အခန်း (၂၇၁-၂၇၂)
Vol. 28 Ch. 271-272
အခန်း (၂၇၁) လုံချန်းရဲ့ ကံကြမ္မာ
ကျိရှန်း၏ သားရဲအိတ်ထဲမှ ဝိညာဉ်ဝါးမျိုဝံပုလွေ ထွက်လာသည်။ ကျိရှန်းနှင့် ဝိညာဉ်ဝါးမျိုဝံပုလွေ နှစ်ဦးစလုံးသည် တိုက်ခိုက်ရန် အသင့်ပြင်ကာ လကွယ်မြင်းကို စိုက်ကြည့်လိုက်ကြသည်။
သူတို့ တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် သားရဲတစ်ကောင်၏ အော်ဟစ်သံကို ကြားလိုက်ရသည်။
"ဟင်" ကျိရှန်းက မျက်မှောင်ကြုတ်ရင်း နောက်သို့ လှည့်ကြည့်လိုက်သည်။
"နက်နဲဝက်ဝံလား" သူတို့ထံသို့ ပြေးလာနေသော ဝက်ဝံတစ်ကောင်ကို မြင်လိုက်ရသဖြင့် သူ ရေရွတ်လိုက်မိသည်။
"အဖြူလေး... မင်း အဲဒီဝက်ဝံကို ကိုင်တွယ်လိုက်၊ လကွယ်မြင်းကို ငါ ကိုင်တွယ်မယ်"
ကျိရှန်း စကားပြောပြီးသည်နှင့် တပြိုင်နက် သူ၏ မျက်နှာတွင် သွေးမရှိတော့သလို ဖြူလျော်သွားတော့သည်။ နက်နဲဝက်ဝံ၏ နောက်တွင် အမျိုးအစား မတူညီသော သားရဲပေါင်း ၅၀ ကျော် လိုက်ပါလာသည်ကို သူ မြင်လိုက်ရသောကြောင့် ဖြစ်သည်။
၎င်းမှာ ဝက်ဝံကို လိုက်လံဖမ်းဆီးနေခြင်းမျိုး မဟုတ်ဘဲ သူတို့ထံသို့ ဦးတည်လာနေသော သားရဲတပ်ဖွဲ့ကြီး တစ်ဖွဲ့နှင့် တူနေသည်။ ကျိရှန်းသည် တိုက်ခိုက်ရန် စိတ်ကူးကို လက်လွှတ်လိုက်ပြီး ဝိညာဉ်ဝါးမျို ဝံပုလွေပေါ်သို့ ခုန်တက်ကာ ထွက်ပြေးရန် အမိန့်ပေးလိုက်တော့သည်။ ဝိညာဉ်ဝါးမျို ဝံပုလွေသည် သားရဲသစ်တော၏ အနက်ရှိုင်းဆုံး နေရာရှိရာဘက်သို့ ဦးတည်ပြေးလွှားသွားလေတော့သည်။
ညရောက်ရှိသွားပြီဖြစ်ကာ လုံချန်းသည် သူ၏ ဝိညာဉ်စွမ်းအင်များကို ပြန်လည်ဖြည့်တင်းပြီးသော်လည်း နေဝါးမျိုလင်းယုန်ကို အမီမလိုက်နိုင်သေးပေ။
သူသည် ရွှေခဲကို အနားပေးရန် ဆုံးဖြတ်လိုက်သည်။ သူသည် ရွှေခဲကို ရှေးဟောင်းလက်စွပ်ထဲသို့ ပြန်ပို့လိုက်ပြီး အနီးနားရှိ အချင်းချင်း နီးကပ်စွာ ပေါက်နေသော သစ်ပင်ကြီး နှစ်ပင်၏ ခက်မများကြားတွင် ပုခက်ကို ချည်နှောင်ကာ အမြင့်တစ်နေရာတွင် အိပ်စင် လုပ်လိုက်သည်။
လုံချန်းသည် လဲလျောင်းရင်း မျက်လုံးများကို မှိတ်ထားလိုက်သည်။
