အခန်း (၂၈၇-၂၈၈)
Vol. 29 Ch. 287-288
အခန်း (၂၈၇) အဆင့်အတန်း
"ငါ့တပည့်က ငါ့ထက်တော့ အားနည်းပါတယ်။ သူက ဒီဂိုဏ်းမှာ ပါရမီအရှိဆုံး တပည့်တွေထဲက တစ်ယောက်ဖြစ်ပေမဲ့ သားရဲဂိုဏ်းက အကြီးအကဲ တစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတယ်" လန်ကျင်းက ပြန်ဖြေသည်။
လုံချန်းသည် ထိုလူ၏စကားကို နားထောင်ရင်း လှမ်းကြည့်လိုက်သော်လည်း သူ၏မျက်နှာတွင် မည်သည့်ခံစားချက်မျှ မတွေ့ရပေ။ ဤလူသည် ကျောက်ခဲကဲ့သို့ နှလုံးသားရှိသူလား သို့မဟုတ် တပည့်တစ်ယောက် ဆုံးရှုံးရသည့် နာကျင်မှုမှ ပြန်လည် သက်သာသွားပြီလား ဆိုသည်ကို သူ မဝေခွဲနိုင်တော့ပေ။
'မကြာခင် မင်းကို မင်းရဲ့တပည့်ဆီ ငါ ပို့ပေးပါ့မယ်' လုံချန်းက စိတ်ထဲမှ တွေးလိုက်သည်။
"အဲဒါက ငါ သားရဲခန်းမ ဌာနခွဲကို သွားပြီး အမြစ်ပြတ် သုတ်သင်တဲ့အထဲမှာ ဘာလို့ ပါဝင်ခဲ့သလဲဆိုတဲ့ အကြောင်းရင်းတွေထဲက တစ်ခုလည်း ဖြစ်နိုင်တာပေါ့။ ငါကတော့ သားရဲဂိုဏ်း ဌာနချုပ်ကိုပါ သွားတိုက်ချင်တာ၊ ဒါပေမဲ့ ဂိုဏ်းချုပ်ကတော့ အခုက အချိန်ကောင်းမဟုတ်သေးဘူးလို့ ယူဆနေတယ်" သူက ရေရွတ်လိုက်သည်။
"ဪ... ဒါနဲ့။ ငါ မေးချင်တာ တစ်ခုရှိတယ်။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဘာလဲ။ ငါ ဘာလို့ မမြင်ရတာလဲ" ထိုလူက တစ်ခုခုကို သတိရသွားသည့်အလား မေးလိုက်သည်။
"ကျုပ်ရဲ့ ကျင့်ကြံခြင်း အကြောင်းကို ခင်ဗျား စိတ်ပူစရာမလိုပါဘူး" လုံချန်းက ပြန်ဖြေလိုက်သည်။
"ရပါတယ်လေ" ထိုလူသည် လုံချန်း၏ ရိုင်းစိုင်းသောလေသံကို အရေးမစိုက်ပေ။
"မင်း ငါ့ရဲ့အရင်တပည့်နေခဲ့တဲ့ ဝင်းထဲမှာပဲ နေရမယ်။ အဲဒီမှာ မင်း တစ်ခုခုလိုရင် ခိုင်းဖို့ အစေခံတွေ ရှိပြီးသားပဲ။ အထဲမှာပဲ နေပါ၊ ဖြစ်နိုင်ရင် ပြဿနာတွေ မရှာပါနဲ့။ မကြာခင်မှာ အလုပ်စလုပ်ရမယ့် အချိန်ရောက်လာတော့မှာမို့လို့" ထိုလူက ဆိုသည်။
"ကျုပ် ဒီရောက်နေပြီဆိုတော့ ဂိုဏ်းရဲ့ ပညာရပ်တွေကို ကျင့်ကြံခွင့်နဲ့ သင်ယူခွင့် ရှိသလား" လုံချန်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။ သူသည် သူ့တွင် မည်မျှအထိ လွတ်လပ်ခွင့်ရှိသည်ကို သိလိုခြင်းဖြစ်သည်။
