အခန်း (၆၀၁-၆၀၂)
Vol. 61 Ch. 601-602
ဖန့်ချန်
ဘာသာပြန် အရှင်ငယ်
အခန်း ၆၀၁ - ပြန်လည်တိုက်စစ်ဆင်ခြင်း
မသေမျိုးချင်မျိုးနွယ်စု ဘိုးဘေးသည် ချူလန်၏လက်ထဲမှ နေမင်းအသီးကို လှမ်းယူကာ အချိန်အနည်းငယ်ကြာအောင် အနီးကပ် စစ်ဆေးနေသည်။
ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး အားလုံးက ဘိုးဘေး၏ ဆုံးဖြတ်ချက်ကို ရင်တထိတ်ထိတ်ဖြင့် စောင့်စားနေကြသည်။
ခဏအကြာတွင် ဘိုးဘေးက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး...
"ဒါဟာ တကယ့်ကို နေမင်းအသီးပဲ ချင်ဖုန်းအတွက် ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ဒါကို ရှာပေးနိုင်ခဲ့တဲ့အတွက် ငါ သူ့ကို သေဒဏ်ကနေ ချမ်းသာခွင့်ပေးမယ်"
ဟု ကြေညာလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် ချူလန်၏ မျက်နှာတွင် ပျော်ရွှင်မှု အတိုင်းအထက်အလွန် ဖြစ်သွားကာ မျက်ရည်များပင် ဝဲလာတော့သည်။
ချင်ဖုန်းကိုယ်တိုင်လည်း သေဘေးမှ လွတ်မြောက်သွားပြီ ဖြစ်ကြောင်း သိလိုက်ရသဖြင့် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်မိသည်။
သေဖို့အထိ စိတ်ပိုင်းဖြတ်ထားသော်လည်း အမှန်တကယ် အသက်ရှင်ခွင့်ရခြင်းမှာ ဘုရားပေးသော ဆုလာဘ်တစ်ခုကဲ့သို့ပင်။
ကောင်းကင်လျှို့ဝှက်ကြေးမှန်အတွင်းမှ ကြည့်နေသော လန်ယာမျိုးနွယ်စု ဘိုးဘေးကလည်း အခြေအနေ ပြောင်းလဲသွားသဖြင့် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ဂုဏ်ယူပါတယ် ညီအစ်ကိုချင် အခု မင်းဆီမှာ အသီးပြန်ရှိနေပြီဆိုတော့ ငါတို့ လန်ယာမျိုးနွယ်စုဘက်ကလည်း နောက်ထပ် လိုက်လျောမှုတွေ လုပ်ပေးဖို့ အသင့်ပါပဲ ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်ပြီး မင်းရဲ့ ဒေါသတွေကို လျှော့ပါတော့"
ဟု ဆိုကာ စစ်ပွဲကို ရှောင်လွှဲရန် ကြိုးစားလိုက်သည်။
သို့သော် ချင်မျိုးနွယ်စု ဘိုးဘေး၏ မျက်လုံးများမှာ ရုတ်ချည်းပင် အေးစက်စက် အလင်းတန်းများ လျှပ်ခနဲ ပေါ်လာသည်။
"ဒီအသီးကို ငါတို့ ချင်မျိုးနွယ်စုက ကိုယ့်ဘာသာကိုယ် ရှာတွေ့ခဲ့တာ မင်းတို့မျိုးနွယ်စုနဲ့ ဘာမှမဆိုင်ဘူး အခု ငါ့ဆီမှာ အသီးရှိနေပြီဆိုတော့ ငါ့ရဲ့ ကပ်ဘေးအတွက် ပူစရာမလိုတော့ဘူး အဲဒီတော့ ငါ မင်းတို့ကို အေးအေးဆေးဆေးပဲ အမြစ်ပြတ်အောင် ချေမှုန်းနိုင်တော့မှာပေါ့"
