← Chapters

ကိုကိုနဲ့ ကစားရတာ ကြိုက်တယ်

Vol. 5 Ch. 74

ကိုကိုနဲ့ ကစားရတာ ကြိုက်တယ်

Vol. 5 Ch. 74

[သူ့ခန္ဓာကိုယ်က အရမ်းအားနည်းနေပြီးတော့ ခန္ဓာကိုယ်ထဲမှာလည်း အဆိပ်တွေ ရှိနေတယ်]

အားယွီလေးမှ အဆိပ်ဆိုသည်မှာ မည်သည်အား ပြောခြင်းဖြစ်သည်ကို မသိသည့် အတွက်ကြောင့် အသားလုံးလေးမှ သူမအား အမြန် ရှင်းပြလိုက်လေသည်။

[ခန္ဓာကိုယ်ကြီးက နေလို့မကောင်းဘဲ အရမ်းနာကျင်နေတာမျိုးလေ ပိုးကောင်တွေ အများကြီး ဝိုင်းကိုက်နေသလိုမျိုးပေါ့]

[သွေးတွေ အများကြီး ထွက်ပြီးတော့ နောက်ဆုံးကျရင် သေသွားစေမယ့် အရာမျိုးလေ]

အားယွီလေးမှ ထိတ်လန့်သွားခဲ့လေသည်။ ချင်ဟွိုင်မှ ကလေးမလေးသည် သူ့အား ကြည့်နေတာကို မြင်လိုက်ရချိန်တွင် ရုတ်တရက် သစ်သားရုပ် တစ်ရုက်ကဲ့သို့ ဖြစ်သွားတော့သည်။

‘သူ ကလေးကို ခြောက်လိုက်မိတာလား’

သို့ပေမဲ့ နောက်တစ်ခဏလေး အတွင်းမှာပင် ကလေးမလေး၏ နွေးထွေးလှသည့် လက်ကလေးသည် သူ၏ လက်အား ရုတ်တရက် အုပ်မိုးကာ ကိုင်လိုက်လေသည်။ ထို့အပြင် သူမလေးမှ သူမ အမြတ်တနိုးထားသည့် ပန်းခြင်းလေးကိုပင် အောက်ချလိုက်သေးသည်.

"ကိုကိုရေ အရမ်းနာနေလားဟင်"

အားယွီလေးမှ ချင်ဟွိုင် မည်သည့် နေရာ နာနေသည်ကို ကြည့်ချင်သလိုမျိုး သူ၏ အနားသို့ တိုးကပ်သွားလိုက်လေသည်။ ချင်ဟွိုင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့တော့သည်။

‘သူ နာကျင်နေမှန်း ဒီကလေး ဘယ်လိုလုပ် သိတာလဲ’

လူအများ သတိလက်လွတ် ဖြစ်သွားစေရန် အတွက် နှစ်နှစ်သမီး အရွယ်လေးကဲ့သို့ ပြုစုပျိုးထောင်ထားခြင်း ခံရသည့် လေးနှစ်အရွယ် ကလေးတစ်ယောက်...

ချင်ဟွိုင်သည် ချက်ချင်းပင် အများကြီး ကြိုတွေး လိုက်မိလေသည်။ ယခုအချိန်တွင် ဤကလေးမလေးအား လည်ပင်းညှစ် သတ်လိုက်လျှင် သူတို့ မည်သို့ အကွက် ဆက်ရွှေ့မည်နည်း ဆိုသည်ကိုပင် သူ တွေးလိုက်မိလေသည်။

‘ကလေးမလေးက အရမ်းအားနည်းလွန်းပါတယ်လေ’

သူမ၏ သွယ်လျနေသည့် လည်တိုင်လေးမှာ နွေဦးပေါက်စတွင် ထွက်ပေါ်လာတတ်သည့် မျှစ်နုလေးကဲ့သို့ပင် လက်တစ်ဖက်တည်းနှင့်ပင် ညှစ်လိုက်လျှင်တောင် ကျိုးသွားမယ့်ပုံပေါ်လေသည်။