"အခြား အနက်ရောင်ဝတ်ရုံ အကြီးအကဲတွေကို သွားပြီး စိတ်အနှောင့်အယှက်ဖြစ်စေမယ့် အသက်အန္တရာယ်ရှိတဲ့ အလုပ်မျိုးမဟုတ်သရွေ့ မင်း ကြိုက်တာလုပ်နိုင်ပါတယ်" လန်ကျင်းက အေးအေးလူလူပင် ပြန်ဖြေသည်။
'ငါ ပိုသန်မာလာပြီး သူ့ကို သတ်မှာကို သူ မကြောက်ဘူးလား' လုံချန်းက ဇဝေဇဝါဖြစ်လျက် တွေးနေမိသည်။
"မင်း ဘာတွေးနေလဲဆိုတာ ငါ မှန်းလို့ရပါတယ်။ မင်း ပိုသန်မာလာမှာကို ငါ မကြောက်ပါဘူး။ ဒီလို အချိန်တိုအတွင်းမှာ မင်း ဘယ်လောက်ပဲ ကျင့်ကြံကျင့်ကြံ ငါ့ထက် ပိုသန်မာလာမှာ မဟုတ်ဘူး။"
"ပြီးတော့ မင်းကိုယ်ထဲမှာ အဆိပ်ရှိနေတာပဲ။ တကယ်လို့ မဖြစ်နိုင်တဲ့ အံ့သြစရာတွေ ဖြစ်လာခဲ့ရင်တောင် အဲဒီအဆိပ်က မင်းကို ထိန်းချုပ်ထားလိမ့်မယ်" ထိုလူက ခနဲ့ပြုံးဖြင့် ဆိုသည်။
ထိုလူတွင် တောင်ပံပါ ခြင်္သေ့ ရှိသော်လည်း သူသည် အခြားသူများကို ပြသရန်အတွက် လုံချန်းနှင့်အတူ လမ်းလျှောက်သွားရန် ဆုံးဖြတ်ခဲ့သည်။ အခြားသူများက လုံချန်းကို လာရောက်စော်ကားပြီး အသတ်ခံရမှာကို သူ မလိုလားပေ။ ထို့ကြောင့် အခြားတပည့်များ လာရောက်နှောင့်ယှက်ခြင်း မပြုနိုင်ရန် သူကိုယ်တိုင် လိုက်ပါ၍ သတိပေး နေခြင်းဖြစ်သည်။
လုံချန်းသည် ထိုလူ၏နောက်မှ ကျောက်သားလမ်းရှည်ကြီးအတိုင်း လိုက်ပါလာခဲ့ရာ အကျဉ်းထောင်မှ ဂိုဏ်း၏ ဗဟိုချက်ဆီသို့ ရောက်ရှိလာခဲ့သည်။ လမ်းဘေးဝဲယာတွင် လှပသော အဆောက်အဦးများစွာကို သူ မြင်တွေ့ရသည်။ အဆောက်အဦးများမှာ ကြီးမားရုံသာမက လှပခမ်းနားပြီး အဖိုးကြီးလှသည်။ အချို့မှာ ရွှေစင်များဖြင့် ပြုလုပ်ထားသကဲ့သို့ပင် ထင်ရသည်။
ထိုအရာများက မည်သည်များ ဖြစ်ကြောင်း သူ မသိပေ။ လန်ကျင်းကိုလည်း မမေးသလို၊ လန်ကျင်းကလည်း မိမိသဘောနှင့်မိမိ ရှင်းမပြပေ။
သူတို့ ဆက်လက်လျှောက်လှမ်းလာရာ အဆောက်အဦးများမှာ တစ်လုံးထက်တစ်လုံး ပို၍ ကောင်းမွန်လာသည်။ လုံချန်းသည် ဂိုဏ်း၏ အရေးကြီးသော နေရာများသို့ ရောက်ရှိနေပြီဟု ခံစားလိုက်ရသည်။ နောက်ဆုံးတွင် လူအချို့ကိုလည်း သူ စတင်မြင်တွေ့လာရသည်။
