← Chapters

လေးပွင့်ဆိုင် သဘောတူညီချက် (၂)

Vol. 9 Ch. 84

လေးပွင့်ဆိုင် သဘောတူညီချက် (၂)

Vol. 9 Ch. 84

တောင်းပန်သည့်အနေဖြင့် ဦးညွှတ်အရိုအသေပေးပြီးနောက် ဂိုဏ်းချုပ် ဟန်ချင်းလင်းက ပြန်မတ်တပ်ရပ်လိုက်ကာ၊ ကျောက်ချီနှင့် လျိုယွမ်တို့ထံ အဖြစ်အပျက်များကို သူ၏ဘက်မှ ရှင်းပြလေတော့သည်။

သူတို့နှစ်ဦးလုံး၊ အထူးသဖြင့် ကျောက်ချီ၏မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာများ ရှိနေပြီး ခံစားချက်ပေါင်းစုံ ဖြတ်သန်းပြေးလွှားနေပေသည်။

နောက်ဆုံးတွင်၊ ဂိုဏ်းကြီး ပျက်စီးသွားမည့်အချိန်၌ ကျောက်ချီ၏လုံခြုံရေးကို သေချာစေရန်အတွက် ဂိုဏ်းက ဖန်တီးခဲ့သည့် အစီအစဉ်များနှင့် လှည့်ကွက်များအကြောင်းကို ဂိုဏ်းချုပ် ဟန်ချင်းလင်းမှ အစအဆုံး ရှင်းပြပြီးသွားချိန်၌မူ လေးလံသော လေထုတစ်ခုက တရားရုံးအတွင်း ကြီးစိုးသွားလေသည်။

“ဒါက သိပ်ပြီးတော့ အဆင်ပြေလွန်းမနေဘူးလား။ တစ်မိနစ်လောက်မှာ ကျွန်တော်က ဂိုဏ်းရဲ့ ကပ်ပါးကောင် ဖြစ်နေပြီး၊ နောက်တစ်မိနစ်ကျတော့ ဂိုဏ်းက အပင်ပန်းခံပြီး ကာကွယ်ပေးရလောက်အောင် အဖိုးတန်တဲ့ မျိုးဆက်လေး ဖြစ်သွားပြန်ရော။”

“ အကယ်လို့ ဂိုဏ်းချုပ်သာ ကျွန်တော့်နေရာမှာဆိုရင်၊ ခင်ဗျား ခုလေးတင် ပြောသွားခဲ့တာတွေကို ယုံကြည်နိုင်ပါ့မလား။”

“ ခင်ဗျားတို့ ကျွန်တော့်ကို ခံစားရအောင် လုပ်ခဲ့သမျှ အရာအားလုံးက ကျွန်တော့်အကျိုးအတွက်ပါလို့ ​ပြောရင် ခင်ဗျားတို့ ယုံနိုင်ပါ့မလား”

ကျောက်ချီအတွက်တော့မူ ဇာတ်လမ်းတစ်ပုဒ်လုံးက လုံးဝကို ယုံကြည်နိုင်စရာ မရှိပေ။ ဂိုဏ်းချုပ်ဟန်ချင်းလင်း၏စကားများကို ယုံကြည်ရန် အလွန် ခဲယဉ်းနေခဲ့သည်။

သို့သော် သူ့ကိုယ်သူ ကာကွယ်ရန်အတွက် မယုံကြည်ချင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုလျှင် ပိုမှန်ပေလိမ့်မည်။

ဂိုဏ်းအပေါ် သတိလက်လွတ် ယုံကြည်မိပြီး၊ ဂိုဏ်းနှင့် ဂိုဏ်းသားများကို သူ၏အိမ်သဖွယ် တကယ်တမ်း မှတ်ယူမိခဲ့ပြီးနောက် တစ်ကြိမ် အလိမ်အညာခံခဲ့ရပြီး ဖြစ်သည်။

သူက အဖိုးတန်ဆုံး တပည့်တစ်ဦးအဖြစ်မှ ဂိုဏ်း၏ ကပ်ဆိုးကြီးအဖြစ်သို့ အလွန် လျင်မြန်စွာ ပြောင်းလဲသွားခဲ့ရသည်။ မှန်ပေသည်။

