ဆုံးဖြတ်ချက်
Vol. 5 Ch. 69
ကျောင်းကျန့်သည် ချင်ဟွိုင်အား သွားကြည့်သောအခါ ထိုကလေးသည် ခရီးဆောင်အိတ်များအား ထုပ်ပိုးပြီးစီးနေပြီဖြစ်um မြင်းရထားပေါ်တွင်ပင် ထိုင်နေသည်အား တွေ့လိုက်ရလေသည်။
သူသည် အနုစိတ်သည့် ပုံစံများပါရှိသည့် အစိမ်းရင့်ရောင် ဝတ်ရုံအား ဝတ်ဆင်ထားလေသည်။ သူ၏ လက်များသည် ဒူးပေါ်တွင် တင်ထားကာ ကျောအား မတ်မတ်ထားလျှက် မျက်လုံးများမှာမူ လစ်လျူရှုထားသည့်အသွင် ဖြစ်နေခဲ့သည်။
သူသည် ခုနစ်နှစ် ပြည့်တော့မည့် ကလေးတစ်ယောက်နှင့် မတူပေ။ ထိုအစား ငယ်ရွယ်နုပျိုခြင်းသို့ ပြန်လည်ရောက်ရှိလာသည့် ဘုန်းကြီးအို တစ်ပါးနှင့်သာ တူနေတော့သည်။
"ဘိုးဘေးလေးရာ ကျွန်တော့်ရဲ့ ဘိုးဘေးလို့ ခေါ်ပါရစေ ဒီအချိန်မှာ ပြဿနာ မရှာပါနဲ့ဗျာ ကျွန်တော် ဒီမှာ အလုပ်တွေ အရမ်းရှုပ်နေလို့ပါ"
ကျောင်းကျန့်မှာ အမှန်တကယ်ကို ခေါင်းကိုက်နေရပြီ ဖြစ်သည်။
"အခု ယုံတင်းခရိုင်တစ်ခုလုံးမှာ နေရာချထားပေးရမယ့် ဒုက္ခသည် ၁ သိန်းကျော် ရှိနေသေးတယ် မင်းက ဒီမှာ ပြဿနာထပ်ရှာနေပြန်ပြီ ငါ့ကို ဘာလုပ်စေချင်တာလဲ"
အထက်လူကြီးများ မည်သို့ တွေးနေသည် ဆိုသည်အား သူမသိချေ။
‘ဒါက ကပ်ဘေးကယ်ဆယ်ရေး လုပ်နေရတာ ပြီးတော့ ဒုက္ခသည်တွေကိုလည်း နှစ်သိမ့်ပေးရအုန်းမှာ’
‘ဒါပေမဲ့ ခရိုင်အုပ်ချုပ်ရေးမှူးက အသေးအဖွဲ ကိစ္စအဝဝကို ကူညီဖြေရှင်းပေးဖို့ ရောက်မလာသေးဘူး’
‘ရွာတွေထဲက မြည်းတွေတောင် ငါ့ရဲ့ လက်ရှိ ဖြစ်နေတဲ့ ဘဝလောက် ခက်ခဲမယ်မထင်ဘူး’
‘ဒါပေမဲ့ ဒီဘိုးဘေးလေးက ခေါင်းမာလွန်းလို့ ရိုက်လို့လည်းမရ ဆူလို့လည်းမရဘူး’
‘သူကို အပြစ်တင်ဖို့ အတွက်လည်း ငယ်လွန်းသေးတယ်’
‘ဟူး ဒါက လူတိုင်းအတွက် ခက်ခဲအောင် လုပ်နေတာ မဟုတ်ဘူးလား’
သို့သော် ချင်ဟွိုင်သည် ကျောင်းကျန့်၏ အရေးတကြီး ဖြစ်မှုအား မမြင်သည့်အလား မတုန်မလှုပ် ရှိနေလေသည်။
"မင်း တကယ်တမ်း ဘာလိုချင်တာလဲ ရပ်လိုက်လို့ မရဘူးလား ငါ ဒီကကိစ္စ ပြီးသွားရင် မင်းကို ပြန်ပို့ပေးမယ် ဟုတ်ပြီလား"
