တန်ဖိုးမှား၍တွက်မိခြင်း
Vol. 8 Ch. 726
" အဲဒီတော့ " ချန်ရှုံးက သရော်ပြုံးပြုံးကာပြောလိုက်သည်။
" လက်ခံမှာလား၊ လက်မခံဘူးလား"
ပိုင်ရှောင်ချန်းက မျက်တောင်တဖျတ်ဖျတ်ခပ်လိုက်သည်။ ထိုပန်းရောင်ဝတ်စုံနှင့် လူငယ်ကား အကွက်ချရန် မပြင်ဆင်ရသေးခင်မှာပင် သူ့သဘောအတိုင်း ထောင်ချောက်ထဲ ဝင်လာပေသည်။
" ဒီကောင့်ကိုကြည့်ရတာ အဆိပ်ပြင်းတဲ့ပုံပဲ။ ဒီဆွဲပြားကလဲ အင်မတန် တန်ဖိုးကြီးလောက်တယ်။ သူ့ကိုယ်သူယုံကြည်ချက်အပြည့်ရှိနေတာကို စဉ်းစားကြည့်ရင် တကယ်လို့ငါသာ အောင်မြင်သွားခဲ့ရင် သူက နောက်တစ်ဆင့်ထပ်လုပ်ဖို့တောင်းဆိုလာလိမ့်မယ်။ ပြီးတော့ နောက်တစ်ဆင့်၊ နောက်တစ်ဆင့် ထပ်ထပ်လာလိမ့်မယ် "
သူက ထိုသို့တွေးလိုက်မိပြီး သူ၏မျက်ဝန်းထဲတွင် အလင်းရောင် ခပ်ရေးရေး ဖြတ်ပြေးသွားသည်။ ထို့နောက် သူ၏မျက်နှာတည်ကြည်သွားသည်။ သူက တုန်တုန်ယင်ယင်နှင့် ဟောဟဲဆိုက်နေသလိုပြုမူလိုက်ပြီး သူ၏မျက်ဝန်းများကိုလည်း နီရဲနေသယောင် လုပ်လိုက်သည်။
" ကျုပ်လက်မခံတဲ့ အလုပ်ဆိုတာမရှိခဲ့ဘူး "
သူက အော်ကာပြောလိုက်ပြီး ထိုကိစ္စအပေါ်၌ သူမည်မျှယုံကြည်ချက်ကင်းမဲ့နေကြောင်း အထင်းသား ပေါ်လွင်စေလိုက်သည်။
" ကျုပ် စိတ်စွမ်းအင်အဆင့်မြှင့်တင်တဲ့အခါတိုင်း အောင်မြင်ခဲ့တယ်။ တကယ်လို့ မင်းမှာသာ ဝိညာဉ်ဆေးလုံးအလုံအလောက်မရှိခဲ့ရင် ကျုပ်… "
ကြည့်ရှုနေသူတိုင်းလိုလိုပင် ပိုင်ဟောက်က ထိုအလုပ်ကိစ္စကို အမှန်တကယ် လက်ခံလိုခြင်းမရှိပဲ ဖောက်သည်က ဝန်ဆောင်ခပေးရန်မတတ်နိုင်မည်ကို စိုးရိမ်ဟန်ပြောနေသည်ဟုသာ ထင်ကုန်ကြ၏။
" အဲဒါအတွက်က အဆင်ပြေပါတယ် "
ချန်ရှုံးက ပြောလိုက်သည်။
" အောင်မြင်မှုတစ်ခုချင်းစီတိုင်းအတွက် ကုန်ကျစရိတ်ကို ငါ တွက်ချက်ပေးနိုင်တယ် "
