မင်းကို အနိုင်မယူနိုင်ဘူးဆိုတာ မရှိစေရဘူး
Vol. 8 Ch. 729
ပိုင်ရှောင်ချန်းမှာ ထိတ်ထိတ်ပျာပျာဖြင့် ထာဝရထီးကိုဆွဲယူကာ နောက်လှည့်ကြည့်လိုက်သောအခါ ခြေဆောင့်ကာဝင်လာသည့် ချောမောလှပသော သခင်မလေးဟုန်ချိန်ကို မြင်လိုက်ရသည်။
သို့သော် ပိုင်ရှောင်ချန်းမှာ သူမ၏အလှအပကို ခံစားနေရန် ဆန္ဒမရှိပေ။ မြေရိုင်းဒေသတွင် သခင်မလေးဟုန်ချိန်ထက် သူပိုကြောက်သည့်အရာများမှာ မရှိသလောက်နည်းသည်။ သူတို့နှစ်ယောက်ကြားထဲတွင် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကြောင့် အကယ်၍ သူမသာ ပိုင်ရှောင်ချန်း၏သရုပ်မှန်ကို သိသွားပါက သူ့ကိုရသည့်နည်းဖြင့် သတ်မည်ဖြစ်ကြောင်း သူကသေချာသိနေတော့သည်။
သူက ရင်တဒိန်းဒိန်းခုန်နေသော်လည်း အတတ်နိုင်ဆုံး တည်ငြိမ်သည့်ပုံစံဖမ်းကာ ကြင်ကြင်နာနာလေသံဖြင့် မေးလိုက်သည်။
" ဒီကို ဘာလာလုပ်တာလဲ ကျစ်မိုရဲ့ "
" မင်းဘာတွေ လုပ်ခဲ့တာတုံး ပိုင်ဟောက် "
သူမကို “ ကျစ်မို “ ဟုခေါ်လိုက်သည်အား အော်ဂလီဆန်နေသည့်အလား သူမသည် ဒေါသများပြည့်နှက်နေသည့်လေသံဖြင့် အော်ပြောလိုက်သည်။ မကြာသေးမီက သူမသည် သရဲကြီးဘုရင်ထံမှ သတင်းတစ်ခု ရရှိခဲ့သည်ဖြစ်ပြီး ထို့နောက် ခဏအကြာတွင် ကောင်းကင်နယ်စားကြီး ချန်ဆီမှ ထပ်၍ အကြောင်းကြားစာ ရရှိခဲ့ရသည်။ မြို့ထဲရှိ လူအများစုမှာ ပိုင်ဟောက်သည် သရဲကြီးမြို့တော်၏ အမှုဆောင်ချုပ်ဖြစ်ကြောင်းနှင့် သူမ၏ ခင်ပွန်းလောင်းဖြစ်ကြောင်းကို သိထားကြသဖြင့် ထိုဆက်သွယ်မှုမှာ အဓိပ္ပါယ်ရှိပေသည်။
ပိုင်ရှောင်ချန်းသာ ပြဿနာရှာပါက ချန်မျိုးနွယ်စု၏ ကောင်းကင်နယ်စားကြီးက သခင်မလေးဟုန်ချိန်ထံသို့ ရောက်လာမည်မှာ သဘာဝပင်။ ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ကောင်းကင်နယ်စားကြီးချန်က သိရှိသွားပြီး ဝိညာဥ်ဆေး ရှစ်ကုဋေတိတိ အကြွေးတင်နေကြောင်း သိလိုက်ရသောအခါ သူသည် ထိုပမာဏလောက်ကို မပေးနိုင်ကြောင်း သိလိုက်သည် မဟုတ်ပါလော။