ထိုစကားကြောင့် ချင်မျိုးနွယ်စုဝင်များပင် ထိတ်လန့်သွားကြသည်။
စစ်ပွဲက ရပ်တန့်မသွားဘဲ ပိုမိုပြင်းထန်လာမည့် အရိပ်အယောင်များ ပေါ်ပေါက်လာသည်။
ဖန့်ချန်သည် မျက်မှောင်ကြုတ်လျက် အခြေအနေကို စောင့်ကြည့်နေမိသည်။
သူ စတင်ပြီး မသက်မသာ ခံစားလာရသည်။
ချင်မျိုးနွယ်စု ဘိုးဘေးသည် ဤစစ်ပွဲကို အစကတည်းက အကြောင်းပြချက်ရှာပြီး ဖန်တီးလိုနေခြင်း ဖြစ်နိုင်သည်။
နေမင်းအသီး ပျောက်ဆုံးမှုမှာ လန်ယာမျိုးနွယ်စုကို တိုက်ခိုက်ရန် ဆင်ခြေတစ်ခုသက်သက်သာ ဖြစ်ပေလိမ့်မည်။
မှန်ထဲမှ လန်ယာဘိုးဘေး၏ အပြုံးများ ပျောက်ကွယ်သွားပြီး အလွန်တည်ကြည်လေးနက်သွားသည်။
"ညီအစ်ကိုချင် မင်း တကယ်ပဲ ငါတို့မျိုးနွယ်စုက မင်းကို မယှဉ်နိုင်ဘူးလို့ ထင်နေတာလား မင်း ဒီလောက်အထိ အတင်းအကျပ် ဖိအားပေးနေမယ်ဆိုရင်တော့ ငါလည်း အဆုံးထိ တိုက်ဖို့ အသင့်ပဲ"
"တိုက်ရဲရင် တိုက်ကြည့်လေ အပြာရောင်တာအိုနယ်မြေ မှာ ထင်ရှားတဲ့ မျိုးနွယ်စု တစ်ရာကျော်ပဲ ရှိတာ အဲဒီထဲက ဘယ်နှစ်စုက မင်းဘက်မှာ ရှိနေမှာလဲ"
ချင်ဘိုးဘေးက မထီမဲ့မြင် လှောင်ပြုံးဖြင့် ဆိုလိုက်သည်။
လန်ယာဘိုးဘေး၏ မျက်နှာထား ပျက်သွားသည်။
"ညီအစ်ကိုချင် မင်းက အပြာရောင်တာအိုနယ်မြေ တစ်ခုလုံးကို ဒီစစ်ပွဲထဲ ဆွဲသွင်းပြီး သွေးချောင်းစီးစေချင်တာလား"
"ငါ ဆွဲသွင်းတာ မဟုတ်ဘူး မင်းတို့မျိုးနွယ်စုက လွန်လွန်းသွားလို့ပဲ"
ချင်ဘိုးဘေးက တည်ငြိမ်စွာ ဆိုသည်။
"ဒါ နောက်ဆုံးအခွင့်အရေးပဲ မင်းတို့ရဲ့ ကျမ်းစာကို အပ်မလား ဒါဆိုရင်တော့ ဆွေးနွေးလို့ ရသေးတယ်"
"ကောင်းပြီ ညီအစ်ကိုချင် မင်း တိုက်ချင်တယ်ဆိုရင်လည်း တိုက်ကြတာပေါ့"
လန်ယာဘိုးဘေးက ဒေါသတကြီး ပြောဆိုပြီးနောက် မှန်အတွင်းမှ ပျောက်ကွယ်သွားတော့သည်။
ချင်ဘိုးဘေးက မှန်ကို သိမ်းလိုက်ပြီး တိတ်ဆိတ်နေသော လူအုပ်ကြီးကို ကြည့်ကာ
"အားလုံး ပြင်ထားကြ မကြာခင် လန်ယာမျိုးနွယ်စုရဲ့ ပညာရှင်တွေကို ငါတို့ ရှင်းပစ်ရမယ်"
ဟု အပြတ်အသတ် အမိန့်ပေးလိုက်သည်။
ခန်းမအတွင်းရှိ လူငယ်အချို့မှာ စစ်ပွဲအတွက် တက်ကြွနေသော်လည်း ဝါရင့်ပညာရှင် အချို့ကမူ စိုးရိမ်ပူပန်နေကြသည်။
