အခန်း (၂၉၁-၂၉၂)
Vol. 30 Ch. 291-292
အခန်း (၂၉၁) မင်ယု၏ တုံ့ပြန်မှု
"မှန်တယ်။ ငါ့အတွက် ဒီဂိုဏ်းကို အသုံးချလို့ ရတာပဲ။ ငါ့ကို ပြန်ပေးဆွဲရဲမှတော့ ငါ ဒီမှာ နေထိုင်ခအတွက် သူတို့ ပေးဆပ်ရမှာပေါ့။ ဒါပေမဲ့ အရင်ဆုံး ငါ ဆေးပင်တွေ ရအောင် လုပ်ရမယ်။ အဲဒါအတွက်... ငါ ဒီဂိုဏ်းထဲမှာ နာမည်တစ်လုံး ရအောင် အရင်လုပ်ရတော့မယ်" လုံချန်းက ခနဲ့ပြုံးဖြင့် ဆိုလိုက်သည်။
"ငါ့ရဲ့ အင်အားအပြည့်အဝ မရှိတာကတော့ တော်တော်လေး နှမြောဖို့ကောင်းတယ်။ အဲဒါသာရှိရင် ခွန်အားအဆင့်မှာ အများကြီး အထောက်အကူ ဖြစ်မှာ။ အဲဒါ ဘယ်လို အလုပ်လုပ်သလဲဆိုတာ ငါမသိပေမဲ့ ဂိုဏ်းအကျိုးပြုမှတ်တွေက အဆင့်ပေါ် မူတည်နေတာတော့ သေချာတယ်" လုံချန်းက မိမိကိုယ်ကိုယ် ရေရွတ်လိုက်သည်။
လုံချန်းနှင့် အလွန်ဝေးကွာသော တစ်နေရာတွင် သူ၏ အနီးကပ်ဆုံး အဖော်သုံးဦးမှာ အတူတူ ရှိနေကြသည်။ ကျိရှန်းသည် မင်ယုနှင့် ကျိချင်းတို့ကို လုံချန်း သေဆုံးသွားပြီ ဖြစ်ကြောင်း ယခုလေးတင် ပြောပြလိုက်ခြင်း ဖြစ်သည်။
ထိုမိန်းကလေး နှစ်ဦး၏ တုံ့ပြန်မှုမှာ တစ်ဦးနှင့်တစ်ဦး အလွန် ကွာခြားလှသည်။ ကျိချင်းမှာ ဝမ်းနည်းမှုများ ရင်ထဲ တိုးဝင်လာသဖြင့် စတင် ငိုကြွေးနေသော်လည်း မင်ယုကတော့ စိုးရိမ်ပူပန်မှုသာ ရှိနေသည်။ သူမ၏ မျက်လုံးတွင် မျက်ရည်တစ်စက်မျှ မရှိသော်လည်း မျက်နှာတွင်မူ အလွန်အမင်း စိုးရိမ်နေသော အရိပ်အယောင်များ ရှိနေသည်။
ကျိရှန်းသည် သူတို့နှစ်ဦး အဘယ်ကြောင့် ဤမျှ ကွဲပြားစွာ တုံ့ပြန်ကြသနည်း ဆိုသည်ကို နားမလည်နိုင်ပေ။ မင်ယုထက်စာလျှင် ကျိချင်း၏ တုံ့ပြန်မှုက ပို၍ ပုံမှန်ဖြစ်သည်ဟု သူ ခံစားရသည်။
မင်ယုသည် ကျိချင်းကဲ့သို့ လုံချန်းအပေါ် ဂရုမစိုက်ဟု သူ ခံစားလိုက်ရသဖြင့် သူ၏ စိတ်ထဲတွင် မင်ယုအပေါ် ထားရှိသော လေးစားမှုများ အတော်လေး လျော့နည်းသွားခဲ့သည်။ သူ၏ ဇနီးသည်က သူ သေဆုံးသွားခြင်းအပေါ် ငိုပင်မငိုပေးသည့်အတွက် လုံချန်းအတွက် သူ စိတ်မကောင်း ဖြစ်မိသည်။