သခင်မလေးဟုန်ချိန်မှာ အလွန်အမင်း ဒေါသထွက်နေပြီး ပိုင်ရှောင်ချန်းနှင့် တွေ့လိုစိတ်လုံးဝမရှိသော်လည်း အခြားရွေးချယ်စရာမရှိသဖြင့် သူမကိုယ်တိုင် လာရောက်ဖြေရှင်းနေရသည်။
မျက်နှာများဖြူဆုတ်နေသည့် ချန်ရှုံးနှင့် သူ၏ တာအိုအစောင့်အရှောက်နှစ်ယောက်ကိုကြည့်ကာ သခင်မလေးဟုန်ချိန်မှာ ပို၍ဒေါသထွက်လာပြီး ပိုင်ရှောင်ချန်းကို ပို၍မုန်းတီးလာတော့သည်။
" မင်းက ပြဿနာတော်တော်ရှာတတ်တယ် ဟုတ်လား။ ငါ့အဖေ မင်းကို ဘာကြည့်ပြီးသဘောကျတယ်တော့ ငါလည်းမသိဘူး။ ဒီမှာနားထောင်။ နောက်ခါဒီလိုပြဿနာထပ်ရှာမယ်ဆိုရင် ဒီရုပ်ထုလို မင်း ကိစ္စတုံးသွားရမယ်မှတ် "
ထိုသို့ဆိုကာ သူမသည် သူမ၏အိတ်ထဲရှိ ရုပ်ထုတစ်ခုကိုထုတ်ကာ ချေမွလိုက်တော့သည်။
အစတွင် ပိုင်ရှောင်ချန်းမှာ အနည်းငယ်စောဒကတက်ရန် ပြင်နေသည်။ သို့သော် သူမထုတ်လိုက်သည့် ရုပ်ထုမှာ သူ့သရုပ်မှန်အစစ်ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ သူ၏ဒေါသများမှာ ရုတ်တရက် ကွယ်ပျောက်သွားရတော့သည်။.
" ဘုရားရေ။ ဒီဘွားတော် ဟုန်ချိန်က ငါ့ကိုတကယ်မုန်းနေတာပဲ။ သူဒေါသထွက်လာတိုင်း ချေမွလို့ရအောင် ငါ့ပုံစံတူ ရုပ်ထုတစ်ခုကိုတောင် ဆောင်ထားတာပါလား "
သူ့တစ်ကိုယ်လုံး တုန်ရီသွားရသည်။ သူအမှန်တကယ် ကြောက်ရွံ့ရသည့်အရာမှာ သခင်မလေးဟုန်ချိန်၏ ခြိမ်းခြောက်မှုမဟုတ်ပဲ သူမ၏ စိတ်နေစိတ်ထားပင်ဖြစ်သည်။
သို့သော် သူသည် ပို၍ကြောက်ရွံ့လာပါသော်လည်း ဤအခြေအနေမှာ အလွန်သည်းထိတ်ရင်ဖိုဖွယ်ကောင်းကြောင်း သိသွားတော့သည်။ သခင်မလေးဟုန်ချိန်၏ ဖခင်အရင်းမှာ သူတို့နှစ်ယောက်အကြား အောင်သွယ်တော်အဖြစ် ဆောင်ရွက်ပေးနေသည်ဖြစ်ပြီး သခင်မလေးဟုန်ချိန်မှာ သူက ပိုင်ရှောင်ချန်းဖြစ်နေကြောင်း လုံးဝမသိသေးသည် မဟုတ်ပါလော။ ဤဖြစ်ရပ်ကြီးတစ်ခုလုံးမှာ စိတ်လှုပ်ရှားစရာ အလွန်ကောင်းနေတော့သည်။
" ဟင်း၊ သူ့ကိုသာ မင်္ဂလာဦးညအခန်းထဲခေါ်သွားပြီး မျက်နှာဖုံး ချွတ်ပြလိုက်လို့ကတော့ သူလန့်များ သေသွားမလားပဲ "