"နှလုံးသားမိစ္ဆာ ပိုးအိမ်ပေါ်က အက်ကြောင်းတွေက ပိုများလာပြီ။ ငါ မမှားဘူးဆိုရင် နောက်ထပ် တစ်ပတ်လောက်ပဲ အချိန်ရတော့မယ်။ ငါ အဲဒီလောက်အထိ မစောင့်နိုင်ဘူး" သူသည် သူ၏ ဝိညာဉ်အာရုံကို အသုံးပြုကာ သူ၏ သိုင်းဟင်းလင်းပြင်ထဲသို့ ကြည့်ရင်း ရေရွတ်လိုက်သည်။
"ဒီနေရာကနေ ထွက်သွားပြီးရင် မင်ယုနဲ့ ကျိချင်းကို အရာအားလုံး ပြောပြမယ်။ ငါ့ရဲ့ နှလုံးသားမိစ္ဆာ အကြောင်းနဲ့ နောက်ပိုင်းမှာ ငါ ဘာဖြစ်လာနိုင်လဲဆိုတာ သူတို့ကို ပြောပြမယ်။ သူတို့ ဘာဆက်လုပ်မလဲဆိုတာ သူတို့အပေါ်မှာပဲ မူတည်ပါစေတော့။ အဲဒီအရာက ငါ့အတွက် ထာဝရ ဖြစ်သွားနိုင်တာပဲလေ"
"ငါ့ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ စိတ်ဓာတ်ကို နှလုံးသားမိစ္ဆာက လွှမ်းမိုးဖို့ ငါခွင့်မပြုဘူးဆိုပေမဲ့ ငါ့ရဲ့ စိတ်ဓာတ်က ဘယ်တော့မှ အရှုံးမပေးဘူးလို့တော့ အသေအချာ ပြောလို့မရဘူး" သက်ပြင်းချလိုက်ရင်း
"ရွှယ်နဲ့ မေကိုပါ ငါနဲ့အတူ ခေါ်လာနိုင်ရင် ကောင်းမှာပဲ။ ငါ့ရဲ့ ကိုယ်ပိုင်ကမ္ဘာကို ဖန်တီးပြီးရင်တော့ သူတို့ကို ငါ ခေါ်သွားနိုင်လိမ့်မယ်။ အမေနဲ့ အဖိုးကိုလည်း ခေါ်သွားရမယ်"
"အဖေနဲ့အတူ ငါ ပြန်သွားတဲ့အချိန်မှာ သူတို့ရဲ့ မျက်နှာပေါ်က တုံ့ပြန်မှုတွေကို မြင်ချင်လှပြီ" လုံချန်းက ပြုံးလျက် ရေရွတ်လိုက်သည်။ သူသည် သူ၏ ဖခင်ကို ကယ်တင်ပြီး အိမ်သို့ ပြန်ရောက်နေသည့် ပုံရိပ်ကို စိတ်ကူးကြည့်နေမိသည်။
"ငါ လုပ်စရာတွေ အများကြီး ရှိသေးတယ်။ အကုန်လုံး လုပ်နိုင်ပါ့မလားပဲ။ ရွှင်း ပြောတဲ့ ကံကြမ္မာ ဆိုတာလည်း ရှိသေးတယ်။ အဲဒါက ငါ့ကို ဘယ်ဆီ ခေါ်ဆောင်သွားမလဲ မသိဘူး။ အဆုံးသတ်မှာတော့ အရာအားလုံး အဆင်ပြေသွားမယ်လို့ မျှော်လင့်ရတာပဲ" လုံချန်းက တိုးတိုးလေး ပြောလိုက်သည်။
လက်စွပ်ထဲရှိ မှောင်မည်းသော နေရာတစ်နေရာတွင် ရွှင်းသည် တစ်ယောက်တည်း ထိုင်နေသည်။ လုံချန်း ပြောသမျှ အရာအားလုံးကို သူမ ကြားနေရသည်။ အစပိုင်းတွင် သူမ ပြုံးနေခဲ့သော်လည်း လုံချန်းက သူ၏ ကံကြမ္မာအကြောင်း ပြောလိုက်သည့်အခါ သူမ၏ အပြုံးများ ပျောက်ကွယ်သွားသည်။
