← Chapters

သကြားလုံး လာပို့ခြင်း

Vol. 5 Ch. 71

သကြားလုံး လာပို့ခြင်း

Vol. 5 Ch. 71

အားယွီလေး၏ အော်ဟစ်သံသည် ရွာထဲရှိ အခြားသူများ၏ အာရုံကို ဖမ်းစားလိုက်တော့သည်။ လူတိုင်း သူမနောက်သို့ လိုက်ကာ တောင်ကုန်းပေါ်မှ အောက်သို့ ငုံ့ကြည့်လိုက်ကြသည်။ အမှန်ပင် သူတို့ ထိုနေရာ၌ မြင်းရထားတစ်စီးကို တွေ့လိုက်ရလေသည်။

"ဟေ့ ဘာလို့ ငါတို့ရွာကို မြင်းရထားကြီး ရောက်လာတာပါလိမ့်"

"ငါတို့ရွာကို လာတာ ဟုတ်ရဲ့လား ဆွေမျိုး တစ်ယောက်ယောက်များ လာလည်တာများလား"

"သူက ဒေသခံတော့ မဟုတ်လောက်ဘူး ခရီးဝေးက လာပုံရတယ်"

ဟူမိသားစုရွာ၏ အဝင်ဝတွင် လမ်းနှစ်လမ်း ရှိလေသည်။ တစ်လမ်းမှာ ပြင်ပကမ္ဘာသို့ သွားသော လမ်းဖြစ်ပြီး အခြားတစ်လမ်းမှာ မြစ်ဆီသို့ သွားသောလမ်း ဖြစ်သည်။

အကယ်၍ သူတို့ မြစ်တစ်လျှောက် လမ်းလွှဲမှ သွားမည်ဆိုပါက ပြင်ပကမ္ဘာသို့လည်း ရောက်ရှိနိုင်သည်။ သို့သော် ခရီးက အလွန် ဝေးပေလိမ့်မည်။ ဒေသခံများမှာမူ ထွက်မသွားကြပေ။

ထို့အပြင် ထိုလမ်းသည် တောင်ခြေရင်းမှသာ သွားလာ၍ရလေသည်။ လူအများအနေဖြင့် ကျောက်လှေကားများအား အသုံးပြု၍ တက်နိုင်သော်လည်း မြင်းရထားများနှင့် မြည်းလှည်းများအတွက်မူ မဖြစ်နိုင်ချေ။

လူတိုင်းမှ ဆွေးနွေးငြင်းခုံနေကြစဉ် စူးစမ်းလိုစိတ် ပြင်းပြနေသည့် ကလေးအချို့သည် တောင်ကုန်းအောက်သို့ ပြေးဆင်းသွားကြပြီ ဖြစ်လေသည်။

"ကိုကို ကိုကိုက အရမ်းချောတာပဲ"

အားယွီလေးသည် အလွန်ပျော်ရွှင်နေပြီ ဖြစ်သည်။ သူမ၏ လက်သေးသေးလေးအား မနားတမ်း ဝှေ့ယမ်းပြနေခဲ့ပြီး ချင်ဟွိုင်အား ကြိုဆိုရန် အခြားသူများ နှင့်အတူ တောင်ကုန်းအောက်သို့ လိုက်သွားချင်နေမိသည်။

သို့သော် လူတိုင်းက အားယွီလေးကို တားထားကြသည်။ တောင်လမ်းမှာ လျှောက်ရခက်သဖြင့် သူမလေးအား ပြုတ်ကျသွားမည် စိုးသောကြောင့် ဖြစ်သည်။

ချင်ဟွိုင်နှင့် အခြားသူများသည် မြင်းရထားပေါ်မှ ဆင်းပြီးမှသာ ဤလမ်းသည် ဟူမိသားစုရွာသို့ တိုက်ရိုက်သွား၍ မရမှန်း သိလိုက်ကြသည်။ အကယ်၍ မြင်းရထားပါ သွားချင်ပါက နောက်ထပ် တစ်နာရီခန့် ပတ်မောင်းရမည် ဖြစ်သည်။ မြင်းရထားမောင်းသူမှာ ဒုက္ခရောက်နေပုံ ပေါက်နေခဲ့သည်။

"သခင်လေးတို့ တကယ်လို့ နောက်ထပ် လမ်းလွှဲက သွားမယ်ဆိုရင် ကျွန်တော် အိမ်ကို အချိန်မီ ပြန်ရောက်နိုင်တော့မှာ မဟုတ်ဘူးဗျ"