မင်ယုသည် ငိုယိုခြင်း မရှိရုံသာမက ကျိချင်းကိုပါ တားဆီးရန် ကြိုးစားလိုက်သည်။
"မငိုပါနဲ့။ သူ အသက်ရှင်နေပါသေးတယ်။ ဒါပေမဲ့ သူ့ရဲ့ အခြေအနေ ဘယ်လိုရှိလဲဆိုတာ ငါမသိဘူး၊ ဒါကြောင့် ငါတို့ သူ့ကို ကယ်တင်ရမယ်" မင်ယုက ဆိုသည်။
"ဒါက..." ကျိရှန်းသည် မင်ယုကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
'သူက အရှိတရားကို လက်မခံနိုင်ဖြစ်နေတာပဲ။ ငါ မှားသွားပုံရတယ်။ သူလည်း လုံချန်းကို ဂရုစိုက်တာပါပဲ။ သူ သေသွားပြီဆိုတာကိုပဲ သူ မယုံကြည်နိုင်တာ ဖြစ်ရမယ်' ကျိရှန်းက သူမကို ကြည့်ရင်း တွေးလိုက်သည်။
"မရီး... ငါ ပြောရတာ စိတ်မကောင်းပေမဲ့ ဒါက အမှန်တရားပါ။ ငါ အဲဒီမှာ အလောင်းတွေကိုပဲ တွေ့ခဲ့တာပါ" ကျိရှန်းက သူ မြင်တွေ့ခဲ့ရသော ထိတ်လန့်ဖွယ်ရာ မြင်ကွင်းကို ပြန်လည် အမှတ်ရရင်း ပြောလိုက်သည်။
"အဲဒါတွေက လုံချန်းရဲ့ အလောင်း မဟုတ်ပါဘူး။ သူ အသက်ရှင်နေတုန်းပါ။ ငါ့အထင်တော့ သူ အဲဒီလူတွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတာ ဖြစ်ရမယ်။ သူတို့က သူ့ကို သူတို့ရဲ့ အခြေစိုက်စခန်းဆီ ခေါ်သွားကြပြီ" သူမက စိုးရိမ်တကြီး ဆိုသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ သူ့ကို ကယ်တင်ရမယ်" သူမက ပြတ်သားစွာ ကြေညာလိုက်သည်။
"သူတို့က သူ့ကို ဘာလို့ ဖမ်းသွားမယ်လို့ မရီး ထင်ရတာလဲ။ ငါတို့က သူတို့လူတွေကို သတ်ခဲ့တာလေ၊ သူတို့က သူ့ကို ဘာလို့ အသက်ချမ်းသာ ပေးထားမှာလဲ" ကျိရှန်းက ထိုယူဆချက်၏ ဟာကွက်ကို ထောက်ပြလိုက်သည်။
"ငါ အများကြီးတော့ ရှင်းမပြနိုင်ဘူး၊ ဒါပေမဲ့ ဒါက သူ့ရဲ့ ကံကြမ္မာပဲ။ သူ သေလို့မရသေးဘူး။ နင် ငါ့ကို မယုံလည်း ရပါတယ်။ ငါ့ကို မကူညီလည်း ရတယ်။ ငါ့ဘာသာငါ သူ့ကို ရှာမယ်" မင်ယုက ပြတ်သားသော လေသံဖြင့် ဆိုသည်။
"ငါ... ငါ မရီးကို ယုံပါတယ်။ ဒါပေမဲ့ အဲဒီလူတွေကို ငါတို့ ဘယ်လို ရှာရမှာလဲ" ကျိရှန်းသည် အဘယ်ကြောင့်မှန်းမသိဘဲ သူမ၏ စကားများကို ယုံကြည်သွားမိသည်။