အမျိုးသားရော အမျိုးသမီးပါ သူတို့၏ အဝတ်အစားများပေါ်တွင် အဝါရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။ သူတို့အားလုံး၏ ရင်ဘတ်တွင် တံဆိပ်တစ်ခုစီ တပ်ထားကြသည်။ ထိုအဝါရောင်ဝတ်ရုံခြုံသူများမှာ အသက်အရွယ် အမျိုးမျိုးရှိကြသည်။ အချို့မှာ အသက် ၁၃၊ ၁၄ နှစ်ခန့်သာ ရှိသေးသော်လည်း၊ အချို့မှာ အသက် ၂၀ ကျော် အရွယ်များ ဖြစ်ကြသည်။
"ဒီဂိုဏ်းရဲ့ အဆင့်အတန်း သတ်မှတ်ပုံကို ငါ ပြောပြမယ်။ မင်း မြင်နေရတဲ့ အဝါရောင်ဝတ်ရုံခြုံသူတွေက ဂိုဏ်းရဲ့ တပည့်တွေပဲ" လန်ကျင်းက စတင် ရှင်းပြသည်။
"ငါတို့ဆီမှာ ပြင်ပတပည့် ဒါမှမဟုတ် အတွင်းတပည့်ဆိုတဲ့ စနစ်မရှိဘူး။ ငါတို့က ကြယ်စနစ်ကို သုံးတယ်။ တပည့်တစ်ယောက်ရဲ့ အဆင့်ကို သူတို့ ရင်ဘတ်က တံဆိပ်မှာရှိတဲ့ ကြယ်အရေအတွက်ကို ကြည့်ပြီး သိနိုင်တယ်" သူက ဆိုသည်။
"အရိုးရှင်းဆုံး ပြောရရင်၊ ကြယ်တစ်ပွင့် အဝါရောင်ဝတ်ရုံ တပည့်တွေက သာမန်ဂိုဏ်းတွေရဲ့ ပြင်ပတပည့်တွေနဲ့ တူတယ်။ ကြယ်နှစ်ပွင့် တပည့်တွေက အတွင်းစည်း တပည့်တွေနဲ့ တူပြီး၊ ကြယ်သုံးပွင့် တပည့်တွေကတော့ အဓိက တပည့်တွေနဲ့ တူတယ်" သူက ဆက်ပြောသည်။
လုံချန်းသည် မုဆိုးကြယ်ထံသို့ ဦးတည်နိုင်မည့် အရေးကြီးသော အချက်အလက်များကို မလွတ်စေရန် သူပြောသမျှအား သေချာနားထောင်နေသည်။
"အဲဒီထက် မြင့်တဲ့ အဆင့်လည်း ရှိသေးတယ်။ အဲဒါက ကြယ်လေးပွင့် တပည့်ပဲ" လန်ကျင်းက ဆိုသည်။
"ကြယ်လေးပွင့်အဆင့်ကို အနက်ရောင်ဝတ်ရုံ အကြီးအကဲတွေရဲ့ တိုက်ရိုက်တပည့်တွေကိုပဲ ပေးတာ။ သူတို့က ဂိုဏ်းတပည့်တွေထဲမှာ အမြင့်ဆုံးအဆင့်လို့ သတ်မှတ်ခံရတယ်၊ ဘာလို့လဲဆိုတော့ အကြီးအကဲတွေက အသုံးမကျတဲ့သူကို သူတို့ရဲ့ တပည့်အဖြစ် ဘယ်တော့မှ ရွေးချယ်မှာမဟုတ်လို့ပဲ"
"အဆင့်အတန်းအရ နောက်တစ်ခုက အကြီးအကဲတွေပဲ။ အကြီးအကဲတွေကိုလည်း အမျိုးအစား ခွဲထားသေးတယ်။ တစ်ခုက အနီရောင်ဝတ်ရုံ အကြီးအကဲတွေ။ သူတို့က မြေကမ္ဘာ အဆင့်မှာပဲ ရှိသေးတဲ့သူတွေပေါ့။ မင်းလည်း သိမှာပါ၊ မင်းကိုယ်တိုင်တောင် အတော်များများကို သတ်ခဲ့တာပဲလေ" လန်ကျင်းက ရယ်မောရင်း ဆိုသည်။