ချင်ဟွိုင် တိတ်ဆိတ်နေဆဲပင် ဖြစ်သည်။
"အား"
ကျောင်းကျန့်သည် လက်သီးများအား ကျိုးပဲ့လုမတတ် တင်းတင်းဆုပ် လိုက်မိသည်။ သူသည် အသက်ပြင်းပြင်း ရှူသွင်းလိုက် ပြီးနောက် စိတ်အား တည်ငြိမ်အောင် ထားလိုက်လေသည်။
ထိုအချိန်တွင် ချင်ဟွိုင် ရုတ်တရက် ပြင်းထန်စွာ ချောင်းဆိုးလိုက်ကာ ပါးစပ်ထောင့်မှ သွေးမည်းများ စီးကျလာခဲ့လေသည်။ သူသည် ရင်ခွင်ထဲမှ လက်ကိုင်ပဝါအား တည်ငြိမ်စွာပင် ထုတ်လိုက်ပြီးနောက် သွေးများအား သုတ်ကာ ဘေးသို့ လွှင့်ပစ်လိုက်လေသည်။
လူတစ်ယောက် ရှေ့တိုးလာခဲ့ကာ လက်ကိုင်ပဝါအား ယူသွားလိုက်တော့သည်။ ကျောင်းကျန့်၏ လှုပ်ရှားမှုများ ရုတ်တရက် တောင့်တင်းသွားခဲ့ရသည်။ သူသည် မြင်းရထားပေါ်သို့ အပြေးအလွှား တက်သွားခဲ့ကာ စိုးရိမ်တကြီး ပြောလိုက်လေသည်။
"မင်း ဘာလို့ သွေးအန်တာလဲ ဘာဖြစ်တာလဲ"
ချင်ဟွိုင် အကြည့်လွှဲလိုက်ပြီးနောက် မည်သည်ကိုမျှ မပြောဘဲ သူ့အား စကားလှည့် မပြောချင်သည့် ပုံစံမျိုး လုပ်နေခဲ့သည်။
"ချင်ဟွိုင် မင်း ဘာဖြစ်နေတာလဲ"
ချင်ဟွိုင် တိတ်ဆိတ်နေသည်အား မြင်သော် ကျောင်းကျန့်သည် နောက်သို့ လှည့်ကြည့်လိုက်ကာ လက်ကိုင်ပဝါအား သိမ်းဆည်းနေသည့် အစေခံကို လှမ်းအော်လိုက်လေသည်။
"လက်ကိုင်ပဝါ ငါ့ပေးစမ်း"
သူသည် ထိုအရာသည် မည်သည့်အရာ ဆိုသည်အား ကြည့်ချင်မိလေသည်။ ထိုစဉ် ရုတ်တရက် ချင်ဟွိုင်မှ စကားစ ပြောလာခဲ့လေသည်။
"မတ်လ"
ကျောင်းကျန့် ခေါင်းလှည့်ကြည့်မိလိုက်သည်။ ချင်ဟွိုင်မှ သူ၏ မျက်လုံးများအား စိုက်ကြည့်ပြီးနောက် တစ်လုံးချင်း ပြောလိုက်လေသည်။
"မတ်လက ကျွန်တော် အချိန်ကုန်မယ့်လပဲ"
ထိုသို့ပြောပြီးနောက် ချင်ဟွိုင် မျက်လုံးများ မှိတ်လိုက်ကာ ဆက်မပြောလိုတော့ချေ။ ထိုအပြုအမူသည် သူ၏ မျက်လုံးများထဲရှိ သရော်မှုနှင့် အေးစက်မှု အားလုံးကို ဖုံးကွယ်ထားလိုက်လေသည်။
ကျောင်းကျန့်သည် ရုတ်တရက် တွေးလိုက်မိသည်။ ထို ကောင်လေးသည် အခုမှ ခြောက်နှစ်ခန့်သာ ရှိသေးသည့်တိုင် သူသည် ရှင်းရှင်းလင်းလင်းပင် အသက် ၆၀ အရွယ် လူအို တစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့သည်။