အသားလုံးလေးမှ အန္တရာယ်ရှိသည့် အငွေ့အသက်အား ခံစားလိုက်မိသော်လည်း အားယွီလေးအား သတိမပေးရသေးခင်မှာပဲ ထိုအငွေ့အသက်သည် ရုတ်တရက် ပျောက်ကွယ်သွားလေတော့သည်။

[ဟေ ငါများ အကဲခတ်မှားတာများလား]

အသားလုံးလေးပင် ဇဝေဇဝါ ဖြစ်သွားခဲ့ရလေသည်။ သို့သော် ချင်ဟွိုင် မည်သည်ကိုမှ မတွေးရသေးခင်မှာပင် အားယွီလေးမှ သူ၏ လက်အား ဆွဲယူလိုက်ပြီးနောက် သူ လက်ဖဝါးလေးအား လေဖြင့် မှုတ်ပေးလိုက်လေတော့သည်။

"အားယွီလေး မှုတ်ပေးမယ်နော် ဒါဆို မနာတော့ဘူး"

အမှန်တကယ်တွင် အားယွီလေး တွေးနေသည်မှာ ထို ကိုကို့ဆီမှာ အရမ်း အရမ်း ကြောက်စရာကောင်းလှသည့် အဆိပ်များ ရှိနေသည်ဆိုလျှင် သူ့အား ရေတိုက်လိုက်လျှင် ကောင်းလိမ့်မည်ဟု တွေးနေခြင်း ဖြစ်သည်။

‘ရေသောက်ပြီးရင် မနာတော့ဘူးလေ’

‘စိတ်ဝိဉာဉ်စမ်းရေသည် ရောဂါအများကြီးအား ကုပေးနိုင်တယ် ‘ဟု နတ်သူငယ်လေးမှ ပြောဖူးလေသည်။

သို့သော် နတ်သူငယ်လေးမှ နောက်နောင်ကျလျှင် ရေအကြောင်း တခြားသူများအား လျှောက်မပြောရဘူး ဟုလည်း မှာထားသေးသည်။ အဘယ်ကြောင့်ဆိုသော် ဘွားဘွားနှင့် မေမေမှ သိနေပြီ ဖြစ်ကာ လူကြီးများ ပိုသိသွားခဲ့လျှင် ဘွားဘွားနှင့် မေမေမှ ဝမ်းနည်းကြလိမ့်မယ် ဟု ပြောထားသည့် အတွက် ဖြစ်လေသည်။

သူမသာ လျှို့ဝှက်ချက်များအား လူအများကြီးနှင့် မျှဝေလိုက်လျှင် ဤသည်မှာ လျှို့ဝှက်ချက် မဟုတ်တော့ပေ။ ထိုသို့ဆိုလျှင် သူမသည် မည်သည်မှ မပြောတော့ဘဲ ကိုကိုအား ရေပေးသောက်လိုက်မည် ဖြစ်သည်။ အသားလုံးလေးမှ အားယွီလေး၏ အတွေးများသည် အလွန် လွဲနေသည် ဟု ခံစားလိုက်ရလေသည်။

[ကလေးရေ မင်းရဲ့ရေကို တခြားသူတွေကို အလွယ်တကူ ပေးလို့မရဘူးလေ အဲဒါက အရမ်းတန်ဖိုးရှိတာ]

အားယွီလေး နားမလည်ချေ။

"ဘာလို့လဲ သမီး ဦးဦးရယ် ဟို သွေးထွက်နေတဲ့ ဦးဦးရယ်ကိုတောင် ရေတိုက်ခဲ့သေးတာပဲ"

[အဲဒါက မတူဘူးလေ သူတို့က မင်းရဲ့ လုံခြုံရေးနဲ့ ဆက်စပ်နေတာလေ သူတို့ကို ကယ်လိုက်ရင် မင်းအတွက် ကောင်းကျိုးရှိတယ်]