"ကောင်းကင် အဆင့် ရောက်နေတဲ့ အကြီးအကဲတွေကတော့ အနက်ရောင်ဝတ်ရုံ အကြီးအကဲတွေပဲ။ အနက်ရောင်ဝတ်ရုံ အကြီးအကဲတွေမှာပဲ သူတို့ရဲ့တပည့်တွေကို ကြယ်လေးပွင့် တံဆိပ်ပေးနိုင်တဲ့ အာဏာရှိတယ်။ အနီရောင်ဝတ်ရုံ အကြီးအကဲတွေရဲ့ တပည့်တွေမှာတော့ အဲဒီအခွင့်အရေး မရှိဘူး"
"အဲဒီထက် မြင့်တဲ့ အဆင့်ကတော့ ဂိုဏ်းရဲ့ အကြီးအကဲချုပ်တွေပဲ။ သူတို့ကို မီးခိုးရောင် ဝတ်ရုံတွေနဲ့ ခွဲခြားနိုင်တယ်။ သူတို့ကို သူတို့ရဲ့ နေရာတွေကလွဲရင် အပြင်မှာ တွေ့ရခဲတယ်၊ ဒါပေမဲ့ သူတို့ အပြင်ထွက်လာရင်တော့ မင်းအနေနဲ့ ရိုသေမှု ရှိသင့်တယ်"
"ပြီးတော့ နောက်ဆုံး၊ အဆင့်အတန်းရဲ့ အထွတ်အထိပ်ကတော့ ဂိုဏ်းချုပ်ကြီးပဲ။ ဂိုဏ်းချုပ်က အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်တယ်။ ငါတို့ ဂိုဏ်းချုပ်က တော်တော်လေး စိတ်နေစိတ်ထား ထူးဆန်းတဲ့ အမျိုးသမီး တစ်ယောက်လို့ ပြောရမယ်။ သူမရဲ့ စိတ်အခြေအနေက ချက်ချင်း ပြောင်းလဲ သွားတတ်တာမို့လို့ သူမနဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲ။ သူမ စိတ်အနှောင့်အယှက် ဖြစ်ရင် ဘယ်သူ့ကို သတ်လိုက်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး" လန်ကျင်းက ဂိုဏ်း၏ အာဏာခွဲဝေပုံကို ရှင်းပြခြင်းကို အဆုံးသတ်လိုက်သည်။
လုံချန်းနှင့် လန်ကျင်းတို့ အတူတူ လမ်းလျှောက်နေစဉ် လူအတော်များများက သူတို့ကို မြင်တွေ့သွားကြသည်။
"ဟေး... ဟိုမှာ အနက်ရောင်ဝတ်ရုံ အကြီးအကဲ ကျင်း မဟုတ်လား။ သူ့ဘေးက ကောင်လေးက ဘယ်သူလဲ"
"သူတို့က တော်တော်ရင်းနှီးပုံရတယ်။ သားရဲခန်းမက အဲဒီခွေးအကြီးအကဲ လက်ချက်နဲ့ စီနီယာအစ်ကို မုချန်း အသတ်ခံရကတည်းက အကြီးအကဲ ကျင်း ပြုံးနေတာ တစ်ခါမှ မမြင်ဖူးဘူး"
"သူ တိုက်ရိုက်တပည့် အသစ်တစ်ယောက်ကို ရွေးလိုက်တာလား။ ဖြစ်နိုင်တယ်နော်"
"အဲဒီကောင်လေးကို အရင်က မမြင်ဖူးဘူး။ အကြီးအကဲ ကျင်းက အပြင်ကနေ တပည့်တစ်ယောက် ရှာတွေ့လာပြီး အခု ဂိုဏ်းအကြောင်း လိုက်ပြနေတာ ဖြစ်နိုင်တယ်"
