← Chapters

ပါတီပွဲ အစီအစဉ်များ

Vol. 9 Ch. 89

ပါတီပွဲ အစီအစဉ်များ

Vol. 9 Ch. 89

“ကျင့်ကျင်း… ခဏလောက် နေခဲ့ပါဦး” ယန်ချင်းက စကားပြောစင်မြင့်မှ ထရပ်ရင်း ရုတ်တရက် ပြောလိုက်သည်။

“တရားသူကြီး ယန်ချင်းရဲ့ အကူအညီအတွက် အများကြီး ကျေးဇူးတင်ပါတယ်” ဂိုဏ်းချုပ် ဟန်ချင်းလင်းက လက်ယှက်အရိုအသေပေးရင်း ပြောလိုက်သည်။

“ကျွန်တော်လည်း အများကြီး ကျေးဇူးတင်ပါတယ်” ဟု လျိုယွမ်ကလည်း လက်ယှက်ကာ ထပ်လောင်း၍ ကျေးဇူးတင်စကား ဆိုလိုက်သည်။

“နောက်တစ်ခေါက် ပြန်တွေ့ကြတာပေါ့ မိတ်ဆွေလေး ယန်ချင်း” တိန်ချောင်က ပြုံးရင်း ဦးညွတ်အရိုအသေပေးကာ နှုတ်ဆက်လိုက်သည်။

သူသည် ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်တစ်ဝက် ကျွမ်းကျင်သူတစ်ဦး ဖြစ်သော်လည်း၊ အစပိုင်း နန်းတော်အဆင့် ကျွမ်းကျင်သူတစ်ဦးကို အရိုအသေ ပေးရခြင်းမှာ သူ၏ ဂုဏ်သိက္ခာကို ကျဆင်းစေသည်ဟု မယူဆခဲ့ပေ။

ကျင့်ကြံခြင်းလောကလုံးတွင် အသက် ၂၀ အရွယ် နန်းတော်အဆင့် ကျွမ်းကျင်သူ ဘယ်နှစ်ယောက်များ ရှိနိုင်မည်နည်း။

ထို့အပြင် ယန်ချင်းသည် ကျန်သူများနှင့် မတူကြောင်းကို သူ အာရုံခံမိသည်။

ယီကျဲ၊ မော့ယွင်ရုနှင့် ဆုကျင့်ကျင်း တို့ပင်လျှင် သူ၏မျက်ခုံးများကို ပင့်တက်သွားစေခဲ့သည်။

“အဖွဲ့အစည်းက တကယ်ကို သာမန်မဟုတ်ဘူးပဲ။ သူတို့ဆီမှာ ဒီလိုပါရမီရှင်မျိုး ဘယ်နှစ်ယောက်တောင် ရှိနေတာလဲ။”

“တာအိုမိတ်ဆွေ မုန့်ချောင်နဲ့ လဲ့ဝေယွမ်တို့လို ကြောက်ဖို့ကောင်းတဲ့ စီနီယာတွေက စောင့်ရှောက်ပေးထားတော့၊ သူတို့ရဲ့ လမ်းညွှန်မှုနဲ့ အကာအကွယ်အောက်မှာ ဒီပါရမီရှင်တွေက သူတို့ရဲ့ အစွမ်းအစ အပြည့်အဝကို ရောက်တဲ့အထိ ကြီးထွားလာနိုင်မှာပဲ။”

“အကယ်လို့ ငါ မြင်နေရတာတွေသာ မှန်ကန်နေခဲ့မယ်ဆိုရင်၊ အဖွဲ့အစည်းက အလင်းဖြာဓားဂိုဏ်းနဲ့ မြစ်ဝှမ်းစီးဝင်ဂိုဏ်းတို့ရဲ့ အဆင့်အတန်းကို ရောက်နေတာ ကြာလှပြီ။”

“အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌက အဲဒီ ကြောက်မက်ဖွယ်ကောင်းတဲ့ နယ်ပယ်ကို ရောက်နေပြီလား မသိဘူး”

တိန်ချောင်က တွေးလိုက်ရင်း၊ ကျောက်ချီ၏ လည်ပင်းတွင် ဆွဲထားသော လခြမ်းပုံစံ ဆွဲကြိုးလေးထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားလေသည်။