ထိုနေရာအရောက်တွင် ချန်ရှုံးကအနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ လက်ရှိအနေအထားနှင့် ပတ်သက်၍ တစ်စုံတစ်ခုက သူ့အားတွန်းအားပေးနေသည့်အလား။ ချန်ရှုံးက အရာရာတိုင်းကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေသော်လည်း ပိုင်ရှောင်ချန်းက သူ့အားအကျဉ်းအကျပ်ထဲတွန်းပို့နေသကဲ့သို့ ဖြစ်နေသည်။ သူ၏အစီအစဉ်အား ပြန်လည်သုံးသပ်ကြည့်လိုက်ပြီးနောက် သူ၏မျက်ဝန်းမှာ အရောင်လက်သွားပြီး အေးစက်စက်ရယ်မောလိုက်သည်။
" သူက အသာစီးရနေတဲ့ပုံပဲ "
သူက တွေးလိုက်သည်။
" ဒါပေမဲ့ အောင်မြင်တယ်လို့ ငါဘယ်လိုဆုံးဖြတ်မလဲဆိုတာ သူခန့်မှန်းနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ သူက ဆယ့်လေးကြိမ်မြောက်အဆင့်အထိ စိတ်စွမ်းအင်အဆင့်မြှင့်နိုင်တယ်ဆိုရင်တောင် ငါက ပြင်ဆင်ထားပြီးသားပဲလေ။ ဒါ့အပြင် ဆယ့်တစ်ကြိမ်မြောက်ကနေ ဆယ့်လေးကြိမ်မြောက်အထိ အဆင့်မြှင့်တင်ရင် တစ်နေရာရာမှာတော့ သူကျရှုံးလိမ့်မယ် "
ချန်ရှုံး၏အပြုအမူများက ကမူးရှူးထိုးနိုင်သည့်ပုံပေါ်သော်လည်း အမှန်တကယ်တော့ သူကပိုင်ဟောက်အကြောင်း စုံစမ်းခဲ့ပြီးဖြစ်ကာ ပိုင်ဟောက်ထံ၌ ဆယ့်လေးကြိမ်မြောက် စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသော ပစ္စည်းများရှိသည်ကို သူသိခဲ့ရသည်။
" တကယ်လို့သူသာဖျက်စီးမိရင် အလျော်မပေးနိုင်လောက်တဲ့ ပစ္စည်းတွေငါ့ဆီမှာ ရှိနေတာ သနားစရာ ကောင်းလိုက်တာ။ တကယ်လို့ သူက ဆယ်လေးကြိမ်မြောက်အဆင့်အထိ ပစ္စည်းတွေကိုအဆင့်မြှင့်နိုင်ခဲ့ပြီးနောက် လက်လျော့လိုက်ရင်တောင် ငါ့ကြိုးစားမှုက အလကားဖြစ်သွားမှာ မဟုတ်ဘူး "
သူက ရယ်မောလိုက်ရင်း ပိုင်ရှောင်ချန်း၏တောင်းဆိုချက်များအား သဘောတူလိုက်သည်။
သူ ထိုသို့ဆိုလိုက်ခြင်းကြောင့် ဖြစ်ပျက်သွားသော ပိုင်ရှောင်ချန်း၏ ဖြူဖတ်ဖြူလျော်မျက်နှာအား မြင်လိုက်ရသောအခါ အနည်းငယ်စိတ်သက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရသည်။
ပိုင်ရှောင်ချန်းက အပြင်ပန်းတွင် သုန်သုန်မှုန်မှုန်နှင့် မျက်ရည်ကျလုနီးပါးဖြစ်နေပုံ ပေါ်သော်လည်း စိတ်ထဲတွင် အားရကျေနပ်စွာ ပြုံးနေသည်။ ထို့နောက် သူကအံကိုကြိတ်လိုက်ပြီး သူ၏အင်္ကျီလက်ကိုဝေ့ယမ်းကာ ကျောက်စိမ်းဆွဲပြားအား လျှို့ဝှက်အခန်းထဲသို့ ယူသွားလိုက်သည်။