ညဘက်ဆိုလျှင် လမ်းက ချော်တတ်လေရာ သူသည်လည်း ကြောက်တတ်သေးပေသည်။ ထိုအချိန်တွင် ရွာထဲမှ ကလေးများသည် အောက်သို့ ဆင်းလာကုန်ကြပြီ ဖြစ်သည်။

ကလေးများသည် လျင်မြန်စွာ ပြေးဆင်းလာကြပြီးနောက် တောင်အောက်သို့ ရောက်ရန် နာရီဝက်ခန့်သာ ကြာမြင့်ခဲ့ကာ မြင်းရထားအား စူးစမ်းလိုစိတ်ဖြင့် ဝိုင်းကြည့်နေကြသည်။

ဤကလေးများသည် အဝေးသို့ တစ်ခါမျှ မသွားဖူးကြသည့် အပြင် ဗဟုသုတအရှိဆုံး ကလေးပင်လျှင် မြို့ထဲသို့သာ ရောက်ဖူးကြသည်။ မြို့ထဲတွင် မြင်းရထား သိပ်မများလှသလို လူတိုင်းလည်း စီးခွင့်မရှိကြပေ။ ဤသည်မှာ ရှားပါးပစ္စည်း တစ်ခု ဖြစ်လေသည်။

"ဝါး ဒါက မြင်းပဲ ဘာလို့ ရွာလူကြီးရဲ့ မြည်းနဲ့ တူတယ်လို့ ငါ ထင်နေရတာလဲ"

"ဒီရထားလုံးက အကြီးကြီးပဲ မြည်းလှည်းထက် အများကြီး ပိုကြီးတယ်"

"လေဒဏ် မိုးဒဏ်လည်း ကာပေးနိုင်တယ်ဟ ဟေး အစာတွေ သယ်ရင် လုံးဝ စိုမှာ မဟုတ်ဘူး"

ချင်ဟွိုင်အား စူးစမ်းနေကြသူများလည်း ရှိလေသည်။

"ညီမလေး အားယွီက သူကြည့်ကောင်းတယ်လို့ ပြောတာ တကယ်ပဲဟ"

"ပေါက်ကရ သူ့အဝတ်အစားတွေက ကြည့်ကောင်းနေတာ ရှင်းနေတာပဲ ငါမှာလည်း အဲဒီလို ကြည့်ကောင်းတဲ့ အဝတ်အစားတွေ ရှိရင် ငါလည်း ကြည့်ကောင်းမှာပဲ"

"နင့်မျက်နှာက နှပ်တွေ ပေပွနေတာလေ သူများတွေက သန့်ရှင်းသပ်ရပ်နေတာ နင်နဲ့ တူလို့လား နင်က ဘယ်လိုလုပ် ကြည့်ကောင်းမှာလဲ"

"လှလိုက်တာကွာ"

ချင်ဟွိုင်သည် သူ၏ ပတ်ဝန်းကျင်မှ အသံဗလံများအား လျစ်လျူရှု ထားလိုက်လေသည်။ သူသည် တောင်ကုန်းပေါ်တွင် ခုန်ဆွခုန်ဆွ လုပ်နေဆဲဖြစ်သည့် ထို လူသားလေးကိုသာ တစ်ချက် မော့ကြည့်လိုက်မိသည်။

သူ၏ စိတ်ထဲတွင် အကြောင်းပြချက်မရှိဘဲ ပျော်ရွှင်သွားမိလေသည်။ သူမလေးအား ကြည့်ရသည်မှာ အမှန်တကယ် ကျန်းမာပုံရသည်။ ကြောင်လေး တစ်ကောင်ကဲ့သို့ အနည်းငယ် သေးကွေးနေသည်မှ လွဲလျှင်....