"ငါ့မှာ ယူဆချက်တစ်ခု ရှိတယ်။ အဲဒီလူတွေက... သားရဲခန်းမ ဌာနခွဲထက် အများကြီး ပိုသန်မာတာကတော့ သိသာပါတယ်။ ပြီးတော့ သူတို့ လူတိုင်းကို သတ်ဖြတ်သွားပုံကလည်း သူတို့က သတ်ဖို့သက်သက် လာတာပဲ။ အဲဒါက ဘာကို ဆိုလိုတာလဲ" မင်ယုက ကျိရှန်းကို ကြည့်ကာ မေးသည်။
"အဲဒါက သူတို့ သားရဲခန်းမကို မုန်းနေတယ်လို့ ဆိုလိုတာပေါ့။ သူတို့နဲ့ သားရဲခန်းမကြားမှာ ရန်ငြိုးတစ်ခုခု ရှိနေရမယ်။ ဒါပေမဲ့ သားရဲခန်းမက ဘာလို့ ဒီလောက် သန်မာတဲ့သူတွေကို သွားပြီး ရန်စရမှာလဲ။ တိုက်ခိုက်ရေးအဖွဲ့ကို ကြည့်တာနဲ့တင် ရန်သူက သားရဲခန်းမထက် အများကြီး ပိုသန်မာနေတာ သိသာတယ်" ကျိရှန်းက ဆိုသည်။
"အဲဒီလူတွေကို စေလွှတ်လိုက်တဲ့သူတွေဟာ ငါ မမှားဘူးဆိုရင် သားရဲဂိုဏ်းဌာနချုပ် လောက် သန်မာလိမ့်မယ်" သူက ဆက်ပြောသည်။
"မှန်တယ်။ ဒီသားရဲခန်းမ ဌာနခွဲရဲ့ နောက်ခံကို သိရက်နဲ့ သူတို့ တိုက်ခိုက်ရဲတယ်ဆိုတာ သူတို့က ဌာနချုပ်လောက် သန်မာလို့ပဲ။ ငါ့အထင်တော့ ဌာနချုပ်က သူတို့ကို ရန်စမိတာ ဖြစ်ရမယ်၊ ဒါပေမဲ့ သူတို့က ဌာနချုပ်ကို တိုက်ခိုက်လို့ မရသေးလို့ ဌာနခွဲကို အရင် ဖျက်ဆီးလိုက်တာ ဖြစ်မယ်" မင်ယုက သူမ ထင်မြင်ချက်ကို ရှင်းပြသည်။
"ရန်သူကို ရှာဖို့ဆိုရင် ငါတို့ အရင်ဆုံး သားရဲဂိုဏ်းဌာနချုပ်ကို သွားရမယ်" သူမက ဆက်ပြောသည်။
"ဒါက ယုတ္တိရှိပေမဲ့ ဌာနချုပ်ရဲ့ တည်နေရာကို ဘယ်သူမှ မသိကြဘူး။ လူနည်းနည်းလောက်ပဲ အဲဒီ တည်နေရာ အတိအကျကို သိတာ" ကျိရှန်းက စိုးရိမ်သော မျက်နှာထားဖြင့် ဆိုသည်။
"နင့်အဖေက သားရဲဂိုဏ်းဌာနချုပ်က တပည့်တစ်ယောက် မဟုတ်လား။ သူ သိရမှာပေါ့" မင်ယုက ပြောသည်။
"အဲဒါက ဟုတ်ပါတယ်၊ ဒါပေမဲ့ ငါ့အဖေက ပြောပြပါ့မလား မသိဘူး။ ဌာနချုပ်က သူတို့တပည့်တွေကို တည်နေရာကို ထုတ်မပြောဖို့ တားမြစ်ထားတယ်လေ" ကျိရှန်းက ဆိုသည်။
"ဒီတစ်ခါတော့ သူ ပြောပြရလိမ့်မယ်။ သားရဲခန်းမ ဌာနခွဲ ဖျက်ဆီးခံရတာက အရေးကြီးတဲ့ ကိစ္စပဲ။ ငါတို့က သတင်းပေးပို့သူတွေအဖြစ် လုပ်ဆောင်ပြီး သားရဲဂိုဏ်းဌာနချုပ်ကို သတင်းသွားပို့လို့ ရတာပဲ။ အဲဒီနည်းနဲ့ နင့်အဖေက ငါတို့ကို ပြောပြနိုင်တယ်" သူမက ဆိုသည်။