မကြာမီ သူကပြန်ထွက်လာသည်။ ကျောက်စိမ်းဆွဲပြားထံ၌ ငွေရောင်အမှတ်အသားများမရှိတော့ချေ။ ထို့အစား ရွှေရောင်အမှတ်အသား တစ်ခုရှိနေသည်။ ထို့အပြင် ၎င်းက ယခင်ကနှင့်ပုံစံကွဲပြားနေသည်။ ၎င်းက အနည်းငယ်သေးငယ်သွားပြီး ထိုနေရာရှိလူတိုင်းအား ထိတ်လန့်အံ့သြစွာစိုက်ကြည့်လာစေသည့် အငွေ့အသက်များ ထုတ်လွှတ်နေသည်။
" သူတကယ်ကြီး လုပ်နိုင်ခဲ့တာပဲ "
" ဆယ့်တစ်ကြိမ်မြောက် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း "
ထိုအရာကိုမြင်လိုက်စဉ် ချန်ရှုံး၏အမူအယာမှာ ယခင်ကအတိုင်းသာရှိနေသော်လည်း စိတ်ထဲတွင်မူ သက်ပြင်းချမိသွားသည်။
ပိုင်ရှောင်ချန်းက ဝင့်ကြွားစွာဖြင့် မေးကိုငေါ့ကာ ကြေငြာလိုက်လေသည်။
" လက်ထောက်ဝိညာဉ်လေးရေ၊ ဒီမင်းသားလေးကို ငါ့ရဲ့ စိတ်စွမ်းအင်အဆင့်မြှင့်တင်တဲ့ဈေးနှုန်း တွက်ချက်နည်းလေးကိုရှင်းပြပြီး သူပေးရမဲ့ ဝိညာဉ်ဆေးလုံးအရေအတွက်ကို ပြောပြလိုက်ပါဦးကွာ "
ပိုင်ဟောက်က ရှေ့သို့တိုးလာပြီး ဆိုလိုက်သည်။
" ဘာမှမရှိတဲ့ဟာကနေ တစ်ခုခုကိုဖန်တီးတဲ့ ပထမဆုံးစိတ်စွမ်းအင်အဆင့်မြှင့်တင်မှုအတွက် ဝိညာဉ်ဆေးလုံး ၁၀၀၀ ကျသင့်ပါတယ်။ တစ်ကြိမ်မြောက်ကနေ နှစ်ကြိမ်မြောက်အထိက ၂၀၀၀ ကျသင့်မှာဖြစ်ပြီး နှစ်ကြိမ်ကနေ သုံးကြိမ်မြောက်အထိက ၄၀၀၀ ကျသင့်ပါတယ်။ အဲဒီလိုနဲ့ တွက်ချက်ရင် လေးကြိမ်မြောက်အထိက ၈၀၀၀။ ခုနှစ်ကြိမ်မြောက်ဆို ၆၄၀၀၀ ပါ။ ကိုးကြိမ်မြောက်ဆိုရင်ဖြင့် ၂၅၆၀၀၀ ပါ။ ဆယ်ကြိမ်မြောက်ကတော့ ၅၁၂၀၀၀ ကျသင့်ပါတယ်...။ ဆယ့်တစ်ကြိမ်မြောက်အတွက်ဆိုရင် ဝိညာဉ်ဆေးလုံးစုစုပေါင်း ၁၀၂၄၀၀၀ ကျသင့်ပါတယ်ခင်ဗျာ "
ပိုင်ဟောက်၏စကားလုံးများကြောင့် လူအုပ်ကြီးထဲမှ ပင့်သက်ရှိုက်သံများထွက်လာလေသည်။ အချို့က ပါဝင်သောကိန်းဂဏန်းများကို တွက်ချက်ပြီးနေပြီ ဖြစ်သော်လည်း အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်ကို ကြားရသည်မှာ အလွန်ထိတ်လန့်အံ့သြဖွယ်ကောင်းနေသည်။
