ကောင်းကင်ကိုခွဲသော လက်ဝါး
Vol. 9 Ch. 81
လဲ့ဝေယွမ်၏စကားကြောင့် ယန်ချင်း၏မျက်နှာပေါ်တွင် စပ်စုလိုသော အမူအရာတစ်ခု ပေါ်လာလေသည်။ သူက တိန်ချောင်ရှိရာဘက်သို့ အဓိပ္ပာယ်ပါပါ အကြည့်တစ်ချက် မပို့ဘဲမနေနိုင်တော့ပေ။
"မှတ်တမ်းတွေထဲမှာ ဘာတွေများ လိုအပ်နေလို့လဲ ကြီးကြပ်ရေးမှူး " ယန်ချင်းက မေးလိုက်သည်။
"စစ်ပွဲက ဘာကြောင့် ၃ နှစ်လောက်တောင် ကြာခဲ့ရတာလဲ ဆိုတဲ့ အခြေခံအကြောင်းရင်းပဲ။”
“ကျောက်စိမ်းလက်ဝါးဂိုဏ်းကို လာတိုက်တဲ့ အဆင့် ၂ ဂိုဏ်း ၁၀ ဂိုဏ်းက တစ်ဂိုဏ်းစီကို အနည်းဆုံး နယ်မြေအဆင့် ကျွမ်းကျင်သူ နှစ်ဦးစီ ခေါ်လာကြတော့၊ စစ်မြေပြင်မှာ ရှိနေတဲ့ နယ်မြေအဆင့်ကျွမ်းကျင်သူ အရေအတွက်စုစုပေါင်းက အယောက် ၂၀ တောင် ရှိတယ်။"
"တည်ထောင်သူ သုံးဦးက တော်တော်လေး ပါရမီပါပြီး၊ ကျောက်စိမ်းလက်ဝါးကျင့်စဉ်ရဲ့ စွမ်းအားကလည်း ကြီးမားတယ် ဆိုပေမဲ့... ကျောက်စိမ်းလက်ဝါးဂိုဏ်းမှာ နယ်မြေအဆင့် ကျွမ်းကျင်သူ ၈ ဦးပဲ ရှိတာလေ။”
“နယ်မြေအဆင့်ကျွမ်းကျင်သူ ၈ ဦးတည်းနဲ့ အယောက် ၂၀ ကို အောင်မြင်စွာ တောင့်ခံထားဖို့ ဆိုတာ တကယ်ကို ခက်ခဲတဲ့ ကိစ္စတစ်ခုပဲ။”
“ ပြီးတော့ တိုက်ပွဲ ဖြစ်နေတုန်းမှာတောင် ရန်သူတွေရဲ့ ဌာနချုပ်တွေကို သွားတိုက်ဖို့ အချိန်ရသေးတယ် ဆိုတာကြီးက..."
"ဒီကိစ္စတွေ အားလုံးက တိန်ချောင် ကြောင့်သာ ဖြစ်နိုင်ခဲ့တာ။ တိုက်ခိုက်မှုတွေ စတင်တဲ့ အချိန်တုန်းက ကျောက်စိမ်းလက်ဝါးဂိုဏ်းဟာ သူတို့ရဲ့ ဂိုဏ်းကာကွယ်ရေး အစီအရင် ကျိုးပေါက်သွားတဲ့ အထိ ဆက်တိုက် ဖိနှိပ်ခံခဲ့ရတယ်။”
“ တိုက်ပွဲစတင်ချိန်မှာ တိန်ချောင် ထွက်မလာခဲ့တဲ့အတွက် အဲဒီအချိန်တုန်းက သူက တံခါးပိတ် ကျင့်ကြံနေဆဲ ဖြစ်မယ်လို့ စီနီယာက ခန့်မှန်းခဲ့တယ်။”
“အစပိုင်း ကာလတွေမှာ သူတို့ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတာကို ထောက်ရှုရင်၊ သူက တမင်သက်သက် နှောင့်နှေးနေခဲ့တာတော့ မဖြစ်နိုင်ဘူး။”
"ဂိုဏ်းကာကွယ်ရေး အစီအရင် ပျက်စီးသွားပြီး ဂိုဏ်းက ဖိအားတွေ အများကြီး ပေးခံနေရတဲ့ အချိန်မှာ၊ လူအများစုက ကျောက်စိမ်းလက်ဝါးဂိုဏ်းရဲ့ အဆုံးသတ်ချိန် ရောက်လာပြီလို့ ထင်ခဲ့ကြတယ်။”
