းလိုက်"
‘ဒီ ကောင်စုတ်ကလေးက အားယွီကိုများ ရေခပ်ခိုင်းရဲသေးတယ်’
"ဟုတ် ဟုတ် ဟုတ်ကဲ့ပါ"
အားယွီလေးမှ ပေါ့ပေါ့ပါးပါးပင် သဘောတူလိုက်လေသည်။ အားယွီလေး တောင်ခြေသို့ ပြန်ရောက် လာသောအခါ ရေတစ်ဝက်ခန့်ကို တိတ်တဆိတ် ဖြည့်လိုက်လေသည်။
ဝမ်ဝူလန်မှ ရေခွက်ကို ယူလိုက်ပြီးနောက် တစ်ငုံသောက်လိုက်လေရာ သူ၏ မျက်လုံးများ ပြူးကျယ် သွားခဲ့ရလေတော့သည်။
"ညီမလေး အားယွီ နင် လယ် ဘယ်လောက်များများ စိုက်ချင်တာလဲ ကိုကိုငါး အကုန်လုပ်ပေးမယ် ညီမလေးက နေ့တိုင်း ရေယူလာပေးဖို့ပဲ လိုတယ်"
ဝမ်ဝူလန်မှ သူရဲကောင်းဆန်ဆန် ပြောလိုက်လေသည်။ အားယွီလေး ပြုံးလိုက်မိသည်။
"ကောင်းပြီ"
ဝမ်ဝူလန် မှ လယ်အား ကြိုးကြိုးစားစား လုပ်နေချိန်တွင် အားယွီလေးသည် ခေတ္တမျှ ထိုင်ကြည့်နေပြီးနောက် ပျင်းလာသဖြင့် ထွက်ပြေး သွားလေတော့သည်။
အားယွီလေးသည် ဆိတ်ပေါက်လေးအား စီးလျှက် ရွာအဝင်ဝသို့ ပြေးထွက် သွားတော့သည်။ အကြီးအကဲ ဟူမှ ရွာထဲရှိ ကလေးများအား စာသင်ပေးနေခဲ့သည်။
"အားယွီလေး ရောက်လာပြီလား လာ အဘိုးနားမှာ လာထိုင်"
အကြီးအကဲ ဟူမှ အားယွီလေးအား လှမ်းခေါ်လိုက်လေသည်။ သို့သော် အားယွီလေးသည် သစ်ပင်ကြီးတစ်ပင်အား ပတ်လျှက် ရှေ့သို့ ခြေလှမ်းအနည်းငယ် ပြေးထွက်သွားခဲ့သည်။ တောင်ခြေတွင် လမ်းလျှောက် လာနေသည့် တစ်စုံတစ်ယောက်အား သူမ အမှတ်မထင် တွေ့လိုက်ရလေသည်။ မြင်းရထားတစ်စီးသည် ကျယ်ပြန့်လှခြင်းမရှိသော လမ်းပေါ်တွင် တရွေ့ရွေ့ သွားလာနေခဲ့သည်။
တိုက်ဆိုင်စွာပင် မြင်းရထားသည် လမ်းပေါ်တွင် ရပ်တန့်သွားပြီးနောက် လိုက်ကာစအား တစ်စုံတစ်ယောက်မှ မလိုက်ရာ လူငယ်လေးတစ်ဦး ပေါ်လာခဲ့လေသည်။
"ကိုကို ကိုကို ဒီမှာ အားယွီ ဒီမှာလေ"
အားယွီလေးမှ အံ့အားသင့်စွာ အော်ဟစ်လိုက်ပြီးနောက် သူမ၏ လက် သေးသေးလေးများအား ခေါင်းပေါ်မြှောက်လျှဥ် ဝှေ့ယမ်းပြလိုက်လေသည်။
ချင်ဟွိုင်သည် မြင်းရထားပေါ်မှ ဆင်းလိုက်ရုံရှိသေးသည်၊ တစ်စုံတစ်ခုအား အာရုံခံမိသကဲ့သို့ ဖြစ်သွားလေသည်။ သူသည် မော့ကြည့်လိုက်မိရာ သူ၏ ရှေ့ရှိ တောင်ကုန်းပေါ်တွင် မသဲမကွဲ လှုပ်ရှားနေသော အရာသေးသေးလေး တစ်ခုအား တွေ့လိုက်ရသည်။
သူသည် အသံများအား သဲကွဲစွာ မကြားရသလို လှုပ်ရှားမှုများကိုလည်း သေချာ မမြင်ရပေ။ သို့သော် သူ ဖမ်းဆုပ်မိလိုက်လေသည်။ ရုတ်တရက်ဆိုသလို အချိန်အကြာကြီး တောင့်တင်း အေးစက်နေခဲ့သည့် သူ၏ နှုတ်ခမ်းထောင့်များ ဖြည်းညှင်းစွာ ကွေးညွတ်တက်သွားလေတော့သည်။
သူ သူမလေးကို ရှာတွေ့ပြီ ဖြစ်သည်။