ပိုင်ရှောင်ချန်းက ထိုနေရာတွင်ရပ်လျက် ဝိညာဉ်သိုလှောင်စေတီတစ်ခု ထုတ်ပေးနေစဉ် အေးအေးလူလူပြုံးနေသည့် ချန်ရှုံးအား ဝင့်ကြွားစွာဖြင့်ကြည့်နေသည်။
" ဒီဝိညာဉ်သိုလှောင်စေတီထဲမှာ ဝိညာဉ်ဆေးလုံးပေါင်း ၅၀၀၀၀၀၀ ရှိတယ်။ နောက်ထပ်အဆင့်မြှင့်တင်တာတွေကို ဆက်လုပ်ပေးပါ။ ဆယ့်တစ်ကြိမ်မြောက်ထဲနဲ့ ကျုပ်မကျေနပ်သေးဘူး "
နောက်ထပ် တအံ့တသြပြောဆိုနေကြသည့်အသံများ လူအုပ်ထဲမှထွက်လာသည်။ သူတို့ကိုယ်တိုင်ကြုံတွေ့နေရသည့် အလောင်းအစားပွဲကြီးက အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းနေလေရာ လူအမြောက်အမြားက ကျောက်စိမ်းပေလွှာများကိုသုံး၍ သူတို့၏သူငယ်ချင်းများထံ စာများပို့လိုက်ကြလေသည်။
မကြာမီတွင် မြို့နယ်ရှစ်ဆယ့်ကိုးမှာ အုတ်အုတ်ကျက်ကျက်ဖြစ်သွားပြီး များစွာသော ဝိညာဉ်ကျင့်ကြံသူများက ပိုင်ရှောင်ချန်း၏ဆိုင်ရှိရာသို့ အပြေးအလွှားရောက်လာကြတော့သည်။ ဆိုင်အပေါ်၌ အာရုံစိုက်နေသည့် များပြားလှသော နတ်ဘုရားအာရုံစီးကြောင်းများလည်း ရှိလေသည်။
ပိုင်ရှောင်ချန်းက သူ၏ယူဆချက်ကို အတည်ပြုလိုက်ပြီးနောက် သူ၏မျက်လုံးအိမ် ကျဉ်းမြှောင်းသွားသည်။ သူက ဟန်ဆောင်နေသည်ကိုရပ်လိုက်ကာ အေးစက်စက်ရယ်မောလိုက်ပြီး လျှို့ဝှက်အခန်းထဲသို့ ကျောက်စိမ်းဆွဲပြားကိုယူသွားလိုက်သည်။
တစ်ခဏလေးအတွင်း သူက ဒုတိယမြောက် ရွှေရောင်အမှတ်အသားရှိသည့် ကျောက်စိမ်းဆွဲပြားနှင့်အတူ ပြန်ထွက်လာသည်။ ဆိုင်အပြင်ဘက်ရှိလူများက ထိုဆွဲပြားအားမြင်လိုက်ရသောအခါ တအံ့တသြအော်ဟစ်သံများ ပေါ်ထွက်လာတော့သည်။
" ဘုရား၊ ဘရား၊ ဒါ ဆယ့််နှစ်ကြိမ်မြောက် စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားတာပဲ။ "
" ဒီလိုပွဲမျိုးမကြည့်ခဲ့ရတာတောင် ကြာပေါ့။ ဒါကိုကြည့်ဖို့ လူတိုင်းကို ခေါ်ရအောင်ဟေ့။ ဒီကိစ္စက ဗဟိုဧကရာဇ်မြို့တော်တစ်ခုလုံးကို သေချာပေါက် တုန်လှုပ်သွားစေမှာကွ "