ချင်ဟွိုင်သည် ကျောက် လှေကားထစ်များအား နင်းလျှက် တောင်ကုန်းပေါ်သို့ စတင် လျှောက်တက်လိုက်လေသည်။ ဤဘက်တွင်မူ မြင်းရထားမောင်းသူမှ လမ်းလွှဲမှသွားရန် သဘောမတူချေ။ ချီကျားသည် ကျွမ်းကျင်စွာပင် ငွေတုံးအား ထုတ်ယူလိုက်ပြီးနောက် ရထားမောင်းသူ၏ ရင်ခွင်ထဲသို့ ပစ်ထည့်လိုက်လေသည်။

"ငါတို့ မြင်းရထားကို ဝယ်လိုက်မယ် ပစ္စည်းတွေကိုသာ အပေါ်သယ်ပေး"

မြင်းရထားပေါ်တွင် ပစ္စည်းများစွာ ရှိနေသေး၏။ ရထားမောင်းသူ အခက်တွေ့ သွားရတော့သည်။

"ဒါက"

နောက်ထပ် ငွေတုံးတစ်တုံး ပစ်ဝင်လာခဲ့ပြန်သည်။ ရထားမောင်းသူ၏ ပါးစပ်မှာ နားရွက်တက်ချိတ်မတတ် ပြုံးသွားတော့သည်။

"ကောင်းပါပြီဗျာ အရင်တက်သွားနှင့်ကြပါ ကျွန်တော် မြင်းရထားကို သယ်ပေးပါ့မယ် ကိစ္စမရှိပါဘူး ခင်ဗျားတို့ ပိုက်ဆံကို မက်လို့တော့ မဟုတ်ဘူးနော် ကျွန်တော်က သဘာဝကိုက ကူညီတတ်တဲ့သူမို့ပါ"

မှောင်မှ အိမ်ပြန်ရောက်မည့် ကိစ္စကိုတော့ စောင့်နိုင်ပါသေးသည်။ ချီကျား မှ ခေါင်းညိတ်လိုက်သည်။

"အင်း"

သူသည် နှစ်လှမ်းခန့် လှမ်းပြီးသည်နှင့် ရထားမောင်းသူ အော်ပြောလိုက်သည်အား ကြားလိုက်ရလေသည်။

"ငါ့မှာ သကြားလုံးပါတယ်ဟေ့ အပေါ်ကို ကူသယ်ပေးတဲ့သူကို ပေးမယ်"

"ငါ ငါ ငါ"

ရထားမောင်းသူသည် ကြေးပြားတစ်ဆုပ်ကို ထပ်ထုတ်လိုက် ပြီးနောက် ကျယ်လောင်စွာ ပြောလိုက်လေသည်။

"ပြန်သွားပြီး မင်းတို့အိမ်က လူကြီးတွေကို မြင်းရထားကို လာသယ်ပေးဖို့ သွားခေါ်ချေ ဆယ်ယောက်လောက် လာရင် တစ်ယောက်ကို ကြေးပြားနှစ်ပြားစီ ပေးမယ်"

ကလေးတစ်ယောက်မှ စတင်၍ ပြေးထွက်သွားလေပြီ ဖြစ်သည်။

"ကျွန်တော့်အဖေနဲ့ တခြားလူတွေကို ချက်ချင်း သွားခေါ်လိုက်မယ်"

ငွေစ ၂၀ ဆုံးရှုံးသွားသော ချီကျားခမျာ ဆွံအသွားခဲ့ကာ ကောက်ကျစ်ခြင်းဆိုသည်မှာ မည်သို့ ခေါ်ဆိုသည်အား သူ ခံစားလိုက်ရတော့သည်။

ချင်ဟွိုင်သည် ကျောက်လှေကားထစ်များအား တစ်ထစ်ချင်း လျှောက်တက်လာခဲ့သည်။ ကျောက်လှေကားထစ်များအား ရွာသားများ ကိုယ်တိုင် ဆောက်လုပ်ထားခြင်း ဖြစ်သောကြောင့် ညီညာ သေသပ်လှပခြင်း မရှိပေ။

တချို့အထစ်များသည် ရှည်ကာ တချို့များသည် တိုနေပေသည်။ တချို့မှာမူ ထူထဲ ပြီး တချို့မှာ ပါးလွှာသည်။ သူ အသားကျနေသည့် လှေကားထစ်များနှင့် ကွာခြားလွန်းလှသည်။

လွန်ခဲ့သော နှစ်အနည်းငယ်က သူ၏ အမေ ဖြစ်သူနှင့်အတူ ဖူကျီ ဘုန်းကြီးကျောင်းသို့ ဘုရားဖူးသွားခဲ့စဉ်မှ အကြောင်းအား သူ ပြန်သတိရမိလေသည်။ ထိုစဉ်အချိန်တွင်လည်း သူသည် လှပသော ကျောက်လှေကားထစ် (၁၀၀၈) ထစ်ကို ယခုကဲ့သို့ပင် လျှောက်တက်ခဲ့ရလေသည်။

