အခန်း (၂၉၇-၂၉၈)
Vol. 30 Ch. 297-298
အခန်း (၂၉၇) နင့်ကို ငါ သတ်မယ်
လန်ကျင်း၏ ပြင်းထန်လှသော အရှိန်အဝါကြောင့် တပည့်အများစုမှာ တုန်ရင်နေကြသည်။
"လန်ကျင်း၊ နင်က အမှိုက်လို တပည့်တစ်ယောက်အတွက်နဲ့ ငါ့ကို ဆန့်ကျင်ရဲတယ်ပေါ့လေ၊ ငါက နင့်ထက် အသက်ကြီးတယ်ဆိုတာကို နင် မေ့နေတာလား" အကြီးအကဲ ပီယုက ဆိုကာ သူမ၏ အတောင်ပံပါ ခြင်္သေ့ပေါ်မှ ဆင်းလိုက်သည်။
"ငါတို့ ရောက်နေတာက ဝိညာဉ်နက်ဂိုဏ်းထဲမှာနော်။ လေးစားမှုဆိုတာ အသက်အရွယ်ကြောင့် ရတာမဟုတ်ဘူး၊ ခွန်အားကြောင့် ရတာ။ မင်းမှာ ငါ့ကို ကျော်ဖြတ်နိုင်တဲ့ ခွန်အားရှိရင် ငါ မင်းကို လေးစားပြီး မင်းလုပ်ချင်တာ မှန်သမျှ ခွင့်ပြုမယ်။ ဒါပေမဲ့ ငါ့ကိုတောင် အနိုင်မတိုက်နိုင်ဘဲနဲ့ ဘာလေးစားမှုအကြောင်း ပြောနေတာလဲ" လန်ကျင်းက လေးနက်သော လေသံဖြင့် ဆိုလိုက်သည်။
"နင်... ရိုင်းလှချည်လား" သူမက အသံကျယ်ကျယ်ဖြင့် ဟိန်းဟောက်လိုက်ပြီး လက်ထဲတွင် တုတ်ကောက်တစ်ချောင်း ပေါ်လာသည်။
"ငရဲဖီးနစ်" သူမက ဆိုကာ သူမ၏ အထူးပညာရပ်ကို အသုံးပြုလိုက်သည်။
မီးလျှံများဖြင့် လုံးဝ တည်ဆောက်ထားသော ဖီးနစ်ငှက် ၁၀ ကောင်ထက်မက သူမ၏ အနီးတွင် ပေါ်လာပြီး သူမကို ဝန်းရံပျံသန်းနေကြသည်။
လန်ကျင်း၏ မျက်နှာတွင် မျက်မှောင်ကြုတ် တစ်ခု ပေါ်လာသည်။ ၎င်းမှာ အကြီးအကဲ ပီယု၏ နာမည်ကြီး တိုက်ကွက်တစ်ကွက် ဖြစ်သည်။ သူသည် အကြီးအကဲ ပီယုနှင့် တစ်ခါမှ မတိုက်ဖူးသော်လည်း သူမ၏ ပြင်းထန်သော ခွန်အားအကြောင်းကိုတော့ ကြားဖူးသည်။
"သွားကြစမ်း... ငါ့ကလေးတို့" အမျိုးသမီးက အမိန့်ပေးလိုက်သည်။
တောက်လောင်နေသော ဖီးနစ်ငှက်အားလုံးသည် လန်ကျင်းထံသို့ တဟုန်ထိုး ပျံသန်းသွားကြတော့သည်။
"ရေခဲတံတိုင်း" လန်ကျင်းက ဆိုလိုက်သည်နှင့် တောက်လောင်နေသော ဖီးနစ်ငှက်များနှင့် သူ၏ကြားတွင် ရေခဲတံတိုင်းတစ်ခု ပေါ်လာသည်။ ဖီးနစ်ငှက်များမှာ ထိုအကာအကွယ်ကို တိုက်မိကြသော်လည်း မည်သည့်ငှက်မျှ သူ၏ အကာအကွယ်ကို မဖျက်ဆီးနိုင်ခဲ့ပေ။
