← Chapters

အခန်း (၂၉၅-၂၉၆)

Vol. 30 Ch. 295-296

အခန်း (၂၉၅-၂၉၆)

Vol. 30 Ch. 295-296

အခန်း (၂၉၅) လက်ကို ဖြတ်တောက်ခြင်း

"အိုးဟိုး... မင်းက အကြီးအကဲကျင်းရဲ့ တပည့် ဖြစ်ရမယ်။ ကြည့်ရတာတော့ ထူးထူးခြားခြား ဘာမှမရှိပါလား။ အကြီးအကဲကျင်းလို လူမျိုးက မင်းလိုကောင်ကို ဘယ်နေရာက ကောက်လာတာလဲ ငါ သိချင်မိတယ်။ ဒါနဲ့ အထဲမှာ ဘာဖြစ်ခဲ့လဲ။ ရွှေအမြုတေအဆင့် ရုပ်သေးကိုတောင် မနိုင်ဘဲ ရှုံးလာတာလား" ထိုလူငယ်က ဆိုသည်။

လုံချန်းသည် ထိုသူ၏ ရင်ဘတ်ရှိ ကြယ်လေးပွင့်တံဆိပ်ကို မြင်သော်လည်း ယခုအချိန်တွင် ဂရုမစိုက်နိုင်တော့ပေ။ ဒေါသထွက်နေသော သူ့ကို မသိနားမလည်သည့် လူတစ်ယောက်က လာရောက်နှိမ်ချ ဆက်ဆံနေသဖြင့် သူ၏ဒေါသမှာ ပို၍ပင် ကြီးထွားလာသည်။

သူသည် ထိုလူငယ်ကို လျစ်လျူရှုကာ ထွက်ခွာရန် နောက်လှည့်လိုက်သည်။

"ဟေး... အမှိုက်ကောင်၊ ငါပြောတာ မကြားဘူးလား။ ငါ့ကို ပြန်ဖြေစမ်း" ထိုလူငယ်က ဆိုကာ လုံချန်း၏ ပုခုံးပေါ်သို့ လက်တင်လိုက်သည်။

ထိုအခိုက်အတန့်တွင် လုံချန်းသည် စိတ်ကို မထိန်းနိုင်တော့ဘဲ ထိုလူငယ်၏ လက်ကို ဖမ်းဆုပ်ကာ ဘောလုံးတစ်လုံးကဲ့သို့ လွှင့်ပစ်လိုက်သည်။ ထိုလူမှာ လုံချန်းနှင့် မီတာ ၅၀ ခန့်အကွာသို့ လွင့်စဉ်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

"ငါ့ကို နောက်တစ်ခါ ထိကြည့်စမ်း... မင်း အဲဒီလက်ကို အဆုံးရှုံးခံလိုက်ရမယ်။ သူတို့ ငါ့ကို အနိုင်ယူနိုင်တယ်ဆိုတာက တခြားသူတွေ ငါ့ရှေ့မှာ လာပြီး ကခုန်လို့ရတယ်လို့ ဆိုလိုတာမဟုတ်ဘူး" လုံချန်းက လေးနက်သော လေသံဖြင့် ဆိုလိုက်သည်။

"မန်ကု... သွားမယ်" သူက ပြောဆိုကာ ထွက်ခွာရန် ပြင်လိုက်သည်။

လုံချန်း လွှင့်ပစ်လိုက်သော ထိုလူသည် ပြန်ထလာသည်။ သူသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ အခြားသူများ၏ လှောင်ပြောင်သော အကြည့်များကို မြင်လိုက်ရသည်။ အထူးသဖြင့် အခြားသော ကြယ်လေးပွင့် တပည့်များက သူ့အား ကလေးတစ်ယောက်က ကစားစရာလို လုပ်သွားသည်ကို တိတ်တဆိတ် ရယ်မောနေကြသည်ဟု သူ ခံစားလိုက်ရသည်။

ထိုလူသည် ဒေါသတကြီးဖြင့် သိုလှောင်လက်စွပ်ထဲမှ ဓားကို ထုတ်ယူကာ ရူးသွပ်သူတစ်ဦးကဲ့သို့ လုံချန်းထံသို့ ပြေးဝင်လာတော့သည်။