သို့သော် ထိုအချိန်တွင် သူ မည်သည်ကိုမှ တွေးတောနေခြင်း မရှိပေ။ သူသည် ဘုရားသခင်အား ဆုမတောင်းချင်သလို ဘုရားလည်း မရှိခိုးချင်ခဲ့ပေ။ ထို့ကြောင့် သူ ထုံထိုင်းစွာပင် လျှောက်လှမ်းခဲ့လေသည်။ ယခုမူ သူ့ရင်ဘတ်ထဲမှ စုတ်ဖြဲမတတ် နာကျင်မှုအား ခံစားနေရသော်လည်း သူ ရယ်ချင်နေမိလေသည်။

လွန်ခဲ့သော ၇ နှစ်တာ သူ့ဘဝသည် တိုတောင်းလှသော်လည်း သူ အမှန် တကယ်ပင် ပင်ပန်းလွန်းနေပြီ ဖြစ်သည်။ ယခုမူ ၃ လသာ အချိန်ကျန်တော့သည်ဖြစ်ရာ သူ နောက်တစ်ကြိမ် ထပ်၍ ဆိုးသွမ်းချင်မိလေသည်။

ဤ တစ်ကြိမ်လေး ပါ....

"သခင်လေး ကျွန်တော် ပွေ့ချီပြီး ခေါ်သွားပေးရမလား"

ချီကျား နောက်မှ လိုက်လာခဲ့သည်။ ချင်ဟွိုင် မှ ခေါင်းခါလိုက်မိသည်။

...

သူ လမ်းလျှောက်၍ ကိုယ်တိုင် ကြည့်မြင်ချင်လေသည်။ အချိန်မည်မျှကြာအောင် လမ်းလျှောက်ခဲ့သည် မသိချေ။ ချင်ဟွိုင်သည် သူ၏ ခြေထောက်များ တဖြည်းဖြည်း ထုံကျဉ်လာသည်ကိုသာ ခံစားလိုက်ရသည်။

"အဟွတ် အဟွတ် အဟွတ်"

သူ မနေနိုင်ဘဲ ထပ်မံ ချောင်းဆိုးလိုက်ရာ ပါးစပ်ထောင့်မှ သွေးများ စီးကျလာတော့သည်။ လက်ကိုင်ပဝါအား ကျွမ်းကျင်စွာ ထုတ်ယူလိုက်ပြီးနောက် သွေးများကို သေသပ်စွာ သုတ်လိုက်လေသည်။

ပတ်ဝန်းကျင်အား ကြည့်လိုက်သောအခါ နေရာတိုင်းတွင် စိမ်းလန်းစိုပြေသည့် သစ်ပင်များနှင့် အမည်မသိ တောရိုင်းပန်းများ ရှိနေလေသည်။ ငှက်များသည် သူတို့၏ ကိုယ်အား ဖျောက်လျှက် တိတ်တဆိတ် တေးသီနေကြသေးသည်။

သွေးစွန်နေ၍ ညစ်ပတ်နေသည့် လက်ကိုင်ပုဝါအား မည်သည့်နေရာတွင် လွှင့်ပစ်ရမည်ကို သူ မသိပေ။ သူသည် ရိုးရှင်းစွာပင် ပြန်သိမ်းလိုက်ပြီးနောက် အိတ်ကပ်ထဲသို့ ထည့်လိုက်လေသည်။ ချီကျား မျက်မှောင်ကြုတ်လိုက်မိသည်။ သွေးရောင်မှာ ပိုရင့်လာခဲ့ပြီ ဖြစ်သည်။

"ကိုကို အားယွီ ဒီမှာ"

အားယွီလေး၏ စိတ်လှုပ်ရှားနေသည့် အသံ ထွက်ပေါ်လာခဲ့သည်။ နွေဦးလေပြေကဲ့သို့ပင် ထိုအသံသည် ဖိစီးနေသော လေထုအား လွင့်ပါးသွားစေလေသည်။

...

