← Chapters

ငါက လူလိမ်တွေဆို အသေမုန်းတာနော်

Vol. 8 Ch. 727

ငါက လူလိမ်တွေဆို အသေမုန်းတာနော်

Vol. 8 Ch. 727

စောစောက ပိုင်ရှောင်ချန်း ပြောလိုက်သည့် အရေအတွက်သည် ချန်ရှုံးကို မူးမေ့လဲမတတ် ဖြစ်သွားစေသည်။ ဆယ့်လေးဆ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းနှင့် ဆယ့်ငါးဆ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းတို့ကြား၌ ကွာခြားချက်က ကြီးမားသည် မဟုတ်ပါလော။

ဆယ့်ငါးဆစိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းသည် နတ်တစ်ပါး၏ စွမ်းအားကို ယူဆောင်ပေးပြီး ယင်ယန်ဝိညာဉ်အဆင့် မဟာစက်ဝန်းရှိ ကျင့်ကြံသူများကို ကောင်းကင်နှင့်မြေကြီး၏ ဉာဏ်အလင်းကို ရသွားစေနိုင်သည်။ ထိုကဲ့သို့ စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသော ရတနာများသည် မယုံနိုင်ကြည်ဖွယ် တန်ဖိုးကြီးလှပြီး များသောအားဖြင့် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းကို လုပ်ဆောင်သော မျိုးနွယ်စုများ သို့မဟုတ် အင်အားကြီး မင်းမျိုးနွယ်များ သို့မဟုတ် အထက်တန်းလွှာမျိုးနွယ်စုများသည်သာ ပိုင်ဆိုင်ကြခြင်းဖြစ်သည်။ ယင်းကဲ့သို့ အမှန်တကယ်တည်ရှိသည့် ရတနာများသည် အပြင်သို့ ထုတ်ပြခဲသည်။

ထိုပစ္စည်းများမှာ အထူးသဖြင့် မြင့်မားသော စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းနှင့်ပတ်သက်သည့် အောင်မြင်မှုနှုန်းများသည် အလွန်နည်းလှသည့်အတွက် လုံးဝအတွေ့မများပေ။ သရဲကြီးဘုရင်သည် ပိုင်ရှောင်ချန်းကို ချီးမြှင့်မြှောက်စားပြီး တစ်ဆက်တည်းမှာပင် ဝိညာဉ်ရေနွေးအိုးထဲတွင် အလွန်တရာအရေးကြီးသော တာဝန်ကို အပ်နှံခဲ့သည့်တိုင် ဆယ့်ခြောက်ဆစိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသော လှံတစ်ချောင်းကိုသာ ပေးသည့်အချက်အား ကြည့်လျှင် သိနိုင်သည်။

ထို့အတွက် အကြောင်းပြချက်သည် သူကပ်စေးနှဲခြင်းကြောင့် မဟုတ်။ ဆယ့်ငါးဆစိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းနှင့် အထက် ရှိသော ပစ္စည်းမှာ အလွန်ရှားပါးလွန်းသောကြောင့် ဖြစ်သည်။ ထို့အပြင် အများစုက နတ်များအသုံးပြုရန်အတွက်သာ သင့်တော်သည်။

ထိုပစ္စည်းများ၏ရှားပါးမှုကြောင့် တစ်စုံတစ်ခုကို ဆယ့်လေးဆမှ ဆယ့်ငါးဆစိတ်စွမ်းအင်အဆင့်မြှင့်တင်ရန်အတွက် ဝိညာဉ်ဆေးမည်မျှကုန်ကျမည်ကို မည်သူမဆို အသေအချာပြောရန် ခက်ခဲမည်ဖြစ်သည်။ ပိုင်ရှောင်ချန်း၏ ဝိညာဉ်ဆေးပုလင်းရှစ်ကုဋေကျော် ဈေးခေါ်ခြင်းသည် အံသြဖွယ်ကောင်းပုံပေါ်သော်လည်း သူသာ အောင်မြင်သွားလျှင် ထွက်ပေါ်လာသည့် ပစ္စည်းသည် နတ်အဆင့်ရောက်လိုသော မည်သူ့အတွက်မဆို အထောက်အပံ့ကောင်းဖြစ်မည်ဖြစ်ကြောင်း ရှိသမျှလူတိုင်း သဘောပေါက်လေသည်။