လုံချန်းမှာ သူ၏ အနောက်ဘက်မှ တိုက်ခိုက်ခြင်းကို မည်သည့်အခါမျှ အခွင့်အရေးမပေးရန် သင်ယူထားပြီးဖြစ်သဖြင့် သူ၏ ဝိညာဉ်အာရုံဖြင့် ထိုလူကို စောင့်ကြည့်နေခဲ့သည်။ ထိုလူ သူ့ကို မတိုက်ခိုက်လာရန် သူ မျှော်လင့်ခဲ့သော်လည်း ယခုမူ ထိုလူက တိုက်ခိုက်လာပြီဖြစ်ရာ လုံချန်းသည်လည်း သူ၏ကစားပွဲကို စတင်ရန် ဆုံးဖြတ်လိုက်သည်။

ထိုလူသည် လုံချန်းအနားသို့ ရောက်ရှိလာပြီး လုံချန်း၏ ပုခုံးကို ဓားဖြင့် ထိုးစိုက်လိုက်သည်။ သူ ဒေါသထွက်နေသော်လည်း လုံချန်းမှာ အနက်ရောင်ဝတ်ရုံ အကြီးအကဲတစ်ဦး၏ တပည့်ဖြစ်နေသဖြင့် သတ်ပစ်ရန်တော့ မရည်ရွယ်ပေ။ အနည်းငယ် ဆုံးမရန်သာ ရည်ရွယ်ခြင်း ဖြစ်သည်။

ဓားသွားမှာ လုံချန်းကို ထိမှန်တော့မည့်ဆဲဆဲတွင် လုံချန်းသည် သူ၏ခြေလှမ်းကို ကျွမ်းကျင်စွာ ရွှေ့ပြောင်းကာ ဘေးဘက်သို့ ရှောင်တိမ်းလိုက်သည်။ သူက ထိုမျှနှင့်တင် ရပ်မနေဘဲ ခြေလှမ်းများကို လှပစွာ ကခုန်စေလျက် နောက်သို့ လှည့်လိုက်သည်။

သူ၏ လက်ထဲတွင် ဓားတစ်လက် ပေါ်လာပြီး လုံချန်းသည် ပစ်မှတ်ထံသို့ လွှဲခုတ်လိုက်သည်။ တောင်ဖြိုဓားသည် ထိုလူငယ်၏ လက်မောင်းကို ဖြတ်ကျော်သွားခဲ့သည်။ သူ၏ ဓားနှင့် သူ၏လက်မောင်း နှစ်ခုလုံးသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးနောက်မှသာ ထိုလူငယ်၏ အာခေါင်ခြစ် အော်ဟစ်သံမှာ လွတ်ထွက်လာတော့သည်။

သူသည် အသတ်ခံရတော့မည့် ဝက်တစ်ကောင်ကဲ့သို့ အော်ဟစ်ကာ မြေပြင်ပေါ်တွင် လူးလိမ့်လျက် နာကျင်စွာ ငိုကြွေးနေသည်။ ထိုနေရာတစ်ခုလုံးတွင် ထိုလူငယ်၏ နာကျင်စွာ အော်ဟစ်သံမှလွဲ၍ အခြားမည်သည့်အသံမျှ မကြားရတော့ပေ။

ဘေးမှ ကြည့်နေသော သူများမှာလည်း ပါးစပ်အဟောင်းသားဖြင့် လုံးဝ တိတ်ဆိတ်သွားကြသည်။ ထိုမြင်ကွင်းမှာ သူတို့၏ ကျောရိုးထဲအထိ စိမ့်တက်သွားစေရန် လုံလောက်လှသည်။

"ငါ့... ငါ့ဆရာက မင်းကို သတ်လိမ့်မယ်" သူက သွားများကို တင်းတင်းစိလျက် ဟိန်းဟောက်လိုက်သည်။