ထို့နောက် ရုတ်တရက် ပိုင်ရှောင်ချန်းသည် သူတွေးတောနေသည့် နည်းလမ်းများမှာ မှားယွင်းနေကြောင်း သိသွားပြီး သူ၏စိတ်နေစိတ်ထားကို ပြန်ပြောင်းလိုက်တော့သည်။ သို့သော်လည်း ဤဖြစ်ရပ်ကြီးမှာ စိတ်လှုပ်ရှားစရာ ကောင်းနေဆဲပင်။
သခင်မလေးဟုန်ချိန်မှာ သူမကိုကြည့်နေသည် သူ၏ အကြည့်များကို သတိထားမိလိုက်သောအခါ သူမ၏ ရွံရှာမှုများကို ထိန်းချုပ်၍မရတော့ပေ။ သရဲကြီးဘုရင်သာ ပိုင်ဟောက်ကို မထောက်ခံပါက သူမသည် သူ့အား ယခုချက်ချင်း ကွပ်မျက်ပစ်လိုသည့်ဆန္ဒကို ထိန်းချုပ်နေမည် မဟုတ်ပေ။
" ဒီပိုင်ဟောက်က ညစ်တီးညစ်ပတ် အောက်တန်းစားပဲ " သူမက တွေးလိုက်သည်။
" သူ့မျက်လုံးထဲက အကြည့်နဲ့တင် မကောင်းတဲ့အရာတွေကို ပုံဖော်နေတာ အသိသာကြီး။ "
သို့သော် သူမမှာ သူမ၏အမျက်ဒေါသကို ချုပ်တည်းရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။ ထို့ကြောင့် သူမ၏ညာ လက်ကိုဝှေ့ယမ်းကာ ချန်ရှုံးနှင့် သူ၏တာအိုအစောင့်အရှောင်နှစ်ယောက်ကို သိမ်းယူလိုက်လေသည်။
သူမ၏ ချောမောလှပသော မျက်နှာလေးမှာ ဒေါသကြောင့် နီမြန်းနေပြီး သူမသည် ကြိမ်းမောင်းလိုက်တော့သည်။
" ငါမင်းကို သတိပေးနေတာနော် ပိုင်ဟောက်။ ငါ့မှာ မင်းနဲ့ ထပ်ပတ်သတ်ရလောက်အောင် စိတ်ရှည်တော့တာမဟုတ်ဘူး။ ငါ့ကိုထပ်ပြီး နည်းနည်းလေးလောက်ဖြစ်ဖြစ် စိတ်ရှုတ်အောင်လုပ်လို့ရတော့ မင်းကိုကွပ်မျက်ပစ်မယ်။ အဲဒီအခါမှ ငါ့ကိုအပြစ်လာမတင်နဲ့ "
ပိုင်ရှောင်ချန်းမှာ မကြာသေးမီက သူ၏ခေါင်းထဲတွင် ရောက်နေသည့် မသင့်တော်သောအတွေးများကို ဖယ်ရှားလိုက်ပြီး သည်းမခံနိုင်သည့်လေသံဖြင့် ပြန်ပြောလိုက်သည်။
" ဟေး.. ဒါငါ့အမှားမှ မဟုတ်ပဲ။ သူက ပြဿနာလာရှာပြီး သူပဲ လောင်းကြေးထပ်ဖို့ အကြံပေးခဲ့တာ။ ဝိညာဥ်ဆေး ရှစ်ကုဋေတိတိ သူငါ့ကိုပေးရမှာလေ "
" ပါးစိတ်ပိတ်ထား "
သခင်မလေးဟုန်ချိန်က သူ့ကိုစိုက်ကြည့်ကာ ပြန်အော်လိုက်သည်။ ထို့နောက် ပိုင်ရှောင်ချန်း အကြွေးရစရာရှိသည့် ဝိညာဥ်ဆေးများကို ပြန်တောင်းရာတွင် ကူညီပေးလိုစိတ်မရှိသဖြင့် သူမသည် ထွက်ခွာသွားရန် ပြင်လိုက်တော့သည်။