မြေရိုင်းဒေသတွင် လူအများသည် ဆယ့်ငါးဆ သို့မဟုတ် ဆယ့်ခြောက်ဆ စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသော မှော်ပစ္စည်းများကြောင့် နတ်များ ဖြစ်လာကြသည်။ ထိုကဲ့သို့ပစ္စည်းများကိုသုံး၍ ကောင်းကင်နှင့်မြေကြီး၏ ဉာဏ်အလင်းကို ရခြင်းအားဖြင့် သူတို့သည် သက်ရှိသက်မဲ့အရာအားလုံးနှင့်တစ်သားတည်း ဖြစ်လာနိုင်ပေသည်။

" အချိန်ယူပြီး စဉ်းစားပါ "

ပိုင်ရှောင်ချန်းက ရိုးရိုးသားသား ပြောသည်။

" ကြည့်။ မင်း သိပ်မပျော်သေးရင် ငါခေါ်ထားတဲ့ ဈေးထက် ဆယ်ဆပေးရမှာကို တွေးကြည့်လိုက်။ မင်း ငါ့ဆီ အကြွေးတင်ပြီထင်တယ်.... အီး။ ရှစ်ကုဋေ။ ကဲ ငါတို့ ဒီမှာတင် ပြီးပြီ "

ထို့နောက် သူက ချန်ရှုံးကို ရိုးသားသည့် သနားကရုဏာသက်သောပုံဖြင့် ကြည့်လိုက်သည်။

ပိုင်ဟောက်က မူလဈေးထက် 'ဆယ်ဆ'ဆိုသည်ကို ကြားလိုက်သောအခါ သက်ပြင်းချလိုက်၏။ သူပြောနိုင်သည်မှာ ဈေးမှားတွက်ခဲ့ခြင်းကြောင့် သူတို့ ဝိညာဉ်ဆေးပုလင်း ၆ကုဋေကျော် ဆုံးရှုံးသွားလေပြီ။

ချန်ရှုံးမှာမူ ပြဲလန်နေအောင် အော်လိုက်သည်။

" သောက်ပါးစပ်ပေါက် ပိတ်ထား"

သူမျက်လုံးများသည် သွေးချင်းချင်းနီရဲနေပြီဖြစ်သည်။ သူက သရော်သောလေသံဖြင့် ဆက်ပြောသည်။

" ငါ မကျေနပ်ဘူး။ နောက်ထပ် မြှင့်တင်တာလုပ်။ ကောင်းပြီလား။ လုပ်ပေးစမ်း။ မင်း ဆယ့်ငါးဆစိတ်စွမ်းအင်မြှင့်တင်တာကို အောင်မြင်မယ်လို့ ငါမယုံဘူး"

သူ့ကို ခြံရံထားသည် အဘိုးအိုနှစ်ယောက်သည် အချိန်အတော်ကြာကတည်းက မျက်နှာများ ဖြူဖပ်ဖြူရော်ဖြစ်နေပြီဖြစ်သည်။ ထိတ်လန့်ကြောက်ရွံ့နေရင်း သူတို့က ကြားဝင်ပြီး ချန်ရှုံးကို အကြံတချို့ပေးရန်ပင် ကြိုးစားလိုက်သည်။

" ဘေးဖယ်စမ်းပါ" သူက သူတို့ကို အော်ငေါက်လိုက်သည်။

" လောင်းကြေးကရှိသေးတယ် ပိုင်ဟောက်"

သူ့အနေဖြင့် နောက်ထပ်လောင်းကြေးထပ်နေရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။ ထိုသို့လုပ်လျှင် သူ့မှာ အောင်မြင်နိုင်ချေရှိသေးသည်။ သို့သော် သူသာ အခုလက်လျှော့လိုက်ပါက သူပေးရမည့် တန်ကြေးက လက်ခံရန် မဖြစ်နိုင်ပေ။