"မင်း ငါ့ကို အရင်စတိုက်တာ။ ပြီးတော့ မင်းဆရာက တကယ်ပဲ ဗိုလ်ကျချင်သေးတယ်ဆိုရင် အကြီးအကဲ လန်ကျင်းနဲ့ အရင်သွားပြောခိုင်းလိုက်။ နောက်ပြီး မင်းရဲ့ ဒုတိယလက်ကိုပါ အဖြတ်မခံချင်ဘူးဆိုရင် ငြိမ်ငြိမ်နေတာ ကောင်းမယ်။ မင်းရဲ့ ခွေးဟောင်သံတွေက ငါ့အတွက် ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်တယ်" လုံချန်းက ထိုလူငယ်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

ထိုလူငယ်သည် ချက်ချင်းပင် ပါးစပ်ပိတ်သွားပြီး အော်သံထွက်မလာစေရန် သွားကို ကြိတ်ထားလိုက်သည်။ 'ဒီကောင်... ဒီကောင်က တကယ့် အရူးပဲ' သူ တွေးနေမိသည်။

လုံချန်းသည် မန်ကုနှင့်အတူ ထွက်ခွာသွားခဲ့သည်။ အဆင့်သတ်မှတ်ချက် ရလဒ်များကို နောက်နေ့မှသာ အဆင့်မြှင့်တင်ပေးမည်ဖြစ်ပြီး အကျိုးပြုမှတ်များကိုလည်း နောက်နေ့မှသာ ရရှိမည်ဖြစ်ကြောင်း သူ သိထားသဖြင့် ဤနေရာတွင် ဆက်နေရန် မလိုအပ်တော့ပေ။

လုံချန်း ထွက်ခွာသွားသော်လည်း ကျန်ရှိနေသူများမှာ ထိတ်လန့်တုန်လှုပ်လျက် ကျန်ရစ်ခဲ့သည်။

"ဒီကောင်လေး... သူက စီနီယာအစ်ကို မုကျန်းနဲ့ တော်တော်တူတာပဲ။ အင်အားမရှိတဲ့ သူတွေအနေနဲ့ သူ့ကို သွားမရန်စတာ အကောင်းဆုံးပဲ။ ခွန်အားအဆင့်မှာ ထိပ်တန်း အဆင့် ၅ အတွင်းဝင်တဲ့သူတွေပဲ သူ့ကို သင်ခန်းစာ ပေးနိုင်လိမ့်မယ်" ကြယ်လေးပွင့်တပည့်တစ်ဦးက အသံထွက်၍ ရေရွတ်လိုက်သည်။ အခြားသူများကလည်း ထိုစကားကို ခေါင်းညိတ် ထောက်ခံကြသည်။

လူအချို့သည် ရှေ့သို့ တိုးလာကာ ဒဏ်ရာရနေသော လူငယ်ကို ဆေးခန်းမသို့ ခေါ်ဆောင်သွားကြသည်။

ဝိညာဉ်နက်ဂိုဏ်းအတွင်းရှိ မိစ္ဆာချိုင့်ဝှမ်း၏ ဝိညာဉ်စွမ်းအင် အသိပ်သည်းဆုံး နေရာတွင် လှပသော နန်းတော်တစ်ဆောင် ရှိသည်။ ထိုနန်းတော်၏ ခန်းမဆောင်တွင် သွေးများဖြင့် ဖုံးလွှမ်းနေသဖြင့် ကြည့်ရသူကို တုန်လှုပ်စေသော ပလ္လင်တစ်ခု ရှိနေသည်။

အမျိုးသမီးတစ်ဦးသည် ထိုပလ္လင်ပေါ်တွင် ထိုင်နေပြီး သူမ၏ ရှေ့မှောက်တွင် ရပ်နေသော အမျိုးသားတစ်ဦးကို ကြည့်နေသည်။ ထိုအမျိုးသားမှာ ဖြူဖွေးသော ဆံပင်နှင့် မုတ်ဆိတ်များ ရှိပြီး မျက်နှာတွင် တွန့်လိပ်နေကာ တော်တော်လေး အိုမင်းနေပြီ ဖြစ်သည်။