ဆိုင်အပြင်ရှိလူများမှာ သခင်မလေးဟုန်ချိန် ဆိုင်ထဲသို့ ခြေဆောင့်ကာဝင်သွားသည်ကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။ ထို့အပြင် ပိုင်ရှောင်ချန်းမှာ သရဲကြီးမြို့တော်၏ အမှုဆောင်ချုပ်ဖြစ်ပြီး သရဲကြီးဘုရင်မှာ သရဲကြီးတပ်မှ တပ်မှူးကြီး သခင်မလေးဟုန်ချိန်ကို သူနှင့် ထိမ်းမြားပေးမည်ဟု ကတိပေးထားသည်။
ထို့ကြောင့် လူအများမှာ ပို၍ပင် စိတ်ဝင်စားနေကြတော့သည်။ ဖြစ်ကြောင်းကုန်စင်ကို သူတို့မှာ တွေးတောလိုက်ကြပြီး သခင်မလေးဟုန်ချိန်မှာ အလွန်အပေါ်စီးဆန်သည့်အချက်ကိုလည်း သူတို့ကသိကြသဖြင့် လူများစွာမှာ လှောင်ရယ်ရယ်လိုက်ကြတော့သည်။
" ပိုင်ဟောက်ရဲ့ အပြစ်လို့လည်း ဆိုမရပါဘူး။ သူ့တာအိုလက်တွဲဖော်က နတ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေတာကိုး "
" နတ်မိမယ်ဟုန်ချိန်က အရင်ထဲက အမြဲ အထက်စီးဆန်ခဲ့တာပဲလေ။ အမှန်အတိုင်းပြောရမယ်ဆိုရင် ဒီပိုင်ဟောက်အတွက် ငါစိတ်မကောင်းဖြစ်မိတယ်ကွာ "
ထို စကားအမျိုးမျိုးကို ပိုင်ရှောင်ချန်း ပြန်ကြားလိုက်ရသောအခါ အနည်းငယ် အနေရခက်နေတော့သည်။
အမှန်မှာ သူသည် ထိုဝိညာဥ်ဆေးဝါးများကို အလေးထားနေသည်မဟုတ်ပေ။ ထိုသို့ ဥစ္စာပစ္စည်းများမှာ သူ့အတွက် အရေးမကြီးပေ။ သို့သော် ချန်ရှုံးအိတ်ထဲတွင် အဆင့်ဆယ့်ငါးအထိ စိတ်စွမ်းအင်အဆင့်မြှင့်ထားသော ကျောက်စိမ်းလည်ဆွဲမှာ ရှိနေဆဲဖြစ်သဖြင့် သူ ရင်နာနေရတော့သည်။ သို့သော်လည်း သခင်မလေးဟုန်ချိန်မှာ နိုင့်ထက်စီးနင်းပြုမူနေသည့်အတွက် သူက မည်သည့်စကားမှ မပြောနိုင်ပဲ တွေဝေနေရသည်။ သို့သော် သူသည် သရဲကြီးဘုရင် သူ့အားပြောခဲ့သည့် စကားတစ်ခွန်းကို ပြန်၍အမှတ်ရသွားတော့သည်။
" ဘာလဲ၊ မင်းက မိန်းမတစ်ယောက်ကိုတောင် မကိုင်တွယ်နိုင်ဘူးလား " ဆိုသည့် စကားပင်ဖြစ်သည်။
ထိုစကားများက သူ၏အတွေးထဲတွင် ပဲ့တင်ထပ်နေသောအခါ သူသည် မျက်နှာအိုးမဲအသုတ်ခံနေရသည့်အလား ခံစားနေရတော့သည်။ အခြားလူများသာ မရှိပါက ယခုကိစ္စမှာ ကြီးကြီးမားမား မဟုတ်ပေ။ သို့သော် ပိုင်ဟောက်က ဘေးနားတွင်ရပ်နေပြီး လမ်းပေါ်တွင် ဤဖြစ်ရပ်များကိုကြည့်နေသည့် လူများစွာရှိနေကာ အချို့ဆိုလျှင် လေသံတိုးတိုးတိတ်တိတ်ဖြင့် ဤဖြစ်ရပ်အကြောင်း ငြင်းခုံနေကြသည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် ဤကိစ္စမှာ အလွန်တရားလွန်သွားပြီဖြစ်ကြောင်း ယူဆလိုက်တော့သည်။ သူသည် “ အချစ်ကို အနိုင်ယူခြင်း “ အား ဖန်တီးခဲ့သည့် အချစ်ပညာရှင်မဟုတ်ပါလော။ လူအများကြီး၏ ရှေ့တွင် မည်သည့်နည်းဖြင့် မျက်နှာအိုးမဲ အသုတ်ခံနိုင်ပါမည်နည်း။
" အဲဒီနေရာမှာ ရပ်လိုက် "
သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထုတ်ကာ သူသည် ထွက်သွားနေပြီဖြစ်သည့် သခင်မလေးဟုန်ချိန်ကို လှမ်းအော်လိုက်သည်။
ထိုအခါ သခင်မလေးဟုန်ချိန်မှာ ချက်ချင်းကောက်ရပ်သွားပြီး အေးစက်စက်အလင်းရောင်များ တောက်ပနေသည့် ဖီးနစ်ငှက်ကဲ့သို့သော မျက်လုံးများဖြင့် နောက်သို့လှည့်ကြည့်လိုက်သည်။
" ငါ့ကို ဒီလိုလေသံနဲ့ ပြောရဲလောက်တဲ့အထိ မင်းက အတင့်ရဲနေပါလား "
သူမသည် နတ်အဆင့်ဖိအားအချို့ကိုပင် သူမ၏ စကားလုံးများအတူ ထုတ်လွှတ်လိုက်သေးသည်။ ဤ ပိုင်ဟောက်ဆိုသူကို ယခင်ထဲက သူမ သဘောမကျခဲ့သဖြင့် သူစကားတစ်ခွန်းတစ်လေပင် မှားယွင်းစွာ ထပ်ပြောပါက ဤအခွင့်အရေးကိုအသုံးချကာ သူ့အား သင်ခန်းစာပေးလိုစိတ်များ သူမ၏ရင်ထဲတွင် ပေါ်ပေါက်လာတော့သည်။
သခင်မလေးဟုန်ချိန်၏ အေးစက်စက် အကြည့်အောက်တွင် ပိုင်ရှောင်ချန်း၏ အတွင်းကလီစာများမှာ ဂလိုင်ခေါက်နေပြီး သူ စိတ်လိုက်မာန်ပါ လုပ်လိုက်မိပြီဖြစ်ကြောင်း သိလိုက်တော့သည်။ သို့သော် သူ၏စကားသံကြောင့် လူအုပ်ကြီးမှာ ပင့်သက်ရှိုက်သွားရသည်ကို ကြားလိုက်ရသောအခါ သူက အားတင်းလိုက်ပြီး လက်နှစ်ဖက်နောက်ပစ်ကာ ခေါင်းကိုဘေးဖက်သို့ လှည့်လိုက်လိုက်သည်။ သူ၏အတွေးထဲတွင် သူ၏ ရုပ်ရည်မှာ အံ့သြစရာအကောင်းဆုံးအချက် ဖြစ်နေသည်မဟုတ်ပါလော။ သူသည် သခင်မလေးဟုန်ချိန်အား ဖျတ်ခနဲ အကဲခတ်လိုက်ပြီး အတတ်နိုင်ဆုံး ဝင့်ဝါသည့်အမူအရာ ဖမ်းလိုက်တော့သည်။ ယခုတွင် သူ့အသွင်က ယခင်ကနှင့်မတူပဲ တစ်နည်းတစ်ဖုံဖြင့် တမူထူးခြားနေပြီး သူရသတ္တိများ ထကြွလာသည့် အလား။