အသားလုံးလေး ရထားသည့် အရိပ်အမြွက်အရ ထို လူနှစ်ယောက်သည် အားယွီလေးအတွက် အကျိုးရှိလေသည်။

ကျောင်းကျန့်အား ကယ်လိုက်ပြီးသည့် နောက်တွသ် သူတို့ရွာ၏ ဘေးအန္တရာယ်တစ်ခုနှင့် အစာရေစာပြတ်လပ်မည့် ဘေးမှ ကင်းဝေးသွားစေခဲ့လေသည်။ နောက်ထပ် လူတစ်ယောက်အား ကယ်ခဲ့သော်လည်း လောလောဆယ် မည်သည့် အကျိုးအမြတ်မှ မတွေ့ရသေးချေ။ သို့သော် သေချာပေါက် တစ်ခုခု ရှိလေသည်။

ထို ထူးဆန်းလှသည့် ကောင်လေးနှင့် ပတ်သက်၍မူ အသားလုံးလေးဆီမှာ မည်သည့် အရိပ်အမြွက်မှ မရပါချေ။ အားယွီလေး အပေါ်ထားသည့် သူ၏ စိတ်ကိုပင် အသားလုံးလေး ထိုးဖောက်၍ မမြင်နိုင်ပါချေ။

ထိုလူငယ်လေးသည် သေခါနီး ဖြစ်နေ၍များ သူ၏ နှစ်သက်မှုနှုန်းသည် အသုံးမဝင်သည်များလား မသိပါပေ။ နှစ်သက်မှုနှုန်း တိုင်းတာသည့် စနစ်သည်ပင်လျှင် စမ်းသပ်စစ်ဆေးရန် အတွက် စိတ်မပါတော့ပုံ ရလေသည်။

[ကလေး ကြည့်စမ်း မင်းမိသားစုကို ရေတိုက်တာက သူတို့က မင်းအပေါ် အရမ်းကောင်းလို့လေ ရွာသားတွေကို ပေးတာလည်း ရတယ် သူတို့ကလည်း မင်းအပေါ် ကောင်းကြတာပဲ]

[ဒီလူကို ရေတိုက်လို့ ဘာအကျိုးမှ မရှိဘူး သူက မင်းကို ဘာမှလည်း ပေးတာမဟုတ်ဘူး မင်းအပေါ်လည်း ကောင်းတာမဟုတ်ဘူး]

"ကိုကိုကလည်း သမီးအပေါ် အရမ်းကောင်းတာပဲ"

အားယွီလေးသည် စိတ်အတွင်း၌ အသားလုံးလေးကို ပြန်ပြောလိုက်လေသည်။ သူမ၏ လက်ကလေးများသည် ချင်ဟွိုင်၏ လက်အား ပိုမို၍ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်လေသည်။

"ကြည့်ပါဦး သူ အရမ်းသဘောကောင်းတယ် မဟုတ်လား"

ချင်ဟွိုင်မှ သူ၏ လက်အား ပြန်ဆွဲယူချင်နေပြီ ဖြစ်ကာ အားယွီလေးအား အေးစက်စက် စိုက်ကြည့်လိုက်လေေတော့သည်။

"လွှတ်"

အားယွီလေးမှ စိတ်ဖြင့် အသားလုံးလေးအား ပြောလိုက်လေသည်။

"နတ်သူငယ်လေး မြင်လား ကိုကိုက သမီးကလွဲပြီး ဘယ်သူနဲ့မှ စကားမပြောဘူး"

အသားလုံးမျာမူ ပြောစရာစကားများပင် ပျောက်ရှ သွားရလေတော့သည်။ အားယွီလေး၏ ဉာဏ်ရည်အား တစ်ခုခုမှ ပြန်မျိုချသွားခြင်း ခံလိုက်ရပြီ ဟုပင် အသားလုံးလေးမှ သံသယဝင်မိလေတော့သည်။