“ဒါပေမဲ့ အတားအဆီး ပျက်စီးသွားတဲ့ အချိန်မှာပဲ ထင်မှတ်မထားတဲ့ အပြောင်းအလဲ တစ်ခု ဖြစ်လာခဲ့တယ်။”
“မျက်စိကျိန်းမတတ် တောက်ပတဲ့ အဖြူရောင်အလင်းတန်း တစ်ခုက တိုက်ခိုက်သူတွေကို နောက်ဆုတ်သွားအောင် တွန်းထုတ်လိုက်ပြီး၊ ဘာဖြစ်သွားလဲ ဆိုတာကို ဘယ်သူမှ သေချာမသိလိုက်ခင်မှာပဲ အနိမ့်ဆုံးနယ်မြေအဆင့် ကျွမ်းကျင်သူနှစ်ဦးက နေရာတင် တစ်ခါတည်း အသေသတ်ခံလိုက်ရတယ်။”
“အဲဒီ အလင်းတန်း ပျောက်သွားမှသာ လေထဲမှာ မျောလွင့်နေတဲ့ တစ်ကိုယ်တော်ပုံရိပ်တစ်ခုကို အားလုံး မြင်တွေ့လိုက်ရတာ။”
"အဲဒီမှာ ရှိနေတဲ့ လူတွေရော၊ ကျွန်တော်တို့ရဲ့ စီနီယာ အပါအဝင် အားလုံးက အဲဒီပုံရိပ်က ဘယ်သူလဲ ဆိုတာကို နားမလည်နိုင်ခဲ့ကြဘူး။”
“ဂိုဏ်းတည်ထောင်သူ သုံးဦးက သူ့ကို ဂျူနီယာ ညီလေးလို့ ခေါ်ပြီး၊ ကျန်တဲ့ ဂိုဏ်းသားတွေက သူ့ကို တည်ထောင်သူလို့ ခေါ်လိုက်မှသာ သူက အားအနည်းဆုံးလို့ ထင်မှတ်ခံထားရတဲ့ ဂိုဏ်းရဲ့ စတုတ္ထခေါင်းဆောင်မှန်း သိသွားကြတာ။”
"အဲအချိန်ကြမှ သူတို့ထင်မြင်ချက်က ဘယ်လောက်တောင် မှားယွင်းနေခဲ့သလဲ ဆိုတာကို အားလုံး သိသွားကြတယ်။”
“သူ ထွက်ပေါ်လာတာနဲ့ တစ်ဖက်သတ်ဖြစ်နေတဲ့ တိုက်ပွဲက မျှခြေညီတဲ့ တိုက်ပွဲတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားတယ်။"
"တိန်ချောင်ဟာ စစ်မြေပြင် တစ်လျှောက်မှာ သေမင်း၊ ပျက်စီးခြင်း နဲ့ ကပ်ဆိုးတွေကို သယ်ဆောင်လာတဲ့ သရဲတစ္ဆေတစ်ကောင်လို ရွေ့လျားနေခဲ့တယ်။”
“သူ့ရဲ့ လက်ဝါးတစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ နန်းတော်အဆင့် ကျွမ်းကျင်သူ ရာပေါင်းများစွာ သေဆုံးသွားခဲ့ရတယ်။"
"မိနစ်အနည်းငယ် အတွင်းမှာတင် ရန်သူတွေ တစ်ပတ်လောက် အချိန်ယူ တည်ဆောက်ထားခဲ့ရတဲ့ အရှိန်အဟုန်နဲ့ စိတ်ဓာတ်ခွန်အားတွေကို သူက အောင်အောင်မြင်မြင် ဖျက်ဆီးပစ်နိုင်ခဲ့တယ်။”
“တိုက်ပွဲက အဲဒီလောက်နဲ့တင် မပြီးသွားဘူး... သိပ်မကြာခင်မှာပဲ အသာစီး ပြန်ရဖို့ ကြိုးစားနေတဲ့ နယ်မြေအဆင့် ကျွမ်းကျင်သူ ၅ ဦးရဲ့ ဝိုင်းရံ တိုက်ခိုက်တာကို သူ ခံခဲ့ရတယ်။”
“နောက်ထပ် တစ်ပတ်လောက် အပြန်အလှန် တိုက်ခိုက်ကြပြီးတဲ့ နောက်မှာ နယ်မြေအဆင့် ကျွမ်းကျင်သူ နောက်တစ်ဦး ထပ်ကျဆုံးသွားတယ်။”