"ဒါဆိုရင် အခု နောက်ထပ် ကြယ်လေးပွင့် တပည့်တစ်ယောက် ထပ်တိုးလာတော့မှာပေါ့။ ဂိုဏ်းထဲမှာ ကြယ်လေးပွင့် တပည့် ၂၃ ယောက်ပဲ ရှိတာလေ။ အခုတော့ အရေအတွက်က တစ်ယောက် တိုးလာပြီ"
"ကြည့်ရတာတော့ ပါရမီ သိပ်ပါပုံမရပါဘူး။ ငယ်လည်း ငယ်သေးတယ်။ သူက အားအနည်းဆုံး ဖြစ်မှာပါလေ"
အခန်း (၂၈၈) တံဆိပ်သစ်
"ဒါ တကယ့်ကို ဝမ်းနည်းစရာပဲ။ အကြီးအကဲ ကျင်းရဲ့ အရင်တပည့်ဖြစ်တဲ့ စီနီယာအစ်ကိုမုက ဂိုဏ်းမှာ ဒုတိယမြောက် အသန်မာဆုံး တပည့်ဖြစ်ခဲ့တာ။ အခုတော့ သူ့ရဲ့တပည့်သစ်က အားအနည်းဆုံး ဖြစ်နေတော့မှာပေါ့" အချို့လူများက စိတ်ပျက်စွာ သက်ပြင်းချရင်း ပြောကြသည်။
သူတို့အားလုံး လုံချန်းအကြောင်း ပြောနေကြသော်လည်း အကြီးအကဲကျင်း ကြားသွားမည်ကို စိုးရိမ်သဖြင့် အသံ တိုးတိုးသာ ထွက်ကြသည်။ အကြီးအကဲကျင်း၏ ဒေါသအကြောင်းကို သူတို့အားလုံး သိထားကြသည် မဟုတ်လော။
လန်ကျင်း ကြားမကြားတော့ မသေချာသော်လည်း လုံချန်းကတော့ သူ၏ ထက်မြက်သော အာရုံခံစားမှုများကြောင့် ထိုစကားများကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။
သူတို့သည် မသိနားမလည်သူများ ဖြစ်သဖြင့် သူတို့၏ လေပေါနေမှုများကို လျစ်လျူရှုရန်သာ သူ ရွေးချယ်လိုက်သည်။ သို့သော် သူတို့၏စကားများထဲမှ လန်ကျင်း၏ တပည့်ဟောင်း အကြောင်းကိုတော့ သူ သိလိုက်ရသည်။
လုံချန်းနှင့် လန်ကျင်းတို့သည် ဆက်လက် ထွက်ခွာလာကြသည်။ လန်ကျင်းသည် အဆောက်အဦး အားလုံးကို မိတ်မဆက်ပေးသော်လည်း အချို့ကိုတော့ ပြောပြခဲ့သည်။
သူ မိတ်ဆက်ပေးခဲ့သော အဆောက်အဦးများမှာ ပညာရပ်ခန်းမ၊ လက်မှု ပညာသည်များ ခန်းမ၊ ဆေးဖော်စပ်ရေးခန်းမ နှင့် တပည့်များ အချင်းချင်း တိုက်ခိုက် လေ့ကျင့်ကြသော သိုင်းလေ့ကျင့်ရေး ကွင်းပြင်တို့ ဖြစ်ကြသည်။
ပညာရပ်ခန်းမသည် ဂိုဏ်း၏ ကိုယ်ပိုင်ပညာရပ်များအပြင် အခြားဂိုဏ်းများမှ ခိုးယူလာသော သို့မဟုတ် သူတို့ ဖျက်ဆီးခဲ့သော ဂိုဏ်းများ၏ ဘဏ္ဍာတိုက်များမှ သိမ်းဆည်းလာသော ပညာရပ် အမျိုးမျိုး ရှိသည့်နေရာ ဖြစ်သည်။
လက်မှု ပညာသည်များ ခန်းမကတော့ ဂိုဏ်း၏ လက်မှုပညာရှင်များက မှော်ပစ္စည်း အမျိုးမျိုးကို ဖန်တီးသည့် နေရာဖြစ်သည်။