အားယွီလေးသည်။ အမှန်တကယ်ပင် ပျော်ရွှင်နေခြင်း ဖြစ်ပေသည်။ ကိုကိုမှ သူမအား မမုန်းဘူး ဆိုသည်ကို သူမ ခံစားမိလေသည်။ ကိုကိုသည် စကားပြောခဲသော်လည်း သူမ တစ်ယောက်တည်းအား စကားပြောသေးသည် မဟုတ်ပါလော။

[မင်းကတော့လေ]

ပြန်ပြောလျှင်လည်း ဇာတ်လမ်းရှည်သွားလိမ့်မည် ဟု အသားလုံးလေး မှ ခံစားလိုက်ရလေသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ချီကျားသည် ပန်းကန်လုံးနီးပါး လုံးပတ်ရှိသည့် သစ်ပင်ကြီး တစ်ပင်အား ပခုံးပေါ်ထမ်းလျှက် ပြန်ရောက်လာခဲ့လေသည်။ သူသည် အဝေးမှ နေ၍ လှမ်းအော်လိုက်တော့သည်။

"သခင်လေး"

သူ၏ နောက်တွင် ဟူစန်းသည်လည်း သစ်ပင်တစ်ပင် ထမ်လာသော်လည်း သူ၏ အပင်မှာ ပို၍ ကြီးနေခဲ့သည်။ အဘိုးအိုဝမ်အိမ်နှင့် ဟူစန်းတို့၏ အိမ်ကြား၍ အိမ်ဆောက်ရန် အတွက် သူတို့ ပြင်ဆင်နေကြခြင်း ဖြစ်သည်။

ဟူမိသားစုအိမ်သည် အလွန် ယိုယွင်းနေပြီ ဖြစ်ကာ နေထိုင်နိုင်ရန် အတွက် အခြေအနေ မကောင်းလှချေ။ ထို့ကြောင့် ချီကျားသည် ငွေအင်အားသုံးကာ အိမ်တစ်လုံး ဆောက်ရန် အတွက် ဟူမိသားစုရွာမှ မြေတစ်ကွက်အား ဝယ်လိုက်လေသည်။

သူတို့သည် အိမ်ဆောက်သည် ဖြစ်စေ ဤနေရာတွင် နေထိုင်သည် ဖြစ်စေ ပြုလုပ်၍ ရသော်လည်း အိမ်များသည် ရွာ၏ အပိုင် ဖြစ်ကာ သူတို့သည် နေထိုင်ခွင့်သာ ရမည် ဖြစ်သည်။

ရွာလူကြီးဟူမှ ဤသည်မှာ သူတို့ရွာအတွက် မဆိုးလှ ဟု ခံစားမိသည့် အတွက် သဘောတူလိုက်ခြင်း ဖြစ်သည်။ ဝမ်ချွမ်းမန်သည် ထင်းများ ထမ်းလျှက် ဟူမိသားစု၏ အိမ်ရှေ့မှ ဖြတ်သွားချိန်တွင် ချီကျားး ထမ်းလာသော သစ်ပင်ကြီးအား မြင်ပြီးနောက် အကြီးအကျယ် အံ့သြသွားခဲ့လေတော့သည်။

"အိမ်ဆောက်မလို့လား"

"ချွမ်းမန် ခင်ဗျားလာတာ အတော်ပဲ ဒီညီလေးက ကြမ်းတမ်းတဲ့ အလုပ်တွေနဲ့ မရင်းနှီးတော့ သိပ်မသယ်နိုင်ဘူး တောင်နောက်ဘက်မှာ သစ်ပင်နှစ်ပင် ကျန်သေးတယ် ကျုပ်နဲ့အတူ လိုက်သယ်ပေးပါဦး"

...