"အကြီးအကဲချုပ်ချူး... လန်ကျင်း ခေါ်လာတဲ့ ကောင်လေးကို ရှင် စမ်းသပ်ခဲ့တယ်နော်။ သူ့အပေါ် ဘယ်လို ထင်မြင်ချက် ရှိသလဲ" ထိုအမျိုးသမီးက မေးလိုက်သည်။ သူမ၏ အမူအရာမှာ တည်ကြည်သော်လည်း သူမ၏ အသံထဲတွင် ဆွဲဆောင်မှုရှိသော အငွေ့အသက်အချို့ ပါဝင်နေသည်။

"ကျွန်တော် အဲဒီကောင်လေးနဲ့ ရင်ဆိုင်ခဲ့ပါတယ်။ သူက ကျွန်တော့်ကို တကယ့်ကို အံ့အားသင့်စေခဲ့တယ်လို့ ပြောရပါလိမ့်မယ်။ သူ့မှာ ထူးဆန်းတဲ့ ပညာရပ်အချို့ ရှိနေပြီး အံ့သြစရာကောင်းတာက သူက နိယာမတစ်ခုကိုတောင် သိထားတာပဲ။ ကျွန်တော် မမှားဘူးဆိုရင် အဲဒါက ပုံရိပ်ယောင်နဲ့ ပတ်သက်တဲ့ နိယာမ ဖြစ်ရမယ်" အကြီးအကဲချုပ် ချူးက လေးလေးနက်နက် ပြန်ဖြေသည်။

"ကျွန်တော် ရိုးရိုးသားသား ပြောရရင်... ကျွန်တော့်မှာ နှစ်ပေါင်းရာချီတဲ့ အတွေ့အကြုံတွေသာ မရှိခဲ့ရင်၊ ပြီးတော့ ကျွန်တော်က သူ့လို ကျင့်ကြံခြင်းအဆင့်မျိုးပဲ ရှိခဲ့မယ်ဆိုရင် ကျွန်တော် အနိုင်ရဖို့ အခွင့်အရေး မရှိဘူးလို့တောင် ဆိုနိုင်ပါတယ်" လုံချန်း၏ စွမ်းဆောင်ရည်ကို ပြန်လည်အမှတ်ရရင်း သူက ဆက်ပြောသည်။

"လန်ကျင်း ဘာတွေ ကြံစည်နေတာလဲ။ သူက ဘယ်သူမှန်းမသိတဲ့ လူတစ်ယောက်ကို ဒီကို ခေါ်လာပြီး တပည့်အဖြစ် လက်ခံလိုက်တယ်" အမျိုးသမီးက ရေရွတ်လိုက်သည်။

"သူ တစ်ခုခု ကြံစည်နေတယ်လို့ ကျွန်တော်လည်း ခံစားရပါတယ်။ တချို့အချိန်တွေမှာ သူ့ရဲ့ လှုပ်ရှားမှုတွေက တော်တော်လေး သံသယဖြစ်စရာ ကောင်းနေတယ်။ သူ့အဖေကို ဂိုဏ်းချုပ်က အဲဒီတိုက်ပွဲမှာ သတ်လိုက်ကတည်းက သူက တော်တော်လေး ထူးဆန်းပြီး လျှို့ဝှက်ချက်တွေ များနေတာ" အကြီးအကဲချုပ် ချူးက ဆိုသည်။

"ဟူး... ငါတို့ သူ့ကို သတ်လို့တောင် မရသေးဘူး။ အကြီးအကဲချုပ် အတော်များများက အဲဒီလူကို ကြိုက်ကြတာလေ။ ပြီးတော့ သူ တစ်ခုခု မှားယွင်းတာ လုပ်နေတယ်ဆိုတဲ့ သက်သေလည်း မရှိသေးဘူး" သူက ဆက်ပြောသည်။

"လန်ကျင်းကို စောင့်ကြည့်ထားပါ။ ပြီးတော့ အဲဒီကောင်လေးကို စောင့်ကြည့်ဖို့ လူတစ်ယောက် လွှတ်ထားလိုက်။ ငါတို့ဂိုဏ်းကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ သူတို့ ပါဝင်နေတယ်ဆိုတာ ငါ သိလိုက်တာနဲ့... သူတို့ နှစ်ယောက်လုံးကို ငါ့လက်နဲ့ကိုယ်တိုင် သတ်ပစ်မယ်" သူမက ပြတ်သားသော လေသံဖြင့် ဆိုလိုက်လေသည်။