ဆေးဖော်စပ်ရေး ခန်းမမှာလည်း ဂိုဏ်း၏ အရေးကြီးသော နေရာတစ်နေရာ ဖြစ်သည်။ ထိုနေရာတွင် ဆေးပညာရှင်များ စုဝေးကာ အသိပညာများ မျှဝေကြပြီး ဝိညာဉ်ဆေးလုံးများကို ဖော်စပ်ကြသည်။
လန်ကျင်းသည် အဆင့် သတ်မှတ်ရေး ခန်းမကိုလည်း ပြသခဲ့သော်လည်း ၎င်းနှင့်ပတ်သက်၍ အများကြီး မပြောခဲ့ပေ။ အမည်ကိုသာ ပြောပြခဲ့ခြင်း ဖြစ်သည်။ လန်ကျင်း ပြောပြစရာမလိုဘဲ ထိုနေရာမှာ တပည့်များကို အဆင့်သတ်မှတ်သည့် နေရာဖြစ်ကြောင်း၊ အဓိကအားဖြင့် အင်အားပေါ် မူတည်၍ အဆင့်ခွဲခြားခြင်းဖြစ်ကြောင်း လုံချန်း နားလည်လိုက်သည်။
သူတို့ ဆက်လက် လျှောက်လှမ်းလာကြရာ နောက်ဆုံးတွင် လှပသော နေရာတစ်နေရာသို့ ရောက်ရှိသွားကြသည်။
၎င်းမှာ လှပခမ်းနားသော ခြံဝင်းတစ်ဝင်း ဖြစ်သည်။ ထိုနေရာမှာ အလွန်ပင် ကျယ်ဝန်းလှသည်။ ရွှေနိုင်ငံ၏ နဂါးမြို့တော်ရှိ လုံစံအိမ်နှင့် အကျယ်အဝန်းချင်း ယှဉ်နိုင်လောက်သည်။
"ဒီနေရာက အခု မင်းပိုင်ပြီ။ အထဲမှာ မန်ကုဆိုတဲ့ ကောင်လေး တစ်ယောက် ရှိတယ်။ သူက မင်းရဲ့ ကိုယ်ပိုင်အစေခံ ဖြစ်သလို မင်းမသိသေးတဲ့ အရာတွေကို သင်ပြပေးမယ့် လမ်းပြလည်း ဖြစ်လိမ့်မယ်။ ကဲ... ငါ သွားတော့မယ်။ ပြဿနာ မရှာနဲ့ဦး" လန်ကျင်းက လုံချန်းကို ပြောလိုက်သည်။
"ဪ... ဒါနဲ့။ မင်းနာမည် ဘယ်လိုခေါ်လဲ" သူက နောက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။
"ကျုပ်နာမည် လုံချန်းပါ" လုံချန်းက ပြန်ဖြေလိုက်သည်။
"ကောင်းပြီ" ထိုလူက ဆိုကာ သူ၏ သိုလှောင်လက်စွပ်ထဲမှ အရာတစ်ခုကို ထုတ်လိုက်သည်။ သူသည် မျက်လုံးများကို မှိတ်ကာ သူ၏ ဝိညာဉ်စွမ်းအင်များကို လက်ဖဝါးဆီသို့ ပို့လွှတ်လိုက်သည်။ လုံချန်းကတော့ သူ လုပ်နေသည့် အရာကို နားမလည်ပေ။
မကြာမီ ထိုလူ မျက်လုံးဖွင့်လာသည်။ "ဒါကို ယူထားလိုက်။ မင်းရဲ့ ဝတ်ရုံကိုတော့ မင်းနေမယ့် အထဲမှာ ထည့်ထားပေးပြီးသားပဲ" လန်ကျင်းက ပြောဆိုကာ လုံချန်းထံသို့ အရာတစ်ခု ပစ်ပေးလိုက်သည်။
လုံချန်းက ၎င်းကို ဖမ်းယူကာ ကြည့်လိုက်သည်။ "ကြယ်လေးပွင့် တံဆိပ်ပဲ" သူက လက်ထဲမှ တံဆိပ်ကို ကြည့်ကာ ရေရွတ်လိုက်သည်။ ၎င်းမှာ ကြယ်လေးပွင့် ပါရှိသော အနက်ရောင် စက်ဝိုင်းပုံ တံဆိပ်တစ်ခု ဖြစ်သည်။