ဝမ်ချွမ်းမန်မှ ပြောလိုက်လေသည်။

"ကောင်းပြီလေ ဒါဆို ကျုပ် ထင်းတွေ အိမ်အရင်ပြန်ထားလိုက်ဦးမယ်"

သူတို့သည် နောက်ဆိုလျှင် အိမ်နီးချင်းများ ဖြစ်လာကြတော့မည် ဖြစ်သည့်အတွက် ကူညီပေးရသည်မှာ အဆင်ပြေပါသည်။ ဝမ်ချွမ်းမန်မှ အားယွီလေးအား မြင်ချိန်တွင် မေးမြန်း လိုက်တော့သည်။

"အားယွီ သမီး ဘာလို့ ဒီကိုရောက်နေတာလဲ သမီး ကိုကိုတွေရော ဘယ်သူမှ ပါမလာဘူးလား"

အိမ်၌ လူကြီးများ အားလုံး အလုပ်ရှုပ်နေကြသဖြင့် အားယွီလေးအား အချိန်အကြာကြာ ကြည့်ရှုကာ ထိန်းထားရန် အတွက် ဝမ်ဝူလန် ဝမ်လျိုလန် နှင့် ဝမ်ချီလန် တို့အား တာဝန်ပေးထားခြင်း ဖြစ်သည်။ ဆင်းရဲလှသည့် မိသားစုများသည် ကလေးများအား ယခုလိုပင် ပြုစုပျိုးထောင်ကြခြင်း ဖြစ်ပေသည်။

အကြီးဆုံးကလေးအား သူ့ထက် ငယ်သည့် ကလေးများအား ထိန်းဖို့ရန် အတွက် သင်ပေးကြရလေသည်။ နောက်ပိုင်း ဆိုလျှင် ကလေးများ အားလုံးကို အကြီးများကသာလျှင် ကြည့်ရှုစောင့်ရှောက်သွားရမည် ဖြစ်သောကြောင့် ဖြစ်သည်။

ဝမ်ချွမ်းမန်ကိုယ်တိုင်လည်း သူ၏ အစ်ကိုကြီးနှင့် အစ်ကိုလတ်တို့ နှစ်ဦးကပင် ထိန်းကျောင်းလျှက် ကြီးပြင်းလာခဲ့ရခြင်း ဖြစ်ပေသည်။

"ကိုကိုငါးက အားယွီအတွက် မြေတူးပေးနေတယ်"

အားယွီလေးမှ လက်ချောင်းလေးများဖြင့် ရေတွက်ပြနေခဲ့လေသည်။

"ကိုကိုခြောက်ကျတေ့ာ အားယွီအတွက် သစ်သီး ကူခူးပေးနေတယ် ပြီးတော့ ကိုကိုခုနစ်က အားယွီအတွက် ခရုတွေ ကောက်ပေးနေတယ် သူတို့အားလုံး အရမ်းအလုပ်ရှုပ်နေကြတာ ဖေဖေ"

ဝမ်ချွမ်းမန် ထိုစကားအား ကြားချိန်တွင် သူတို့ အမှန်ပင် အလုပ်ရှုပ်နေကြသည် ဟု တွေးလိုက်မိသော်လည်း အားယွီလေးအတွက် ရှုပ်နေသည်လား လျှောက်ဆော့နေကြသည်လား ဆိုသည်ကိုတော့ သူ မသိပါချေ။ ချင်ဟွိုင်မှ သူ့အား ကြည့်နေသည်အား မြင်သော် ချီကျားမှ အလျင်အမြန် ပြောလိုက်လေသည်။

"သခင်မလေးရေ ကျွန်တော်တို့ သခင်လေးနဲ့ ကစားပေးပါဦးနော်"

...