"ကောင်းပြီ။ အဲဒီ အစီအစဉ်အတိုင်း သွားကြတာပေါ့။ အစ်ကိုချန်း အသက်ရှင်နေသေးဖို့ပဲ ငါ မျှော်လင့်ပါတယ်" ကျိရှန်းက ဆိုသည်။
သူသည် သူ၏ ဝိညာဉ်ဝါးမျိုဝံပုလွေနှင့် နက်မှောင်မြင်းတို့ကို သူ၏ သားရဲအိတ်ထဲမှ ထုတ်လိုက်သည်။
"ငါတို့ အင်ပါယာဆီကို ခရီးစရအောင်။ ကံမကောင်းတာက ငါတို့မှာ မိုးပျံ သားရဲမရှိတာပဲ။ မရီးတို့က နက်မှောင်မြင်းကို စီးပါ" သူက ဆိုသည်။
မင်ယုနှင့် ကျိချင်းတို့မှာ နက်မှောင်မြင်းပေါ်သို့ တက်စီးကြပြီး ကျိရှန်းကတော့ ဝံပုလွေပေါ်သို့ တက်စီးကာ လုံချန်းကို ရှာဖွေမည့် ခရီးစဉ်အား စတင်လိုက်ကြတော့သည်။
ဝိညာဉ်နက်ဂိုဏ်းတွင်မူ၊ လုံချန်းသည် အဆိပ်တစ်ထောင် ကုသဆေးလုံး ဖော်စပ်ရန်အတွက် ပါဝင်ပစ္စည်းများရရှိရန် အကျိုးပြုမှတ်များ လိုအပ်နေသဖြင့် မန်ကုနှင့်အတူ သူ၏ နေအိမ်ဝန်းမှ ထွက်လာခဲ့သည်။
လုံချန်းသည် သန့်ရှင်းသော အဝါရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရင်ဘတ်တွင် ကြယ်လေးပွင့် တံဆိပ်ကို တပ်ဆင်ထားသည်။ မန်ဂူသည် လုံချန်းကို အဆင့် သတ်မှတ်ရေး ခန်းမဆီသို့ ခေါ်ဆောင်သွားသည်။
လမ်းတစ်လျှောက်တွင် တပည့်အတော်များများက လုံချန်းကို တွေ့ကြသည်။ အချို့မှာ မနက်ပိုင်းက သူ့ကို အကြီးအကဲကျင်းနှင့်အတူ တွေ့ခဲ့ဖူးသူများ ဖြစ်ကြသည်။ လုံချန်း၏ ရင်ဘတ်မှ ကြယ်လေးပွင့် တံဆိပ်ကို မြင်လိုက်ရသည့်အခါ အကြီးအကဲ ကျင်းက ထိုကောင်လေးကို တပည့်အဖြစ် လက်ခံလိုက်သည်မှာ အမှန်ပင်ဖြစ်ကြောင်း သူတို့ အတည်ပြုလိုက်ကြသည်။
လုံချန်းကို မမြင်ဖူးသေးသော သူများကတော့ ကြယ်လေးပွင့် တပည့်အသစ်အား မြင်ရသဖြင့် ထိတ်လန့်သွားကြပြီး သူသည် မည်သည့် အကြီးအကဲ၏ တပည့်ဖြစ်မည်နည်းဟု သိချင်နေကြသည်။