သူမသည် ဝမ်းနည်းသော အကြည့်ဖြင့် အပေါ်သို့ မော့ကြည့်လိုက်မိသည်။
"နင့်ရဲ့ ကံကြမ္မာ... အဲဒါ ဘယ်ဘက်ကို ဦးတည်မလဲဆိုတာ ငါ ယေဘုယျအားဖြင့် သိပါတယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ အားလုံးက နင့်အပေါ်မှာပဲ မူတည်တယ်။ ထျန်းရှန်လိုပဲ ဖြစ်သွားမလား၊ ဒါမှမဟုတ် နင်က ကိုယ်ပိုင်လမ်းသစ်တစ်ခုကို ဖောက်မလား။ အဲဒါက နင့်အပေါ်မှာပဲ မူတည်တယ်။ အချိန်ကပဲ စကားပြောသွားပါလိမ့်မယ်" သူမက တိုးတိုးလေး ပြောလိုက်သည်။
ညတာသည် တိတ်ဆိတ်စွာပင် ကုန်ဆုံးသွားသည်။ နေမင်းသည် ကောင်းကင်ယံသို့ မြင့်တက်လာပြီး နေရောင်ခြည်မှာ လုံချန်း၏ မျက်နှာပေါ်သို့ တိုက်ရိုက်ကျရောက်လာသည်။ သူသည် ဖြည်းညှင်းစွာ မျက်လုံးဖွင့်ကာ နိုးလာခဲ့သည်။ သူသည် ထထိုင်ကာ လက်မောင်းများကို ဆန့်ထုတ်ရင်း သမ်းဝေလိုက်သည်။
သူသည် အသုံးအဆောင်များကို ပြန်သိမ်းကာ အောက်သို့ ဆင်းလာခဲ့သည်။ လုံချန်းသည် ရွှေခဲကို နောက်တစ်ကြိမ် ခေါ်ထုတ်လိုက်သည်။
"မင်း ကြည့်ရတာ တော်တော် လန်းဆန်းနေတာပဲ။ ငါလည်း သားရဲနယ်မြေထဲကို ဝင်လို့ရရင် ကောင်းမှာပဲ။ အဲဒီက ဝိညာဉ်စွမ်းအင်နဲ့ အရင်းအမြစ်တွေက တကယ့်ကို အံ့သြဖို့ကောင်းတာ။ ကဲ... သွားကြစို့။ ဘာပဲဖြစ်ဖြစ် အဲဒီလင်းယုန်ကို ငါတို့ တွေ့အောင် ရှာရမယ်" သူက ပြုံးလျက် ပြောဆိုကာ ရွှေခဲ၏ ကျောပေါ်သို့ တက်စီးလိုက်သည်။
ရွှေခဲသည် သစ်တော အနက်ပိုင်းဆီသို့ ခရီးဆက်ခဲ့သည်။ လုံချန်းသည် သူ၏ အရှိန်အဝါကို ဖုံးကွယ်ထားသဖြင့် မည်သည့်သားရဲမှ သူ့ကို ခံစားမိမည် မဟုတ်ပေ။ သားရဲများအနေဖြင့် ရွှေခဲကိုသာ ခံစားမိနိုင်မည်ဖြစ်သောကြောင့် သူ့အား တိုက်ခိုက်ရန် ဝံ့ရဲမည်မဟုတ်ကြောင်း သူ သေချာပေါက် သိသည်။
သူသည် သူ၏ ဝိညာဉ်အာရုံကို ဖြန့်ကျက်ထားရင်း ရှေ့သို့ ဆက်သွားနေသည်။ နောက်ထပ် တစ်နေ့ ကုန်ဆုံးသွားပြန်သော်လည်း ထူးခြားမှု မရှိပေ။ နေဝါးမျိုလင်းယုန်ကို သူ ရှာမတွေ့သေးပေ။
ညဘက်တွင် လုံချန်းသည် ကျင့်ကြံနေခဲ့ပြီး ရွှေခဲကိုတော့ အနားယူရန် လက်စွပ်ထဲသို့ ပြန်ပို့ထားသည်။ နောက်ထပ် နေ့သစ်တစ်နေ့ ရောက်လာပြီး ထိုနည်းအတိုင်းပင် ကုန်ဆုံးသွားပြန်သည်။