" အရှင်မင်းမြတ်က သူ့အချစ်ဆုံး သမီးတော်ကို ငါနဲ့ ထိမ်းမြားပေးခဲ့ပေမဲ့ ငါက အဲဒီလိုမျိုး ဂုဏ်ကျက်သရေမျိုးနဲ့ မထိုက်တန်ပါဘူး။ ငါ့အဆင့်အတန်းေကြာင့် အဲဒီကိစ္စကို မင်း ငြင်းတာ ငါလုံးဝ အပြစ်မမြင်ပါဘူး "
" ပြီးတော့ ငါ ဗဟိုဧကရာဇ်မြို့ကိုလာခဲ့တာက ဒီမင်္ဂလာကိစ္စတစ်ခုထဲကြောင့် မဟုတ်ဘူး။ နောက်ထပ် ပိုပြီးအရေးကြီးတဲ့ ကိစ္စတစ်ခုရှိသေးတယ်။ မင်းရဲ့ခမည်းတော် ဘုရင်ကြီးက မင်းရဲ့အလုပ်တွေမှာ ငါ့ကို ကူညီခိုင်းထားတာ။ ဒါပေမဲ့ မင်းက ငါ့ကိုမုန်းတီးနေတာကိုး။ ငါကလည်း လူတွေကို တမင်တကာ စိတ်ရှုတ်အောင် မလုပ်ချင်တဲ့ လူစားမျိုး။ ဒါပေမဲ့ အရှင်မင်းမြတ်က ငါ့အပေါ်ဆိုရင် စေတနာထားလွန်းလို့ သူပေးတဲ့တာဝန်ကိုလည်း ငါက ကျေပွန်အောင်လုပ်ရမှာပေါ့ "
" တကယ်တော့ ဝိညာဥ်ဆေးတွေကို လောင်းကြေးထပ်ခဲ့တာဟာ မင်းကိုပေးချင်လို့ပါ။ ဝိညာဥ်ဆေး ရှစ်ကုဋေတိတိဆိုတာ နည်းတဲ့ ပမာဏမှ မဟုတ်ပဲ။ ဒါပေမဲ့ မင်းမလိုချင်ဘူးဆိုလည်း အနည်းဆုံးတော့ ကောင်းကင်နယ်စားကြီးချန် မင်းအပေါ်အကြွေးတစ်ခုတင်သွားအောင်လို့တော့ လုပ်လို့ရတယ်။ ငါပြောချင်တာက မင်းကိုကူညီပေးဖို့ ဘုရင်ကြီးပေးခဲ့တဲ့အမိန့်အတိုင်း ငါလုပ်ခဲ့တယ် ဆိုတာပဲ "
" အဲဝိညာဥ်ဆေးတွေကို ယူချင်ယူ၊ မယူချင်နေ။ မင်းသဘောပဲ။ အေး ဒါပေမဲ့ ငါစကားပြောခွင့်ရှိ၊ မရှိနဲ့ ဘယ်လိုစကားပြောဖို့၊ မပြောဖို့ဆိုတာကတော့ ငါ့ သဘောပဲ။ မင်းဆီက ဘာညွှန်ကြားချက်မှမလိုဘူး။ ပြီးတော့ ငါ့ကို ပါးစပ်ပိတ်ထား ဆိုပြီး ထပ်မပြောရင် ပိုကောင်းမယ်ထင်တယ်။ အခု ဆန္ဒရှိရင် ပြန်လို့ရပြီ "
ထိုသို့ မရပ်မနားပြောလိုက်ပြီး သူ၏ အသွင်အပြင်ကို ပို၍ အံ့သြဖွယ်ကောင်းစေရန်အတွက် သူသည် ထာဝရဧကရာဇ်လက်သီး၏ စွမ်းအားအနည်းငယ်ကို ထုတ်ဖော်လိုက်သဖြင့် သူသည် ယခင်ကထက်များစွာ ခမ်းနားကြီးကျယ်သွားတော့သည်။