သူ၏ဆရာနှင့် အချို့သော ဂိုဏ်းသားများကဲ့သို့သော လူအနည်းစုက သူ့ပတ်ဝန်းကျင်ရှိ အရှုပ်တော်ပုံများကြားမှပင် သူ့အပေါ် ယခင်ကကဲ့သို့ပင် ရိုးသားဖြူစင်စွာ ဆက်ဆံခဲ့ကြသည်။

သို့သော် သူ့ကို မျက်စိစူးစရာတစ်ခုအဖြစ် မြင်နေကြသော ဂိုဏ်း၏လူအများစုနှင့် ယှဉ်လျှင် ထိုသူများမှာ လက်ချိုးရေတွက်၍ ရလောက်အောင်ပင် နည်းပါးလှပေသည်။

သူ၏ စိတ်အခြေအနေကို ထိန်းသိမ်းထားနိုင်ခဲ့သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ တိန်ချောင်နှင့် သူ့ဘက်မှ ရပ်တည်ပေးခဲ့သော လူအနည်းစုကြောင့်သာ ဖြစ်သည်။

သို့သော် ယခုတော့ ဂိုဏ်းက သူ့ကို ဘယ်သောအခါမှ သစ္စာမဖောက်ခဲ့ဘူးဆိုသည့် ဂိုဏ်းချုပ်၏စကားကို သူက ယုံကြည်ရတော့မည်လား။

သူ၏ စိတ်တစ်ပိုင်းက ဂိုဏ်းချုပ်၏ ဇာတ်လမ်းကို ယုံကြည်နေပြီး ထိုအထဲမှ သေးငယ်သော နှစ်သိမ့်မှုတစ်ခုကိုပင် ရှာတွေ့နေသော်ငြားလည်း၊ ဂိုဏ်းကို လူဆိုးအဖြစ် ပုံဖော်ထားလိုက်ခြင်းက သူ့အတွက် ပို၍ လွယ်ကူပေသည်။

တိန်ချောင်မှာ ဤအခြေအနေကို တွေ့လိုက်ရသောအခါ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။ သူ ဤသို့ဖြစ်လာမည်ဟု မျှော်လင့်ထားပြီးသား ဖြစ်သည်။

ကျောက်ချီ၏ အကြီးမားဆုံးသော ဒဏ်ရာကို ဆွဲဖွင့်လိုက်ခြင်းဖြစ်သည်။

ဒဏ်ရာရနေသော ခြင်္သေ့ပေါက်လေးတစ်ကောင်ကဲ့သို့ ပင်ပန်းနွမ်းနယ်နေပြီး၊ ယုံကြည်မှုကင်းမဲ့ကာ၊ အရာရာကို ခုခံကာကွယ်ချင်နေမည်မှာ သေချာပေါက်ပင် ဖြစ်ပေသည်။

“ဒါက အမှန်တရားပါ ကျောက်ချီ။ ရှီကျား၊ ချန်ဖူ၊ လုမင်၊ လျောင်ကန်းနဲ့ လိုင်ကန် တို့ကို မင်း မှတ်မိသေးရဲ့လား” ဟု ဂိုဏ်းချုပ် ဟန်ချင်းလင်းက ညင်သာစွာ မေးလိုက်သည်။

“မှတ်မိတာပေါ့။ ဒါပေမဲ့ သူတို့က ဒီကိစ္စနဲ့ ဘာဆိုင်လို့လဲ” ဟု ကျောက်ချီက သူ၏လေသံတွင် အမုန်းတရားအချို့ စွက်ဖက်နေဆဲဖြင့် မေးလိုက်သည်။

ထိုအမည်များကို သူ အလွန် ကောင်းကောင်း သိထားပေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည်လည်း သူ့ကဲ့သို့ပင် ရွယ်တူများကြားတွင် ပါရမီ ထင်ရှားပေါ်လွင်ခဲ့သော အဓိကတပည့်များ ဖြစ်ခဲ့ဖူးသောကြောင့် ဖြစ်သည်။

….