လုံချန်းသည် တစ်နေကုန် ဝိညာဉ်အာရုံအား အသုံးပြုနေရသဖြင့် အတော်လေး ပင်ပန်းနေသော်လည်း နေဝါးမျိုလင်းယုန်ကိုတော့ မတွေ့ရသေးပေ။ ဤသို့ဖြင့် ၃ ရက် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ သားရဲသစ်တောကို အကာအကွယ်အတားအဆီးဖြင့် ပြန်လည် ပိတ်ဆို့ရန်နှင့် အတွင်း၌ ရှိနေသော လူသားမှန်သမျှအား သတ်ဖြတ်မည့် အစီအရင်မှာ အသက်ဝင်ရန် တစ်ရက်သာ အချိန်ကျန်တော့သည်။
လုံချန်းသည် ထိုသို့ဖြစ်လာသည့်အချိန်တွင် ဤနေရာမှာ ရှိမနေချင်သဖြင့် နေဝါးမျိုလင်းယုန်ကို ရှာဖွေယဉ်ပါးရန် သူ့တွင် တစ်ရက်သာ အချိန်ရှိတော့သည်။
ကံကောင်းထောက်မစွာဖြင့် စတုတ္ထမြောက်နေ့တွင် သူသည် နေဝါးမျိုလင်းယုန်ကို မြင်တွေ့လိုက်ရသည်။
ယခုမှာ ညနေစောင်းနေပြီဖြစ်ကာ အစီအရင်ကြီး ပြန်မပိတ်မီ နာရီအနည်းငယ်သာ လိုတော့သည်။ နေဝါးမျိုလင်းယုန်မှာ အိပ်ပျော်နေပုံရသည်။ လုံချန်းသည် ဤအခွင့်အရေးကို လုံးဝ အဆုံးရှုံးမခံရန် ဆုံးဖြတ်လိုက်သည်။
သူသည် နေရာရွှေ့ပြောင်းခြင်းကို သုံးကြိမ် ဆက်တိုက် အသုံးပြုလိုက်ရာ နေဝါးမျိုလင်းယုန်၏ ဘေးတွင် တိုက်ရိုက် ပေါ်လာတော့သည်။ နေဝါးမျိုလင်းယုန်သည် အန္တရာယ်ကို ခံစားမိပြီး ပျံသန်းရန် ကြိုးစားသော်လည်း သူ၏ လက်သီးတစ်ချက်က ၎င်း၏ နောက်ကျောပေါ်သို့ ကျရောက်သွားသဖြင့် မြေပြင်ပေါ်သို့ ပြန်လည် လဲကျသွားသည်။
"မင်းကို နောက်တစ်ကြိမ် ထပ်ပြေးခွင့်ပေးမယ်လို့ ထင်နေတာလား" လုံချန်းက ရေရွတ်လိုက်လေတော့သည်။
အခန်း (၂၇၂) အသေခံဖို့ ဆုံးဖြတ်ချက်
"မင်းကို နောက်တစ်ကြိမ် ထပ်ပြေးခွင့်ပေးမယ်လို့ ထင်နေတာလား" လုံချန်းက ရေရွတ်လိုက်သည်။
နေဝါးမျိုလင်းယုန်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လေဓားသွား ဆယ်ဂဏန်းခန့်ဖြင့် လုံချန်းကို တိုက်ခိုက်သည်။ လုံချန်းမှာ ထိုတိုက်ခိုက်မှုများကို အလျင်အမြန် ရှောင်တိမ်းလိုက်ရသည်။
နေဝါးမျိုလင်းယုန်သည် ထိုအခွင့်အရေးကို အသုံးချကာ ကောင်းကင်သို့ ပျံတက်သွားပြန်သည်။