“လာမယ့်အချိန်တွေမှာ ခင်ဗျားတို့အားလုံး ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်”

ယန်ချင်းက ဂိုဏ်းချုပ် ဟန်ချင်းလင်း၊ လျိုယွမ် နှင့် ကျောက်ချီ တို့ကို ပြောလိုက်သည်။ ယခုအခါ ကြာပန်းဝါဂိုဏ်းရင်ဆိုင်နေရသော အကျပ်အတည်းမှာ ချက်ချင်းဆိုသလို ကျရောက်လာတော့မည် ဖြစ်ရာ သူတို့အားလုံးမှာ လှေတူစီးခရီးသည်များ ဖြစ်နေကြပြီ ဖြစ်သည်။

အဆင့် ၂ ဂိုဏ်းတစ်ခုကို ဦးဆောင်ခဲ့ဖူးသည့် ဝါရင့် နယ်မြေအဆင့်ကျွမ်းကျင်သူ တိန်ချောင် ပါဝင်လာမှုကြောင့် သူတို့၏ အသက်ရှင်နိုင်ခြေအခွင့်အလမ်းများမှာ ပိုမိုများပြားလာပြီ ဖြစ်သည်။

မတူညီသော ကျင့်စဉ်များနှင့် ပတ်သက်သည့် သူ၏ များပြားလှသော အတွေ့အကြုံများက အသုံးဝင်လာနိုင်သော်လည်း၊ မမျှော်လင့်ထားသည်များ ဖြစ်ပေါ်လာနိုင်ပြီး အရာရာက လွဲချော်သွားနိုင်ပေသည်။

လက်ရှိ တိန်ချောင်၏ အခြေအနေအရ ထိုးထွင်းသိမြင်မှု အကြံဉာဏ်များ ပေးခြင်းမှလွဲ၍ ရုပ်ပိုင်းဆိုင်ရာအရ သူ လုပ်ဆောင်ပေးနိုင်သည်များ သိပ်မရှိလှပေ။

ကျန်သည့် တာဝန်များမှာ ဂိုဏ်းချုပ် ဟန်ချင်းလင်နှင့် သူ၏ဂိုဏ်း၊ ယခုအခါ လျိုယွမ်နှင့် တောင်ကျစမ်းရေစံအိမ်တို့၏ ပခုံးပေါ်သို့သာ ကျရောက်လာရတော့မည် ဖြစ်သည်။

သို့သော် ယန်ချင်း၏ အကဲခတ်မှုအရဆိုလျှင်၊ လျိုယွမ်နှင့် သူ၏ ညီအစ်ကို နှစ်ယောက်သာ ဤပဋိပက္ခတွင် ပါဝင်မည်ဖြစ်ပြီး၊ ကျန်ဝန်ထမ်းများကိုမူ ကြာပန်းဝါဂိုဏ်း၏ အရှုပ်အထွေးထဲသို့ ဆွဲသွင်းမည်မဟုတ်ဟု ခံစားမိသည်။

ဂိုဏ်းချုပ် ဟန်ချင်းလင်းနှင့် ကျန်သူများက ကျေးဇူးတင်သည့်အနေဖြင့် ခေါင်းညိတ်ပြကာ တရားရုံးတော်မှ ထွက်ခွာသွားကြသည်။

သူတို့ အတူတကွ ညှိနှိုင်းဖြေရှင်းရန် လိုအပ်သည့် နောက်ထပ် ကိစ္စရပ်များစွာ ရှိနေသေးသည်။

ယန်ချင်းသည် သူ၏ထိုင်ခုံတွင် သက်တောင့်သက်သာ ပြန်ထိုင်လိုက်ပြီးနောက်၊ စကားပြောစင်မြင့်ပေါ်သို့ ခြေထောက်နှစ်ဖက်ကို တင်ကာ နောက်သို့ မှီချလိုက်သည်။