လူအုပ်ကြီးဆီမှ အော်ဟစ်သံ၊ ဟစ်ကြွေးသံများက ချန်ရှုံးအား အနည်းငယ်ဖိအားဖြစ်စေပြီး သူ၏မျက်ဝန်းထဲတွင် တွေဝေတွန့်ဆုတ်နေသည့်အရိပ်အယောင်များ မြင်နိုင်သည်။ သို့သော်လည်း သူကပိုင်ရှောင်ချန်းအား ဆက်၍စိုက်ကြည့်ကာ ပြောလိုက်သည်။
" ကျုပ်မကျေနပ်သေးဘူး။ ဆက်လုပ်လိုက်ပါ "
ပိုင်ရှောင်ချန်းက အနှီပန်းရောင်ဝတ်စုံဝတ်လူငယ် မည်မျှအထိ စိတ်ပိုင်းဖြတ်ထားကြောင်း သိလိုက်သည်။ သူက စိတ်ထဲတွင် အေးစက်စက် ချောင်းဟန့်ကာ ပြောနေမိသည်။ " မင်းစောင့်ကြည့်နေလိုက်စမ်းပါ။ မင်းကို ကြောက်လန့်တုန်လှုပ်သွားအောင် ငါလုပ်ပြမယ် "
သူက ချာကနဲလှည့်ကာ လျှို့ဝှက်ခန်းဆီသို့ဦးတည်လိုက်ပြီး ခဏအကြာတွင် ရွှေရောင်အမှတ်အသားသုံးခုပါသော ဆွဲပြားနှင့်အတူပြန်ထွက်လာသည်။
မည်သူမျှ တုံ့ပြန်မှုမပြုသေးမီ ပိုင်ရှောင်ချန်းက ကျယ်လောင်စွာပြောလိုက်သည်။
" လက်ထောက်ဝိညာဉ်လေး၊ ကျသင့်ငွေကို တွက်ပေးပါဦးကွာ "
ပိုင်ဟောက်မှာ တုန်တုန်ယင်ယင်ဖြစ်သွားသည်။ ဤကဲ့သို့သောအရာမျိုးကို သူ တစ်ခါမျှမကြုံဖူးသည့်တိုင် အနည်းငယ်ပင် တုံ့ဆိုင်းမှုမရှိပဲ ပြန်ဖြေလိုက်၏။
" ကျသင့်ငွေကတော့ ဝိညာဉ်ဆေးလုံးပေါင်း ၄၀၉၆၀၀၀ ပါခင်ဗျာ "
ထိုအချိန်တွင် မြို့နယ်ရှစ်ဆယ့်ကိုးတစ်ခုတည်းသာ ဤဖြစ်ရပ်ကြောင့် တုန်လှုပ်ချောက်ချားနေသည်မဟုတ်ချေ။ အခြားသော မြို့နယ်များဆီသို့ သတင်းစကားများပျံ့နှံ့သွားခဲ့ပြီး ထိုနေရာများမှ လူတိုင်း အလျင်အမြန်ရောက်ချလာတော့သည်။
ချန်ရှုံးမှာ တုန်ယင်နေပြီး အနည်းငယ်အထိတ်တလန့်ဖြစ်နေသည့် အရိပ်အယောင်များကို သူ၏မျက်ဝန်းထဲတွင် မြင်နိုင်သည်။ သူ စိတ်အေးသက်သာစွာ မနေနိုင်တော့ပေ။ ဤအခြေအနေက သူကြံရွယ်ထားသည့်အတိုင်း ဖြစ်မလာခဲ့ချေ။ သူက ကျောက်စိမ်းဆွဲပြားပျက်စီးမည့် ဖြစ်နိုင်ချေအပေါ် မျှော်လင့်ချက်အပြည့်ထားခဲ့မိသည်။
" ဒီလူရဲ့ စိတ်စွမ်းအင်အဆင့်မြှင့်တင်တဲ့ ကျွမ်းကျင်မှုက ထိတ်လန့်စရာပဲ "
သူကတွေးမိလိုက်သည်။ သို့သော်လည်း သူက အံကိုသာကြိတ်လိုက်ပြီး ပိုင်ရှောင်ချန်းအားကြည့်ကာ ဖြည်းညင်းစွာပြောလိုက်သည်။