"နောက်တစ်ခါ အလွတ်မပေးဘူး" လုံချန်းက အော်ပြောလိုက်ပြီး သူ၏ကျောဘက်တွင် စစ်မှန်သော ဝိညာဉ်စွမ်းအင်ဖြင့် ပြုလုပ်ထားသော အတောင်ပံနှစ်ဖက် ပေါ်လာသည်။ သူသည် နေဝါးမျိုလင်းယုန်နှင့် အနီးဆုံးနေရာသို့ နေရာကူးပြောင်းလိုက်ပြီး ကောင်းကင်သို့ လိုက်ပါပျံသန်းသည်။
သူတို့ကြားတွင် အကွာအဝေးမှာ ၂၀ မီတာခန့်သာ ရှိတော့ပြီး လင်းယုန်က လေဓားသွားများဖြင့် ဆက်တိုက် တိုက်ခိုက်နေသော်လည်း လုံချန်းက ၎င်းအနားသို့ နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုကာ ကပ်လိုက်နေသဖြင့် လင်းယုန်မှာ အကွာအဝေးအား ထပ်မချဲ့နိုင်တော့ပေ။
နေဝါးမျိုလင်းယုန်မှာ အတော်လေး ဒေါသထွက်လာပုံရသည်။ မြေကမ္ဘာ အဆင့် ၉ ရှိသော သားရဲတစ်ကောင်မှာ ကလေးတစ်ယောက်ကို ရင်ဆိုင်ရာတွင် အခက်တွေ့နေရသောကြောင့် ဖြစ်သည်။
လုံချန်းနှင့် လင်းယုန်တို့ ဝေဟင်ထက်တွင် တိုက်ခိုက်နေကြသည်။ လေဓားသွားတစ်စင်းသည် လုံချန်းအနားသို့ ရောက်ရှိလာပြီး သူ့ကို ထိမှန်တော့မည့်ဆဲဆဲ ဖြစ်နေသည်။ သူ ဘယ်ဘက်ကို ရှောင်ရှောင် ထိုလေဓားသွားက သူ့ကို ထိမှန်တော့မည် ဖြစ်သည်။
သူသည် နေရာရွှေ့ပြောင်းခြင်းကိုလည်း ထပ်သုံး၍ မရတော့ပေ။ အကြောင်းမှာ တစ်နေ့လုံး ၎င်းကို အလွန်အကျွံ အသုံးပြုခဲ့သဖြင့် သူ၏ ကန့်သတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထိုခဏချင်းမှာပင် သူ၏ မျက်လုံးအရောင်များ ပြောင်းလဲသွားပြီး ဟင်းလင်းပြင် နိယာမကို အသုံးပြုလိုက်သည်။
သူနှင့် လေဓားသွားကြားတွင် သေးငယ်သော ဟင်းလင်းပြင် ဝင်ပေါက်တစ်ပေါက် ပေါ်လာသည်။ တစ်ခုတည်း မဟုတ်ဘဲ အခြား လေဓားသွားများ၏ ရှေ့တွင်လည်း ဝင်ပေါက် ၁၀ ပေါက်ခန့် ပေါ်လာသည်။
လေဓားသွားများသည် ထိုဝင်ပေါက်များထဲသို့ တိုးဝင်သွားကြသည်။ ထိုဝင်ပေါက်များ၏ အခြားတစ်ဖက်မှာတော့ နေဝါးမျိုလင်းယုန်၏ အနီးတွင် ပွင့်သွားလေသည်။
လုံချန်းသည် အောင်ပွဲမှာ သူ၏လက်ခုပ်ထဲတွင် ရှိနေပြီဟု ခံစားလိုက်ရသော်လည်း လက်တွေ့မှာ ထိုထက်မက ခက်ခဲနေသေးသည်။