ဖီးနစ်ငှက်များမှာ ပျက်စီးသွားကြပြီး ပြင်းထန်သော ရေခဲအကာအကွယ်သာ ကျန်ရစ်ခဲ့သည်။ ခဏအကြာတွင် ထိုရေခဲတံတိုင်းမှာ ပျောက်ကွယ်သွားပြီး မူလနေရာတွင်ပင် မလှုပ်မယှက် ရပ်နေဆဲဖြစ်သော အကြီးအကဲ လန်ကျင်း၏ မျက်နှာ ပေါ်လာသည်။
ထူးခြားသွားသည်မှာ ယခုအခါ သူ၏ လက်ထဲတွင် ဓားတစ်လက် ရှိနေခြင်းပင် ဖြစ်သည်။
"ဒါပဲလား၊ အကြီးအကဲ ပီယုရဲ့ ပြင်းထန်တဲ့ တိုက်ကွက်ဆိုတာ ဒါပဲလား။ ငါက ဒီထက်ပိုပြီး မျှော်လင့်ထားတာ။ အခုတော့ နည်းနည်း စိတ်ပျက်သွားပြီ" လန်ကျင်းက စိတ်ပျက်သော လေသံဖြင့် ဆိုသည်။
"နင်" သူမက ဒေါသတကြီး ဟိန်းဟောက်လိုက်သော်လည်း သူမ တစ်စုံတစ်ခု မလုပ်ဆောင်နိုင်မီမှာပင် လန်ကျင်းက စတင် လှုပ်ရှားလိုက်သည်။
အကြီးအကဲ ပီယုမှာ မျက်တောင်တစ်ချက် ခတ်လိုက်ရုံသာ ရှိသေးသော်လည်း ထိုခဏအတွင်းမှာပင် လန်ကျင်းမှာ သူမ၏ ရှေ့တည့်တည့်သို့ ရောက်ရှိနေပြီး သူ၏ ဓားမှာ သူမ၏ လည်ပင်းပေါ်သို့ တင်ထားပြီး ဖြစ်နေသည်။
"ဘယ်... ဘယ်လိုလုပ်ပြီး..." သူမသည် မိမိမျက်လုံးကိုပင် မယုံနိုင်ဘဲ ထစ်ထစ်အအ ဖြစ်သွားသည်။ လန်ကျင်းက မည်သည်ကြောင့် ဤမျှ မြန်ဆန်ရသနည်း။
"ဘယ်လိုလဲ... မင်းရဲ့ လည်ပင်းကို ခန္ဓာကိုယ်ကနေ ဖြတ်ထုတ်ပေးရမလား" လန်ကျင်းက ခနဲ့ပြုံးဖြင့် ဆိုကာ ဓားသွားကို သူမ၏ လည်ပင်းပေါ်သို့ အနည်းငယ် ဖိလိုက်သည်။
"နင်သာ အကြီးအကဲ တစ်ယောက်ကို သတ်ရဲရင် ဂိုဏ်းချုပ်က နင့်ကို သတ်လိမ့်မယ်" အကြီးအကဲ ပီယုက သူ၏ မျက်လုံးကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
သူမက သတ္တိရှိပုံပြနေသော်လည်း သူမ၏ မျက်နှာပေါ်ရှိ ချွေးစက်များက သူမ၏ အသက်အတွက် စိုးရိမ်နေကြောင်း သိသာစေသည်။
"မင်းက ဂိုဏ်းချုပ်နဲ့ ငါ့ကို ခြိမ်းခြောက်နေတာလား။ ဂိုဏ်းချုပ်ကိုယ်တိုင်တောင် မတရားမှု လုပ်လို့မရသလို စည်းကမ်းတွေကိုလည်း ချိုးဖောက်လို့ မရဘူး။ မင်းက အကြီးအကဲတစ်ယောက် ဖြစ်နေရက်နဲ့ ငါ့ရဲ့ တပည့်လေးကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခဲ့တယ်။ အခု မင်းကို သတ်ပစ်ဖို့ ငါ့မှာ အခွင့်အရေး အပြည့်အဝ ရှိတယ်လို့ ထင်တယ်" လန်ကျင်းက သူမ၏ မျက်လုံးများကို စိုက်ကြည့်ကာ ဆိုသည်။ သူသည် ထိုခြိမ်းခြောက်မှုကို အနည်းငယ်မျှပင် ကြောက်ရွံ့ပုံမပေါ်ပေ။