“အဲဒီနောက်ပိုင်း အပတ်တိုင်းမှာလည်း... တစ်လ ပြည့်သွားတဲ့ အချိန်အထိ နယ်မြေအဆင့် ကျွမ်းကျင်သူ ၄ ဦး ထပ်မံ သေဆုံးသွားခဲ့တယ်။ ဒါကြောင့် သူ့လက်ချက်နဲ့ သေဆုံးသွားတဲ့ နယ်မြေအဆင့် ကျွမ်းကျင်သူ စုစုပေါင်း ၆ ဦး အထိ ရှိသွားခဲ့တယ်။”
"ကျင့်ကြံသူတွေက ငါတို့အဆင့်ကို ရောက်လာပြီဆိုရင်၊ ကျင့်ကြံခြင်း အဆင့်ကွာဟချက် အရမ်းကြီးမားနေတာပဲ ဖြစ်ဖြစ်၊ တာအိုညဏ်အလင်းပွင့်ခြင်းမှာကွာဟချက် အရမ်း ကြီးမားနေတာမျိုးမရှိဘူး ဆိုရင် တစ်ယောက်ကို တစ်ယောက် သတ်ဖို့က ခက်ခဲတယ်။”
“ကျင့်ကြံခြင်းအဆင့်တူတဲ့ နယ်မြေအဆင့် ကျွမ်းကျင်သူနှစ်ဦး အနေနဲ့ တစ်ယောက်ကို တစ်ယောက် သတ်ဖို့ဆိုတာ အဲဒီလောက် မလွယ်ကူဘူး။ တစ်ဖက်လူက ထွက်ပြေးချင်တယ် ဆိုရင် သူ့ကို တားဖို့က အရမ်း ခက်ခဲလို့ပဲ။"
"ဒါကြောင့် တိန်ချောင်က တစ်လတည်းနဲ့ နယ်မြေအဆင့် ကျွမ်းကျင်သူ ၆ ဦးကို သတ်ဖြတ်နိုင်ခဲ့တာဟာ စစ်မြေပြင် တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်လိုက်တာပဲ။”
“အဆင့် ၂ ဂိုဏ်း ၁၀ ဂိုဏ်းက အရင်ကလောက် ယုံကြည်မှု မရှိတော့သလို၊ ကျောက်စိမ်းလက်ဝါးဂိုဏ်းကလည်း တိန်ချောင်ရဲ့ စွမ်းဆောင်ရည်ကြောင့် စိတ်ဓာတ်တွေ ပြန်လည် တက်ကြွလာပြီး၊ သူတို့ကို လာတိုက်တဲ့သူတွေကို ပိုပြီး ရက်ရက်စက်စက် ပြန်လည် တိုက်ထုတ်နိုင်ခဲ့ကြတယ်။”
“ကျန်နေသေးတဲ့ နယ်မြေအဆင့် ကျွမ်းကျင်သူတွေက တိန်ချောင်ကို ဝိုင်းရံဖို့ ကြိုးစားကြတဲ့အတွက်၊ ကျန်တဲ့ ဂိုဏ်းသားတွေ အပေါ် ကျရောက်နေတဲ့ ဖိအားတွေ အတော်များများက လျော့ကျသွားတယ်။”
“အဲဒါကို အခွင့်ကောင်းယူပြီး၊ ကျန်တဲ့ ဂိုဏ်းသားတွေက နယ်မြေအဆင့် ကျွမ်းကျင်သူ တစ်ဦးနဲ့ နန်းတော်အဆင့် ကျွမ်းကျင်သူအနည်းငယ်ကို လျှို့ဝှက် စေလွှတ်ပြီး၊ တိန်ချောင်နဲ့ ကျန်တဲ့ နယ်မြေအဆင့် ကျွမ်းကျင်သူတွေက အချိန်ဆွဲထားပေးတဲ့ တိုက်ခိုက်သူတွေရဲ့ ဂိုဏ်းဌာနချုပ်တွေကို ဖျက်ဆီးပစ်ဖို့ တန်ပြန်ထိုးစစ်အစီအစဉ် ဆွဲခဲ့ကြတယ်။"
"ကျန်တဲ့သူတွေ နေခဲ့ကြပြီး ဧည့်သည်အကြီးအကဲကိုတော့ အဲဒီဂိုဏ်းတွေရဲ့ ဌာနချုပ်တွေကို ဖျက်ဆီးဖို့ တာဝန် ပေးလိုက်တယ်။”