အခန်း (၂၉၆) မင်း ငါ့ကို ရွေးချယ်စရာ မပေးတော့ဘူး

လုံချန်းသည် သူ၏ နေအိမ်ဝင်းထဲသို့ လှမ်းဝင်လိုက်ပြီး အိပ်ခန်းထဲသို့ ဝင်ကာ တံခါးပိတ်လိုက်သည်။ သူ နောက်လှည့် ကြည့်လိုက်သည့်အခါ ကုတင်ပေါ်တွင် ထိုင်နေသော ရွှင်းကို တွေ့လိုက်ရသည်။

"အခုတော့ နိယာမတစ်ခုရဲ့ အရေးပါပုံကို နားလည်သွားပြီ မဟုတ်လား" သူမက ပြုံးလျက် ဆိုသည်။

"အင်း၊ ငါ့ရဲ့ နိယာမတွေကို ပိုပြီး ထိန်းချုပ်နိုင်စွမ်းရှိဖို့နဲ့ ကန့်သတ်ချက်တွေကို ဖယ်ရှားဖို့ လိုအပ်တယ်။ ပုံရိပ်ယောင် နိယာမက အသုံးတည့်ပြီး ကန့်သတ်ချက်တွေသာ မရှိရင် တကယ့်ကို အထောက်အကူဖြစ်မှာ။ ဟင်းလင်းပြင်နိယာမကတော့ အထွတ်အထိပ် နိယာမတစ်ခုပဲလေ" လုံချန်းက ဆိုသည်။

"ဖြစ်နိုင်ခြေတွေက အဆုံးမရှိဘူး။ အခုလောလောဆယ် ငါက မျက်နှာပြင်လောက်ကိုပဲ ထိတွေ့နိုင်သေးတာ။ ငါ နောက်ကျကျန်နေလို့ မဖြစ်ဘူး၊ ငါ့မှာရှိတဲ့ အခွင့်အရေးကို အဆုံးရှုံးမခံနိုင်ဘူး" သူက ပြတ်သားသော လေသံဖြင့် ဆက်ပြောသည်။

သူသည် အခန်းထောင့် တစ်ထောင့်သို့ သွားကာ တရားထိုင်သည့် ပုံစံဖြင့် ထိုင်လိုက်ပြီး စိတ်ကို တည်ငြိမ်စေရန် စတင် ကျင့်ကြံတော့သည်။

စိတ်တည်ငြိမ်သွားပြီးနောက် သူသည် သူ၏ အသိစိတ်ကို သိုင်းဟင်းလင်းပြင်ထဲသို့ ပို့လွှတ်လိုက်သည်။ သူ၏ အသိစိတ် ဟင်းလင်းပြင်ထဲသို့ ရောက်သည့်အခါ သိုင်းဝိညာဉ်မှာ အရင်အတိုင်းပင် ရှိနေသည်ကို တွေ့ရသည်။ ဘာမှ ပြောင်းလဲခြင်း မရှိဘဲ ထိုနေရာတွင် ရပ်နေမြဲ ဖြစ်သည်။

သူ၏ အနီရောင် အမြုတေမှာ သိုင်းဟင်းလင်းပြင်ကို အလင်းပေးနေဆဲဖြစ်ပြီး ကမ္ဘာ့မျိုးစေ့မှာလည်း အလယ်ဗဟိုတွင် လွင့်မျောနေသည်။ ထို့ပြင် သူ၏ နှလုံးသားမိစ္ဆာကိုလည်း သူ မြင်နေရသည်။ ထိုမိစ္ဆာမှာ သူနှင့် ပုံစံတူပင် ဖြစ်သော်လည်း ခေါင်းတွင် ဦးချိုနှစ်ချောင်း ပါရှိနေခြင်းကသာ ကွာခြားသည်။ ယခုအချိန်တွင် နှလုံးသားမိစ္ဆာမှာ အိပ်ပျော်နေပုံရသည်။

သူ၏ အာရုံကို ဆွဲဆောင်နေသော အခြားအရာ နှစ်ခုမှာ ဟင်းလင်းပြင်နိယာမ ပျိုးပင် နှင့် ပုံရိပ်ယောင် နိယာမ မျိုးစေ့တို့ပင် ဖြစ်သည်။