ရှီကျားသည် အသက် နှစ်ဆယ်အရွယ်မှာပင် အမြူတေဖွဲ့စည်းခြင်းအဆင့်ရှိ ကျင့်ကြံသူများ အသုံးပြုနိုင်သော ဆေးလုံးများနှင့် ဆေးရည်များကို ဖော်စပ်နိုင်သည့် လိမ္မော်ရောင်အဆင့် ဆေးဆရာမတစ်ဦး ဖြစ်နေခဲ့ပြီဖြစ်သည်။

ကျောက်ချီသည် သူမ၏သတင်းများကို ကြားခဲ့ရချိန်က ပြင်ပဂိုဏ်းတပည့်အဖြစ် ခြောက်နှစ်မြောက်သာ ရှိသေးသည်။

ချန်ဖူမှာမူ ဂိုဏ်းချုပ်မှလွဲ၍ အသက် ၃၄ နှစ်အရွယ်၌ အမြူတေဖွဲ့စည်းခြင်းနယ်ပယ်၏ သတ္တမအဆင့်သို့ ချိုးဖောက်ဝင်ရောက်ကာ အဓိကအကြီးအကဲတစ်ဦး ဖြစ်လာခဲ့သည့် အသက်အငယ်ဆုံးအကြီးအကဲတစ်ဦး ဖြစ်သည်။

လုမင်တွင် အဆင့်တူ ကျင့်ကြံသူများထက် သုံးဆမျှ ပိုမိုကြီးမားသော ပုံမှန်မဟုတ်သော ဒန်ထျန်တစ်ခုကို ပိုင်ဆိုင်ထားကာ မိုးပြာရောင်လိပ်ပြာ ကိုယ်ခန္ဓာဖွဲ့စည်းပုံ ရှိသည်။

သူမသည်လည်း အသက် ၁၄ နှစ်အရွယ်တွင် ချီသန့်စင်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သော အသက်အငယ်ဆုံးသူများထဲတွင် ပါဝင်ခဲ့သည်။

လျောင်ကန်းမှာမူ ဓားပညာတွင် ပါရမီထူးချွန်သော ကြာပန်းဝါဂိုဏ်း တည်ထောင်သူ၏ဓားများထဲမှ တစ်လက်၏အသိအမှတ်ပြုမှုကို ရရှိခဲ့သူဖြစ်သည်။

ဂိုဏ်းတည်ထောင်သူတွင် ဓားတစ်လက်စီတိုင်း၌ ကိုယ်ပိုင် ဝိညာဉ်ရှိသော ဓားလေးလက် ရှိခဲ့ပြီး၊ သူ ကွယ်လွန်ပြီးနောက် နှစ်ပေါင်း ၁၅,၀၀၀ အတွင်း ထိုဓားများ၏အသိအမှတ်ပြုမှုကို ရရှိခဲ့သူ ၆ ဦးသာ ရှိခဲ့ရာ လျောင်ကန်းမှာ သတ္တမမြောက်သူ ဖြစ်လာခဲ့သည်။

နောက်ဆုံးတစ်ဦးဖြစ်သော လိုင်ကန်မှာ ကြာပန်းဝါဂိုဏ်း၏ အဓိကကျင့်စဉ်ဖြစ်သော ‘ကြာဝါရွက် လိပ်ပြာ ၃၆ ကွက်’ ကျင့်စဉ်၏ ပဉ္စမအဆင့်သို့ ရောက်ရှိခဲ့သူဖြစ်သည်။

၎င်းမှာ ထိပ်တန်းအပြာရောင်အဆင့် ကျင့်စဉ်တစ်ခု ဖြစ်သည်။ ကျင့်စဉ်တစ်ဆင့် အောင်မြင်တိုင်း အရွက်တစ်ရွက် ဖွဲ့စည်းသွားမည်ဖြစ်ပြီး၊ ထိုအခါ ကျင့်ကြံသူ၏ မျက်ခုံးနှစ်ခုကြားတွင် ကြာရွက်အမှတ်အသားတစ်ခု ပေါ်လာမည်ဖြစ်သည်။

နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ရန် အရွက်လေးရွက်ကို ကျင့်ကြံရမည်ဖြစ်သည်။ အသက် ၂၉ နှစ်အရွယ် လိုင်ကန်သည် အရွက် ၂၃ ရွက်အထိ ကျင့်ကြံထားပြီးဖြစ်ရာ၊ ထိုကျင့်စဉ်၏ ပဉ္စမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဂိုဏ်းတည်ထောင်သူသည် လျှို့ဝှက်ဆန်းကြယ်သော နယ်မြေတစ်ခုတွင် ကံကောင်းထောက်မစွာဖြင့် ထိုကျင့်စဉ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထိုကျင့်စဉ်မှာ ဂိုဏ်းကြီး ယနေ့ခေတ်အခြေအနေအထိ ကြီးထွားလာစေရန် ကူညီပေးခဲ့သော စစ်မှန်သည့် အခြေခံအုတ်မြစ်ကြီးပင် ဖြစ်ပေသည်။