“တိန်ချောင်က နယ်မြေအဆင့် ကျွမ်းကျင်သူ ၅ ဦးကို တစ်ယောက်တည်း အချိန်ဆွဲထားပြီး၊ ကျန်တဲ့ နယ်မြေအဆင့် ကျွမ်းကျင်သူ ၉ ဦးကိုတော့ တည်ထောင်သူ သုံးဦး နဲ့ ကျန်ခဲ့တဲ့ နယ်မြေအဆင့် ကျွမ်းကျင်သူ နှစ်ဦးတို့ ကြားမှာ ခွဲဝေ တိုက်ခိုက်ခဲ့ကြတယ်။”
“နယ်မြေအဆင့် ကျွမ်းကျင်သူ ၅ ဦးကို ရင်ဆိုင်နေရပေမဲ့ တိန်ချောင်ကတော့ ရေထဲက ငါးတစ်ကောင်လိုပါပဲ။”
“တိုက်ခိုက်မှုတိုင်းက ရန်သူကို ထိခိုက်စေဖို့ သေချာအောင် လုပ်ရင်း၊ ထိခိုက်ဒဏ်ရာ အနည်းဆုံး ရအောင် ကာကွယ်ခြင်းနဲ့ တိုက်ခိုက်ခြင်းအကြားမှာ ချောချောမွေ့မွေ့နဲ့ကူးပြောင်းနိုင်ခဲ့တယ်။”
“ကျောက်စိမ်းလက်ဝါး ကျင့်စဉ်ရဲ့ ခမ်းနားကြီးကျယ်မှုတွေကို အဲဒီတိုက်ပွဲမှာ မြင်တွေ့ခဲ့ရတာပဲ။ စီနီယာကတော့ အဲဒီကျင့်စဉ်ရဲ့ တောက်ပမှု... အထူးသဖြင့် သူ့လက်ထဲမှာ အဲဒီလောက် အစွမ်းထက်နေတာကို မချီးကျူးဘဲ မနေနိုင်ခဲ့ဘူး။”
“စစ်မြေပြင်မှာ ရှိနေတဲ့ ဘယ်သူကမှ သူ့လောက် အဲဒီကျင့်စဉ်ကို အစွမ်းထက်အောင် အသုံးမချနိုင်ခဲ့ဘူး။ အဲဒီကျင့်စဉ်က တခြားသူတွေထက် သူ့အတွက် သီးသန့် ဖန်တီးထားသလားလို့တောင် ထင်ရတယ်။”
“အဲဒီကျင့်စဉ်နဲ့ တိန်ချောင် က တက်လှမ်းခြင်းအဆင့် လက်နက်တွေကို လက်ဗလာနဲ့ ရိုက်ခွဲပစ်ခဲ့တယ်။”
“ သူက လက်နက် မကိုင်ထားပေမဲ့ လမ်းလျှောက်နေတဲ့ လက်နက်တစ်ခုလိုပဲ။ အဲဒါကို ငါကိုယ်တိုင် မြင်လိုက်ရရင် သိပ်ကောင်းမှာပဲ၊" လဲ့ဝေယွမ်က သူ၏ အသံထဲတွင် နှမြောတသမှုနှင့် မျှော်လင့်ချက်တို့ ရောယှက်နေလျက် ပြောလိုက်လေသည်။
'သူ့အတွက် သီးသန့် ဖန်တီးထားသလား' ဆိုသည့် စကားကို ယန်ချင်းက ပြန်လည် တွေးတောလိုက်စဉ် တိန်ချောင်နှင့် ပတ်သက်၍ သူ ရုတ်တရက် သတိပြုမိသွားသော အရာတစ်ခု ရှိလေသည်။
သူသည် ပုံရိပ်တစ်ခု ဖြစ်နေသော်လည်း သူ၏လက်များနှင့် မျက်လုံးများသည် အဖြူရောင် သလင်းကျောက်စိမ်း ကဲ့သို့ ဖြစ်နေသည်။ သို့သော် သူ့ကို ဆွဲဆောင်သွားသည်မှာ ထိုလက်များပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုလက်များက သူ့ကို လူတစ်ယောက်အား သတိရသွားစေသောကြောင့်တည်း။
"အဲ့ဒီလူ…ဖြစ်နိုင်မလား..."