လုံချန်းသည် မန်ကုနှင့်အတူ အဆင့်သတ်မှတ်ရေးခန်းမ ရှေ့တွင် ရပ်လိုက်သည်။ သူသည် ဖြည်းညင်းစွာ လျှောက်လှမ်းကာ ထိုနေရာသို့ ဝင်ရောက်သွားသည်။ လူအတော်များများက သူ ဝင်သွားသည်ကို လိုက်လံ ကြည့်ရှုနေကြလေသည်။
အခန်း (၂၉၂) အဆင့်သတ်မှတ် တိုက်ပွဲ
လုံချန်းသည် ထိုနေရာတွင် ရှိနေကြသော လူအားလုံး၏ စောင့်ကြည့်မှုအောက်တွင် အဆင့်သတ်မှတ်ရေးခန်းမထဲသို့ ဝင်ရောက်သွားသည်။
လူအုပ်ထဲတွင် တစ်စုံတစ်ယောက်မှာ အခြားသူများထက် ပို၍ ထိတ်လန့်တုန်လှုပ်နေသည်။ သူသည် အခြေအနေကို ကြည့်ပြီး အလျင်အမြန်ပင် ထွက်ခွာသွားတော့သည်။
"ကြယ်လေးပွင့် တပည့်သစ်က အဆင့်သတ်မှတ်ချက်ဝင်ယူတော့မယ်။ ငါ ဆရာ့ကို အမြန်သွားပြောရမယ်" ထိုလူသည် အခြားအရာအားလုံးကို လျစ်လျူရှုပြီး အပြေးအလွှား ထွက်သွားသည်။
အခြားလူအတော်များများလည်း လိုက်ပါထွက်ခွာသွားကြသည်။ အမှန်စင်စစ် ဤကိစ္စသေးသေးလေးမှာ ဂိုဏ်းတစ်ဂိုဏ်းလုံးအတွက် အကြီးမားဆုံးသော ဖျော်ဖြေပွဲတစ်ပွဲ ဖြစ်လာတော့မည်ဖြစ်သည်။
လုံချန်းသည် ခန်းမထဲသို့ ဝင်လိုက်သည်။ သူ ပထမဆုံး မြင်လိုက်ရသည်မှာ သူ၏ရှေ့တွင် ရှိနေသော တံခါး ၅ ချပ်ပင် ဖြစ်သည်။
ထိုနေရာတွင် မည်သည့်လူ သို့မဟုတ် အကြီးအကဲမျှ မရှိပေ။ နေရာတစ်ခုလုံးမှာ လုံးဝ တိတ်ဆိတ်ခြောက်ကပ်နေသည်။ လုံချန်းသည် အနည်းငယ် အံ့သြသွားမိသည်။ ဤနေရာမှာ အလိုအလျောက် စနစ်ဖြစ်ကြောင်း မန်ကုက သူ့ကို မပြောပြခဲ့ပေ။
သူသည် တံခါးများအနားသို့ တိုးသွားပြီး တံခါးပေါ်တွင် ကပ်ထားသော ဆိုင်းဘုတ်ငယ်လေးများကို ဖတ်ကြည့်လိုက်သည်။
ပထမတံခါးတွင် ခွန်အား၊ ဒုတိယတံခါးတွင် ဆေးဖော်စပ်ခြင်း၊ တတိယတံခါးတွင် လက်မှုပညာ၊ စတုတ္ထတံခါးတွင် သမားတော်နှင့် ပဉ္စမတံခါးတွင်မူ မိစ္ဆာဟူသော စကားလုံးများ ရှိနေသည်။
တံခါးအားလုံးမှာ ပဉ္စမတံခါးမှလွဲ၍ ပုံစံတူပင် ဖြစ်သည်။ ပဉ္စမတံခါးမှာ အခြားတံခါးများထက် အနည်းငယ် ပို၍ ကြီးမားသည်။ တံခါးများတွင် သော့များ တပ်ဆင်ထားခြင်း မရှိပေ။