မှတ်တမ်းများအရ အမြင့်ဆုံးရောက်ရှိခဲ့သည့် အဆင့်မှာ အရွက် ၂၈ ရွက်ဖြစ်ပြီး၊ ၎င်းကို ဟန်ချင်းလင်း၏ ယခင်ရှေ့မျိုးဆက် ဂိုဏ်းချုပ်ဟောင်းက လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

ဟန်ချင်းလင်းသည်လည်း အရွက် ၂၇ ရွက်အထိ ရရှိထားပြီး ထိုစံချိန်နှင့် နီးစပ်နေကြောင်း မှတ်တမ်းတင်ခံထားရကာ၊ အကယ်၍သာ ဂိုဏ်းအနေဖြင့် အကျပ်အတည်းနှင့် မရင်ဆိုင်ရဘဲ ကျင့်ကြံရန် အချိန်လုံလောက်စွာ ရရှိမည်ဆိုပါက အရွက် ၂၈ ရွက်အထိ သေချာပေါက် ရောက်ရှိနိုင်မည်ဟု လူအများက ယူဆထားကြသည်။

အဆင့်တစ်ဆင့် တက်လှမ်းနိုင်မှုတိုင်းသည် စွမ်းအားပိုင်းရော၊ အခက်အခဲပိုင်းတွင်ပါ အရည်အသွေးပိုင်းအရ ကြီးမားသော ခုန်ပျံကျော်လွှားမှုတစ်ခုဖြစ်ပြီး၊ အဆင့်မြင့်လာသည်နှင့်အမျှ ပိုမိုခက်ခဲလာကာ အရွက် ၂၇ ရွက်နှင့် ၂၈ ရွက်ကြားရှိ ကွာခြားချက်မှာ အရွက်တစ်ရွက်မျှမရှိသူနှင့် အရွက် ၁၆ ရွက်ရှိသူကြားက ကွာခြားချက်နှင့် ညီမျှလောက်သည်အထိပင် ဖြစ်ပေသည်။

…..

ကျောက်ချီအတွက်မူ ဤအမှုနှင့် သူတို့ မည်သို့ ပတ်သက်နေသည်ကို မသိလျှင်တောင်မှ သူတို့တွင် တူညီသော အချက်အနည်းငယ် ရှိနေသည်ကို သတိပြုမိလိုက်သည်။

တစ်ချက်မှာ သူတို့အားလုံးက ပါရမီရှင်များ ဖြစ်ကြပြီး၊ နောက်တစ်ချက်မှာ သူတို့အားလုံး ယခုအခါ ဂိုဏ်းထဲတွင် မရှိကြတော့ခြင်းပင် ဖြစ်သည်။

ရှီကျားသည် အဆင့် ၃ အဖွဲ့အစည်းတစ်ခုမှ နာမည်ကြီး ဆေးဆရာတစ်ဦး၏ လက်ထောက်အဖြစ် လုပ်ဆောင်ရန် ရေရှည်တာဝန်တစ်ခုကို ယူခဲ့သည်။

အဆိုပါ ဆေးဆရာမှာ အပြာရောင်အဆင့် ဆေးဆရာတစ်ဦး ဖြစ်သည်။ သူမသည် ဂိုဏ်းသို့ ပြန်မလာသည်မှာ ဆယ်စုနှစ်တစ်ခုကျော်ပင် ရှိနေပြီဖြစ်သည်။

ချန်ဖူမှာမူ လွန်ခဲ့သောငါးနှစ်က အစောင့်အရှောက် တာဝန်တစ်ခုထမ်းဆောင်စဉ် ပျောက်ဆုံးသွားခဲ့ပြီး ထိုအချိန်မှစ၍ မည်သည့်သတင်းမျှ မကြားရတော့ပေ။