ပုံရိပ်ယောင် နိယာမအပေါ် သူ၏ နားလည်သဘောပေါက်မှုမှာ သတ်မှတ်ချက်တစ်ခုသို့ မရောက်သေးသဖြင့် ထိုနိယာမမျိုးစေ့မှာ အသိပညာပျိုးပင်အဖြစ်သို့ ဆင့်ကဲမပြောင်းလဲသေးပေ။ အဆင့်တက်သွားခဲ့သော ဟင်းလင်းပြင်နိယာမ မျိုးစေ့နှင့် မတူဘဲ ၎င်းမှာ အရင်အတိုင်းသာ ရှိနေသေးသည်။

လုံချန်းသည် သူ၏ အသိစိတ်ဖြင့် ဝေဝါးနေသော ပုံရိပ်ယောင် နိယာမ မျိုးစေ့ကို စတင် အကဲခတ်တော့သည်။ ထိုမျိုးစေ့ကိုယ်တိုင်၌ လျှို့ဝှက်ချက်များစွာ ကိန်းအောင်းနေသည်ကို သူ ခံစားရသည်။ သူသည် ထိုနေရာတွင်ပင် နာရီပေါင်းများစွာကြာအောင် ထိုင်လျက် ထိုမျိုးစေ့ကို အာရုံစိုက် ကြည့်ရှုနေခဲ့သည်။

ဂိုဏ်း၏ အခြားတစ်နေရာတွင်မူ အနက်ရောင်ဝတ်ရုံ အကြီးအကဲတစ်ဦး ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ ထိုသူမှာ အသက် ၇၀ ခန့်ရှိပုံရသော အမျိုးသမီးကြီး တစ်ဦးဖြစ်သည်။ သူမသည် စာအုပ်တစ်အုပ်ကို အေးအေးဆေးဆေး ဖတ်ရှုနေသည်။

ရုတ်တရက် တံခါးခေါက်သံ ကြားလိုက်ရသည်။ "ဝင်ခဲ့ပါ" အကြီးအကဲက ဆိုသည်။

တံခါးပွင့်သွားပြီး တစ်စုံတစ်ယောက် အလောတကြီး ဝင်လာသည်။ သူသည် အသက် ၁၄၊ ၁၅ နှစ်ခန့်ရှိသော ကလေးတစ်ဦး ဖြစ်သည်။ ထိုကလေးငယ်မှာ ရွှေအမြုတေအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်သည်။

"သခင်မကြီး" ထိုကလေးငယ်မှာ အသက်ကို ပြင်းပြင်းရှူရင်း ဆိုသည်။ သူသည် အတော်ကြာအောင် ပြေးလာခဲ့ရပုံရသည်။

"ရှောင်ကျီ... ဘာဖြစ်လို့လဲ၊ ဘာလို့ ဒီလောက် အလောတကြီး ဖြစ်နေရတာလဲ" အမျိုးသမီးက စိုးရိမ်သော မျက်နှာထားဖြင့် မေးလိုက်သည်။

"စီနီယာအစ်ကို တီယု၊ သူ ဆေးခန်းမမှာ ရောက်နေပါတယ်။ တစ်ယောက်ယောက်က သူ့လက်ကို ဖြတ်လိုက်လို့ပါ" ထိုကလေးက မျက်ရည်ဝဲလျက် ဆိုသည်။

"ဘာ" အမျိုးသမီးမှာ ထိတ်လန့်တကြား မတ်တပ်ရပ်လိုက်မိပြီး မျက်လုံးများ ပြူးကျယ်သွားသည်။

သူမသည် အပြင်သို့ အပြေးအလွှား ထွက်လာပြီး သူမ၏ အတောင်ပံပါ ခြင်္သေ့ကို လှမ်းခေါ်လိုက်သည်။ ခန့်ညားထည်ဝါသော အတောင်ပံပါ ခြင်္သေ့ကြီးတစ်ကောင် ပျံသန်းလာပြီး သူမ၏ ရှေ့တွင် ဆင်းသက်လိုက်သည်။ သူမသည် ရှောင်ကျီဟု ခေါ်သော ကလေးငယ်နှင့်အတူ ခြင်္သေ့ပေါ်သို့ အလျင်အမြန် တက်စီးလိုက်သည်။ အတောင်ပံပါ ခြင်္သေ့ကြီးမှာ ဆေးခန်းမဆီသို့ ပျံသန်းသွားတော့သည်။