အဘွားကြီးသည် လန်ကျင်းမှာ တကယ်ပြောနေခြင်းဖြစ်ပြီး သူမ သေသွားနိုင်ကြောင်း ခံစားလိုက်ရသည်။ ထိုအခိုက်အတန့်တွင် သူမ၏ စိတ်ထဲရှိ ကလဲ့စားချေလိုသော အတွေးများမှာ မိမိကိုယ်ကို အသက်ဘေးမှ ကာကွယ်လိုသော အတွေးများဖြင့် အစားထိုးခြင်း ခံလိုက်ရသည်။
"လ... လန်ကျင်း... ငါ့ကို လွှတ်ပေးပါ။ နင့်ရဲ့ တပည့်ကို ငါ ပစ်မှတ်မထားတော့ဘူးလို့ ကတိပေးပါတယ်။ လူငယ်ချင်း ရန်ဖြစ်တာမှာ ငါ ဝင်မပါတော့ဘူး" သူမက အလျင်အမြန် ပြန်ဖြေလိုက်သည်။ သူမ၏ နှလုံးခုန်သံမှာ ပို၍ ပို၍ မြန်လာသည်။
"မင်းရဲ့ စကားတွေကို မမေ့ဘူးလို့ ငါ မျှော်လင့်ပါတယ်။ မဟုတ်ရင်တော့ ဂိုဏ်းထဲက အနက်ရောင်ဝတ်ရုံ အကြီးအကဲ အရေအတွက်ကို တစ်ယောက် လျှော့ချပစ်ဖို့ ငါ ဝန်လေးမှာ မဟုတ်ဘူး" သူက ပြုံးလိုက်ပြီး သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါများကို ရုပ်သိမ်းလိုက်သည်။
သူသည် ဓားကို သူမ၏ လည်ပင်းမှ ဖယ်လိုက်ပြီး နောက်သို့ လှည့်ခဲ့သည်။ ထို့နောက် သူ၏ အတောင်ပံပါ ခြင်္သေ့ပေါ်သို့ တက်စီးကာ ထွက်ခွာသွားတော့သည်။
အကြီးအကဲ ပီယုဟု ခေါ်သော အဘွားကြီးမှာ တိတ်ဆိတ်စွာ ရပ်ကျန်ရစ်ခဲ့သည်။ သူမသည် သူမ၏ လည်ပင်းကို ထိကြည့်လိုက်သည့်အခါ နာကျင်မှုကို ခံစားလိုက်ရသည်။ လည်ပင်းတွင် ဒဏ်ရာအနည်းငယ် ရသွားပြီး သွေးထွက်နေသော်လည်း သိပ်တော့ မများပေ။
၎င်းမှာ လန်ကျင်းထံမှ သတိပေးချက်တစ်ခု ဖြစ်ကြောင်း သူမ သိလိုက်ရသည်။ အမျိုးသမီးသည် နောက်လှည့်ကာ သူမ၏ ခြင်္သေ့ကြီးဖြင့် ထွက်ခွာသွားသည်။ သူမသည် လုံချန်းကို လူမြင်ကွင်းတွင်တော့ ရန်မပြုနိုင်တော့ကြောင်း နားလည်သွားလေသည်။
အတောင်ပံပါ ခြင်္သေ့တစ်ကောင်သည် လုံချန်း၏ နေအိမ်ဝန်းရှေ့တွင် ဆင်းသက်လိုက်ပြီး အမျိုးသားတစ်ဦး ဆင်းလာသည်။
"ဒီကောင်လေး... တစ်ခုခု မလုပ်နဲ့လို့ ငါ သူ့ကို ပြောထားရဲ့သားနဲ့၊ နောက်နေ့မှာတင် အဲဒါကို သူ လုပ်လိုက်တာပဲ" သူက စိတ်ပျက်သော မျက်နှာထားဖြင့် ရေရွတ်ကာ ဝန်းထဲသို့ လျှောက်လှမ်းသွားသည်။
သူသည် တံခါးကို တွန်းဖွင့်လိုက်ချင်သော်လည်း သာမန်အတိုင်းပင် တံခါးကို ခေါက်လိုက်သည်။ မန်ကုက တံခါးဖွင့်ပေးလိုက်သည်။ အပြင်ဘက်တွင် လန်ကျင်း ရပ်နေသည်ကို မြင်လိုက်ရသဖြင့် မန်ကုမှာ မှင်တက်သွားပြီး အလျင်အမြန်ပင် လမ်းဖယ်ပေးလိုက်သည်။
"လုံချန်း ဘယ်မှာလဲ" လန်ကျင်းက မန်ကုကို မေးသည်။
"သခင်လေးက သူ့အခန်းထဲမှာပါ။ သူ့ကို မနှောင့်ယှက်ဖို့ မှာထားပါတယ်၊ သူ ကျင့်ကြံနေတာ ဖြစ်ရမယ်" မန်ကုက တံခါးကို ညွှန်ပြရင်း ပြန်ဖြေသည်။ သူသည် အနက်ရောင်ဝတ်ရုံ အကြီးအကဲကို လိမ်ညာရန် မဝံ့ရဲသလို၊ လိမ်ရန် အကြောင်းပြချက်လည်း မရှိပေ။ လုံချန်းမှာ လန်ကျင်း၏ တပည့်ပင် မဟုတ်လော။
လန်ကျင်းသည် အခန်းတံခါးနားသို့ တိုးသွားပြီး ပြင်းထန်စွာ ခေါက်လိုက်သည်။ နားလည်သဘောပေါက်မှုအတွင်း နစ်မျောနေသော လုံချန်းမှာ တံခါးခေါက်သံကိုပင် မကြားပေ။ လန်ကျင်းက ဆက်တိုက် ခေါက်နေသော်လည်း တံခါးမှာ ပွင့်မလာပေ။
နောက်ဆုံးတွင် သူသည် စိတ်တိုလာပြီး တံခါးအား ချိုးဖျက်ရန် ပြင်လိုက်သော်လည်း မန်ကုက သူ့ကို တားလိုက်သည်။
"သခင်ကြီး... အပိုသော့ ရှိပါတယ်" မန်ကုက ဆိုသည်။ သူသည် လန်ကျင်းကို လုံချန်းအပေါ် ဒေါသ မထွက်စေချင်ပေ။
"ငါ့ဆီ ယူခဲ့စမ်း" လန်ကျင်းက ဆိုကာ တံခါးကို ထိုးနှက်တော့မည့် သူ၏ လက်သီးကို ရပ်တန့်လိုက်သည်။ မန်ကုသည် သော့ယူလာပေးပြီး တံခါးကို ဖွင့်ပေးလိုက်သည်။
လန်ကျင်းသည် အခန်းထဲသို့ ဝင်ကာ နောက်မှ တံခါးကို ပြန်ပိတ်လိုက်သည်။ သူသည် ဖြစ်ပျက်သမျှကို မန်ကုအား မမြင်စေလိုပေ။ သူ အခန်းထဲသို့ ရောက်သည့်အခါ တရားထိုင်သည့် ပုံစံဖြင့် ထိုင်နေသော လုံချန်းကို မြင်လိုက်ရသဖြင့် မှင်တက်သွားသည်။
လုံချန်းသည် မျက်လုံးမှိတ်ထားသော်လည်း လန်ကျင်းသည် သူ့ကို ကြည့်ရင်း ထူးဆန်းသော ခံစားချက်တစ်ခု ရနေသည်။ လုံချန်းမှာ တစ်မျိုးတစ်ဖုံ ကွဲပြားနေသည်ဟု သူ ခံစားရသည်။ လုံချန်း၏ ပတ်ပတ်လည်တွင် ပုံရိပ်ယောင် အားအင်တစ်ခုက ဝန်းရံနေလေသည်။