လုမင်၏ အဖြစ်အပျက်မှာ အထူးဆန်းဆုံးဖြစ်ပြီး၊ သူမသည် နန်းတော်အဆင့် ကျွမ်းကျင်သူနှစ်ဦးရှိသော အမျိုးသမီးသီးသန့် ကျင့်ကြံခြင်းဂိုဏ်းဖြစ်သည့် အိမ်မက်ရေကန်တိမ်တိုက်ဂိုဏ်းမှ အကြီးအကဲတစ်ဦး၏ တပည့်အဖြစ် တစ်နည်းနည်းဖြင့် လက်ခံခြင်း ခံခဲ့ရသည်။

လုမင်သည် ဂိုဏ်းအတွင်း၌ မည်သည့်ဆရာမျှ မရှိခဲ့ဖူးသော်လည်း၊ ကြာပန်းဝါဂိုဏ်းဘက်မှ မည်သည့်ကန့်ကွက်မှုမျှမရှိဘဲ သူမ တခြားဂိုဏ်းတစ်ခုသို့ ဝင်ရောက်သွားခြင်းမှာ ထူးဆန်းသည်ဟု ယူဆခဲ့ကြသည်။

လျောင်ကန်းနှင့် ပတ်သက်၍မူ ဂိုဏ်းတွင်း ကောလာဟလများအရ သူသည် သေမင်းဓားတောင်ကြားတွင် ရှိနေသည်ဟု ဆိုကြသည်။

အဆိုပါနေရာမှာ နယ်မြေအဆင့်စဦး ကျွမ်းကျင်သူများပင် အသက်ဆုံးရှုံးခဲ့ရသည့် အန္တရာယ်များသော နေရာတစ်ခုဖြစ်သည်။

သို့သော် နာမည်ဆိုးဖြင့် ကျော်ကြားသော်ငြားလည်း၊ ထိုနေရာကို ဓားကျင့်ကြံသူများအတွက် ရတနာမြေတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။

ထိုနေရာရှိ လေသည် ဓားချီများဖြင့် ဖွဲ့စည်းထားပြီး၊ တောင်ကြား၏ ဗဟိုချက်တွင် ဓားဖွဲ့စည်းခြင်းအဆင့်ရှိ ဓားကျင့်ကြံသူတစ်ဦး၏ အမွေအနှစ် ရှိနေသည်ဟု ကောလာဟလများက ဆိုကြသည်။

ယခုအချိန်အထိ ထိုကောလာဟလ၏ မှန်ကန်မှုကို မည်သူမျှ အတည်မပြုနိုင်သေးသော်လည်း၊ ထိုနေရာသို့ မိမိကိုယ်ကို တိုးတက်အောင် ကျင့်ကြံရန် သွားရောက်ကြသော ဓားကျင့်ကြံသူများသည် တောင်ကြားအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်နိုင်လေလေ၊ သိသာထင်ရှားသော အကျိုးကျေးဇူးများကို ရရှိလေလေ ဖြစ်ကြောင်းကိုမူ လူသိများကြသည်။

၁၃ နှစ်တိုင်တိုင် လျောင်ကန်းသည် ဂိုဏ်းသို့ ပြန်မလာခဲ့သလို သူ၏ကံကြမ္မာကိုလည်း မည်သူမျှ မသိရှိကြပေ။

နောက်ဆုံးတစ်ဦးဖြစ်သော လိုင်ကန်မှာမူ လွန်ခဲ့သော ဆယ့်ခြောက်နှစ်အတွင်း သူ့အကြောင်း ဘာတစ်ခုမှ မကြားခဲ့ရပေ။

သူသည် တစ်ခါမှ မရှိခဲ့ဖူးသကဲ့သို့ပင် ဖြစ်သည်။ သူ့အကြောင်း ခြေရာခံ၍ ရနိုင်သည့် တစ်ခုတည်းသောအရာမှာ မှတ်တမ်းတစ်ခုသာ ဖြစ်သည်။

ကျောက်ချီကိုယ်တိုင်ပင် ထိုသူကို တစ်ခါမှ မျက်မြင်မတွေ့ဖူးဘဲ သူ၏ ဇာတ်လမ်းများကိုသာ ကြားဖူးခဲ့သဖြင့် သူ မည်သို့ပုံပန်းသဏ္ဍာန်ရှိသည်ကိုပင် မသိပေ။

….