အသက်ရှင်သန်မှု လက္ခဏာ လုံးဝ မရှိပေ။
ချီကျားးသည် အချိန်ကိုက် ပေါ်လာပြီးနောက် ပြောလိုက်သည်။
"သခင်မကြီးက လူတိုင်းကို ဆုတ်ခွာဖို့ အမိန့်ပေးထားပြီးပါပြီ စိတ်မပူပါနဲ့ သခင်ကြီးကျန်း သခင်လေးက ပြဿနာရှာမှာ မဟုတ်ပါဘူး ပြဿနာလည်း မရှာနိုင်ပါဘူး"
စကား ခဏရပ်ပြီးနောက် သူ ထပ်မံ ပြောလေသည်။
"သူက သူ့ဘဝနောက်ဆုံးရက်တွေကို ကောင်းကောင်းမွန်မွန် နေချင်ရုံပါ"
"ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ"
ကျောင်းကျန့်မှ မျက်မှောင်ကြုတ်လိုက်မိသည်။ ချင်ဟွိုင်၏ အမူအရာအား ကြည့်ပြီးနောက် သူ ရုတ်တရက် ပြောလိုက်လေသည်။
"မင်း ဘယ်ရွာကို သွားဖို့ စီစဉ်ထားတာလဲ"
ချီကျားးမှ ပြန်ဖြေလိုက်သည်။
"ဖုန်းအန်းရွာပါ အဲဒီမှာ မက်မွန်တော တစ်ခု ရှိတယ်လို့ ကြားတယ် သခင်လေးက သွားကြည့်ချင်လို့ပါ"
ဖုန်းအန်းရွာသည် ယုံတင်းခရိုင်၏ တောင်ဘက်တွင် ရှိကာ တောင်ကြားထဲတွင် ရှိနေသည့် ရွာတစ်ရွာဖြစ်ပြီး နှင်းဘေးဒဏ် အနည်းငယ်မျှသာ ခံစားခဲ့ရသည့် ရွာလည်း ဖြစ်ပေသည်။ ထို့ကြောင့် ရွာထဲရှိ ရှုခင်းများမှာ ကောင်းမွန်စွာ ကျန်ရှိနေသေးသည်။ ယခုအချိန်တွင် တောင်ပေါ်ပန်းများ ပွင့်လန်းနေပြီ ဖြစ်သည်။
ကျောင်းကျန့်သည် ချင်ဟွိုင်၏ လက်ရှိ ခန္ဓာကိုယ် အကြောင်း တွေးမိပြီးနောက် ပြောလိုက်လေသည်။
"ငါ မင်းအတွက် လူနှစ်ယောက်နဲ့ လိုက်ပါဖို့ သမားတော်တစ်ယောက် စီစဉ်ပေးမယ် ခရိုင်ရုံးက လူတွေက လက်ရှိ အလုပ် အရမ်းများနေတော့ ငါ မင်းအတွက် လုပ်ပေးနိုင်တာ ဒီလောက်ပဲ ရှိတော့တယ်"
"မလိုပါဘူး သခင်လေးကို ကျွန်တော် လိုက်ပို့ပါ့မယ်"
ကျောင်းကျန့် မှ ချီကျားး၏ စွမ်းရည်များအား တွေးလိုက်မိသည်။ သာမန် အစိုးရအရာရှိ ဆယ်ယောက် အယောက် နှစ်ဆယ်လောက်ကို ထိုသူ တစ်ယောက်တည်း တိုက်ခိုက်ဖို့ လုံလောက်သည်ဟု သူ ခန့်မှန်းမိလေသည်။
"ဒါဆို သမားတော်ကရော မင်း"