ချင်ဟွိုင် မော့မကြည့်ခဲ့ပေ။ ထိုအစား သူ လက်သီးအား ဆုပ်လိုက်ပြီးနောက် ဖြည်းညှင်းစွာ သက်ပြင်းချလိုက်မိသည်။ သူသည် ထုံကျဉ်နေသည့် ခြေထောက်များအား မနားတမ်း လှုပ်ရှားကာ အပေါ်သို့ လျှောက်တက်လာခဲ့သည်။

ချင်ဟွိုင်မှ နောက်ဆုံး လှေကားထစ် အနည်းငယ်အား တက်လာသည်ကို မြင်လိုက်ရသောအခါ အားယွီလေး အလွန်ပျော်ရွှင်သွားခဲ့သည်။

ချင်ဟွိုင် အပေါ်သို့ အပြည့်အဝ ရောက်ရှိလာသောအခါ အားယွီလေးသည် အရှိန်ဖြင့် ပြေးဝင်လာပြီး မည်သည်ကိုမှ မစဉ်းစားဘဲ သူ့အား ဖက်ထားလိုက်လေသည်။

"ကိုကို အားယွီ့ကို လာတွေ့တာလားဟင် အားယွီ့ဆီ လာတာမလား ဟုတ်တယ်မလား အားယွီ့ကို လွမ်းလို့လား အားယွီကတော့ ကိုကို့ကို အရမ်းလွမ်းတာပဲ"

လှေကားထစ် ရာပေါင်းများစွာ တက်လာပြီးနောက် ချင်ဟွိုင်၏ ခန္ဓာကိုယ်သည် အားနည်းနေပြီ ဖြစ်သည်။ အားယွီလေးမှာ သေးကွေးသည် ဆိုသော်ငြား သူ သူမအား မထိန်းနိုင်တော့ပေ။

သူတို့နှစ်ဦးစလုံး မြေကြီးပေါ်သို့ လဲကျသွားကြတော့သည်။ ချင်ဟွိုင်သည် မသိစိတ်ဖြင့် သူမ၏ ခေါင်းလေးကို ထိခိုက်မှုမရှိအောင် လက်ဖြင့် ကာကွယ်ပေးလိုက်မိသည်။

"အား အားယွီ ဖင်လေး နာသွားပြီ"

အားယွီလေးသည် နာကျင်နေသည့် တင်ပါးလေးကို ကိုင်ကာ အမြန်ထထိုင်လိုက်ပြီးနောက် ချင်ဟွိုင်ကို ပြန်ဆွဲထူလိုက်လေသည်။ ချင်ဟွိုင်သည် သူမ၏ လက်သည်းလေးများကို ရှောင်ရှားရင်း ထလိုက်သည်။

"တောင်းပန်ပါတယ် နော် အားယွီ မှားသွားပါတယ်"

အားယွီလေး အလွန် အားနာသွားသည့်အပြင် အလွန်ပင် ပျော်လွန်းနေခဲ့သည်။ ချင်ဟွိုင်မှ သူမအား တစ်ချက် ကြည့်လိုက်ပြီး နောက် ဆက်မပြောတော့ချေ။ ထို့ကြောင့် အားယွီလေးမှာ ပို၍ပင် အားနာစိတ် ဝင်သွားရလေသည်။

ဘာကြောင့်မှန်း သူမ မသိပေ။ ကိုကို့အား တွေ့ရလို့ သူမ အရမ်းပျော်နေမိသည်။ ကိုကို့ကို စိတ်ဆိုးအောင် လုပ်မိသွားပြီလား ဟူသည်မှာလည်း သူမမသိချေ။

သူတို့နှစ်ဦး မြက်ခင်းထဲသို့ လဲကျသွားကြသည်။ ဘေးပတ်ဝန်းကျင်ရှိ လူကြီးများမှ မြင်သွားကြကာ လာကြည့်ကြလေသည်။

"အားယွီ အဆင်ပြေရဲ့လား ထိခိုက်သွားသေးလား"

အကြီးအကဲ ဟူမှ အလျင်စလို မေးလိုက်လေသည်။

"ဘိုးဘိုးကြီး အားယွီ အဆင်ပြေပါတယ်"

အားယွီလေးမှ သူမ၏ လက်ချောင်းလေးများအား ပုတ်လိုက်ပြီးနောက် အကြီးအကဲ ဟူ မြင်စေရန် မြှောက်ပြလိုက်လေသည်။

"လုံးဝ မနာပါဘူး"

ချီကျားသည် ဘေးမှ ရပ်ကြည့်နေခဲ့ပြီး ဝင်ကူညီရန် လုံးဝ အစီအစဉ် မရှိပေ။ သခင်လေးမှ သူများအား ကူညီခိုင်းရသည်ကို မကြိုက်လှချေ။ အနောက်မှ ပစ္စည်းများ သယ်လာသည့် ကလေးများ သည်လည်း တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြတော့သည်။ တချို့မှာမူ ပန်းအိုးငယ်လေးအား ကိုင်ထားခဲ့ကာ တချို့မှာမူ လက်ဖက်ခြောက်အိုးအား သယ်လာကြလေသည်။ တချို့သည် ဖိနပ်တစ်ရန်ကို သယ်လာကြသည်။