ကျောက်ချီသည် သူ၏ တွေဝေမှုများအတွက် အဖြေရရန် အချိန်ကြာကြာ စောင့်ဆိုင်းနေရန် မလိုခဲ့ပေ။

“ငါ ခုလေးတင် ပြောသွားခဲ့တဲ့ နာမည်တွေထဲက၊ ရှီကျားနဲ့ လုမင်တို့ကို ဂိုဏ်းကနေ ရည်ရွယ်ချက်ရှိရှိနဲ့ အဝေးကို စေလွှတ်ခဲ့တာ။”

“သူတို့ရဲ့ လုံခြုံရေးကို သေချာစေဖို့အတွက် ဂိုဏ်းချုပ်ဟောင်းနဲ့ အထွတ်အထိပ် အကြီးအကဲနှစ်ဦး တည်ဆောက်ခဲ့တဲ့ အဆက်အသွယ်တွေကို အသုံးပြုပြီး သူတို့ကို အဲဒီအဖွဲ့အစည်းတွေဆီ စေလွှတ်ခဲ့တာပဲ။”

“ ကံကောင်းထောက်မစွာနဲ့ သူတို့မှာ လုံလောက်တဲ့ ပါရမီတွေ ရှိနေလို့ အဲဒီအဖွဲ့အစည်းတွေက သူတို့ကို လက်ခံဖို့ ဆွဲဆောင်ရတာ သိပ်မခက်ခဲခဲ့ဘူး။”

“လျောင်ကန်းကတော့ ငါတို့ရဲ့ အစီအစဉ်တွေကို ငြင်းပယ်ပြီး နန်းတော်အဆင့်ကို ချိုးဖောက်ဖို့ အခွင့်အရေးရှာဖွေရင်း သေမင်းဓားတောင်ကြားမှာ သူ့ကိုယ်သူ တိုးတက်အောင် ကျင့်ကြံဖို့ ဆုံးဖြတ်ခဲ့တယ်။”

“အဲဒီနေရာကို တိုက်ခိုက်ခြင်းကင်းလွတ်နယ်မြေအဖြစ် သတ်မှတ်ထားပြီး၊ အဲဒီစည်းကမ်းကို ဖောက်ဖျက်သူ မည်သူမဆို နယ်မြေအဆင့် ကျွမ်းကျင်သူဖြစ်ပါစေ နေရာမှာတင် ကွပ်မျက်ခံရမှာဖြစ်လို့ သူ့ကို အဲဒီအထိ လိုက်ပို့ပေးတာ လုံခြုံတယ်လို့ ယူဆခဲ့ကြတယ်။ ချန်ဖူအတွက်ကတော့...”

ဂိုဏ်းချုပ် ဟန်ချင်းလင်းက နာကျင်နေသော အမူအရာဖြင့် စကားကို ခဏရပ်လိုက်သည်။

“သူ သွားဖို့ လုံခြုံတဲ့ နေရာတစ်ခုကို ငါတို့ စီစဉ်ပေးခဲ့ချိန်မှာ သူ အသတ်ခံလိုက်ရတယ်။ ဘယ်လိုဖြစ်သွားလဲတော့ ငါ မသိပေမဲ့၊ ငါတို့ရဲ့ ရန်သူတွေက သတင်းရသွားပြီး သူ့ကို သတ်ပစ်ခဲ့ကြတယ်။”

“လူတွေကြားထဲ အထိတ်တလန့် ဖြစ်သွားမှာကို စိုးရိမ်တဲ့အတွက် အဓိကအကြီးအကဲတွေကလွဲရင် ဂိုဏ်းထဲက တခြားဘယ်သူ့ကိုမှ ငါတို့ အသိမပေးခဲ့ဘူး။”

“နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ လိုင်ကန်ကတော့ အစကတည်းက တကယ် မရှိခဲ့ပါဘူး။ ငါတို့ ကာကွယ်ပေးချင်တဲ့သူတွေအတွက် အကာအကွယ်တစ်ခုအနေနဲ့ သူ့ကို ဖန်တီးခဲ့တာ။”

“အရာအားလုံးက ငါတို့ လုပ်ကြံဖန်တီးထားတာတွေချည်းပဲ။”