အခန်း (၂၉၈) အဆိပ်
လန်ကျင်းသည် လုံချန်းကို ကြည့်ရင်း တစ်မျိုးတစ်ဖုံ ကွဲပြားနေသည်ဟု ခံစားရသည်။ လုံချန်း၏ ပတ်ပတ်လည်တွင် ပုံရိပ်ယောင် အားအင်တစ်ခုက ဝန်းရံနေသကဲ့သို့ပင်။
"သူ အဆင့် တက်တော့မလို့လား" သူသည် လုံချန်းကို စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။ "တကယ့်ကိုပဲ... ဒီကောင်လေးက ထူးဆန်းလိုက်တာ"
လုံချန်း၏ ကျင့်ကြံမှုကို မနှောင့်ယှက်လို သကဲ့သို့ ရက်ပေါင်းများစွာလည်း စောင့်မနေလိုသဖြင့် သူသည် နောက်လှည့်ကာ အခန်းထဲမှ ထွက်ခွာခဲ့သည်။
"သူ ကျင့်ကြံတာ ပြီးသွားရင် ငါ့ကို ဆက်သွယ်ဖို့ ပြောလိုက်ပါ။ ဒီအဆောင်ကို သူ့ကို ပေးလိုက်၊ လိုအပ်တဲ့အခါ ဒါကိုသုံးပြီး ငါ့ကို ခေါ်လို့ရတယ်။ ပြီးတော့ ပတ်ဝန်းကျင်ကိုလည်း သတိထား စောင့်ကြည့်ဦး။ သူ့ကို ဘာအန္တရာယ်မှ မထိခိုက်စေနဲ့" လန်ကျင်းသည် မန်ကုကို မှာကြားပြီး နေအိမ်ဝန်းမှ ထွက်သွားသည်။
"ဟူး... ငါ့လက်ဖက်ရည်တောင် ကုန်အောင် မသောက်ရသေးဘူး။ သူလုပ်ထားတဲ့ ပြဿနာတွေကို လိုက်ရှင်းပေးဖို့ အလောတကြီး ထွက်လာခဲ့ရတာ။ အားလုံးပြီးတော့လည်း သူ့ကို ဆူတောင် မဆူလိုက်ရဘူး" သူသည် သက်ပြင်းချရင်း သူ၏ အတောင်ပံပါ ခြင်္သေ့ပေါ်သို့ တက်စီးကာ ထွက်ခွာသွားတော့သည်။
လုံချန်းမှာမူ သူ၏ အသိစိတ် ဟင်းလင်းပြင်ထဲတွင် နစ်မျောနေဆဲဖြစ်ပြီး လန်ကျင်း လာရောက်သွားသည်ကိုပင် လုံးဝ မသိရှိလိုက်ပေ။
သူသည် ပုံရိပ်ယောင် နိယာမ မျိုးစေ့ကို အာရုံစိုက်ကြည့်ရှုနေစဉ် ထိုမျိုးစေ့၏ နောက်ကွယ်မှ ရှုပ်ထွေးနက်နဲမှုများအား တဖြည်းဖြည်း စတင် ရှာဖွေတွေ့ရှိလာသည်။
သူ စိုက်ကြည့်နေရင်းနှင့် သူကိုယ်တိုင်ပင် ပုံရိပ်ယောင်တစ်ခုထဲတွင် အသက်ရှင်နေရသကဲ့သို့ ခံစားလာရသည်။ ဘာတစ်ခုမှ အစစ်အမှန် မဟုတ်ပေ။ သူ အစစ်အမှန်ဟု ထင်မှတ်ထားသော ကမ္ဘာကြီးပင်လျှင် အစစ်မဟုတ်သကဲ့သို့ပင်။