ပိုင်ရှောင်ချန်းက ချန်ရှုံးကို တည်ငြိမ်စွာ ခပ်ကြာကြာကြည့်ပြီးနောက် စကားတစ်လုံးမပြောဘဲ ကျောက်စိမ်းဆွဲပြားကို ယူကာ အနောက်ခန်းထဲ ဝင်သွားသည်။ မရေမတွက်နိုင်သော အကြည့်များ၊ နတ်ဘုရားအာရုံစီးကြောင်းများသည် သူ့ကို မမှိတ်မသုန်ကြည့်နေကြသည်။ သို့သော် မည်သူမှ အနောက်ခန်းထဲတွင် မည်သို့ဖြစ်မည်ကို မစူးစမ်းနိုင်ပေ။ ထိုနေရာတွင် နတ်ဘုရားအာရုံနှင့် အမြင်အာရုံအားလုံးကို တားဆီးပိတ်ပင်ထားသည့် တလက်လက်တောက်ပနေသော မန္တန်ဝင်္ကဝါတစ်ခုနှင့် ထိုးဖောက်ရန်မဖြစ်နိုင်လုနီးပါး အကာအကွယ်တစ်ခုလည်း ရှိသည်။

အမှန်တွင် အကာအကွယ်သည် ပိုင်ရှောင်ချန်း၏ မျက်နှာဖုံးစွမ်းအားဖြင့် ဖန်တီးထားခြင်း ဖြစ်ပြီး နတ်ဘုရားတစ်ပိုင်းသာလျှင် နောက်ကွယ်ကို ထိုးဖောက်မြင်နိုင်မည် ဖြစ်သည်။ သို့ထိတိုင် ၎င်းကို ထိုးဖောက်နိုင်သည့် မည်သူမဆို ပိုင်ရှောင်ချန်းက ပုံမှန်အတိုင်း စိတ်စွမ်းအင်အဆင့်မြှင့်တင်နေသည့်ပုံပေါ်သည်ကိုသာ မြင်ရမည်ဖြစ်သည်။

ပိုင်ရှောင်ချန်းသည် ဤနည်းလမ်းကို စွမ်းအားကြီးကျင့်ကြံသူများ သံသယမဝင်အောင် ရည်ရွယ်ချက်ရှိရှိ စီမံထားခြင်းဖြစ်သည်။

ပိုင်ရှောင်ချန်းက သူ၏ စွမ်းအားကြီးဆုံး အကာအကွယ်အဖြစ် မျက်နှာဖုံးအပေါ် မှီခိုရန် အမြဲကြံစည်ခဲ့သည်။ ယခု အပြင်ဘက်၌ ဝိညာဉ်ကျင့်ကြံသူများသည် ရေတွက်ရန်ပင် ခက်ခဲလွန်းလှပြီး လေထဲတွင်ပင် ပြည့်နှက်နေရာ မြို့နယ်ရှစ်ဆယ့်ကိုးပေါ်သို့ အရိပ်များဖြာကျနေတော့သည်။

လူတိုင်းမှာ စကားပြောကြဆိုကြ၊ ငြင်းကြခုံကြနှင့် ဆူညံပွက်လောရိုက်သံများ ပြည့်နှက်နေတော့သည်။

" ဒီလူပိုင်ဟောက်က သေချာပေါက် ကောင်းကင်အောက်လမ်းဆရာတစ်ယောက်ပဲ။ ဒါ့အပြင် ကောင်းကင်အောက်လမ်းဆရာအဆင့်ရဲ့ ထိပ်ဆုံးဖြစ်လောက်တယ် "

" ကောင်းကင်အောက်လမ်းဆရာတွေအားလုံးမှာ သူတို့ရဲ့ အောင်မြင်မှုနှုန်းကို တိုးတက်စေဖို့ အသုံးပြုတဲ့ အထူးနည်းလမ်းတွေရှိတယ်။ ဒါပေမဲ့ ဆယ့်လေးဆ ကနေ ဆယ့်ငါးဆစိတ်စွမ်းအင်မြှင့်တင်တာကတော့ အင်မတန် ခက်တယ်။ အောင်မြင်တာ၊ မအောင်မြင်တာက ကံကြမ္မာအပေါ်မူတည်တယ်"

" အမှန်က ဒီလောင်းကြေးက အောက်လမ်းဆရာစွမ်းရည်အပေါ် မူတည်နေတာမဟုတ်ဘဲ ကံတရားနဲ့သက်ဆိုင်တယ်လို့ ပြောရင်ရတယ် "