ယန်ချင်းက သူ၏အကြည့်ကို ထိုလက်များပေါ်တွင် ခေတ္တမျှ ရပ်တန့်ထားရင်း တွေးလိုက်မိပြီးနောက်၊ လဲ့ဝေယွမ်၏ ပြောစကားများဆီသို့ အာရုံပြန်လှည့်လိုက်လေသည်။
"နောက်ဆုံးမှာတော့ အချိန်ကြာမြင့်စွာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြီးအပြီးမှာ... နယ်မြေအဆင့် ကျွမ်းကျင်သူ နောက်ထပ် နှစ်ဦးက သူ့လက်ချက်နဲ့ ကျဆုံးသွားခဲ့ပြီး၊ ကျန်တဲ့သုံးယောက်ကလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားခဲ့တယ်။”
“ကျန်တဲ့ ပြိုင်ဘက်တွေ ဘက်ကလည်း နောက်ထပ် သုံးဦး ကျဆုံးခဲ့ပြီး၊ ကျောက်စိမ်းလက်ဝါးဂိုဏ်းက နယ်မြေအဆင့် ကျွမ်းကျင်သူ တစ်ဦးလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားခဲ့တယ်။ ဒါပေမဲ့ ခေါင်းဆောင် လေးဦးကတော့ အသက်ရှင်လျက် တိုက်ခိုက်နိုင်စွမ်း ရှိနေဆဲပဲ။"
"ဌာနချုပ်တွေ ဖျက်ဆီးခံလိုက်ရပြီ ဆိုတဲ့ သတင်းက သူတို့ ပြိုင်ဘက်တွေရဲ့ နားထဲကို နောက်ဆုံးမှာ ရောက်သွားပြီး၊ သေးသွယ်တဲ့ ကြိုးတစ်ချောင်းလို ကျန်နေသေးတဲ့ သူတို့ရဲ့ စိတ်ဓာတ်ခွန်အားတွေကို ထပ်ပြီး ဖျက်ဆီးပစ်လိုက်တယ်။”
“ကျန်တာကတော့ မင်း ဖတ်ဖူးတဲ့ အတိုင်းပါပဲ။ တစ်လလောက်ပဲ ကြာမယ်လို့ မျှော်လင့်ထားတဲ့ တိုက်ပွဲက ၃ နှစ်လောက် ကြာသွားပြီး၊ အဲဒီအချိန် ရောက်တော့ ဂိုဏ်း သုံးဂိုဏ်းပဲ ကျန်တော့တယ်။”
“သူတို့က နယ်မြေအဆင့် နောက်ဆုံးအဆင့်မှာ ရှိတဲ့ ကျွမ်းကျင်သူတွေကို စေလွှတ်နိုင်ခဲ့တဲ့ အားအကောင်းဆုံး ဂိုဏ်း သုံးဂိုဏ်း ဖြစ်ပေမဲ့၊ သူတို့လည်း အခြေအနေ သိပ်မကောင်းတော့ဘူး။”
“တကယ်လို့များ အခြေအနေတွေက ဒီအတိုင်းသာ နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက် ဆက်သွားမယ် ဆိုရင် သူတို့လည်း သေဆုံးသွားတဲ့ သူတို့ရဲ့အဖော်တွေ နောက်ကို လိုက်သွားရတော့မှာ။”
“ဒါပေမဲ့... တစ်ခါတလေကျရင် တချို့ကိစ္စတွေက ငါတို့ မျှော်လင့်ထားသလို ဖြစ်မလာတတ်ဘူးလေ”
လဲ့ဝေယွမ်က သက်ပြင်းချလိုက်လေသည်။ ဤသည်မှာ တိန်ချောင်၏ မျက်နှာပေါ်ရှိ နာကျင်နေသော အမူအရာ၏နောက်ကွယ်မှ အကြောင်းရင်း တစ်စိတ်တစ်ပိုင်း ဖြစ်မည်ဟု သူ သံသယရှိနေသည်။
သူတို့ လုံးဝ ရှုံးနိမ့်သွားပြီ ဆိုတာ သေချာနေရင် တစ်မျိုးပေါ့... ဒါပေမဲ့ သူတို့က အောင်ပွဲနဲ့ လက်တစ်ကမ်း အလိုကို ရောက်နေပြီ ဖြစ်ပြီး၊ အရာအားလုံးက ပြောင်းလဲသွားခဲ့တာလေ။