“ငါတို့ရဲ့ အဖွဲ့ဝင်သစ်တွေအတွက် အိမ်မှာ ကြိုဆိုပွဲလေးတစ်ခု လုပ်မလို့ဆိုတာ ခင်ဗျားတို့ အားလုံးကို ပြောပြချင်လို့ပါ။”

“သူတို့က ဝိညာဉ်သားရဲတွေလေ... တစ်ကောင်က သက်တံရောင် မြူခိုးဖားဖြစ်တဲ့ ဘိုလင်လို့ ခေါ်ပြီး၊ နောက်တစ်ကောင်က ပုံရိပ်ယောင်ပုစဉ်းဖြစ်တဲ့ ဟိုင်ရှီပါ”

ဆုကျင့်ကျင်းသိစေရန်အတွက် ယန်ချင်းက အတိုချုပ် မိတ်ဆက်ပေးလိုက်သည်။

“ပါတီက အခုကစပြီး နောက်တစ်နာရီနေရင် စမှာ။ ယီကျဲ… တခြားသူတွေကို အကြောင်းကြားဖို့ မင်း တာဝန်ယူလိုက်။”

“သူတို့က နားနေခန်း ဒါမှမဟုတ် အဖွဲ့အစည်းထဲက သူတို့အခန်းတွေထဲမှာ ရှိလောက်တယ်။ ဖုန့်ရှင်းကိုတော့ ငါ ကိုယ်တိုင် သွားပြောလိုက်မယ်။”

“ သူ ‘ရနံ့တစ်ထောင် စားသောက်ဆိုင်’မှာ ရှိလောက်တယ်”

ယန်ချင်းက ပြောလိုက်ရင်း သူ၏ မျက်လုံးထဲတွင် တွေးတောနေသည့် အရိပ်အယောင်တစ်ခု ခဏတာ ဖြတ်ပြေးသွားလေသည်။

“ငါ ရောက်သွားတဲ့အချိန်အထိ သူ ပြန်မသွားသေးဖို့ပဲ မျှော်လင့်ရတာပဲ” ဟု ယန်ချင်း တွေးလိုက်မိသည်။

“ကျွန်မ သူငယ်ချင်းတွေကို ခေါ်လာလို့ရမလား။ ကျွန်မအဖွဲ့က အဖွဲ့ဝင်တချို့ကို ခေါ်လာချင်လို့” မော့ယွင်ရုက ရုတ်တရက် မေးလိုက်သည်။

သို့သော် သူမ၏ လေသံမှာ တောင်းဆိုနေခြင်းထက်၊ အမိန့်ပေးနေသည့် သဘော ပိုပေါက်နေသည်။

“ရပါတယ် ရပါတယ်” ယန်ချင်းက လက်ကာပြရင်း ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

“စကားမစပ် ယီကျဲ… ထုံးစံအတိုင်း ဝိုင်အတွက် မင်း တာဝန်ယူရမယ်နော်။ သူတို့က မင်းရဲ့ လက်အောက်ငယ်သားတွေ ဖြစ်လာမှာဆိုတော့ ကောင်းတာလေးတွေ ယူလာခဲ့”

ယန်ချင်းက ဖုံးကွယ်မထားနိုင်သော လောဘများဖြင့် တောက်ပနေသည့် မျက်လုံးများဖြင့် ပြောလိုက်သည်။

“မင်းပဲ ရှင်းရမှာနော်။ ဘော့စ် တစ်ယောက်အနေနဲ့ အဲဒီလိုပဲ ဖြစ်သင့်တာပေါ့။ ပြီးတော့ မင်းရဲ့ အကြွေးစာရင်းထဲ ထည့်ဖို့ မစဉ်းစားနဲ့။”

“မင်းက အရင် ၁၅ ကြိမ်စာအတွက်တောင် ငါ့ကို အကြွေးတင်နေသေးတာ။”

“အကယ်လို့ ကတိပေးထားတဲ့အတိုင်း ဒီတစ်ပတ်အကုန်မှာ မဆပ်ဘူးဆိုရင်တော့... မကြာခင် ပိုက်ဆံပုံပေါ်မှာ လူးလှိမ့်နေရတော့မယ့် မစ္စတာ ယန်ချင်းရေ... မင်းကို ငါ တိုင်ချက်ဖွင့်ရလိမ့်မယ်”