“အဲဒီ လိမ်ညာမှု ကွန်ရက်ငယ်လေး အရပ်မျက်နှာစုံကို ပျံ့နှံ့သွားစေဖို့နဲ့၊ ဂိုဏ်းတွင်းမှာရော ဂိုဏ်းပြင်ပမှာပါ အဲဒီဇာတ်လမ်းကို တတ်နိုင်သမျှ ယုံကြည်လောက်စရာ ဖြစ်စေဖို့အတွက် ဂိုဏ်းရဲ့ ဝိညာဉ်ကျောက်တုံး ထက်ဝက်လောက်ကို အသုံးပြုခဲ့ရတယ်။”

“ ငါတို့ရဲ့ မျိုးဆက်လေးတွေ ကာကွယ်ရေး အစီအစဉ် အလုပ်ဖြစ်ဖို့အတွက် လိုင်ကန်ဆိုတာ တကယ်ရှိလာဖို့ လိုအပ်ခဲ့တယ်။”

“ရန်သူတွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်လောက်တဲ့အထိ နာမည်ကျော်ကြားပေမဲ့၊ သူတို့ သံသယဖြစ်လောက်တဲ့အထိ အဓိပ္ပာယ်မဲ့မနေတဲ့ လူတစ်ယောက်ကို ငါတို့ အောင်အောင်မြင်မြင် ဖန်တီးနိုင်ခဲ့တယ်။”

“ လိုင်ကန်ကြောင့်ပဲ လုမင်နဲ့ တခြားတပည့် အနည်းငယ်ကို ငါတို့ ဘေးကင်းကင်းနဲ့ အပြင်ကို ထုတ်ပေးနိုင်ခဲ့တာပဲ” ဟု ဂိုဏ်းချုပ် ဟန်ချင်းလင်းက ပြောလိုက်သည်။

သူ ခုလေးတင် ကြားလိုက်ရသောအရာများကြောင့် ကျောက်ချီ၏ မေးရိုးကြီး ပြုတ်ကျမတတ် ဟသွားခဲ့ပြီး၊ ကျန်သူများမှာလည်း ဆွံ့အမှင်သက်နေသော အမူအရာများ ဖြစ်သွားကြသည်။

ကြာပန်းဝါဂိုဏ်းသည် ဤမျှအထိ အစွန်းရောက်သော နည်းလမ်းများကို အသုံးပြုရန် ဆန္ဒရှိနေခဲ့သည်ကို သူတို့အားလုံး အံ့အားသင့်သွားကြသည်။

ဤဖွင့်ဟချက်ကြောင့် အပြင်းအထန် တုန်လှုပ်သွားသူမှာ တိန်ချောင်ဖြစ်ပြီး၊ သူ၏မျက်လုံးများ တုန်ယင်သွားကာ ရှုပ်ထွေးသော အကြည့်တစ်ခု ဖြတ်ပြေးသွားပြီးနောက် တိတ်တဆိတ် ရေရွတ်လိုက်လေသည်။

“ငါတို့သာ သူတို့လို ဖြစ်ခဲ့မယ်ဆိုရင်၊ ကောင်းမှာပဲ...”

…

“ကျောက်ချီ... ငါတို့ လက်ရှိရောက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ငါတို့ လုပ်နိုင်တာ သိပ်မရှိတော့ပေမဲ့၊ ကြာပန်းဝါဂိုဏ်းရဲ့ အမွေအနှစ်နဲ့ အနာဂတ်က ငါတို့နဲ့အတူ အဆုံးသတ်မသွားစေဖို့တော့ ငါတို့ သေချာအောင် လုပ်နိုင်ပါတယ်။”

“အဲဒီလို မဖြစ်စေဖို့ သေချာအောင် လုပ်ရမှာက ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ငါ့ရဲ့ တာဝန်ပဲ” ဟု ဂိုဏ်းချုပ် ဟန်ချင်းလင်းက နှစ်သိမ့်သော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

“ဒါဆို ဘာလို့ ကျွန်တော်တို့ လက်မမြှောက်လိုက်ရတာလဲ။ အကယ်လို့ ကျွန်တော်တို့ အညံ့ခံလိုက်မယ်ဆိုရင် တရားရုံးက ကျွန်တော်တို့ရဲ့ အသက်ရှင်သန်ခွင့်ကို အာမခံပေးနိုင်တယ်လေ။”