လေဓားသွားများမှာ လင်းယုန်၏ တစ်ခုတည်းသော စွမ်းရည်မဟုတ်ပေ။ လုံးဝန်းသော ပုံသဏ္ဌာန်ရှိသည့် အကာအကွယ် အတားအဆီးတစ်ခုက နေဝါးမျိုလင်းယုန်ကို ဖုံးလွှမ်းသွားသည်။ ထိုအတားအဆီးမှာ သိပ်သည်းလှသော လေပြင်းများဖြင့်သာ ပြုလုပ်ထားခြင်း ဖြစ်သည်။
လုံချန်း ပြန်လွှတ်လိုက်သော လေဓားသွားများသည် ထိုလေအတားအဆီးကို ထိမှန်ကာ ပျော်ဝင် ပျောက်ကွယ်သွားကြသည်။
"မင်းက ငါထင်တာထက် ပိုတော်တာပဲ" လုံချန်းက ပြုံးလျက် ပြောလိုက်သည်။
သူသည် သူ၏ နောက်ဆုံး နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုလိုက်သည်။ သိပ်သည်းလှသော လေအတားအဆီးကြောင့် နေဝါးမျိုလင်းယုန်၏ အမြင်အာရုံ ကန့်သတ်ခံထားရသည့် အခွင့်အရေးကို သူ အမိအရ ဆုပ်ကိုင်လိုက်ခြင်း ဖြစ်သည်။
သူသည် နေဝါးမျိုလင်းယုန်၏ အပေါ်တည့်တည့်သို့ ကူးပြောင်းလိုက်ပြီး ဓားကို ကောင်းကင်သို့ မြှောက်လိုက်သည်။
"သူတော်စင်ဓား ခုနစ်သွယ်၊ တတိယပုံစံ၊ ဖျက်ဆီးခြင်း" သူက တိုးတိုးလေး ရေရွတ်ရင်း ဓားကို အောက်သို့ ဝှေ့ယမ်းလိုက်သည်။
သွေးရောင်လွှမ်းသော အလင်းတန်းတစ်တန်းမှာ ဓားမှ ထွက်ပေါ်လာပြီး လေအတားအဆီးဆီသို့ ဦးတည်သွားသည်။ ထိုအလင်းတန်းမှာ အတားအဆီးကို အလွယ်တကူ ဖြတ်တောက်ကာ အတွင်းသို့ ဝင်ရောက်သွားတော့သည်။
လုံချန်းသည် နေဝါးမျိုလင်းယုန်၏ ကျယ်လောင်သော အော်ဟစ်သံကို ကြားလိုက်ရသည်။ လေအတားအဆီးမှာ ပျောက်ကွယ်သွားပြီး လင်းယုန်၏ ပုံသဏ္ဌာန် ပေါ်လာသည်။ ၎င်း၏ ကျောကုန်းတွင် နက်ရှိုင်းသော ဓားဒဏ်ရာတစ်ချက် ရရှိသွားပြီး သွေးများစွာ ထွက်နေသည်။
နေဝါးမျိုလင်းယုန်သည် မြေပြင်ပေါ်သို့ စတင် ပြုတ်ကျလာပြီး ကျယ်လောင်သော အသံနှင့်အတူ မြေပြင်ပေါ်သို့ ပစ်ကျသွားတော့သည်။ လုံချန်းသည် မြေပြင်ပေါ်သို့ ဆင်းသက်ကာ လင်းယုန်အနားသို့ လျှောက်သွားလိုက်သည်။
သူ၏ လှပသော ကောင်းကင်ဘုံ မိစ္ဆာ အတောင်ပံများ ပျောက်ကွယ်သွားပြီး နေဝါးမျိုလင်းယုန်၏ အနားတွင် ရပ်လိုက်သည်။
"မစိုးရိမ်ပါနဲ့ ငါ့ကောင်ကြီး။ ငါတို့ ကတိစာချုပ် ချုပ်ပြီးတာနဲ့ မင်းရဲ့ ဒဏ်ရာတွေ အကုန်ပျောက်သွားမှာပါ" လုံချန်းက ပြောလိုက်သည်။