" ကဲ ဘာတွေပဲ ဖြစ်ဖြစ်။ တစ်မိုးအောက်မှာ ပြိုင်စံရှား နံပါတ်တစ် စိတ်စွမ်းအင်အဆင့်မြှင့်တင်ရေးဆိုင်ကတော့ ဒါပြီးရင် သေချာပေါက် ကျော်ကြားလာမှာပဲ။ လုံးဝတော့ နာမည်မကြီးလောက်ပေမယ့် သေချာပေါက် ဗဟိုဧကရာဇ်မြို့တော်တစ်ဝှမ်း လူသိများသွားလိမ့်မယ်"

လူတိုင်း ပြောဆိုနေကြစဉ် ချန်ရှုံးသည် သွေးဆုတ်ဖြူရော်နေသောမျက်နှာနှင့် ဘာမှမတွေးနိုင်တော့ဘဲ တုန်တုန်ယင်ယင်ရပ်နေသည်။ အရာအားလုံးမှာ သူ ထိန်းချုပ်နိုင်သည်ဟု မသေချာတော့သည် အထိ ဖြစ်ပျက်သွားခဲ့ပြီး ပျက်စီးပေတော့မည်။

" ဘယ်လိုတောင် ဖြစ်နေတာလဲ။ ငါ့အစီအစဉ်က လုံးဝပြီးပြည့်စုံတယ်လေ။ အကြိမ်တိုင်း ဘယ်လိုလုပ်အောင်မြင်နေရတာတုံး။ ငါပေးရမယ့် ဝိညာဉ်ဆေးတွေ များလွန်းနေပြီ။ တော်သင့်နေပြီလေ။ ဒါပေမဲ့ သူက တစ်ကြိမ်တောင် မကျရှုံးသေးဘူး။ အင်း ဒီတစ်ကြိမ်တော့ သူ သေချာပေါက် ရှံးမှာပါ။ ဒါဆိုရင်တော့ နောက်ဆုံး ငါနိုင်သွားလိမ့်မယ် "

အချိန်များ ကုန်လွန်လာခဲ့ပြီး ဆိုင်အပြင်ဘက်တွင် လူများ ပိုမိုစုဝေးလာကြသည်။ ဘယ်သူမှ နည်းနည်းလေးပင် စိတ်မရှည်ဘဲမနေပေ။ ဆယ့်လေးဆမှ ဆယ့်ငါးဆ စိတ်စွမ်းအင်မြှင့်တင်ရာတွင် အချိန်များစွာ ကြာသည်မှာ ပုံမှန်ဖြစ်သောကြောင့် အကြည့်များအားလုံးနှင့် နတ်ဘုရားအာရုံစီးကြောင်းအားလုံးသည် အနောက်ခန်း၏ တံခါးကို စူးစိုက်ကြည့်နေကြသည်။

ပိုင်ဟောက် မျက်နှာသေဖြင့် ဘေးတွင်ရပ်နေသော်လည်း ရင်ထဲတွင်မူ သူ့ဆရာ၏လွယ်လွယ်နှင့် ရန်ငြိုးထားပြီး သေစေနိုင်သောအားကြီးဖြင့် တန်ပြန်တိုက်ခိုက်တတ်ပုံကြောင့် သက်ပြင်းချနေတော့သည်။

ချန်ရှုံးက အလွန် နာကျင်နေသည့်ပုံပေါက်နေရာ ပိုင်ဟောက်မှာ သူ့ကိုကြည့်ကာ သနားလာသည်။ သို့သော် သူက တွေးလိုက်သည်။

" ကဲ ကျုပ်တို့တင် ဖြေရှင်းလို့ရတာကို ခင်ဗျားက ဆရာ့ဆီသွားပြီး စိတ်အနှောင့်အယှက်ပေးတာကိုး "

နောက်ထပ် နှစ်နာရီကုန်လွန်သွားသည့်တိုင် ပိုင်ရှောင်ချန်းကား ထွက်မလာသေးပေ။ အမှန်မှာ သူက အနောက်ခန်းထဲတွင် အသက်ရှူလေ့ကျင့်ခန်းလုပ်နေပြီး စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းကို စပင် မစရသေးပေ။ ခြောက်နာရီကြာသော် သူက မသန့်ရှင်းသော သက်စောင့်အားတစ်လုတ်ကို မှုတ်ထုတ်လိုက်ပြီးနောက် မျက်လုံးများ ဖွင့်လိုက်သည်။