သူသည် သခင်လေး မွေးကတည်းမှ သခင်လေး၏ နောက်မှ လိုက်နေခဲ့ရခြင်း ဖြစ်သည်။ တခြားသူများ မသိလျှင်သာ နေမည်။ သခင်လေးသည် အပေါ်ယံတွင် အေးစက်စက်နိုင်သော်လည်း အမှန်တကယ်တွင် ထို ကလေးမလေးအား အလွန် သဘောကျမှန်း သူ နားလည်နိုင်ပေသည်။ ထိုသို့သာ မဟုတ်ခဲ့လျှင် ဤရွာအား ရှာတွေ့နိုင်ရန် အတွက် သူတို့ ဤမျှလောက် အားထုတ်ခဲ့လိမ့်မည် မဟုတ်ပေ။

သခင်လေး ကိုယ်တိုင်ကမူ ရန်သူ၏ အကွက်တွင်း ဝင်ကစားကာ ကလေးမလေး၏ ထူးခြားချက်အား စုံစမ်းချင်သည် ဟုသာ ပြောခဲ့ခြင်း ဖြစ်သည်။

သို့သော် အဓိကမှာမူ ဤ ချစ်စရာ ကလေးမလေးအား သူ သဘောကျသည့် အတွက်သာ ဖြစ်လေသည်။ ချီကျားကဲ့သို့ ခံစားချက်မရှိသည့် လူပင်လျှင် ထို တောသူ ပေါက်စနလေးသည် အလွန် ချစ်ဖို့ကောင်းသည် ဟု ခံစားမိစေသည်။

သခင်လေး၏ အတွေးများ မည်မျှပင် နက်ရှိုင်းပါစေ သူ၏ အတွေးများအား ဖုံးကွယ်ရန် အတွက် မည်မျှပင် ကြိုးစားပါစေ သူသည် အခုချိန်တွင် ခြောက်နှစ် ကလေးလေးသာ ရှိသေး၏။ နောက် ရက်နည်းနည်းကြာမှ သာလျှင် ခုနစ်နှစ် ပြည့်မည် ဖြစ်သည်။

သခင်မ၏ ဘက်မှ လူများကိုသာ သူ ဖုံးကွယ်ထားနိုင်လျှင် ထားနိုင်ပေလိမ့်မည်။ သို့ပေမဲ့ မွေးဖွားလာစဉ် ကတည်းမှ သခင်လေးအား ခစားကာ အနားတွင် ရှိနေပေးသည့် သူ့ကိုတော့ ဖုံးကွယ်ထား၍ မရနိုင်ပါချေ။ ဝမ်ချွမ်းမန်မှ လက်ကာပြလိုက်လေသည်။

"ဟာဗျာ ကျုပ်တို့က တောသားတွေပါ ကလေးက သခင်မလေးလို့ အခေါ်ခံရဖို့ ဘယ်ထိုက်တန်ပါ့မလဲ သူ့ကို အားယွီလို့ပဲ ခေါ်ပါ"

သူ၏ သမီးလေးသည် အလွန် အားနည်းကာ ကောင်းကောင်း မပြုစုနိုင်မည်ကို သူ စိုးရိမ်နေဆဲ ဖြစ်လေရာ မည်ကဲ့သို့ မြင့်မြတ်လှသည့် ဂုဏ်ပုဒ်များနှင့် အခေါ်ခံရဲမည်နည်း။

ထိုသို့ ခေါ်ဆို ခံလိုက်ရသည့်အတွက် သူ၏ သမီးလေး ထံမှ ကံကောင်းခြင်းများ အကုန်မြန်သွားခဲ့လျှင် မည်သို့ လုပ်ရမည်နည်း။ ထိုသို့ ပြောပြီးတာနှင့် တစ်ပြိုင်နက် ဝမ်ချွမ်းမန်မှ မေးလိုက်လေသည်။

"အားယွီ ဒီကိုကိုနဲ့ ကစားရတာ ကြိုက်လား"

"ကြိုက်တယ်"

အားယွီလေးမှ တိုးတိုးလေး ပြန်ဖြေလိုက်လေသည်။

"ဖေဖေ ကိုကိုငါးတို့ကို ပြန်မပြောနဲ့နော် အားယွီကလေ သူတို့ကိုလည်း ချစ်ပါတယ် သမီးက ဒီမှာ ကိုကိုနဲ့ ကစားနေတယ်ဆိုတာ သိသွားရင် သူတို့ စိတ်မကောင်းဖြစ်နေဦးမယ်"