၎င်းမှာ အစစ်အမှန်တရား၏ ပုံရိပ်ယောင်တစ်ခုမျှသာဖြစ်ပြီး၊ သူ၏ရှေ့မှ ပုံရိပ်ယောင် မျိုးစေ့နှင့် အတူတူပင် ဖြစ်သည်။ သူ၏ ပုံရိပ်ယောင် အစွမ်းအပေါ် ရှိနေသော ကန့်သတ်ချက်များမှာလည်း သူကိုယ်တိုင် မဖောက်ထွက်နိုင်သေးသော ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်။ အကယ်၍ သူသာ ပုံရိပ်ယောင် နိယာမကို ကျွမ်းကျင်ပိုင်နိုင်သွားပါက သူ၏ ပုံရိပ်ယောင် စွမ်းရည်အပေါ် ခတ်ထားသော ပုံရိပ်ယောင် သော့ခလောက်မှာလည်း ပွင့်သွားလိမ့်မည်ဟု သူ ခံစားလိုက်ရသည်။
ရက်များမှာ တဖြည်းဖြည်း ကုန်လွန်သွားသည်။ လုံချန်းသည် သူ၏ နိယာမနောက်ကွယ်မှ လျှို့ဝှက်ချက်များကို နားလည်သဘောပေါက်ရန် တရားထိုင်ရင်း အချိန်များကို ကုန်ဆုံးစေခဲ့သည်။
လုံချန်းသည် သူ၏ နေအိမ်ဝန်းအတွင်း၌ ရှိနေစဉ် အပြင်ဘက် ဂိုဏ်းအတွင်း၌မူ အဆင့်သတ်မှတ်ချက် စာရင်းအသစ် ထွက်ပေါ်လာသဖြင့် ရုတ်ရုတ်သည်းသည်း ဖြစ်နေကြသည်။
ဂိုဏ်းထဲသို့ အသစ်ဝင်လာသော မည်သူမည်ဝါမှန်းမသိသည့် ကောင်လေးမှာ ယခုအခါ ခွန်အားအဆင့်၏ နံပါတ် (၃) နေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။
အဆင့် ၁ မှာ အကျိုးပြုမှတ် ၂၁၆၇ မှတ်ဖြင့် မုကျိန်း ဖြစ်သည်။
အဆင့် ၂ မှာ ၂၁၅၀ မှတ်ဖြင့် ချူးမြောင် ဖြစ်သည်။
နောက်ဆုံး အဆင့် ၃ မှာမူ ရုတ်တရက် ပေါ်ထွက်လာသော ကောင်လေး... ၂၁၄၉ မှတ် ရရှိထားသည့် လုံချန်းပင် ဖြစ်သည်။ သူသည် ဒုတိယနေရာကို ရယူရန် တစ်မှတ်သာ လိုတော့သည်။
ယခင်က တတိယနေရာကို ရယူထားသော မိန်းကလေး စုကျန်းမှာ အဆင့် ၄ သို့ ရောက်သွားခဲ့သည်။ သူမ၏ အောက်မှ လူအားလုံးလည်း အဆင့်တစ်ဆင့်စီ နိမ့်ဆင်းသွားကြသည်။ ဤအပြောင်းအလဲမှလွဲ၍ အခြား ထူးထူးခြားခြား မရှိပေ။
အဆင့်သတ်မှတ်ချက်ကို မြင်တွေ့ရသော တပည့်အတော်များများမှာ အံ့အားသင့်သွားကြသည်။ အဆင့်ပြောင်းလဲသွားသည့် သတင်းကို အခြားသူများအား ပြောပြရန် သူတို့ အပြေးအလွှား ထွက်သွားကြသည်။ အကြီးအကဲ လန်ကျင်း၏ တပည့်မှာ ဤမျှ ငယ်ရွယ်သော အသက်ဖြင့် ထိုကဲ့သို့ မြင့်မားသော အဆင့်ကို ရယူလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။