"အဲဒါ လိုအပ်လို့လား"
ချင်ဟွိုင်မှ အေးစက်စွာ မေးလိုက်လေသည်။ ကျောင်းကျန့် ဆို့နင့်သွားခဲ့ကာ မည်သည်ကိုမှ ဆက်လက်၍ မပြောနိုင်တော့ပေ။
‘ဒီကလေးက ငယ်ရွယ်ပေမယ့် အရမ်းခေါင်းမာတယ် ဘယ်သူ့စကားမှ နားမထောင်ဘူး’
ချင်ဟွိုင် ရောက်လာချိန်တွင် ဘုန်းကြီးများ တာအိုဆရာများနှင့် အခြားသူများ အပါအဝင် အစေခံ ဆယ်ယောက်ကျော် လိုက်ပါလာခဲ့လေသည်။ ယခုအချိန်တွင် ထိုလူများ ခရိုင်ရုံးတွင် တည်းခိုနေခဲ့ကြကာ နှစ်ရက်အတွင်း ပြန်ရန် စောင့်ဆိုင်းနေကြလေသည်။
ယခုတွက် သူ ဖုန်းအန်းရွာကို သွားတော့မည်ဖြစ်ရာ ထိုလူများ လိုက်ပါတော့မည် မဟုတ်ချေ။ ချီကျားးနှင့် မြင်းရထားမောင်းသူ တစ်ဦးသာ သူ့နောက်သို့ လိုက်ပါသွားကြလေသည်။ ထိုကလေး ထွက်ခွာလာပြီးနောက် ကျောင်းကျန့်သည် စဉ်းစားလေလေ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရလေလေ ဖြစ်နေခဲ့သည်။ သူသည် ထိုလူများအား သွားရောက် ပြောဆိုလိုက်လေသည်။
"မင်းတို့ သခင်လေးကို လိုက်ပို့ရမှာ မဟုတ်ဘူးလား ဘာလို့ မလိုက်ကြတာလဲ"
"အော်မိတောဖော"
ဘုန်းကြီးမှ ဗုဒ္ဓစာ ရွတ်ဆိုလိုက်ကာ ပြန်ပြောလေသည်။
"ဒါယကာလေးမှာ သူ့အစီအစဉ်နဲ့သူ ရှိပါတယ် ဘုန်းကြီးက ဒီအထိပဲ လိုက်ပို့ပေးနိုင်တာပါ"
တာအိုဆရာဖြစ်သူသည်လည်း သူ၏ ယပ်တောင်အား ခါလိုက်လေသည်။
"သခင်လေးကို သူ့ဘာသာသူ အခြေချခွင့် ပြုလိုက်မှသာ အသက်ရှင်ဖို့ အခွင့်အလမ်း ရှိနိုင်မယ်လို့ ဒီဆရာ တွက်ချက်ထားပါတယ်"
ကျောင်းကျန့်သည် သူတို့အားလုံး ပေါက်ကရတွေ ပြောနေကြသည်ဟု ခံစားလိုက်ရလေသည်။ သူ လှည့်ကြည့်လိုက်ပြီးနောက် ထူးဆန်းသည့် အဝတ်အစား ဝတ်ဆင်ထားသူအား မေးလိုက်လေသည်။
"ဒါဆို မင်းကရော ဘယ်လိုပြောမလဲ"
"သခင်လေးရဲ့ ဘဝက ကြမ်းတမ်းခဲ့ပါတယ် အခု ကပ်ဘေးနဲ့ ကြုံတွေ့နေရတော့ ဘယ်သူမှ သူ့ကို မကယ်နိုင်ပါဘူး သူကိုယ်တိုင်ပဲ ကျော်ဖြတ်ရမှာပါ တခြားသူတွေ အများကြီး ဝင်ပါရင် သူ့ကို အန္တရာယ်ပဲ ဖြစ်စေပါလိမ့်မယ်"
ကျောင်းကျန့် မှ ပြောလိုက်လေသည်။