လမ်းပေါ်တွင် ကြည့်နေကြသူအားလုံးမှာ အံ့သြကုန်ကြပြီး သခင်မလေးဟုန်ချိန်ပင် အနည်းငယ်မိန်းမောသွားရသည်။ ပိုင်ရှောင်ချန်းမှာ ဤသို့သောစကားများကို ဆိုလိမ့်မည်ဟု သူမ လုံးဝမထင်ထားပေ။ သူ၏ စကားများထဲမှ မည်သည့်အပိုင်းက မှန်ကာ၊ မည်သည့်အပိုင်းက မှားနေသည်ဖြစ်ပါစေ သူသည် သူမအား ဝိညာဥ်ဆေး ရှစ်ကုဋေတိတိ ပေးမည်ဆိုသည့် အချက်ကြီးမှာ အလွန်ခမ်းနားကြီးကျယ်သည့် ကိစ္စကြီးတစ်ခုသာ ဖြစ်သည်။ သူပေးသည်ကို ယူကာ သူမသည် ချမ်းသာကြွယ်ဝသွားနိုင်သလို အကယ်၍ မယူပဲ ငြင်းဆန်လိုက်လျှင်လည်း စွမ်းအားကြီးလူတစ်ယောက်ထံမှ အကူအညီတစ်ခုကို ရရှိသွားမည်ဖြစ်သည်။
သူမအတွက်ပင်လျှင် ကောင်းကင်နယ်စားကြီး တစ်ယောက်ထံမှ အကူအညီတစ်ခုမှာ အလွန်လေးနက်သည့် ကိစ္စရပ်ကြီးတစ်ခု ဖြစ်သည်။
သူမသည် ခံစားချက်ပေါင်းစုံ ရောယှက်နေသည့် မျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းကို နောက်ဆုံးတစ်ခေါက်ကြည့်လိုက်သည်။ ထို့နောက် သူမသည် ဘာမှဆက်မပြောတော့ပဲ နောက်လှည့်ကာ ထွက်ခွာသွားတော့သည်။ သူမထွက်ခွာသွားသောအခါ ပိုင်ရှောင်ချန်း၏အသံ ထွက်လာတော့သည်။
" လက်ထောက်ဝိညာဥ်လေးရေ၊ ဆိုင်ပိတ်လိုက်တော့ဟေ့ "
ပိုင်ဟောက်မှာ တုန်ရီသွားရသည်။ ယနေ့တွေဖြစ်ပျက်ခဲ့သမျှ အရာများကြောင့် သူသည် ထပ်ခါထပ်ခါ မှင်တက်နေရသည်သာ ဖြစ်သည်။ သခင်မလေးဟုန်ချိန်၏ ရုတ်တရက် ရောက်ချလာမှုမှာ အလွန်တုန်လှုပ်ဖွယ်ကောင်းခဲ့ပြီး သူမပင်လျှင် သူ့ဆရာ၏ ဟန်ဆောင်မှုကို ထွင်းဖောက်မမြင်နိုင်ခဲ့ပေ။ သူက အလျင်အမြန်ပြေးသွားပြီး ဆိုင်၏အရှေ့တံခါးကို ပိတ်လိုက်တော့သည်။ ထိုအခါ ပိုင်ရှောင်ချန်းမှာ လက်နှစ်ဖက် နောက်ပစ်၍ နောက်ခန်းထဲသို့ဝင်သွားတော့သည်။
နောက်ခန်းထဲသို့ ရောက်သွားသည်နှင့် သူသည် ပုံခနဲလဲကျသွားပြီး နဖူးပေါ်တွင် ချွေးသီးချွေးလုံးများ ကျဆင်းလာတော့သည်။ သူသည် အသက်ပြင်းပြင်းရှူကာ သူပြောခဲ့သည့် စကားများအားလုံးကို ပြန်တွေးလိုက်ပြီး သူ၏ဟန်ဆောင်မှုကို အလွန်ကျေနပ်နေတော့သည်။
" ဟမ့်၊ ငါ့စကားနားထောင်စမ်းပါ ဘွားတော်ဟုန်ချိန်ရာ။ အချစ်သူတော်စင် ပိုင်ရှောင်ချန်းရဲ့ အဘိဓာန်မှာ မင်းကို အနိုင်မယူနိုင်ဘူးဆိုတာ မရှိစေရဘူး "