နေအိမ်ဝန်းတစ်ဝန်း အတွင်းတွင် အမျိုးသားတစ်ဦး မြေပြင်ပေါ်၌ ထိုင်နေသည်။ တစ်စုံတစ်ယောက်က သူ့ထံလာပြီး အဆင့်သတ်မှတ်ချက် အသစ်အကြောင်း သတင်းပို့သည့်အချိန်တွင် သူသည် သူ၏ ကျင့်ကြံမှုကို ယခုလေးတင် အဆုံးသတ်ထားပုံရသည်။
"စိတ်ဝင်စားစရာပဲ... မုချန်း ပြီးတော့ အကြီးအကဲကျင်းက နောက်ထပ် ထူးဆန်းတဲ့ ကောင်လေးတစ်ယောက်ကို ထပ်တွေ့တာပဲ။ မဆိုးပါဘူး" ထိုလူက ပြုံးလျက် ဆိုသည်။ သူသည် ခွန်အားအဆင့် နံပါတ် ၁ ဖြစ်သော မုကျိန်းပင် ဖြစ်သည်။
အခြားတစ်နေရာတွင်မူ မိန်းကလေးတစ်ဦးသည်လည်း ထိုသတင်းကို ရရှိခဲ့သည်။ "သူက ငါ့အောက် တစ်မှတ်တည်း နိမ့်တာလား။ သူက ၁၆ နှစ်ပဲ ရှိသေးတယ်လို့ နင်တို့ ပြောခဲ့တယ် မဟုတ်လား။ သူက ဘယ်လိုလုပ် ငါ့လောက် သန်မာနိုင်မှာလဲ" ထိုမိန်းကလေးက အံ့သြတုန်လှုပ်စွာ ဆိုသည်။ သူမသည် အသက် ၂၀ အစောပိုင်းအရွယ် ရှိပုံရသည်။
ထိုသတင်းကို ရရှိသော နောက်ထပ် မိန်းကလေးတစ်ဦးလည်း ရှိသေးသည်။ သို့သော် သူမကတော့ သိပ်မပျော်ပေ။ သူမမှာ အဆင့်တစ်ဆင့် နိမ့်ကျသွားရခြင်း ဖြစ်သည်။ ၎င်းမှာ ဂိုဏ်းထဲသို့ ယခုမှဝင်လာသည့် အမည်မသိ လူတစ်ယောက်က သူမကို အနိုင်ယူသွားသကဲ့သို့ပင်။ သူမသည် လုံချန်းကို စတင် မုန်းတီးနေပြီ ဖြစ်သည်။
လုံချန်းကတော့ ဤအကြောင်းများကို ဘာမှမသိပေ။ သိလျှင်ပင် ယခုအချိန်တွင် သူ့၌ ပို၍ အရေးကြီးသော ကိစ္စများ ရှိနေသဖြင့် သူ ဂရုစိုက်မည် မဟုတ်ပေ။
လုံချန်း ဂိုဏ်းထဲသို့ ရောက်ရှိလာသည့် ၇ ရက်မြောက်နေ့တွင် သူသည် နောက်ဆုံး၌ မျက်လုံးများကို ဖွင့်လိုက်သည်။ ပုံရိပ်ယောင် နိယာမကို အပြည့်အဝ နားမလည်သေးသော်လည်း ယခင်ကထက် ပို၍ နားလည် သဘောပေါက်လာသည်ဟု သူ ခံစားရသည်။
လုံချန်းသည် မတ်တပ်ရပ်ကာ ကိုယ်လက်ဆန့်လိုက်သည်။ အချိန်အတော်ကြာမှ ခန္ဓာကိုယ်ကို လှုပ်ရှားရသဖြင့် နေလို့ကောင်းသွားသည်။ သူသည် အခန်းတံခါးဆီသို့ လျှောက်သွားစဉ် ရုတ်တရက် ခန္ဓာကိုယ်အတွင်းမှ နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။