" ဒီအချိန်ဆို လုံလောက်ပြီ " သူက ခေါင်းခါပြီး တွေးလိုက်သည်။

" မင်းကို သက်သက် ဒုက္ခပေးဖို့ မရွယ်ပါဘူး။ ဒါပေမဲ့ ငါ့မှာလဲ ရွေးစရာမရှိဘူး။ မင်းက ငါ့ကို စိတ်စွမ်းအင်အဆင့်မြှင့်တင်တာတွေ ထပ်ထပ်လုပ်ဖို့ အတင်းဖိအားပေးနေတာကိုး ။ မင်း ထိုက်နဲ့ မင်းကံပဲ။ ကဲ ငါလှုပ်ရှားရင် ငါ့ကိုယ်ငါတောင် ကြောက်ပါတယ်ဆို"

သူ မည်မျှ အပြစ်ကင်းပြီး သဘောကောင်းကြောင်း အံသြနေရင်း သူက နောက်ဆုံးတွင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းစလိုက်သည်။ များမကြာမီ သူက ရွှေအမှတ်အသားငါးခုနှင့် ကျောက်စိမ်းဆွဲပြားရသွားလေပြီ။ ၎င်းသည် နတ်တစ်ပါး၏ စွမ်းအားဖြင့် လှုပ်ရှားသက်ဝင်နေပြီး ၎င်းအတွင်းရှိ ရေနဂါးကြီးသည် နတ်အဆင့်ဝိညာဉ်ဖြစ်တော့မည်အထိ အံ့သြတုန်လှုပ်ဖွယ်ကောင်းလောက်အောင် အသက်ဝင်နေသည်။

" ဘယ်လောက်ချစ်စရာကောင်းလိုက်တဲ့ ရတနာလေးလဲ"

သူက စိတ်လှုပ်ရှားစွာ တွေးလိုက်သည်။ ၎င်းကို အနီးကပ်ကြည့်ပြီးနောက် သူက ကျောက်စိမ်းဆွဲပြားထဲမှ အရိပ်ရေနဂါးကြီးကို ထုတ်ဖော်ရန်မှာ ရိုးရှင်းမည်ဖြစ်ပြီး ယင်းသည် အလွန့်အလွန် စွမ်းအားကြီးမည်ဖြစ်ကြောင်း သူသိလိုက်သည်။

ကျောက်စိမ်းဆွဲပြားကို ဟိုကြည့်သည်ကြည့်လုပ်ပြီးနောက် သူက ထရပ်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်သည်။ ထို့နောက် သူက ပင်ပန်းပြီး အားနည်းနေသည့်ပုံပေါ်အောင် လုပ်လိုက်ပြီး သူ့နဖူးမှ ချွေးသီးများပင် စီးကျနေအောင် ကြိုးစားလိုက်သည်။ နောက်ဆုံးတွင် သူက အလွန်ဖြူဆုပ်နေသော မျက်နှာဖြင့် အနောက်ခန်းထဲမှ ထွက်လာတော့သည်။

သူပေါ်လာသည်နှင့်တစ်ပြိုင်နက် မျက်လုံးများအားလုံးနှင့် နတ်ဘုရားအာရုံစီးကြောင်းများအားလုံးက သူ့ကို စူးစိုက်သွားကြပြီး အထူးသဖြင့် သူ့လက်ဆီသို့ ဖြစ်ပေသည်။ ကျောက်စိမ်းဆွဲပြားကို လူတိုင်းမြင်လိုက်ကြသောအခါ ပထမတွင် တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

ထို့နောက် လူတိုင်း ဆူညံပွက်လာရိုက်သွားလေရာ ကောင်းကင်နှင့် မြေကြီးပင် တုန်ခါသွားသည့်အလား။

"ဘုရားရေ၊ ဒါ.....ဒါက "

" ဆယ့်ငါးဆ ၊ အဲဒီကနေ ငါ နတ်တစ်ပါးရဲ့ အရှိန်အဝါကို အာရုံရတယ်ကွ"

" သူလုပ်လိုက်ပြီ။ သူတကယ်လုပ်လိုက်တာကို ယုံတောင် မယုံနိုင်ဘူး။ ဆယ့်ငါးဆစိတ်စွမ်းအင်အဆင့်မြှင့်တင်ထားတဲ့ မှော်ပစ္စည်း"