ယီကျဲက ချက်ချင်း ပိတ်ဟောက်လိုက်သည်။

ကပ်ပါးကောင် ယန်ချင်းက သူ၏သွေးစုပ်မည့် အစွယ်များကို မနစ်ဝင်စေမီ၊ ယီကျဲအနေဖြင့် ဝင်ပေါက်အားလုံးကို အမြန်ဆုံး ပိတ်ဆို့ထားရမည် ဖြစ်သည်။

“ယီကျဲ .. မင်းကွာ။ ငါက အဲဒီလို လူမျိုးလား”

ယန်ချင်းက မျက်လုံးများ နီရဲကာ၊ လက်ချောင်းများ တုန်ယင်လျက် တံတွေးများလွင့်စင်မတတ် ပြင်းပြင်းထန်ထန် ပြန်လည် ချေပလိုက်သည်။

“သေချာတာပေါ့... မင်းက အဲဒီလို လူမျိုးပဲလေ” ယီကျဲက အေးအေးလူလူပင် ပြန်ဖြေလိုက်သည်။

“ကျွန်မ သွားတော့မယ်”

မော်ယွင်ရူက အလျင်အမြန် ပြောလိုက်ပြီးနောက်၊ ပိုနေသော ကျောက်စိမ်း အဆောင်လက်ဖွဲ့များကို လက်နှစ်ဖက်ဖြင့် သေချာစွာ ပွေ့ပိုက်ရင်း ထွက်ခွာသွားလေသည်။

“ငါ့ရဲ့ စုဆောင်းမှုထဲ နောက်ထပ် တစ်ခုတိုးပြန်ပြီ။ ဒါက ဒီလအတွက် နည်းနည်း စုဆောင်းထားနိုင်ဖို့ အထောက်အကူ ဖြစ်စေမှာပဲ”

မော့ယွင်ရုက တရားရုံးတော် အလယ်ဗဟိုရှိ နေရာရွှေ့ပြောင်းရေး အစီအရင်မှတစ်ဆင့် သူမ၏ အခန်းဆီသို့ ပြန်သွားရင်း ပျော်ရွှင်စွာ တွေးလိုက်မိသည်။

“ကျွန်မလည်း သွားတော့မယ်။ မင်းလေး ရေချိုးရမယ့် အချိန်ရောက်ပြီ။ ပြီးရင် စောစော အိပ်ရာဝင်ရမယ်၊ မေမေက အပြင်သွားစရာ ရှိသေးလို့”

ဆုကျင့်ကျင်းက သူမ၏ လှံကို ချော့မော့ပြောဆိုရင်း တရားရုံးတော် တံခါးပေါက်မှ ထွက်ခွာသွားလေသည်။

ယန်ချင်းနှင့် ယီကျဲတို့မှာ ထိုအရာကို သတိထားမိပုံမပေါ်ဘဲ၊ တစ်ယောက်ကိုတစ်ယောက် အနိုင်ယူရန် အတိတ်မှ ငယ်ကျိုးငယ်နာများကို ​ဖော်ထုတ်ကာကာ အငြင်းပွားနေဆဲ ဖြစ်သည်။

ယန်ချင်း၏ လေသံမှာ တဖြည်းဖြည်း လျော့ကျလာပြီး မကြာမီတွင် လက်ဟန်ခြေဟန်များနှင့် အမူအရာများအဖြစ် ပြောင်းလဲသွားပုံကို ထောက်ရှု၍ ထိုတိုက်ပွဲတွင် သူ ဖြည်းဖြည်းချင်း ရှုံးနိမ့်နေပြီဖြစ်ကြောင်း သိသာလာသည်။

မကြာမီတွင် သူတို့၏ အငြင်းပွားမှုကို ခဏရပ်ရန် ဆုံးဖြတ်လိုက်ကြပြီး၊ ယီကျဲက လော့မိန်လီနှင့် ကျန်းဟူတို့ကို ရှာဖွေရန် နေရာရွှေ့ပြောင်းရေး အစီအရင်ဆီသို့ သွားကာ စစ်ဆေးရေးမှူးများ၏ နားနေခန်းနှင့် အခန်းများဆီသို့ ဦးတည်သွားလေသည်။