အဆိပ်ရှိသော ပုရွက်ဆိတ် ထောင်ပေါင်းများစွာက သူ၏ ခန္ဓာကိုယ်ကို ကိုက်ခဲနေသကဲ့သို့ပင်။
"အု... ဘာတွေ ဖြစ်နေတာလဲ..." သူသည် နာကျင်စွာ ညည်းတွားရင်း ဒူးထောက် လဲကျသွားသည်။
မည်သည်များ ဖြစ်နေသနည်းဟု သူ စဉ်းစားနေစဉ် သူ၏ ခန္ဓာကိုယ်ထဲတွင် အဆိပ်ရှိနေသည်ကို ရုတ်တရက် သတိရလိုက်သည်။ အဆိပ်ကို နောက်ထပ် တစ်ပတ်ကြာ ငြိမ်သက်နေစေရန် သူသည် အဆိပ်ထိန်းဆေးကို သောက်ရမည် ဖြစ်သည်။
လန်ကျင်းက သူ့ကို ထိုဆေးလုံး ပေးထားပြီးသား ဖြစ်သည်။ နားလည်သဘောပေါက်မှုအတွင်း နစ်မျောနေသဖြင့် သူ ဤနေရာသို့ ရောက်လာခဲ့သည်မှာ ၇ ရက်မြောက်နေ့သို့ ရောက်တော့မည်ဖြစ်ကြောင်း သူ လုံးဝ မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။
သူသည် အကြီးအကဲ လန်ကျင်း ပေးထားသော ဆေးလုံးကို ထုတ်ယူကာ မြိုချလိုက်သည်။ သူ၏ နာကျင်မှုမှာ တဖြည်းဖြည်း တိုးလာနေသော်လည်း မိနစ်အနည်းငယ် ကြာသည့်အခါ အဆိပ်မှာ ငြိမ်သက်သွားပြီး နာကျင်မှုများလည်း ပျောက်ကွယ်သွားသည်။
"အဲဒီလူ... သူ လိမ်ပြောနေတာ မဟုတ်ဘူးပဲ။ ငါ့ထဲမှာ တကယ့်ကို ထူးဆန်းတဲ့ အဆိပ်တစ်ခု ထည့်ထားတာပဲ။ ဒီလို ခံစားချက်မျိုး ပေးတဲ့ အဆိပ်မျိုး ငါ တစ်ခါမှ မကြားဖူးဘူး" လုံချန်းသည် အားနည်းသော လေသံဖြင့် ဆိုကာ မတ်တပ်ရပ်လိုက်သည်။
သူသည် အပြင်သို့သွားရန် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး ကုတင်ဆီသို့ ပြန်လျှောက်သွားကာ အိပ်ပျော်သွားတော့သည်။
ဝိညာဉ်နက်ဂိုဏ်း နှင့် အလွန်ဝေးကွာသော နေရာတွင် အင်ပါယာတစ်ခု ရှိသည်။ ထိုအင်ပါယာကို တောက်ပသော နေမင်း အင်ပါယာဟု လူသိများသည်။ ၎င်းမှာ မြောက်ပိုင်း လအင်ပါယာ၏ အိမ်နီးချင်း ဖြစ်သည်။
အရေးကြီးသော နောက်ထပ်အချက်တစ်ခုမှာ ကျိရှန်းသည် ထိုအင်ပါယာ၏ ဒုတိယမင်းသား ဖြစ်နေခြင်းပင်။ ယခုအချိန်တွင် ကျိရှန်း၊ မင်ယု နှင့် ကျိချင်းတို့မှာ တောက်ပသော နေမင်း အင်ပါယာ၏ အပြင်ဘက်သို့ ရောက်ရှိနေကြပြီ ဖြစ်လေသည်