“ ဂိုဏ်းကို ဆုံးရှုံးရမယ်ဆိုရင်တောင် ကျွန်တော်တို့ အချိန်မရွေး ပြန်လည်တည်ဆောက်လို့ ရသေးတာပဲ” ဟု ကျောက်ချီက ပြောလိုက်ရာ၊ တုန်လှုပ်မှုကြောင့် သူ၏အသံမှာ တုန်ယင်နေပြီး အက်ကွဲနေလေသည်။

“ငါတို့က အသက်အရွယ်ကြီးရင့်နေပြီ။ ရာစုနှစ်ပေါင်းများစွာ ဂိုဏ်းနဲ့ပတ်သက်တဲ့ အမှတ်တရတွေ အများကြီး ဖန်တီးခဲ့ကြပြီးပြီ။”

“ ငါတို့ထဲက တချို့ဆိုရင် အဲဒီမှာပဲ မွေးဖွားလာခဲ့ကြတာလေ။ ဒီလိုမျိုး ဆုံးရှုံးလိုက်ရတာကို လက်ခံဖို့ဆိုတာ စဉ်းစားရင် မှန်ကန်တယ်လို့ ခေါင်းက သိနေရင်တောင်မှ၊ နှလုံးသားက လက်ခံနိုင်ဖို့ ခဲယဉ်းလှတယ်။”

“ငါတို့က ငါတို့ ချန်ရစ်ခဲ့မယ့် အရာတွေနဲ့ ဆက်စပ် ချည်နှောင်ခံထားရပြီးသားပါ။”

“ငါတို့ရဲ့ အမွေအနှစ်ကို တိုက်ပွဲတစ်ပွဲမှ မဆင်နွှဲဘဲ အညံ့ခံလိုက်တဲ့သူတွေအဖြစ် မမှတ်တမ်းတင်ခံချင်ဘူး။”

“ ကြာပန်းဝါဂိုဏ်းရဲ့ မီးတောက်ကို နောက်ဆုံးအချိန်အထိ တောက်ပစွာ လောင်ကျွမ်းစေခဲ့တယ်ဆိုတာကိုပဲ ငါတို့ သေချာစေချင်တယ်။”

“ပြီးတော့ အဲဒီ တောက်ပမှုထဲမှာ တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် ကြီးထွားလာပြီး ကြာပန်းဝါဂိုဏ်းကို ငါတို့ထက်တောင် ပိုမိုမြင့်မားတဲ့ အဆင့်အတန်းအထိ ပင့်တင်ပေးနိုင်မယ့် အနာဂတ် မျိုးစေ့လေးတွေအတွက် လမ်းပွင့်သွားအောင် ငါတို့ ဖန်တီးပေးနိုင်ခဲ့ပါတယ်။”

“အဲဒီ မျိုးစေ့လေးတွေက မင်းတို့တွေသာ ဆိုရင်တော့၊ လွယ်ကူမှာ မဟုတ်ဘူးဆိုပေမဲ့ မင်းတို့ အဲဒါကို လုပ်နိုင်လိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်။ နောက်ဆုံးမှာ မင်းတို့ အောင်မြင်သွားမယ်ဆိုတာ ငါ သေချာသိတယ်။”

“ ငါတို့... မရှိတော့တဲ့နောက်ပိုင်း မင်းတို့ အချင်းချင်း ပြန်ရှာတွေ့နိုင်မယ့် နည်းလမ်းတစ်ခုကို ငါ ဖန်တီးပေးခဲ့ပါတယ်။”

“အားလုံးပဲ... ရှေ့ဆက်ရမယ့် အချိန်တွေမှာ အချင်းချင်း လိုအပ်လာမှာမို့ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ကြပါလို့ မှာချင်ပါတယ်။”

“ပြီးတော့ စီနီယာ့ကိုလည်း အရှက်ကင်းမဲ့စွာနဲ့ အကူအညီတစ်ခု တောင်းချင်ပါတယ်။ ငါတို့ မရှိတော့တဲ့အချိန်၊ ငါတို့ရဲ့ တပည့်တွေ အကူအညီ လိုအပ်လာခဲ့ရင် သူတို့ကို စောင့်ရှောက်ပေးပါလို့ တောင်းဆိုချင်ပါတယ်”

ဂိုဏ်းချုပ် ဟန်ချင်းလင်းက အလွန် လေးနက်သော လေသံဖြင့် ထပ်မံ ပြောလိုက်ရင်း နက်ရှိုင်းစွာ ဦးညွှတ်လိုက်လေသည်။

All Chapters