"အဲဒါကို ဘေးကင်းအောင် သိမ်းထားပါ။ တံဆိပ်ရဲ့ အနောက်ဘက်မှာ မင်းနာမည်ကို ထွင်းထုထားတယ်။ မင်းက ငါ့ကို ဆရာအဖြစ် လက်မခံသေးပေမဲ့၊ ဒီတံဆိပ်က ငါက မင်းကို ငါ့တပည့်အဖြစ် လက်ခံထားတယ်ဆိုတဲ့ သက်သေပဲ" ထိုလူက ပြုံးလျက် ဆိုသည်။
သူသည် ကောင်းကင်ယံသို့ ကြည့်ကာ သူ၏ မိုးပျံ သားရဲ အမည်ကို ခေါ်လိုက်သည်။ တောင်ပံပါ ခြင်္သေ့ တစ်ကောင် ပျံသန်းလာကာ လန်ကျင်း၏ ရှေ့တွင် ဆင်းသက်လိုက်သည်။ လန်ကျင်းသည် ၎င်း၏ ကျောပေါ်သို့ တက်စီးကာ ပျံသန်းထွက်ခွာသွားတော့သည်။
လုံချန်းသည် သူ ပျံသန်းထွက်ခွာသွားသည်ကို ကြည့်ရင်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိသည်။ 'ဒီလူ တကယ်ပဲ ဘာတွေ ကြံစည်နေတာလဲ' သူ တွေးတောနေမိသည်။
သူသည် ခေါင်းကို ခါယမ်းလိုက်ကာ ထိုအတွေးများကို ခေါင်းထဲမှ ထုတ်လိုက်သည်။ ယခု လောလောဆယ်တွင် အရေးကြီးဆုံးမှာ သူ၏ ကိုယ်ထဲမှ အဆိပ်ကို ကုသရန်ဖြစ်ပြီး၊ ၎င်းကို မည်သို့လုပ်ရမည်ကို သူ သိထားသည်။
လန်ကျင်းသည် ဤအထူးအဆိပ်ကို မည်သို့ ဖော်စပ်ထားသည်ကို သူ မသိသော်လည်း အဆိပ်တစ်ထောင် ကုသဆေးလုံးဆိုလျှင် သူ့ကို ကုသနိုင်ရန် လုံလောက်မည်ဟု သူ ယူဆထားသည်။ တစ်ခုတည်းသော ပြဿနာမှာ သူ၏ လက်ထဲတွင် ဆေးဖော်စပ်ရန် ပါဝင်ပစ္စည်းများ မရှိခြင်းပင်။ သူ၏ ပါဝင်ပစ္စည်း အားလုံးမှာ ကျိရှန်းအတွက် အဆိပ်တစ်ရာ ကုသဆေးလုံး ဖော်စပ်ပေးစဉ်က ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ယခုအခါ သူသည် လန်ကျင်း မသိစေဘဲ ထိုပါဝင်ပစ္စည်းများကို ရှာဖွေရန် လိုအပ်နေသည်။ သူသည် သူ၏ နေအိမ် တံခါးဝသို့ ကြည့်ကာ လျှောက်သွားလိုက်သည်။ အစေခံများအား ဆေးလုံးများ ဘယ်မှာ ရှာနိုင်မလဲဆိုသည်ကို သွယ်ဝိုက်၍ မေးမြန်းရန် သူ ဆုံးဖြတ်လိုက်သည်။
သူသည် တံခါးဝတွင် ရပ်ကာ အနည်းငယ် တွန်းဖွင့်ကြည့်သော်လည်း တံခါးမှာ ပိတ်နေသည်။ ထို့ကြောင့် သူ တံခါးကို ခေါက်လိုက်သည်။ တစ်မိနစ်ခန့် ကြာပြီးနောက် တံခါးမှာ အထဲမှ ပွင့်လာသည်။