၅ မိနစ်ခန့်အကြာတွင် ခြင်္သေ့ကြီးမှာ ဆေးခန်းမ ရှေ့တွင် ဆင်းသက်လိုက်သည်။ သူမသည် ခြင်္သေ့ပေါ်မှ ဆင်းကာ ရှောင်ကျီနှင့်အတူ ခန်းမထဲသို့ ဝင်သွားသည်။ သူမ ရောက်သွားသည့်အခါ အခန်းတစ်ခန်းဆီသို့ လမ်းပြခေါ်ဆောင်ခြင်း ခံရသည်။

သူမ အခန်းထဲဝင်လိုက်သည့်အခါ သူမ၏ အဖိုးတန်တပည့်မှာ ကုတင်ပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သမားတော်က ဒဏ်ရာကို ပတ်တီးစည်းပေးနေစဉ် သူက နာကျင်စွာ ညည်းတွားနေသည်။ ပထမဆုံး သူမ သတိထားမိလိုက်သည်မှာ သူ၏ ညာလက် ပြတ်တောက်နေခြင်းပင် ဖြစ်သည်။

"တီယု၊ ဘယ်သူက မင်းကို ဒီလိုလုပ်ရဲတာလဲ" အကြီးအကဲ ပီယုက စူးရှသော အသံဖြင့် မေးလိုက်သည်။

"အဲဒါ... အဲဒါ အကြီးအကဲကျင်း တပည့်အဖြစ် လက်ခံထားတဲ့ ကောင်လေး လုပ်တာပါ ဆရာမကြီး။ အဲဒီ အမှိုက်ကောင်က ကျွန်တော့်ကို အကြောင်းပြချက်မရှိဘဲ တိုက်ခိုက်ခဲ့တာပါ။ ဆရာမကြီး... သူ့ကိုသတ်ပြီး ကျွန်တော့်အတွက် ကလဲ့စားချေပေးပါ" ထိုလူငယ်က မျက်ရည်များကြားမှ အံကို ကြိတ်ကာ ဆိုသည်။ သူသည် ယခုအချိန်တွင် တကယ့်ကို သနားစရာ ကောင်းနေသည်။

'ဘယ်သူ့တပည့်ပဲဖြစ်ဖြစ်၊ သူ အပြစ်ပေးခံရရမယ်။ သူ မင်းရဲ့လက်ကို ဖြတ်တယ်ဆိုရင်၊ ငါက သူ့ရဲ့ လက်နှစ်ဖက်ရော ခြေနှစ်ဖက်ပါ ဖြတ်ပစ်တာကမှ တရားမျှတလိမ့်မယ်' သူမက တွေးတောရင်း ဒေါသများ မျက်နှာတွင် ဖုံးလွှမ်းလာသည်။

"ရှောင်တီယုကို ဂရုစိုက်ပေးပါ အကြီးအကဲမု" သူမက သမားတော်ကို မှာကြားလိုက်သည်။ ထို့နောက် နောက်လှည့်ကာ ထွက်ခွာခဲ့သည်။

သူမသည် အတောင်ပံပါ ခြင်္သေ့ပေါ်သို့ တက်စီးကာ ပျံသန်းလိုက်သည်။ လန်ကျင်း၏ ယခင်တပည့် နေသည့် နေရာကို သူမ သိထားသဖြင့် တပည့်သစ်မှာလည်း ထိုနေရာတွင်ပင် နေမည်မှာ သေချာသည်။