နေဝါးမျိုလင်းယုန်သည် သူ့ကို မုန်းတီးသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ၎င်းသည် မတ်တတ်ရပ်ရန် ကြိုးစားသော်လည်း လှုပ်ရှားဖို့ပင် ခက်ခဲနေသည်။ လုံချန်းသည် ဓားဖြင့် သူ၏လက်မကို အနည်းငယ် လှီးလိုက်သည်။
သူ၏လက်မမှ သွေးများ ထွက်လာသည်။ သူသည် လက်ကို နေဝါးမျိုလင်းယုန်၏ နဖူးဆီသို့ ဆန့်ထုတ်လိုက်ပြီး ရွှင်း သင်ပေးထားသော သင်္ကေတကို ပုံဖော်လိုက်သည်။ သင်္ကေတကို ရေးဆွဲပြီးနောက် လင်းယုန် ယဉ်ပါးသွားမည့် အချိန်အား သူ စောင့်ဆိုင်းနေသည်။
အချိန်များ ကုန်လွန်သွားသော်လည်း အခြေအနေမှာ ထူးခြားနေသည်။ နေဝါးမျိုလင်းယုန်မှာ အလင်းတန်းများ ထွက်ပေါ်လာမည့်အစား ၎င်း၏ ကျန်းမာရေး အခြေအနေမှာ ပို၍ ဆိုးရွားလာပုံရသည်။
လင်းယုန်၏ အသက်ရှူသံမှာ အားနည်းလာသည်။ လုံချန်းသည် အခြေအနေမှာ ပြောင်းပြန် ဖြစ်နေသည်ကို ခံစားလိုက်ရသည်။ ဤအတိုင်းသာ ဆက်သွားပါက နေဝါးမျိုလင်းယုန်မှာ သေဆုံးသွားတော့မည် ဖြစ်သည်။
"ရွှင်းရေ" သူက စိုးရိမ်တကြီး ခေါ်လိုက်သည်။ ရွှင်းသည် သူ၏ဘေးတွင် ပေါ်လာပြီး နေဝါးမျိုလင်းယုန်ကို ကြည့်လိုက်သည်။
"ဘာဖြစ်နေတာလဲ။ ဒါက ဘာလို့ အလုပ်မလုပ်တာလဲ" လုံချန်းက သူမကို မေးသည်။
"အလုပ်မလုပ်တာက ဒီနေဝါးမျိုလင်းယုန်က အလုပ်လုပ်ဖို့ ခွင့်မပြုလို့ပဲ။ သူက ယဉ်ပါးခံရမယ့်အစား အသေခံဖို့ ဆုံးဖြတ်လိုက်ပုံရတယ်။ ဘာလို့ သူက ဒီလောက်အထိ အစွန်းရောက်နေတာလဲ ငါမသိပေမဲ့ အဲဒါက အခု ဖြစ်ပျက်နေတဲ့ အရာပဲ" ရွှင်းက ပြန်ဖြေသည်။
လုံချန်းမှာ ထိုအကြောင်းရင်းကို ကြားလိုက်ရသဖြင့် မှင်တက်သွားသည်။ သူသည် နေဝါးမျိုလင်းယုန်ကို ကြည့်ကာ ဖျောင်းဖျရန် ကြိုးစားလိုက်သည်။
"ခုခံမနေပါနဲ့တော့ ကျေးဇူးပြုပြီး။ မင်း သေသွားလိမ့်မယ်။ ငါ ကတိပေးပါတယ်၊ မင်းအသက်ကို အန္တရာယ်ဖြစ်စေမယ့် ဘယ်အရာကိုမှ ငါခိုင်းမှာ မဟုတ်ပါဘူး။ မင်းက ကျွန်တစ်ယောက် မဟုတ်ဘဲ ငါ့ရဲ့ အဖော်တစ်ယောက် ဖြစ်လာမှာပါ။ ကျေးဇူးပြုပြီး ဒီလုပ်ငန်းစဉ်ကို အောင်မြင်အောင် ခွင့်ပြုပေးပါ" လုံချန်းက စိုးရိမ်တကြီး ပြောသော်လည်း လင်းယုန်က ဘာမှ ပြန်မတုံ့ပြန်ပေ။