လုံချန်းသည် တစ်ဖက်မှ လူကို မြင်လိုက်ရသည်။ သူသည် အသက် ၂၀ အစောပိုင်းခန့် ရှိသော လူငယ်တစ်ဦး ဖြစ်သည်။ ပြောရလျှင် သူသည် တော်တော်လေးကို ချောမောလှပသော သူတစ်ဦး ဖြစ်သည်။
"သခင်လေးက ကျွန်တော့်ရဲ့ သခင်အသစ်လား" သူက လုံချန်းကို အပြစ်ကင်းစင်သော မျက်လုံးများဖြင့် ကြည့်ကာ တိုက်ရိုက်ပင် မေးလိုက်သည်။
လုံချန်းက ပြန်မဖြေဘဲ လန်ကျင်း ပေးခဲ့သော တံဆိပ်ကိုသာ ထုတ်ပြလိုက်သည်။
"ဪ... ဟုတ်ကဲ့ပါ။ ကြိုဆိုပါတယ် သခင်လေး။ ကျွန်တော့်နာမည် မန်ကုပါ။ ဒီနေ့ကစပြီး သခင်လေးကို ပြုစုစောင့်ရှောက်သွားပါ့မယ်။ နောင်မှာ ကျွန်တော့်ဘက်က အမှားအယွင်းရှိခဲ့ရင် ခွင့်လွှတ်ပေးပါ" ထိုလူက လုံချန်း၏ ရှေ့တွင် ဦးညွှတ်ကာ ဆိုသည်။
"ငါ့နာမည် လုံချန်းပါ။ တွေ့ရတာ ဝမ်းသာပါတယ်" လုံချန်းက ပြောဆိုကာ အထဲသို့ ဝင်လာခဲ့သည်။ သူသည် တံခါးကို ပြန်ပိတ်လိုက်ပြီး ကုလားထိုင်တစ်လုံးတွင် ဝင်ထိုင်လိုက်သည်။
"ဒါနဲ့ မန်ကု... မင်းက လ... မဟုတ်ဘူး၊ မင်းက သခင်ကြီးနဲ့ ရင်းနှီးလား" လုံချန်းက မေးလိုက်သည်။
"မရင်းနှီးပါဘူး သခင်လေး။ ကျွန်တော် ရင်းနှီးချင်တာပေါ့၊ ဒါပေမဲ့ သူက ကျွန်တော့်ကို သခင်လေးကို ပြုစုဖို့ ရွေးချယ်တုန်းက တစ်ကြိမ်ပဲ တွေ့ဖူးတာပါ။ သူက ကျွန်တော့်ကို တခြားဘာမှ မပြောပါဘူး။ သူ ပြောခဲ့တာက သခင်လေးကို ကောင်းကောင်း စောင့်ရှောက်ဖို့နဲ့ သခင်လေးကို မိုက်မဲတဲ့ အလုပ်တွေ မလုပ်မိအောင် တားဖို့ပဲ ပြောသွားခဲ့တာပါ" မန်ကုက ပြန်ဖြေသည်။
"မန်ကု၊ ငါတို့ အခု ဘယ်နေရာမှာ ရောက်နေလဲဆိုတာ မင်း ပြောပြနိုင်မလား" လုံချန်းက မေးသည်။
"ဒါက... ကျွန်တော်တို့ မိစ္ဆာချိုင့်ဝှမ်းမှာ ရှိနေတာပါ သခင်လေး" မန်ကုက ပြန်ဖြေသည်။
"အဲဒါကိုတော့ ငါ သိတယ်။ ငါ မေးတာက ငါတို့ ဘယ်အင်ပါယာ ဒါမှမဟုတ် ဘယ်နိုင်ငံထဲမှာ ရှိနေတာလဲလို့ မေးတာ" လုံချန်းက ထပ်မံ မေးလိုက်သည်။
"ကျွန်တော်တို့က ဘယ်နိုင်ငံ၊ ဘယ်အင်ပါယာထဲမှာမှ ရှိမနေပါဘူး သခင်လေး။ အနီးဆုံး အင်ပါယာဆိုတာတောင် ဒီချိုင့်ဝှမ်းကနေ မိုင်တစ်ထောင်လောက် ဝေးပါတယ်" သူက ပြန်ဖြေလေသည်။
"အဲဒါက ဘာ အင်ပါယာလဲ" လုံချန်းက ဆက်၍ မေးလိုက်သည်။