မရေမတွက်နိုင်သော မျက်လုံးများသည် လောဘများဖြင့် တောက်ပလာတော့သည်။

" ဒီလို ဆယ့်ငါးဆစိတ်စွမ်းအင်အဆင့်မြှင့်တင်ထားတဲ့ ပစ္စည်းတစ်ခုကို လေလံတင်ရင် တော်တော့်ကို ရမှာပဲ။ ပြီးတော့ မဟာအကြီးအကဲပိုင်က သူတစ်ယောက်တည်းအကုန်လုပ်ခဲ့တာ " ကောက်ချက်ချသံများသည် လှိုင်းလုံးငယ်လေးအသွင်ပြောင်းသွားပြီး ဗဟိုဧကရာဇ်မြို့တော်တစ်ခုလုံးကို တုန်ခါသွားစေတော့သည်။ ချန်ရှုံးမှာမူ စကားပင် ကောင်းကောင်း မပြောနိုင်တော့ပေ။

" မဖြစ်နိုင်တာ၊ မဖြစ်နိုင်ဘူး။ ဒါ အမှန်မဟုတ်ဘူး "

သူက စိတ်ပျက်သွားသော အကြည့်ဖြင့် နောက်သို့ ယိမ်းယိုင်သွားရင်း ရေရွတ်လိုက်သည်။

ပိုင်ရှောင်ချန်းက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ပြောသည်။

" ကြည့်။ နောက်ထပ် မြှင့်တင်တာ မလုပ်ဖို့ ငါ မဖျောင်းဖြခဲ့ဘူးလား။ ဒါပေမဲ့ မင်းနားမထောင်ဘူးလေ။ အာ ဘာပဲဖြစ်ဖြစ်၊ ငါက နုလုံးသားနုတဲ့လူပါ။ မင်းကို ငါဈေးလျှော့ပေးမယ်ဆို ဘယ်လိုလဲ။ လျှော့ကြည့်တာပေါ့။ ဝိညာဉ်ဆေး ၈ ကုဋေ..... အီး မဟုတ်သေးဘူး။ မင်း ကျေနပ်ရင် ဆယ်ဆပေးမယ်ပြောထားတာဆိုတော့ ကုဋေရှစ်ဆယ်ကွာ "

အံသြတုန်လှုပ်နေသော ချန်ရှုံးကို သနားကရုဏာသက်စွာ ကြည့်ရင်း သူက ပြောသည်။

" မင်း င့ါကို နောက်ထပ် မမြှင့်တင်ခိုင်းခဲ့နဲ့တော့။ ငါပြောတာ နားထောင်ကွာ ဟုတ်ပြီလား၊ စိတ်အေးဆေးထားနော ်"

ဘေးနားရှိ ပိုင်ဟောက်မှာ ကြောင်တောင်တောင်ဖြစ်နေတော့သည်။ ယခုတွင် သူ့ဆရာသည် ထောင်ချောက်ဆင်ရန်အတွင် စောစောက ကုန်ကျငွေကို တမင်အမှားတွက်ခဲ့ခြင်းဖြစ်ကြောင်း မြင်လိုက်လေပြီ။ သူ ဘာကြောင့် မမြင်ခဲ့ရပါသနည်း။ ရုတ်တရက် သူ့ဆရာသည် ယခင်ကထက် လျှို့ဝှက်နက်နဲကာ ခန့်မှန်းရအခက်ခဲဆုံးလူတစ်ယောက်ပမာ ဖြစ်နေဟန်တူသည်။

ချန်ရှုံး၏ရင်ထဲတွင် နောင်တရစိတ်များ ကြီးစိုးလာကာ သူ့ပါးစပ်မှ သွေးများပန်းထွက်လာတော့သည်။

" ပိုင်ဟောက် ။ မင်း ငါ့ကို တစ်ပတ်ရိုက်တာ။ မင်း တမင် ကုန်ကျငွေကို မှားတွက်ခဲ့တယ်။ မင်းငါ့ကို ကလိမ်ကျတာပဲ "