" ကျုပ်မကျေနပ်သေးဘူး။ ဆက်ပြီးလုပ်ပေးပါ "
လူအုပ်ကြီးမှာ လုံးလုံးလျားလျား အံ့အားသင့်သွားကြသည်။ ထိုအချိန်တွင် သူတို့က ဤအလောင်းအစားမှာ သာမန်မဟုတ်ကြောင်းနှင့် ချန်ရှုံးအား မကျေနပ်သေးကြောင်းဆက်၍ပြောစေသည့် အကြောင်းအရင်းတစ်ခုခုရှိနိုင်ကြောင်း သိလိုက်သည်။
" မကျေနပ်သေးဘူးပေါ့လေ၊ဟမ် " ပိုင်ရှောင်ချန်းက တွေးလိုက်သည်။
" ကောင်းတာပေါ့ ပန်းရောင်ကိုယ်တော်ချောရယ်။ ငါမင်းကို ဘယ်လောက်ထိ ကြောက်အောင်လုပ်နိုင်မလဲဆိုတာ စောင့်ကြည့်နေလိုက်စမ်းပါ "
သူက လျှို့ဝှက်ခန်းလေးဆီ ပြန်သွားလိုက်ပြီး အမွှေးတိုင်တစ်တိုင်စာလောင်ကျွမ်းပြီးချိန်လောက်တွင် ပြန်၍ထွက်လာသည်။ ဤအကြိမ်တွင် လူအုပ်ကြီးက ကျောက်စိမ်းဆွဲပြားအား မြင်လိုက်ရသောအခါ ပွက်လောရိုက်သွားတော့သည်။
" ဆယ့်…ဆယ့်လေးကြိမ်မြောက် "
" ဆယ့်လေးကြိမ်မြောက် စိတ်စွမ်းအင်အဆင့်မြှင့်ထားတာပဲ။ ဘုရား ဘုရား ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာတုံး "
လူတိုင်းက ကျွတ်ကျွတ်ညံအောင် စကားပြောနေကြသော်လည်း သူတို့၏သူငယ်ချင်းများထံ စာပို့ရန်လည်းမမေ့ကြပေ။ ထိုလူများသည်လည်း ထိတ်လန့်အံ့သြခြင်းများစွာဖြင့် အလျင်အမြန်ရောက်လာကြတော့သည်။ ပိုင်ရှောင်ချန်းက ပိုင်ဟောက်၏ ကျသင့်ငွေတွက်ချက်သည့် အပြောကိုပင် မစောင့်တော့ပဲ ဝင့်ကြွားစွာဖြင့် ကြေငြာလိုက်လေသည်။
" ဝိညာဉ်ဆေးလုံးပေါင်း ၈၁၉၂၀၀၀ ကျသင့်နေပါပြီ "
သူက ကျသင့်ငွေကို သူကိုယ်တိုင်ပြောလိုက်ခြင်းက ပို၍အထင်ကြီးစရာကောင်းသည်ဟု ထင်မြင်မိသည်။
ပိုင်ရှောင်ချန်း၏ စကားလုံးများက ချန်ရှုံး၏နားထဲတွင် သေမင်းခေါင်းလောင်းသံအလား ဖြစ်နေသည်။ သူ၏စိတ်နှင့် နှလုံးသားအား မိုးကြိုးများထောင်သောင်းမက ပစ်ခတ်လိုက်သည့်အလား ခံစားလိုက်ရပြီး သူ၏မျက်နှာမှာလည်း စာရွက်တစ်ရွက်အလား ဖြူဆုတ်နေသည်။ သူ့မျက်ဝန်းများမှာလည်း ရဲရဲနီလျက် ပင့်သက်ရှိုက်လိုက်ရင်း သူ့ကို တစ်ခုခုက ထိမှန်လာသည့်အလား အနောက်ဘက်သို့ ဒယီးဒယိုင်ဆုတ်မိလိုက်သည်။ သူက ဆယ့်လေးကြိမ်မြောက် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း၌ ဖြစ်နိုင်ချေများကို သူကိုယ်တိုင်တွက်ချက်ကြည့်ထားပြီးဖြစ်သော်လည်း သူ တုန်လှုပ်မိနေဆဲ။ ထို့အပြင် ရင်းနှီးရမည့် ဝိညာဉ်ဆေးလုံးအရေအတွက်ကလည်း ပမာဏအားဖြင့် အလွန်များပြားလှသည်။ သူက ဝိညာဉ်ဆေးလုံးပေါင်း ၁၅၀၀၀၀၀၀ နီးပါးသုံးစွဲလိုက်ပြီဖြစ်ကြောင်း စဉ်းစားမိသည့်အချိန်ဟုပြောလျှင် ပိုမှန်ပေလိမ့်မည်။
သူက သူ၏အစီအစဉ်အတွက် စတင်နောင်တရလာပြီး လက်လျော့လိုက်ရန်ပင် စဉ်းစားမိလိုက်သည်။ သို့သော် " မင်းက ကျားပေါ်တက်စီးနေမိမှတော့ အောက်ကိုခုန်ဆင်းဖို့ရာ ခက်ခဲပါသည် " ဟူသော ဆိုးရိုးစကားလည်း ရှိသည် မဟုတ်ပါလော။ ယခု လူအုပ်ထဲ၌ လူအများအပြားရှိနေပြီး အချိန်နှင့်အမျှ အခံရခက်အောင်လုပ်နေသည်။ လမ်း၏အပြင်ဘက်တွင် လူသောင်းချီ၍ တန်းစီကာကြည့်နေကြသည်။
ပိုင်ရှောင်ချန်းက ဝံ့ကြွားစွာဖြင့် မေးကိုငေါ့ကာ ပြောလိုက်သည်။
" ချစ်မိတ်ဆွေကြီး၊ အခုကျေနပ်သွားပြီလား။ အခုဆိုရင် ဒီဝိညာဉ်သိုလှောင်စေတီထဲမှာရှိတဲ့ ဝိညာဉ်ဆေးလုံးတွေက ပေးဖို့ မလုံလောက်တော့ဘူးကွ။ မင်းက ဝိညာဉ်ဆေးလုံး ၈၁၉၂၀၀၀ တောင်ပေးရမှာနော်။ တကယ်လို့ ကျုပ်တို့စာရင်းရှင်းပြီးတဲ့နောက် မကျေနပ်သေးဘူးဆိုရင် ကျုပ်က ဝမ်းမြောက်ဝမ်းသာနဲ့ လုပ်ပေးမှာပါ "
ထိုစကားကိုကြားသည့်အခါ ပိုင်ဟောက်မှာ အံ့သြမှင်တက်သွားပြီး အနည်းငယ်ချီတုံချတုံဖြစ်နေသည်။ သူ၏သခင်က ကျသင့်ငွေကို မှား၍တွက်ချက်ထားခြင်းဖြစ်ပြီး ယခုလေးတွင်မှ စိတ်စွမ်းအင်အဆင့်မြှင့်တင်သည့် ကျသင့်ငွေကိုသာထည့်တွက်ထားပြီး အစအဆုံးထည့်ပေါင်းထားခြင်း မရှိသေးကြောင်းသာဖြစ်သည်။
သူက ၎င်းအားထုတ်၍ပြောပြချင်နေပါသော်လည်း ထိုနေရာတွင် လူပေါင်းများစွာရှိနေ၏။ သူ့အား ရိုးရှင်းသော ဝိညာဉ်အစေခံအဖြစ်သာ လူအများက ထင်မှတ်ထားသောကြောင့် ယခုအချိန်တွင်သူက ပြောခွင့်မသာပေ။ သူက သက်ပြင်းချလိုက်ရင်း ရှက်ရွံ့စွာဖြင့် မျက်နှာကိုသာ လက်ဖြင့်အုပ်လိုက်တော့သည်။