တရားသူကြီးများနည်းတူ၊ စစ်ဆေးရေးမှူးများတွင်လည်း ကိုယ်ပိုင်အခန်းများ ရှိကြပြီး၊ သူတို့ တွဲဖက်ထားသော တရားသူကြီးများ၏ အခန်းဘေးတွင် ဘုံနားနေခန်း တစ်ခုလည်း ရှိသည်။

ကိုယ်ပိုင်အခန်းများ ရှိကြသော်လည်း သူတို့၏ အစည်းအဝေးများနှင့် လေ့ကျင့်ရေးများကို ထိုဘုံနားနေခန်းတွင်သာ ပြုလုပ်ကြသည်။

သို့သော် လေ့ကျင့်ရေးအတွက် အဓိက အသုံးပြုကြခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် လေ့ကျင့်ရေးခန်းမရှိ တိုက်ခိုက်ရေးခန်းမဆောင်ကို သူတို့၏ တိုက်ခိုက်ရေး အာရုံများကို သွေးကြွလာစေရန် အစွမ်းထက်သော အစီအရင် အမျိုးမျိုးဖြင့် ပြင်ဆင်မွမ်းမံထားသောကြောင့် ဖြစ်သည်။

ယန်ချင်းသည် တရားရုံးတော် တံခါးပေါက်များဆီသို့ လျှောက်သွားလိုက်ရာ၊ တံခါးဝ တစ်ဝက်ခန့်အရောက်တွင် သူ၏ ဝတ်ရုံများမှာ စတင် ပြောင်းလဲလာလေသည်။

သူ၏ တောက်ပသော အပြာရောင်ဝတ်ရုံနှင့် ကုတ်အင်္ကျီသည် လခြမ်းနှင့် နေ ပုံစံရှိသည့် စက်ဝိုင်းသင်္ကေတတစ်ခု ကျောဘက်တွင် ပါရှိသော ရိုးရှင်းသည့် အစိမ်းရောင် ကုတ်အင်္ကျီတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

အတွင်းဘက်တွင် အစိမ်းရောင် အင်္ကျီလက်တိုနှင့် ဒူးဆစ်အထိ ရောက်သော ဘောင်းဘီတိုကို ဝတ်ဆင်ထားပြီး၊ ကောက်ရိုးဖိနပ်များကို စီးထားသည်။

သို့သော် ဖိနပ်များမှာ အရောင်မတူပေ။ ဘယ်ဘက်ဖိနပ်မှာ အဖြူစင်စစ်ဖြစ်ပြီး ညာဘက်ဖိနပ်မှာ အဝါစင်စစ် ဖြစ်သည်။ ဆန့်ကျင်ဘက် အရောင်များ ဖြစ်နေသော်လည်း အပြည့်အဝ လိုက်ဖက်ညီနေပုံရသည်။

ယန်ချင်းမှာ နွေရာသီတွင် အပြင်ထွက်နေသော လယ်သမားတစ်ဦးနှင့် တူနေသည်။

သူက ခြေလှမ်းများကို တက်ကြွစွာ လှမ်းရင်း သီချင်းလေး ညည်းကာ အေးအေးလူလူ လျှောက်ထွက်လာခဲ့သည်။

အခြားတရားသူကြီးများ၏ စစ်ဆေးမှုကို စောင့်ဆိုင်းနေရဆဲဖြစ်သော အချို့သော ကျင့်ကြံသူများမှာ၊ အဖွဲ့အစည်း၏ စင်္ကြံလမ်းပေါ်တွင် လောကကြီးကို ဂရုမစိုက်သည့်အလား ပေါ့ပေါ့ပါးပါး လမ်းလျှောက်နေသော ထိုသူစိမ်းကို ထူးဆန်းစွာ မကြည့်ဘဲ မနေနိုင်ကြပေ။

ယန်ချင်းက စစ်ဆေးမှု ပြုလုပ်နေဆဲဖြစ်သော တရားရုံးတော် တံခါးပေါက်များရှေ့တွင် ထိုတရားသူကြီးများ အတွက် တိတ်တဆိတ် ဆုတောင်းပေးလိုက်သည်။