ယန်ချင်းကို အကြာကြီး စောင့်မနေစေဘဲ လဲ့ဝေယွမ်က ဆက်ပြောလေသည်။
"အခြေအနေတွေက ကျောက်စိမ်းလက်ဝါးဂိုဏ်းဘက်ကို အသာစီး ရနေပြီလို့ ထင်ရတဲ့ အချိန်မှာပဲ တတိယအင်အားစု တစ်ခု ပေါ်လာခဲ့တယ်။”
“သူတို့က ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်တဝက် ကျွမ်းကျင်သူတစ်ဦး ဦးဆောင်လာတဲ့ လူ ၅ ဦး ပါဝင်တဲ့ အဖွဲ့ငယ်လေး တစ်ဖွဲ့ ဖြစ်ပြီး၊ ကျန်တဲ့ အဖွဲ့ဝင်တွေကလည်း နယ်မြေအဆင့်အထွတ်အထိပ် ဒါမှမဟုတ် နောက်ဆုံးအဆင့်တွေမှာ ရှိကြတယ်။”
"တရားစီရင်ရေးအဖွဲ့က စီနီယာက သူတို့ကို... အထူးသဖြင့် အဲဒီ အဆင့်လုနီးပါး ကျွမ်းကျင်သူကို သတိပြုမိသွားတဲ့ အချိန်မှာ၊ သက်သေတွေကို နှုတ်ပိတ်ဖို့ သူတို့ ဆုံးဖြတ်လာမှာ စိုးတဲ့အတွက် အဲဒီနေရာကနေ ထွက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။”
“သူက ပြဿနာတွေထဲ မပါဝင်ချင်ဘူးလေ။ ဒါပေမဲ့ သူ မထွက်ပြေးခင်လေးမှာ၊ ခေါင်းဆောင် သုံးဦးထဲက တစ်ဦး ဖြစ်တဲ့ ဆေးပညာကျွမ်းကျင်သူက အဲဒီ ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်လုနီးပါး ကျွမ်းကျင်သူရဲ့ ရက်ရက်စက်စက် သတ်ဖြတ်တာကို ခံလိုက်ရတာကို သူမြင်လိုက်ရတယ်။”
“မကြာခင်မှာပဲ ဟိန်းဟောက်သံတွေ၊ ရူးသွပ်နေတဲ့ အော်ဟစ်သံတွေနဲ့ ပေါက်ကွဲသံတွေ ထွက်ပေါ်လာပြီး တိုက်ပွဲက နောက်ထပ်အဆတစ်ရာလောက် ပိုပြင်းထန်သွားပုံ ရတယ်။”
“သူ မိုင် ၃၀၀ လောက် အကွာကို ရောက်သွားတဲ့ အချိန်မှာပဲ၊ နယ်မြေတစ်ခုစာလောက် ကြီးမားတဲ့ လက်ဝါးကြီးတစ်ခုက ကောင်းကင်ယံကနေ အဲဒီနေရာကို ကျဆင်းလာခဲ့တယ်။”
“အဲဒီလက်ဝါးကြီးက ဖန်သားလို ကြည်လင်နေပြီး လက်ချောင်းထိပ်တွေမှာ စကြဝဠာ တိမ်တိုက် လေဝဲကတော့တွေ ပါရှိတယ်။”
“အဲဒီလေဝဲကတော့ တွေက ဝိညာဉ်ချီ ကနေ လေထု၊ အလင်းရောင်အထိ အဲဒီနေရာမှာ ရှိတဲ့ အရာအားလုံးကို စုပ်ယူသွားတယ်။”
“အဲဒီမီးလက်ဝါးကြီးက တောင်တန်း တစ်ခုစာ အရွယ်အစား ရှိတဲ့ မီးငှက်ပုံရိပ်ကြီး တစ်ခုနဲ့ ရင်ဆိုင် မိသွားတဲ့ အချိန်မှာ မိုးကြိုးပစ်သလို အသံကြီး ထွက်ပေါ်လာခဲ့တယ်။”
“စီနီယာက မိုင် ၃၀၀ လောက် ဝေးတဲ့ နေရာမှာ ရှိနေတာတောင် အဲဒီ တိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲ ဂယက်ကြောင့် လောင်ကျွမ်း မခံရခင်လေးမှာပဲ သူ့ရဲ့ နေရာရွှေ့ပြောင်းခြင်း အဆောင်ကို အမြန် ဖျက်ဆီးပြီး ထွက်ပြေးခဲ့ရတယ်။”