" စကားတွေ ဒီလောက် အများကြီး ပြောနေပြီးမှ မင်းတို့က သူ့နောက် မလိုက်ချင်တော့တာမလား သခင်မကြီးက မင်းတို့ကို ဘယ်အချိန် ပြန်လာခိုင်းတာလဲ"
"ကျွန်တော်တို့ နဂါးလှေပွဲတော် မတိုင်ခင် ဘယ်အချိန်မဆို ပြန်လို့ရပါတယ်"
ဘုန်းကြီးမှ ရိုးသားစွာ ပြောလိုက်လေသည်။
"ကောင်းပြီ အခုမှ ပထမလပဲ ရှိသေးတာ မေလ ၅ ရက် မတိုင်ခင် အချိန်အများကြီး လိုပါသေးတယ်"
ကျောင်းကျန့်သည် မည်သည့်ခံစားချက်မျှ မပါဘဲ ပြောလိုက်တော့သည်။
"ဒါဆိုရင် အလကား မနေကြနဲ့ ကပ်ဘေး ကယ်ဆယ်ရေးမှာ ကူညီဖို့ ငါ့နောက်လိုက်ခဲ့ကြ"
"ဘုန်းကြီး ခင်ဗျားက ကပ်ဘေးကြောင့် သေဆုံးသွားသူတွေရဲ့ ဝိညာဉ်တွေကို ကူးတို့ကူးပေးဖို့ တာဝန်ယူပါ"
...
"တာအိုဆရာ ထုံးတမ်းစဉ်လာအတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်ပါ"
"ကျန်တဲ့လူတွေက လူထုကို နှစ်သိမ့်ဖို့ မြို့ပြင်ကို သွားနိုင်တယ်"
"ပြီးတော့ ခြေကောင်း လက်ကောင်း ရှိတဲ့လူတွေ ဒီမှာ အစားအစာ လာဖြုန်းမနေနဲ့ ရွာအသီးသီးကို သွားပြီးတော့ အိမ်ဆောက်တာ ကူညီကြ"
"ပြီးတဲ့နေ့ကျမှ ပြန်လာကြ"
လူတိုင်း စကားမပြောနိုင် ဖြစ်သွားကြလေတော့သည်။ ဤလူများအား ညွှန်ကြားချက်များ ပေးပြီးနောက် ကျောင်းကျန့် စာကြည့်ခန်းသို့ ပြန်လာခဲ့ကာ စာနှစ်စောင် အလျင်အမြန် ရေးလိုက်လေသည်။ သူသည် အစေခံတစ်ယောက်အား ခေါ်လိုက်ကာ တိုးတိုးလေး ပြောလိုက်လေသည်။
"ဒါတွေကို မြန်မြန် သွားပို့လိုက်"
နှစ်နာရီ ကြာပြီးနောက် ချင်ဟွိုင်နှင့် အခြားသူများသည် လမ်းကွေ့သို့ ရောက်ရှိလာကြသည်။ ညာဘက်တွင် ဖုန်းအန်းရွာသို့ သွားသော လမ်းရှိသည် ဖြစ်သည်။
"သခင်လေး ညာဘက်လမ်းအတိုင်း လိုက်သွားရင် နှစ်နာရီအတွင်း ဖုန်းအန်းရွာကို ရောက်ပါလိမ့်မယ် စောပါသေးတယ်"
မြင်းရထားမောင်းသူမှ ပြုံးလိုက်လေသည်။
"ရပ်လိုက်"
ချင်ဟွိုင်၏ အသံသည် ရထားလုံးပေါ်မှ ထွက်ပေါ်လာခဲ့သည်။ မြင်းရထားမောင်းသူ ဇက်ကြိုးအား ဆွဲလိုက်ပြီးနောက် သူ ထပ်ပြောသည်ကို ကြားလိုက်ရသည်။