အဖွဲ့အစည်းတွင် သတ်မှတ်ထားသော အလုပ်ချိန် ဇယားဟူ၍ မရှိပေ။

သူတို့ သတ်မှတ်ထားသော စည်းကမ်းမှာ တစ်နေ့တာအတွက် အမှုတွဲစာရင်းတွင် သတ်မှတ်ထားသော အမှုအားလုံးကို ထိုနေ့တွင်ပင် စစ်ဆေးရမည် ဟူ၍ ဖြစ်သည်။

ဤသတ်မှတ်ချက်ကို ပြည့်မီမှသာလျှင် တရားသူကြီးသည် အလုပ်ဆင်းခွင့် ရရှိမည်ဖြစ်သည်။

ဤစည်းကမ်းမှာ ယန်ချင်း ပြင်ပအမြူတေ တရားရုံးတွင် တရားသူကြီးတစ်ဦးအဖြစ် စတင်တာဝန်ထမ်းဆောင်စဉ်က မက်ခဲ့သော အိပ်မက်ဆိုးများ၏ အကြောင်းရင်း ဖြစ်ခဲ့သည်။

ပြင်ပအမြူတေ တရားရုံး တရားသူကြီးများမှာ တစ်နေ့လျှင် ၎င်းတို့၏ အမှုတွဲစာရင်းတွင် အမှုပေါင်း တစ်ရာကျော် ရှိတတ်သည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မှ အခြေခံတည်ဆောက်ခြင်းအဆင့် အထိ ကျင့်ကြံသူများ၏ အမှုများကို စစ်ဆေးရသောကြောင့် ဖြစ်သည်။

အရေအတွက်က အဆုံးအစမရှိအောင် များပြားလှသည်။ ပိုဆိုးသည်မှာ အမှုပေါင်း တစ်ရာလုံးကို တစ်ရက်တည်းဖြင့် အပြီးစစ်ဆေးရခြင်း ဖြစ်သည်။

အကယ်၍ သတ်မှတ်ထားသော အရေအတွက်ကို မပြည့်မီပါက နောက်နေ့အတွက် စုပုံနေသော အမှုများထဲသို့ ပေါင်းထည့်ခံရမည်ဖြစ်ပြီး၊ ထိုသံသရာက သနားညှာတာမှု ကင်းမဲ့စွာ ဆက်လက် လည်ပတ်နေမည် ဖြစ်သည်။

ထိုအချိန်က ယန်ချင်းသည် အနားယူရန် အချိန်ရောက်လာသောအခါ ကျန်ရှိနေသော အမှုတွဲများကို ရှင်းလင်းပြီးမှသာ ခွင့်ပြုမည်ဟု အငြင်းခံလိုက်ရချိန်အထိ၊ ဤကိစ္စကို အမှုမထားခဲ့မိပေ။

ထိုအဆုံးမဲ့ ဆင်းရဲဒုက္ခများကြောင့်ပင် ယန်ချင်းသည် ရာထူးတိုးရန်အတွက် ခွေးတစ်ကောင်ကဲ့သို့ အလုပ်လုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အထက်တန်းအမြူတေ တရားရုံးတွင် ပိုမို ရှုပ်ထွေးသော အမှုများ ရှိသော်လည်း တစ်နေ့လျှင် စစ်ဆေးရသည့် အမှုအရေအတွက်မှာ နည်းပါးပြီး၊ ယန်ချင်းကြားသိရသလောက်ဆိုလျှင် ရာထူးပိုမြင့်လာလေလေ ထိုအခြေအနေက ပိုကောင်းလေလေ ဖြစ်သည်။

သူ မစောင့်နိုင်တော့ပေ။

အလုပ်ကို ကြိုးစားပမ်းစား လုပ်ဆောင်နေရဆဲဖြစ်သော တရားသူကြီးများအား ဆုတောင်းပေးပြီးနောက်၊ ယန်ချင်းသည် စင်္ကြံလမ်းတစ်လျှောက် အေးအေးလူလူ လျှောက်သွားလိုက်သည်။

တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို ဖြတ်သန်းသွားလိုက်ရာ ၎င်းက သူ့ကို မြေညီထပ် ခန်းမဆီသို့ ပို့ဆောင်ပေးလိုက်ပြီး၊ ထိုမှတစ်ဆင့် အဆောက်အအုံအပြင်ဘက် လမ်းကြားအတိုင်း ‘ရနံ့တစ်ထောင် စားသောက်ဆိုင်’သို့ ဦးတည်သွားလေသည်။

အပြင်ဘက်တွင် ညနေဆည်းဆာအချိန် ရောက်နေပြီဖြစ်သော်လည်း၊ စားသောက်ဆိုင်များမှာ စားသုံးသူများဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။

“အမှုတွဲတွေ ပုံနေလို့ နေ့လယ်စာ လွတ်သွားတဲ့ သနားစရာ ကောင်တွေ ဖြစ်မှာပါလေ”

ယန်ချင်းက လေကို လောဘတကြီး ရှူသွင်းရင်း စားသောက်ဆိုင်ထဲသို့ ဝင်ရောက်လာချိန်တွင် သူ့ဘာသာ တွေးလိုက်မိသည်။

“တရားသူကြီး ယန်ချင်း” သူ ဝင်လာသည်ကို မြင်လိုက်သော ချောင်ယင်းက အလျင်အမြန် ရောက်လာသည်။

“ဟေ့ ချောင်ယင်း … မင်း ဘယ်အချိန် အလုပ်ဆင်းမှာလဲ” ဟု ယန်ချင်းက ပြုံးရင်း မေးလိုက်သည်။

“နောက် မိနစ်သုံးဆယ်လောက်နေရင် ဆင်းပါပြီ။ ဒါပေမဲ့ သူငယ်ချင်းတွေကို စောင့်ရမှာဆိုတော့ နည်းနည်း ပိုကြာဦးမယ်ထင်တယ်”

“အင်းလေ... မင်း ဘာမှ လုပ်စရာမရှိရင် ငါ့အိမ်ကို လာခဲ့လို့ရတယ်။ နောက်တစ်နာရီလောက်နေရင် အဖွဲ့ဝင်သစ်တွေအတွက် ပါတီပွဲလေး လုပ်မလို့။ မင်း လာခဲ့သင့်တယ်”

ယန်ချင်းက ချောင်ယင်း၏ ပခုံးကို ပုတ်ရင်း ပြောလိုက်သည်။

“တကယ်လား ကျွန်တော် လာလို့ရလား။ အမ်း... ကျွန်တော်..”

ချောင်ယင်းမှာ သူ မေးချင်သည့် အရာကို မည်သို့ မေးရမည်ကို တုံ့ဆိုင်းသွားကာ စကားကို ခဏရပ်လိုက်သည်။

“မင်းရဲ့ သူငယ်ချင်းတွေကိုပါ ခေါ်လာလို့ရတယ်” ယန်ချင်းက လွယ်ကူစွာပင် ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်”

ချောင်ယင်းက ကျယ်လောင်စွာ ပြောလိုက်ပြီးနောက်၊ သူ၏ လွှတ်ခနဲ ပြောလိုက်မိမှုကြောင့် ရှက်ရွံ့စွာဖြင့် ပါးစပ်ကို အမြန်ပိတ်လိုက်သည်။

“ထုံးစံအတိုင်းပဲ ယူမှာလား” ချောင်ယင်းက မေးလိုက်သည်။

“ဟင့်အင်း၊ မဟုတ်ဘူး။ ပါဆယ်ပဲ ဆွဲသွားတော့မယ်။”

“ဝက်သားနီချိုင့် ၁၀ ပွဲ၊ ဝက်နံရိုး ချိုချဉ် ၁၀ ပွဲ၊ ဝက်သားပြား ချိုချဉ် ၁၀ ပွဲ၊ အမဲသားနုတ်နုတ်စင်း အစပ်နဲ့ ခေါက်ဆွဲ ၁၀ ပွဲ၊ ပြီးတော့ ရတနာရှစ်ပါး ဆန်ပြုတ် ပန်းကန်ကြီး ၁၀ ပွဲ ပေးပါ”