သူတို့သည် မောပန်းစွာဖြင့် အရာဝတ္ထုများအား ပန်း အဝါရောင်များ ပွင့်နေသည့် အပင်ကြီးအောက်ရှိ ကျောက်စားပွဲပေါ်တွင် တင်ထားလိုက်ကြလေသည်။

ဟူအာ့ဖန် သည်လည်း သူတို့အထဲတွင် ပါဝင်လေသည်။ သူသည် ရထားသည့် သကြားလုံးများအား ဖြန့်ခင်းလိုက်ပြီးနောက် သွားဖြင့် အားရပါးရ ကိုက်ချလိုက်လေသည်။ ထို့နောက် တံတွေးများကို ဂရုမစိုက်ဘဲ သုတ်ပစ်လိုက်ပြီးနောက် အားယွီလေးအား ကမ်းပေးလိုက်လေသည်။

"ညီမလေး အားယွီ ရော့ သကြားလုံး စားလိုက်ဦး အရမ်းချိုတာပဲ"

လယ်သမားများအတွက် သကြားဆိုသည်မှာ ရှားပါးပစ္စည်း ဖြစ်ပေသည်။ တကယ်တမ်းတွင် သကြားဆိုသည်မှာ ဆေးဝါးတစ်မျိုးပင် ဖြစ်သည်။ အကယ်၍ မိသားစုထဲတွင် တစ်စုံတစ်ယောက် အားနည်းနေပါက သကြားရည်အချို့ သောက်ပြီးနောက် နှစ်ရက်ခန့် အနားယူလိုက်လျှင် သူတို့၏ မျက်နှာအသွေးအရောင် ပြန်ကောင်း၍ လာတတ်လေသည်။

ထို့ကြောင့် ကလေးများသည် သကြားခဲများကို အထူးတလည် တန်ဖိုးထားကြကာ လူကြီးများကိုပင် မပေးရက်ကြချေ။ ဝေမျှဖို့ဆိုသည်မှာ ဝေလာဝေးပင် ဖြစ်သည်။

ဟူအာ့ဖန်သည် သူမအား မဝေမျှချင်သော်လည်း အားယွီလေးသည် အလွန်လိမ္မာသဖြင့် သူသည် မတတ်သာဘဲ ဝေမျှလိုက်ရတော့သည်။

"ကျေးဇူးတင်ပါတယ် ကိုကိုဝတုတ်"

အားယွီလေး ချက်ချင်းပင် ယူလိုက်ချင်သော်လည်း ဘေးမှ လက်တစ်ဖက် ဆန့်ထွက်လာပြီးနောက် သူမအား တားဆီးလိုက်လေသည်။ ထိုသူမှာ ချင်ဟွိုင် ဖြစ်လေသည်။

"ကိုကို"

ချင်ဟွိုင် စကားမပြောသေးဘဲ အခြားလက်တစ်ဖက်ဖြင့် အိတ်ကပ်ထဲသို့ နှိုက်ကာ စက္ကူအိတ်တစ်လုံးအား ထုတ်လိုက်လေသည်။ သူ အားယွီလေး၏ ရှေ့တွင် ဖွင့်ပြလိုက်သည်။ အထဲတွင် သကြားကပ်ထားသော ဆီးသီး တစ်ချောင်း ရှိနေခဲ့သည်။

ခရီးလမ်း အလွန်ရှည်လျားသောကြောင့် အပြင်ဘက်ရှိ သကြားအလွှာမှာ ပျော်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ သို့သော် ဆီးသီးတစ်တန်း ကျန်နေပါသေးသည်။

ချင်ဟွိုင်မှ အားယွီလေးအား ကမ်းပေးလိုက်ပြီးနောက် လက်ခံရန် အချက်ပြပေးလိုက်သည်။ အားယွီလေးမှ ချင်ဟွိုင်အား ကြည့်လိုက် ဆီးသီးချောင်းအား ကြည့်လိုက်ဖြင့် ဖြစ်နေခဲ့ကာ ထို့နောက် ခဏအကြာတွင် သူမ ငိုချလိုက်တော့သည်။

All Chapters