လုံချန်းသည် တံခါးကို တွန်းဖွင့်ရန် ကြိုးစားသော်လည်း သော့မခတ်ထားဘဲနှင့် တံခါးမှာ ပွင့်မလာပေ။ သူ အဘယ်ကြောင့်နည်းဟု စဉ်းစားနေစဉ် တံခါးပေါ်ရှိ စက်ဝိုင်းပုံ အပေါက်ငယ်လေးတစ်ခုကို သတိပြုမိလိုက်သည်။ သူသည် မိမိ၏ တံဆိပ်ကို ငုံ့ကြည့်လိုက်သည့်အခါ တံဆိပ်နှင့် ထိုအပေါက်မှာ အရွယ်အစား တူညီနေကြောင်း တွေ့လိုက်ရသည်။
'ငါ သိပြီ။ ဒီနေရာမှာ အစောင့်မထားတာက တပည့်တွေရဲ့ အဆင့်အတန်းခွဲခြားတဲ့ တံဆိပ်တွေကို သုံးပြီး စမ်းသပ်မှုခံယူဖို့ပဲ။ အဲဒီကနေပဲ အဆင့်တွေကို မြှင့်တင်ပေးတာ ဖြစ်ရမယ်'
လုံချန်းသည် ရင်ဘတ်မှ တံဆိပ်ကို ဖြုတ်ယူကာ အပေါက်ငယ်လေးထဲသို့ ထည့်လိုက်သည်။
ကလစ်
အသံအနည်းငယ်နှင့်အတူ တံခါးမှာ အထဲသို့ ပွင့်သွားသည်။ လုံချန်းသည် ခွန်အား အခန်းထဲသို့ ဝင်လိုက်သည်။ သူသည် အနက်ရောင်ဝတ်ရုံ အကြီးအကဲ လန်ကျင်းကို သူ ဆေးဖော်စပ်တတ်သည် ဆိုသည်အား အသိမပေးချင်သေးပေ။ အနည်းဆုံးတော့ သူ၏ကိုယ်တွင်းမှ အဆိပ်ကို မကုသနိုင်သေးခင် အထိပင်။
လုံချန်း အခန်းထဲသို့ ဝင်လိုက်သည်နှင့် တံခါးမှာ နောက်မှ ပြန်ပိတ်သွားသည်။ မှောင်မည်းနေသော အခန်းမှာ လင်းထိန်လာပြီး လုံချန်းသည် အခန်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
အခန်း၏ နံရံများမှာ အကျဉ်းထောင်မှ နံရံများနှင့် ဆင်တူနေသည်။ "ပြင်းထန်တဲ့ တိုက်ပွဲတွေကို ခံနိုင်ရည်ရှိအောင် ဒီနံရံတွေကို လုပ်ထားတာ ဖြစ်ရမယ်" သူက ရေရွတ်လိုက်သည်။
သူ၏ ရှေ့တွင် နောက်ထပ် တံခါးတစ်ချပ် ရှိနေသေးသည်။ ထိုတံခါးမှာ အကြာကြီး စောင့်စရာမလိုဘဲ ပွင့်သွားပြီး လူတစ်ယောက် ထွက်လာသည်။ သူ၏ လက်ထဲတွင် လေးလံသော ဓားကြီးတစ်လက်ကို ကိုင်ဆောင်ထားသည်။
"ဒီလူက..." လုံချန်း မှင်တက်သွားသည်။
သူ့ရှေ့မှ လူမှာ သာမန်လူသားတစ်ဦးနှင့် တူသော်လည်း ထိုလူတွင် အသက်ရှူသံ မရှိပေ။ သူ၏ အသားအရေမှာလည်း တော်တော်လေး ဖြူဖျော့နေသည်။
ထိုလူတွင် အသက်ရှူသံ မရှိသော်လည်း လုံချန်းမှာ သူ၏ ကျင့်ကြံခြင်းအဆင့်ကို မြင်နိုင်စွမ်း ရှိသည်။ ထိုလူမှာ ရွှေအမြုတေ အဆင့်၏ အထွတ်အထိပ်တွင် ရှိနေသည်။