“အင်း ဘာကျန်သေးလဲ... ဟိုင်ရှီက သက်သတ်လွတ် စားလောက်တယ်။”

“အဲဒါကြောင့် ထင်းရှူးစေ့နဲ့ ပြောင်းဖူးချို၊ ငရုတ်သီးစိမ်းကင်၊ သခွားသီးချိုချဉ်၊ ရေညှိနဲ့ ကြက်ဥစွပ်ပြုတ် တချို့ ထပ်ထည့်ပေးပါ။”

“နောက်ဆုံးအနေနဲ့ ဖက်ထုပ်ကြော် ၁၀၀၊ ဝက်သားပေါက်စီ ၁၀၀ နဲ့ ကော်ပြန့်လိပ် ၁၀၀ ဆိုရင် လုံလောက်လောက်ပြီ။”

“အာ.. ဟုတ်သားပဲ... နှစ် ၁,၀၀၀ သက်တမ်းရှိတဲ့ ‘အယ်လ်ဒါဘယ်ရီ ဝိုင်’ကိုပါ ထည့်ပေး”

ယန်ချင်းက ဆက်တိုက် မှာယူလိုက်ရာ၊ ချောင်ယင်းကလည်း အရာအားလုံးကို တစ်ခုမကျန် မှတ်သားထားလေသည်။

ကျင့်ကြံသူတစ်ဦး၏ မှတ်ဉာဏ်မှာ အဆင့်မြင့်လာလေလေ ပိုမို ထက်မြက်လာလေလေ ဖြစ်သည်။

ထို့ကြောင့် အဖွဲ့အစည်းက အမြူတေနယ်မြေ တရားသူကြီးများကို တစ်နေ့လျှင် အမှုပေါင်း တစ်ရာဖြင့် အလုပ်ပိစေခြင်းအပေါ် ထူးဆန်းသည်ဟု မခံစားရခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် သူတို့၏ မှတ်ဉာဏ်ဖြင့် လွန်ခဲ့သော ဆယ်စုနှစ်များစွာက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တစ်ခုကိုပင် ယခုလေးတင် ဖြစ်ပျက်သွားသကဲ့သို့ အလွန် ရှင်းလင်းပြတ်သားစွာ မှတ်မိနိုင်သောကြောင့် ဖြစ်သည်။

အစားအစာ၊ ရာသီဥတု၊ ထိုနေ့က သူတို့ နှုတ်ဆက်ခဲ့သည့် လူအရေအတွက် စသည့် အသေးစိတ် အချက်အလက်များကိုပင် မှတ်မိနိုင်ပေသည်။

ထို့ကြောင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ချောင်ယင်းအတွက် မှာယူမှုတစ်ခုကို မှတ်မိရန်မှာ လွယ်ကူသော အလုပ်တစ်ခု ဖြစ်သည်။

အထူးသဖြင့် ယန်ချင်းနှင့် သူ၏ မှုခင်းတွဲဖက် ဖုန့်ရှင်းတို့ကဲ့သို့သော အထူးဖောက်သည်များ မည်မျှ များများစားစား စားသောက်တတ်ကြောင်းကို ထည့်သွင်းစဉ်းစားမည်ဆိုပါက ၎င်းမှာ သာမန်ကိစ္စတစ်ခုသာ ဖြစ်ပေသည်။

လက်ရှိတွင် ဖုန့်ရှင်းမှာ ‘အရသာတစ်ထောင် စားသောက်ဆိုင်’၏ မန်နေဂျာနှင့် စားပွဲတစ်လုံးတွင် တစ်ခုခုကို ဆွေးနွေးနေလေသည်။

ယန်ချင်းသည် ကျသင့်ငွေအတွက် သိုလှောင်ရေး လက်စွပ်တစ်ကွင်းနှင့် သူ၏ ဝိညာဉ်ကျောက်တုံးများ ပါရှိသော ကတ်ကို ချောင်ယင်းထံ ပေးအပ်လိုက်ပြီးနောက် သူတို့ရှိရာသို့ ဦးတည်သွားလိုက်လေသည်။

All Chapters