ဝမ်ချွမ်းမန်မှာမူ စိတ်ထဲမှနေ၍ တွေးလိုက်မိလေသည်။

"အဲဒီမျောက်ရှုံးကောင်တွေက ဘယ်လိုလုပ် စိတ်မကောင်းဖြစ်မှာလဲ သူတို့ဘာသာ သူတို့ လွတ်လွတ်လပ်လပ် ဆော့ရလို့ ပိုတောင် ပျော်နေကြအုန်းမှာ "

အားယွီလေးမှ ချင်ဟွိုင်၏ ဘေးမှာပင် ဆက်ကစားနေခဲ့ကာ ဝမ်ချွမ်းမန်မှာမူ သစ်သားများ ကူသယ်ပေးဖို့ရန် ထွက်သွားလေတော့သည်။ ရွာထဲမှ အားနေသည့် တခြားရွာသားများသည်လည်း လာရောက် ကူညီကြလေတော့သည်။

သူတို့သည် အသစ် ရောက်ရှိလာသူတွေ ဖြစ်သည့် အတွက် အလကား ကူခိုင်းဖို့ ရန် ချီကျားမှ အားနာသောကြောင့် အလုပ်လာကူညီသည့် ရွာသားတိုင်းအား တစ်ရက် ကြေးပြား ၁၀ ပြား ပေးလေသည်။ ပိုက်ဆံရသဖြင့် အားလုံးသည် ပို၍ ကြိုးကြိုးစားစား လုပ်ကိုင်ပေးကြလေသည်။

သစ်ပင်ခုတ်သည့် သူကခုတ် ကျောက်တုံးရှာသည့် သူကရှာ ရွှံ့နယ်သည့် သူကနယ် စသဖြင့် ကူညီကြလေသည်။ နောက်တစ်နေ့ နေ့လည်ခင်းတွင် တောင်ပေါ် ၌ သစ်ပင်ခုတ်ရာမှ ပြန်လာကြသည့် ရွာသားများသည် သွေးသံရဲရဲနှင့် လူတစ်ယောက်အား ရုတ်တရက် ထမ်းလျှက် ပြန်လာကြလေသည်။ အားလုံးသည် ထိုလူအား သမားတော်ဟူဆီ အမြန်ပို့လိုက်ကြလေသည်။ ချီကျားမှ ရင်ထိတ်သွားခဲ့ကာ မေးမြန်းလိုက်လေသည်။

"အဲဒါ ကျွန်တော်တို့ရွာက လူလား"

ရွာသား တစ်ယောက်မှ ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်လေသည်။

"မဟုတ်ဘူး အဲဒီလူက မမေ့လဲခင် သူ့နာမည်တောင် ပြောသွားသေးတယ် တော်တော် ထူးဆန်းတယ် ဘာတဲ့ သူ့နာမည်က ခင်ဗျားရော ဒီနာမည်က ထူးဆန်းတယ်လို့ မထင်ဘူးလား"

ဘေးနားတွင်မူ ချင်ဟွိုင်သည် အားယွီလေး မြေကြီးပေါ်ထိုင်လျှက် ပန်းပွင့်များနှင့် ဆော့နေသည်အား တိတ်တဆိတ် ကြည့်ရှုနေခဲ့လေသည်။ ထိုစကားအား ကြားလိုက်ရချိန်တွင် သူသည် ခဏတာမျှ တိတ်ဆိတ်သွား ခဲ့လေသည်။

"သွေးမိုးမျှော်စင်"

ဤသည်မှာ မိစ္ဆာလေဂိုဏ်း ၏ လက်အောက်မှ လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်း တစ်ခု ဖြစ်လေသည်။

All Chapters