"သူတို့က ထူးခြားတဲ့ အလောင်းစစ်သည်တွေကို သုံးနေတာလား" သူသည် ထိုလူကို ကြည့်ရင်း တွေးတောနေမိသည်။
"ဘာပဲဖြစ်ဖြစ်... ငါ သူ့ကို သတ်ရမှာပဲ" လုံချန်းသည် သူ၏ သိုလှောင်လက်စွပ်ထဲသို့ ကြည့်လိုက်သော်လည်း သူ၏ ဘုရင်ဓားမှာ သူ့ထံတွင် မရှိတော့ကြောင်း ရုတ်တရက် သတိရလိုက်သည်။
"တောက်" သူသည် ထိုဓားမှာ လန်ကျင်း၏ လက်ထဲတွင် ကျန်နေခဲ့ကြောင်း သတိရလိုက်သဖြင့် ကျိန်ဆဲလိုက်မိသည်။
"ဒီကောင်လေးကိုပဲ သုံးရတော့မှာပေါ့" သူသည် ခါးသီးသော အပြုံးဖြင့် ရေရွတ်ကာ သိုလှောင်လက်စွပ်ထဲမှ တောင်ဖြိုဓားကို ထုတ်ယူလိုက်သည်။
"ကန့်သတ်ချက်တွေက ငါ့ကို ဘယ်လောက်ထိ သက်ရောက်နေလဲဆိုတာ ကြည့်ကြသေးတာပေါ့" သူက ပြုံးလျက် ဆိုသည်။
သူသည် ထိုလူထံသို့ ပြေးသွားကာ တောင်ဖြိုဓားဖြင့် လွှဲခုတ်လိုက်သည်။ သူ၏ အရှိန်မှာ အရင်ကထက် အများကြီး နှေးကွေးနေသည်ကို သူ သတိပြုမိလိုက်သည်။
နှေးကွေးနေသည်ဆိုသော်လည်း မြေကမ္ဘာ အဆင့် ၁ ကျင့်ကြံသူတစ်ဦး၏ ပျမ်းမျှအရှိန်ထက်တော့ မြန်ဆန်နေသေးသည်။
လုံချန်းသည် ဓားဖြင့် လွှဲခုတ်လိုက်ရာ ထိုလူ၏ ဘယ်ဘက် လက်မောင်းကို ဖြတ်တောက်နိုင်ခဲ့သော်လည်း ထိုလူမှာ မည်သည့်အသံမျှ ထွက်မလာပေ။ သွေးများလည်း ထွက်မလာခဲ့ပါ။
ထိုလူသည် သူ၏ ညာလက်တွင် ကိုင်ထားသော ကြီးမားလေးလံသည့် ဓားကြီးကိုသာ ပြန်လည် လွှဲယမ်းလိုက်သည်။ ဓားကြီးမှာ အလွန်ပင် ကြီးမားလှသဖြင့် လုံချန်း၏ တောင်ဖြိုဓားထက် နှစ်ဆခန့် ပိုကြီးနေသည်။ အထူးသဖြင့် အလျားမှာ အလွန်ရှည်လျားလှသည်။
လုံချန်းသည် နောက်သို့ ခုန်ဆုတ်ကာ လေးလံသော ဓားကြီးကို ရှောင်တိမ်းလိုက်သည်။ သူ နောက်သို့ ဆုတ်လိုက်သော်လည်း ဓားမှာ ရှည်လျားလွန်းသဖြင့် သူ၏ အရေပြားကို အနည်းငယ် ပွတ်တိုက်သွားခဲ့သည်။
"ဒီကောင်စုတ် ကန့်သတ်ချက်" လုံချန်းက စိတ်ပျက်သော လေသံဖြင့် ဆိုသည်။ သူ အမုန်းဆုံးအရာမှာ သူ၏ အရှိန် လျော့ကျသွားခြင်းပင် ဖြစ်သည်။