"မိုင် တစ်ထောင် အတွင်းမှာ ရှိတဲ့ အရာအားလုံးဟာ ဖုန်မှုန့် အဖြစ် ပြောင်းလဲသွားပြီး ဧရာမ မီးတောင်ပေါက်ကြီးတစ်ခုပဲ ကျန်ခဲ့တယ်။ ကျောက်စိမ်းလက်ဝါးဂိုဏ်းရဲ့ အုတ်တစ်ချပ်တောင် မကျန်ခဲ့ဘူး။”
“ အဲဒီ ဧရိယာ တစ်ခုလုံးက အခုအချိန်ထိ လေထုထဲက ဖရိုဖရဲ ဖြစ်နေတဲ့ ချီစွမ်းအင်တွေနဲ့ မတည်ငြိမ်တဲ့လေဟာနယ်တွေကြောင့် လူနေထိုင်လို့ မရတဲ့ နေရာကြီး ဖြစ်နေတုန်းပဲ။”
“အမြူတေဖွဲ့စည်းခြင်းအဆင့် အောက်က ဘယ်သူမှ အဲဒီနေရာမှာ အသက်မရှင်နိုင်ဘူး။ အမြူတေဖွဲ့စည်းခြင်းအဆင့် ရှိတဲ့ သူတွေတောင် အစွန်အဖျား နေရာတွေမှာပဲ နေနိုင်တယ်။”
"စီနီယာရဲ့ အကဲဖြတ်ချက် အရ... အဲဒီ တိုက်ခိုက်မှုရဲ့ အတိုင်းအတာက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးရဲ့ အကန့်အသတ်ကိုတောင် ရောက်နေပြီ။"
"ပျက်စီးမှု အတိုင်းအတာက အရမ်း ပြင်းထန်လွန်းလို့ မိုင် ၁၀၀၀ အတွင်းမှာ အဆောက်အအုံ ဒါမှမဟုတ် အပင်တွေ မပြောနဲ့၊ အလောင်း တစ်လောင်းတောင် ရှာမတွေ့ခဲ့ဘူး။”
“ကျောက်စိမ်းလက်ဝါးဂိုဏ်းရဲ့ ခေါင်းဆောင်တွေရော၊ သူတို့ကို လာတိုက်တဲ့ သူတွေပါ အဲဒီတိုက်ခိုက်မှုကြောင့် သေဆုံးသွားပြီလို့ ယူဆခဲ့ကြတယ်။”
“နောက်ပိုင်းကျမှ တိုက်ခိုက်သူတွေ ထဲက နှစ်ဦးက ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ အသက်ရှင် လွတ်မြောက်သွားတယ် ဆိုတာကို သိလိုက်ရတယ်။ သူတို့ နှစ်ယောက်လုံးက အဆင့် ၂ ဂိုဏ်း တွေရဲ့ ဂိုဏ်းချုပ်တွေ။"
"သူတို့ထဲက တစ်ဦး ကတော့၊ သူ့ရဲ့ ဒဏ်ရာရနေတဲ့ သတင်းနဲ့ ကျောက်စိမ်းလက်ဝါးဂိုဏ်းကို တိုက်ခိုက်ရာမှာ သူတို့ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတဲ့ သတင်းတွေ ထွက်သွားပြီး ရက်သတ္တပတ် အနည်းငယ် အကြာမှာပဲ ပြိုင်ဘက်ဂိုဏ်းရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတယ်။”
“သူ့ဂိုဏ်းကလည်း သိပ်မကြာခင်မှာပဲ သိမ်းပိုက်ခံလိုက်ရတယ်။”
“နောက်ဆုံး သိရတဲ့ အသက်ရှင်ကျန်ရစ်သူ ကတော့ သူတို့ရဲ့ ရန်သူတွေ ရန်ကနေ ကာကွယ်မှု ရဖို့ အတွက် အဆင့် ၁ အင်ပါယာ ဖြစ်တဲ့ 'ကြက်သွေးရောင် ကောင်းကင် အင်ပါယာ' ရဲ့ လက်အောက်ခံအဖြစ် ချက်ချင်း ကြေညာလိုက်တယ်။”
“တတိယ အင်အားစု အနေနဲ့ ကတော့... အဆင့် ၂ ဂိုဏ်းချုပ် နှစ်ဦးတောင် အသက်ရှင်သေးတာပဲ ဆိုတော့ သူတို့လည်း အသက်ရှင် လွတ်မြောက်သွားတယ်လို့ မှတ်ယူလို့ ရပါတယ်။”