လူအုပ်ကြားထဲတွင် ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာသည်။ လူအတော်များများမှာ ပိုင်ရှောင်ချန်းက ငွေအတွက်မှားသွားကြောင်း သိလိုက်သည့်အခါ ကြောင်တောင်တောင်ဖြစ်သွားကြသည်။ သို့သော်လည်း ပန်းရောင်ဝတ်စုံနှင့်လူငယ်က အထက်တန်းလွှာ လက်ရွေးစင်ဖြစ်ကြောင်း သိသာနေသည့်အတွက် တစ်ယောက်မှ သူ့ကို ရန်မစချင်ကြပေ။ သူတို့က နောက်ပိုင်းမည်သို့ဖြစ်ပျက်လာမည်ကို သိလိုစိတ်ပြင်းပြစွာဖြင့် ပိုင်ရှောင်ချန်းအား တိတ်တခိုးကြည့်လိုက်ကြလေသည်။ ချန်ရှုံးမှာ ပိုင်ရှောင်ချန်း၏ မော်ကြွားတတ်သောဟန်ပန်အပေါ် အနည်းငယ်အံ့အားသင့်သွားသော်လည်း ယခုအထိဖြစ်ပျက်လာသမျှကို သူ သဘောမပေါက်သေးပေ။ သူ၏ပြိုင်ဘက်က အတွက်မှားသွားသည်ကို သူက မယုံနိုင်သေးသော်လည်း သူ၏အိတ်ကိုပုတ်ကာ အခြားသော ဝိညာဉ်သိုလှောင်စေတီတစ်ခုကို ပစ်ပေးလိုက်သည်။
" အဲဒီအထဲမှာ ဝိညာဉ်ပေါင်း ၄၀၀၀၀၀၀ ရှိတယ်။ ကျုပ်....ကျုပ်မကျေနပ်သေးဘူး ။ ဆက်လုပ်လိုက် "
ဤသည်က သူနှင့်အခြားသော လက်ရွေးစင်များအားလုံး တတ်နိုင်သည့် ဝိညာဉ်ဆေးပမာဏ ဖြစ်သည်။ ၎င်းက အလွန်ကြီးမားသော ပမာဏဖြစ်ပြီး မျိုးနွယ်စုကြီးတစ်ခု လျှို့ဝှက်စုဆောင်းသော ပမာဏတမျှ ရှိသည်။
ထိုနေရာအရောက်တွင် ပိုင်ရှောင်ချန်းက ဝံ့ကြွားစွာပြောလိုက်သည်။
" ဆယ့်လေးကြိမ်ကနေ ဆယ့်ငါးကြိမ်မြောက် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းအတွက် ကျသင့်ငွေက မတူတော့ပါဘူး။ အဲဒီအတွက် နှစ်ဆပဲကျသင့်မှာမဟုတ်တော့ဘူး။ ဆယ်ဆပေးရလိမ့်မယ်။ဆိုလိုတာက တကယ်လို့ကျုပ်သာအောင်မြင်သွားခဲ့ရင် မင်းကကျုပ်ကို ဝိညာဉ်ဆေးလုံးပေါင်း ၈၁၉၂၀၀၀၀ ပေးရမယ် "
ပိုင်ရှောင်ချန်းက ထိုပမာဏကိန်းဂဏန်းအား ကျယ်ကျယ်လောင်လောင်ပြောလိုက်သည့်တိုင် သူ့အသွင်ကိုကြည့်ရသည်မှာ စိုးရိမ်ထိတ်လန့်နေဟန်တူသည်။ တဒင်္ဂကြာ ဆိတ်ငြိမ်သွားပြီးနောက် သူက ထပ်လောင်းပြောဆိုလိုက်သည်။
" မင်း...မင်း အဲဒီလောက်အထိ တတ်နိုင်တာ သေချာရဲ့လား "