သူသည် သေဆုံးနေသော လူထံသို့ ထပ်မံ ပြေးဝင်သွားပြန်သည်။ ထိုလူသည်လည်း သူ၏ ဓားကြီးကို လုံချန်းထံသို့ ထပ်မံ လွှဲခုတ်လိုက်သော်လည်း လုံချန်းသည် ဒူးထောက်ကာ ရှေ့သို့ လျှောတိုက် ဝင်သွားလိုက်သည်။ လေးလံသော ဓားကြီးမှာ သူ၏ ခေါင်းပေါ်မှ ဝဲပျံသွားစဉ် လုံချန်းမှာ ထိုလူနှင့် အနီးကပ်ဆုံး အကွာအဝေးသို့ ရောက်ရှိသွားသည်။
သူသည် ဓားဖြင့် ခုတ်လိုက်ရာ ထိုလူ၏ ညာဘက်ခြေထောက် ပြတ်တောက်သွားသည်။ ထိုလူသည် ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး ဓားကြီးမှာလည်း လက်ထဲမှ လွတ်ထွက်သွားတော့သည်။
လုံချန်းသည် မတ်တပ်ရပ်ကာ ထိုလူ၏ အနားသို့ လျှောက်သွားလိုက်သည်။ သူသည် သူ၏ အရွယ်အစားထက် နှစ်ဆခန့် ပိုကြီးသော ဓားကြီးကို စိုက်ကြည့်လိုက်သည်။ သူသည် ဓားရိုးကို ကိုင်ကာ အလွန်လေးလံပုံရသော ထိုဓားကြီးကို အလွယ်တကူပင် မလိုက်သည်။
"မဆိုးပါဘူး" သူက ရေရွတ်လိုက်သည်။
သူသည် ဓားကို လက်တစ်ဖက်တည်းဖြင့် ကိုင်ကာ ကောင်းကင်သို့ မြှောက်ပြီး အောက်သို့ အားကုန် ခုတ်ချလိုက်သည်။ ထိုလူ၏ လည်ပင်းမှာ ပြတ်တောက်သွားခဲ့သည်။ သို့သော်လည်း သွေးတစ်စက်မျှ ထွက်မလာခဲ့ပါ။
"ငါ ထင်တဲ့အတိုင်းပဲ။ ဒါက အဆင့်သတ်မှတ်ဖို့အတွက် သူတို့သုံးတဲ့ အလောင်းရုပ်သေး ဖြစ်ရမယ်" လုံချန်းက ရေရွတ်လိုက်သည်။
သူ စဉ်းစားနေစဉ်မှာပင် တံခါးမှာ ထပ်မံ ပွင့်လာပြီး နောက်ထပ် လူတစ်ယောက် ဝင်လာပြန်သည်။ ဤတစ်ကြိမ်တွင်မူ အမျိုးသမီးတစ်ဦး ဖြစ်သည်။
သူမသည် အရင်က လူနှင့်မတူဘဲ အသားအရေမှာ ဖြူဖျော့မနေသော်လည်း သူမတွင်လည်း အသက်ရှူသံ မရှိပေ။ လုံချန်းကို ရှိန်သွားစေသည့် အရာမှာ ထိုမိန်းကလေး၏ ကျင့်ကြံခြင်းအဆင့်ပင် ဖြစ်သည်။
ထိုမိန်းကလေးမှာ မြေကမ္ဘာ အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။
"ဒီအစဉ်လိုက်က ဘာတွေလဲ။ ရွှေအမြုတေ အဆင့် ပြီးတာနဲ့ မြေကမ္ဘာအဆင့် အထွတ်အထိပ်လား။ တပည့် အတော်များများက ဒီမိန်းကလေးကို အနိုင်မတိုက်နိုင်ကြဘူးဆိုရင် သူတို့က အဆင့်တွေကို ဘယ်လို သတ်မှတ်ကြမှာလဲ" သူ အသံထွက်၍ စဉ်းစားမိလေတော့သည်။