"ဘယ်ဘက်ကိုသွားမယ်"
"ဘယ်ဘက်က ဖုန်းအန်းရွာ မဟုတ်ဘူး မြောက်ဘက်လေ အဲဒီမှာ နှင်းဘေးဒဏ် သင့်နေတာ ကြည့်စရာ ကောင်းတာ ဘာမှမရှိဘူး"
အပြင်ဘက်တွင် သူနှင့်အတူ ထိုင်နေသည့် ချီကျားးသည် လက်ထဲရှိ သစ်သားတုတ်ဖြင့် ရထားအား ခေါက်လိုက်သည်။
"ပေါက်ကရ ပြောနေတာ ရပ်လိုက်တော့"
မြင်းရထားမောင်းသူ မှ ပြန်ပြောလိုက်သည်။
" ကျွန်တော်တို့ ဖုန်းအန်းရွာကို သွားမယ်လို့ သဘောတူထားကြတယ်လေ"
ရုတ်တရက် ငွေတုံးတစ်တုံး သူ့ရင်ခွင်ထဲသို့ ပစ်ဝင်လာခဲ့သည်။ မြင်းရထားမောင်းသူသည် ငွေတုံးအား ချက်ချင်း ကောက်ယူလိုက်ပြီးနောက် ကိုက်ကြည့်လိုက်လေသည်။
သူသည် ငွေတုံးပေါ်တွင် ရှင်းလင်းစွာ ရိုက်နှိပ်ထားသည်အား မြင်သော် သူသည် ကျယ်လောင်စွာ ရယ်မောလျှက် ပြောလိုက်လေသည်။
"မကြာသေးခင်က နှင်းတွေ အရည်ပျော်သွားတော့ မြောက်ဘက်က မက်မွန်တောက ပိုတောင် လှပါသေးတယ် သခင်လေးတို့ ငြိမ်ငြိမ်ထိုင်ကြနော် မောင်းမယ်ဟေ့"
ကြာပွတ်သံနှင့်အတူ မြင်းရထားသည် ဘယ်ဘက်သို့ ကွေ့သွားလေတော့သည်။ ဟူမိသားစုရွာရှိ လူတိုင်း နွေဦးမျိုးစေ့များ စိုက်ပျိုးရန် အလုပ်ရှုပ်နေကြသည်။ မျိုးစေ့များ ဝေငှ ပေးလိုက်သဖြင့် စိုက်ပျိုးရေးအပေါ် လူတိုင်း၏ စိတ်အားထက်သန်မှုမှာ အံ့သြစရာ ကောင်းလောက်အောင် မြင့်မားနေခဲ့သည်။
တစ်ချက် ကြည့်လိုက်လျှင် သူတို့အားလုံး လယ်လုပ်ရန် အလုပ်ရှုပ်နေကြသည်အား မြင်နိုင်ပေသည်။ ရွာလူကြီးဟူ၏ သားကြီး ဟူတာလျူသည် နောက်ဆုံးတွင် မြည်းတစ်ကောင်နှင့် နွားတစ်ကောင်အား ပြန်ယူလာခဲ့လေသည်။
"မြို့ထဲက နွားတွေအကုန်လုံး ရောင်းထွက်သွားလို့ ဒါဝယ်ဖို့ ခရိုင်မြို့အထိ သွားခဲ့ရတယ် နွားအိုကြီးလည်း ရောင်းလိုက်ရပြီဆိုတော့ ဒီနွားပေါက်လေးပဲ ကျန်တော့တယ် နည်းနည်းတော့ အားနည်းပေမယ့် ဈေးနှုန်းကလည်း ၁၀ ရာခိုင်နှုန်း သက်သာတယ်"
ဟူတာလျူသည် နွားပေါက်လေးအား လယ်ကွင်းထဲသို့ ဆွဲခေါ်လာခဲ့ကာ အခြားသူများအား ပြောလိုက်လေသည်။