“ပေါက်ကွဲမှု ဖြစ်ပြီးတဲ့ နောက်မှာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ခြေရာခံလို့ မရတော့တဲ့ အတွက် ဒီအချက်က လက်ရှိအချိန်မှာ ခန့်မှန်းချက် သက်သက်ပါပဲ။”
"သူတို့ ဘယ်သူတွေလဲ ဆိုတာကို ကြီးကြပ်ရေးမှူးတို့ ရှာတွေ့ခဲ့လား" ယန်ချင်းက မေးလိုက်သည်။
"ဝမ်းနည်းစရာ ကောင်းတာက မတွေ့ခဲ့ဘူး။ ငါတို့ဆီမှာ ခန့်မှန်းချက် တချို့ ရှိပေမဲ့ အဲဒါတွေက ခန့်မှန်းချက် သက်သက်ပါပဲ။ ခိုင်လုံတဲ့ သက်သေ မရှိဘဲနဲ့ အရေးယူလို့ မရဘူး။”
“ဒါပေမဲ့ အဲဒီတိုက်ပွဲကို မြင်ခဲ့တဲ့ စီနီယာကတော့ ပြီးခဲ့တဲ့ အနှစ် ၃၀၀ လုံးလုံး ဒီကိစ္စကို ဆက်တိုက် စုံစမ်းနေခဲ့တယ်။”
“သူတို့ ဘယ်သူလဲ ဆိုတာကို ဖော်ထုတ်နိုင်ဖို့ ဆိုတာ အချိန်တစ်ခုပဲလိုတယ်"
လဲ့ဝေယွမ်က ပြောလိုက်သည်။
"အဲဒီ စီနီယာ အကြောင်းကရော" ယန်ချင်းက သူမည်သူဖြစ်မည်ကို အနည်းငယ် စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
သူ ယနေ့ သိလိုက်ရသော သတင်းအချက်အလက်များ အားလုံးမှာ စာအုပ်များထဲတွင် မပါရှိပေ။
ထို့ကြောင့် တိုက်ပွဲ၏အချို့သော အပိုင်းများ၊ ပို၍ တိတိကျကျ ဆိုရလျှင် တိန်ချောင် ဝင်ရောက် စွက်ဖက်ခဲ့မှုနှင့် ပတ်သက်သော သတင်းအချက်အလက်များကို အကြောင်းပြချက် တစ်ခုခုကြောင့် အပြင်သို့ မပေါက်ကြားစေလိုသော အဖွဲ့အစည်း တစ်ခုခုက ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်နိုင်သလို၊ တိုက်ပွဲက အလွန်ပြင်းထန်လွန်းသဖြင့် လူများကို အနားသို့ ကပ်ရန်ပင် မရဲအောင် ခြောက်လှန့်နိုင်ခဲ့ခြင်းလည်း ဖြစ်နိုင်သည်။
မည်သည့် အကြောင်းကြောင့်ပင် ဖြစ်စေ... လဲ့ဝေယွမ် ပြောသော စီနီယာဆိုသူမှာ တိုက်ပွဲကို အစမှ အဆုံးနီးပါးအထိ စောင့်ကြည့်နိုင်ခဲ့သူ ဖြစ်သဖြင့် သာမန် လူတစ်ယောက် မဟုတ်ကြောင်း ထိုအချက်များက သက်သေပြနေလေသည်။
"သူက အထက်တန်း နယ်မြေတရားခွင် တရားသူကြီးတစ်ဦး ဆိုတာကလွဲပြီး မင်းကို ငါ ထပ်ပြောပြလို့ မရဘူး။”
“ဒါပေမဲ့ မင်းရဲ့ တရားရုံးထဲမှာ သူ့ရဲ့ စုံစမ်းစစ်ဆေးမှုရဲ့ အဓိက ဇာတ်ကောင်တွေထဲက တစ်ယောက် ရှိနေတာ ဆိုတော့... မင်း သူ့ကို တွေ့ရကောင်း တွေ့ရနိုင်ပါတယ်။”
“လောလောဆယ်တော့ လက်ရှိ ကိစ္စကိုပဲ အာရုံစိုက်ဦး" လဲ့ဝေယွမ်က ပြောလိုက်လေသည်။