သူမသည် သူ့ကို တတ်နိုင်သမျှ အမြန်ဆုံး အပြစ်ပေးချင်သော်လည်း ခြင်္သေ့ကြီး ပျံသန်းနေစဉ် ရုတ်တရက် ရပ်တန့်သွားသည်။ သူမ၏ ရှေ့တွင် နောက်ထပ် အတောင်ပံပါ ခြင်္သေ့တစ်ကောင် ရှိနေသည်။ ထိုခြင်္သေ့ပေါ်တွင် အမျိုးသားတစ်ဦး ထိုင်နေသည်။ ထိုသူမှာ အသက်သိပ်မကြီးသေးသော်လည်း နဖူးတွင် အမာရွတ်တစ်ခု ရှိသည်။

"အကြီးအကဲ ပီယု... မင်း ဘယ်ကို သွားမလို့လဲ" လန်ကျင်းက ပြုံးလျက် မေးလိုက်သည်။

"ငါ့လမ်းက ဖယ်စမ်း။ ငါ ဘယ်ကိုသွားသွား နင်နဲ့ မဆိုင်ဘူး" သူမက တိုက်ရိုက်ပင် ပြန်ပြောလိုက်သည်။

"မှန်ပါတယ်။ မင်း ဘယ်သွားသွား ငါ ဂရုမစိုက်ပါဘူး၊ ဒါပေမဲ့ ငါ့တပည့်ရဲ့ နေအိမ်ဝန်းဆီကိုတော့ မဟုတ်ရဘူးလေ။ ငါပြောတာ မင်း နားလည်တယ် မဟုတ်လား" လန်ကျင်းက ခနဲ့ပြုံးဖြင့် ဆိုသည်။

အမျိုးသမီးသည် လန်ကျင်းမှာ သူမ၏ ရည်ရွယ်ချက်ကို သိနေကြောင်း နားလည်သွားသည်။ ထို့ကြောင့် ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။

"နင့်တပည့်က ငါ့တပည့်ရဲ့ လက်ကို ဖြတ်လိုက်တယ်။ သူ အပြစ်ပေးခံရဖို့ ထိုက်တန်တယ်။ နင် ဘာပဲတွေးတွေး ဂရုမစိုက်ဘူး၊ ဒီနေ့ သူ့လက်ကို ငါ ဖြတ်ပစ်မယ်" သူမက လန်ကျင်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

"မင်း သေချာရဲ့လား။ အသက် ၁၇ နှစ်တောင် မပြည့်သေးတဲ့ ကလေးတစ်ယောက်က အသက် ၂၀ အရွယ် ကောင်လေးရဲ့ လက်ကို ဖြတ်လိုက်တာကို၊ အသက် ၃၀၀ အရွယ် အမျိုးသမီးကြီးတစ်ယောက်က လာပြီး အပြစ်ပေးမယ် ဟုတ်လား။ ကလေးချင်း ရန်ဖြစ်တဲ့ ကိစ္စမှာ မင်းက ဝင်ပါမလို့လား။ မင်းမှာ သိက္ခာဆိုတာ မရှိဘူးလား အကြီးအကဲ ပီယု" သူက ပြုံးလျက် ဆိုသည်။

"နင် ဘာပြောပြော ဂရုမစိုက်ဘူး။ ဘာပဲဖြစ်ဖြစ် ဒီနေ့ နင့်တပည့်ရဲ့ လက်တွေကို ငါ ဖြတ်ပစ်မယ်" သူမက ဆိုသည်။

"မင်း ငါ့ကို ရွေးချယ်စရာ မပေးတော့ဘူး အဘွားကြီး" လန်ကျင်း၏ အပြုံးများ ပျောက်ကွယ်သွားသည်။ သူသည် ခြင်္သေ့ပေါ်မှ ဆင်းကာ လေထဲတွင် ဝဲပျံလိုက်သည်။

"သူ့လက်တွေကို မင်း ဘယ်လို ဖြတ်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်" သူက ဆိုလိုက်သည်နှင့် သူ၏ အရှိန်အဝါများ လုံးဝ ပြောင်းလဲသွားသည်။

သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါမှာ အလွန်မြင့်မားလှသဖြင့် အဝေးမှ လူများပင် ခံစားလိုက်ရသည်။ တပည့်အတော်များများမှာ ထိုပြင်းထန်သော အရှိန်အဝါကြောင့် တုန်ရင်နေကြလေတော့သည်။

All Chapters