၎င်းသည် လုံချန်း၏ စကားကိုပင် ကြားနိုင်စွမ်း မရှိတော့ပုံရသည်။
"အပိုတွေ လုပ်မနေနဲ့တော့။ သူက ယဉ်ပါးမခံရဖို့အတွက် ဒီလောက်အထိ အသေခံဖို့ ဆုံးဖြတ်ထားမှတော့ နင့်ရဲ့ စကားတွေနဲ့တင် သူ့စိတ်ကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး" ရွှင်းက ခေါင်းခါရင်း ပြောသည်။
"သူ့ကို မသေအောင် တားဖို့ နည်းလမ်းမရှိတော့ဘူးလား" လုံချန်းက မေးသည်။
"မရှိတော့ဘူး။ ယဉ်ပါးတဲ့ လုပ်ငန်းစဉ် စတင်ပြီးတာနဲ့ နင် အဲဒါကို ဖျက်သိမ်းလို့ မရဘူး။ နေဝါးမျိုလင်းယုန်က ယဉ်ပါးခံဖို့ လက်ခံမလား ဒါမှမဟုတ် သေမလား ဆိုတဲ့ လမ်းနှစ်သွယ်ပဲ ရှိတယ်။ သူ ဘာကို ရွေးချယ်လိုက်သလဲဆိုတာ ငါတို့ အားလုံး သိကြတာပဲ" ရွှင်းက လုံချန်းကို ကြည့်ကာ ပြောလိုက်သည်။
လုံချန်းမှာတော့ မျှော်လင့်ချက် မပျက်သေးဘဲ နေဝါးမျိုလင်းယုန်ကို ဆက်လက် ပြောဆိုနေဆဲဖြစ်သည်။ လင်းယုန်၏ အသက်ရှူသံမှာ အလွန်အားနည်းနေပြီး အချိန်မရွေး သေဆုံးသွားနိုင်သည့် အခြေအနေ ဖြစ်နေသည်။
လုံချန်း သတိမထားမိလိုက်သော ထိုအခိုက်အတန့်မှာပင် သူ၏ ရှေးဟောင်းလက်စွပ်ထဲမှ သေးငယ်သော အလင်းစက်လေးတစ်စက် ထွက်ပေါ်လာသည်။ ထိုအလင်းစက်လေးသည် လုံချန်း၏ ရှေ့တွင် ဆင်းသက်လိုက်ပြီး သေးငယ်သော သားရဲလေးတစ်ကောင်၏ ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားသည်။
၎င်းမှာ ရှေးဟောင်းဥကြီးထဲမှ ထွက်လာခဲ့သော ဝိညာဉ်လမင်း ကြောင်လေးဖြစ်သည့် နှင်းခဲလေးပင် ဖြစ်သည်။
နှင်းခဲလေးသည် သူ၏ရှေ့တွင် ထိုင်နေသည်ကို မြင်လိုက်ရသဖြင့် လုံချန်းမှာ အံ့အားသင့်သွားရလေတော့သည်။
အလွန်အဝေးတစ်နေရာတွင်မူ... နှင်းခဲလေး သိုလှောင်လက်စွပ်ထဲမှ ထွက်လာသည်နှင့် တပြိုင်နက် ပရမ်းပတာ ဖြစ်ရပ်များ စတင်ခဲ့သည်။
"အရှင်မင်းကြီး... ၁၀ ပါးမြောက် နတ်ဘုရားသားရဲရဲ့ အချက်ပြမှုတွေ နောက်တစ်ကြိမ် ထပ်ပေါ်လာပြန်ပါပြီ" တစ်စုံတစ်ယောက်သည် ခန်းမကြီးတစ်ခန်း အတွင်းသို့ ပြေးဝင်လာကာ သတင်းပို့လိုက်လေတော့သည်။