သူသည် အစက လောင်းကြေးမထပ်တော့ရန် ကြံခဲ့သော်လည်း ပိုင်ရှောင်ချန်းက ကုန်ကျငွေကို လျှော့တွက်ပြီးနောက်တွင် ဆက်သွားရန် ဆုံးဖြတ်လိုက်သည်။ ကိစ္စများ မည်သို့ ဖြစ်ပျက်သွားသည်ကို စဉ်းစားလိုက်လျှင် သူ၏ ပြိုင်ဘက်သည် သူ့ကို တချိန်လုံး ကစားနေခဲ့ကြောင်း သိသာသည်။ ထို့နောက် သူက လှည့်ပြေးရန် ပြင်လိုက်သည်။ သူ မည်သည့်နည်းနှင့်မျှ ဆက်၍ လောင်းနိုင်မည် မဟုတ်ပေ။ လောင်းကြေးက မြင့်မားလွန်းသည်။ ထို့ပြင် သူသာမဟုတ်၊ သူ၏ မျိုးနွယ်စုတစ်စုလုံးပင် ထိုကဲ့သို့ ဆုံးရှုံးမှုများကို ခံနိုင်မည်မဟုတ်ပေ။ ကုဋေရှစ်ဆယ် ဝိညာဉ်ဆေးပုလင်းများအကြောင်း တွေးလိုက်ရုံနှင့် သူ့ရင်ထဲတွင် အကြောက်တရားများ ပြည့်နှက်လာသည့်အတွက် သူက ထွက်ပြေးရန်မှတစ်ပါး အခြားမတွေးနိုင်တော့ပေ။

" ငါက မင်းကို တစ်ပတ်ရိုက်တယ် " ပိုင်ရှောင်ချန်းက ပြန်အော်၏။

" အဲဒါ ဘာအဓိပ္ပါယ်တုံး။ ဟေး ဒီကို ပြန်လာခဲ့။ မင်း ငါ့ကို ဝိညာဉ်ဆေးနည်းနည်းပေးရဦးမယ်လေ။ မင်း ပြောပြီးသား စကားတည်လေကွာ "

ပိုင်ရှောင်ချန်းမှာ သူ့စကား၏ဆိုလိုရင်းကို မတွေးတတ်သဖြင့် သူအကုန်လုံးကို မှန်ကန်စွာ တွက်ချက်ခဲ့ကြောင်းပင် ပြန်စဉ်းစားလိုက်သည်။ အမှန်တကယ်တော့ သူက ကုန်ကျငွေကို မတော်တဆ မှားယွင်းစွာ တွက်ချက်မိခဲ့သည်။ ယခုတွင် သူ၏ ပြိုင်ဘက်က ချက်ချင်း ထွက်ပြေးရန် ပြင်နေသည့် မြင်ကွင်းက သူ၏ အမူအရာကို တင်းမာခက်ထန်သွားစေသည်။ သူက ရိုးရိုးသားသား ဖျောင်းဖျနားချခဲ့သည် မဟုတ်ပါလော။ သို့သော် ပန်းရောင်ဝတ်ရုံနှင့် အမျိုးသားက ဆက်သွားရန် ပြောသည်သာမက ကုန်ကျငွေကို မှားတွက်ခြင်းအတွက် မှားယွင်းစွာ စွပ်စွဲအော်ဟစ်လေသည်။ ယင်းကား တကယ်ပင် တရားလွန်သည်။

" လူလိမ်တွေဆို ငါအသေမုန်းတာနော် "

ပိုင်ရှောင်ချန်းက ဟိန်းဟောက်လိုက်သည်။ ထို့နောက် သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ချန်ရှုံး၏ တာအိုအစောင့်ရှောက်နှစ်ယောက်သည် အခြေအနေတင်းမာလာကြောင်း သဘောပေါက်လိုက်သဖြင့် ချက်ချင်းလှမ်းတားလိုက်သည်။ သို့သော် ပိုင်ရှောင်ချန်းကို ထိလိုက်သည်နှင့် သူတို့ ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး နောက်သို့ လွင့်ထွက်သွားကြသည်။ ပိုင်ရှောင်ချန်းမှာမူ အမြင့်ဆုံးအရှိန်ဖြင့် ရှေ့သို့ တဟုန်ထိုးသွားနေပြီး ချန်ရှုံးရှေ့တည့်တည့်တွင် ပေါ်လာ၏။ ထို့နောက် သူက လက်ကို မြှောက်၍ ချန်ရှုံး၏မျက်နှာကို ဖြတ်ရိုက်လိုက်လေသည်။

All Chapters