"နွားပေါက်လေးက အားနည်းတယ် အားလုံးပဲ သူ့ကို အရမ်း အမြန်ကြီး မခိုင်းကြနဲ့နော် မဟုတ်ရင် တစ်ရက် နှစ်ရက်လောက်နဲ့ ပင်ပန်းသွားလိမ့်မယ်"
လူတိုင်း လက်ကာ ပြလိုက်ကြလေသည်။
"တာလျူရာ ငါတို့ကို ပြောဖို့ လိုသေးလို့လား ငါတို့လည်း ဒီနွားပေါက်လေးကို သိပ်မခိုင်းရက်ပါဘူးကွာ အားလုံးပဲ ဟိုဘက်သွားပြီး ဝိုင်းကူကြရအောင် ဆောင်းဦးရောက်ရင် ဒီနွားပေါက်လေးကို ကောင်းကောင်း ကြည့်ရှုပေးကြတာပေါ့"
သူသည် စကားပြောပြီးသည်နှင့် လူတိုင်း ရယ်မောလိုက်ကြလေသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်မှ အလုပ်လုပ်ခဲ့ရသည့် ပင်ပန်းနွမ်းနယ်မှုများ လျော့ပါးသွားပုံရသည်။
ဝမ်မိသားစုဘက်တွင် အဖွားအိုဝမ်မှ ဘူးသီးခြောက်ထဲမှ နတ်ရေစင်အား ယူထုတ်ရန် လျူရှီကို ခေါ်လိုက်သည်။
"ဒီရေက တော်တော် အသုံးဝင်တယ် တစ်ဝက်လောက်ယူပြီးတော့ ရေနဲ့ရောလိုက် ပြီးရင် ဟိုဘက်မှာ တူးထားတဲ့ မြောင်းထဲ လောင်းထည့်လိုက်"
နောက်ရက် အနည်းငယ်အတွင်း မိသားစုသည် ထိုနေရာရှိ မြေဆွေးများအား အသုံးပြုကြမည် ဖြစ်သည်။ ဤရေနှင့်ဆိုလျှင် သီးနှံများ ပိုမို ကြီးထွား လာလောက်လေသည်။ လျူရှီမှ တိုးတိုးလေး ပြောလိုက်လေသည်။
"အမေ ကျွန်မ မိဘအိမ်ကို နည်းနည်းလောက် ယူသွားလို့ ရမလား"
ဤရေသည် သီးနှံတွေအား ကြီးထွားစေနိုင်လေသည်။ လွန်ခဲ့သည့် နှစ်ရက်မှ လေ့လာ ကြည့်ပြီးနောက် သူတို့ မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
အိမ်နောက်ဖေးရှိ ငှက်ပျောတောမှ ငှက်ပျောသီး အခိုင်ကြီး သုံးခိုင် ခူးဆွတ်ပြီးသွားပြီ ဖြစ်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်မှ ခူးဆွတ်ခဲ့သည့် ငှက်ပျောသီးများမှာ မှည့်နေပြီ ဖြစ်ကာ အိမ်ရှိ ကလေးများအားလုံး မည်မျှ ချိုကြောင်း အော်ဟစ် ပြောဆိုနေကြလေသည်။ အကယ်၍ သူမ၏ မိဘအိမ်သို့ ပြန်ယူသွားလျှင် ယခုနှစ် သူတို့၏ ရိတ်သိမ်းမှုသည် ပိုမို ကောင်းမွန်လာလိမ့်မည် ဖြစ်သည်။
"မရဘူး"
အဖွားအိုဝမ်မှ ငြင်းပယ်လိုက်လေတော့သည်။