ထိုစဉ် လူအုပ်ကြားထဲမှ ချင်နယဲ့ က ရုတ်တရက် ရှေ့သို့တိုးကာ ဝင်ပြောလာသည်။
"ဘိုးဘေး ကျွန်တော် တစ်ခုလောက် တင်ပြချင်ပါတယ် အခု ချူလန် ရှာလာတဲ့ ဒီနေမင်းအသီးက ကျွန်တော်တို့ မျိုးနွယ်စုကနေ ပျောက်သွားတဲ့ အသီး ဟုတ်မဟုတ် အရင်ဆုံး အတည်ပြုပေးလို့ ရမလား"
ထိုစကားကြောင့် လူအုပ်ကြီး အံ့သြသွားသည်။
ချင်နယဲ့၏ စကားမှာ ကိစ္စပြတ်သွားပြီဟု ထင်ထားသည့်အရာကို လမ်းကြောင်းအသစ် တစ်ခုသို့ ပြောင်းလဲပေးလိုက်ခြင်းပင်။
"ဒီကိစ္စက သံသယဖြစ်စရာတွေ အများကြီး ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ် သေချာစုံစမ်းသင့်တယ်၊ မဟုတ်ရင် နောင်မှာ ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်"
ဟု ချင်နယဲ့က ဆက်ပြောသည်။
သူ ဆိုလိုသည်မှာ ချင်ဖုန်းက အသီးကို ခိုးခဲ့သော်လည်း လန်ယာယွီကို မပေးဘဲ ကိုယ်တိုင်သိမ်းထားကာ၊ ယခု သေဘေးနှင့် ကြုံလာရမှ ပြန်ထုတ်ပေးခြင်း ဖြစ်သည်ဟု သွယ်ဝိုက် စွပ်စွဲနေခြင်းပင်။
သာမန် ဝိညာဉ်သန္ဓေသားအဆင့် ရှိရုံမျှဖြင့် ထိုကဲ့သို့သော အဖိုးတန်အသီးကို အလွယ်တကူ ရှာနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ထို့အပြင် ဖန့်ချန်ကဲ့သို့ လူတစ်ဦး၏ လမ်းညွှန်မှုဖြင့် ရှာတွေ့သည်ဆိုခြင်းမှာလည်း အလွန်ပင် မသင်္ကာစရာ ဖြစ်နေသည်။
ချူလန်သည် ချင်နယဲ့ကို ရွံရှာစက်ဆုပ်သော အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။
ချင်နယဲ့ကမူ ခေါင်းဆောင်အား တိုးညှင်းစွာ ဆိုသည်။
"အဖေ ဒီကိစ္စက မျိုးနွယ်စုအတွက် အရမ်းအရေးကြီးလို့ ကျွန်တော် မဖြစ်မနေ ပြောရတာပါ"
ချင်ရွှမ်းကလည်း မျက်မှောင်ကြုတ်ကာ
"အစ်ကိုနယဲ့ ရှင့်ရဲ့ စိုးရိမ်မှုက ကျိုးကြောင်းဆီလျော်ပါတယ် အခု လန်ယာယွီကိုလည်း ဖမ်းထားပြီးသားဆိုတော့ သူမကို ခေါ်ထုတ်ပြီး အားလုံးရှေ့မှာ မေးကြည့်တာပေါ့"
ဘိုးဘေးက ခေါင်းညိတ် သဘောတူလိုက်သည်။
ခဏအကြာတွင် မျက်နှာဖြူဖျော့ပြီး ကြောက်ရွံ့နေသော အမျိုးသမီးတစ်ဦးကို ခန်းမထဲသို့ ခေါ်ဆောင်လာကြသည်။
"ယွီအာ မင်းကို တစ်ခုခု လုပ်လိုက်ကြသေးလား"
ချင်ဖုန်းက သူမကို မြင်သည်နှင့် စိုးရိမ်တကြီး မေးလိုက်သည်။
ဖန့်ချန်က ထိုအမျိုးသမီးကို အကဲခတ်လိုက်သည်။
သူမသည် မျက်ရည်စက်လက်နှင့် အလွန်သနားစဖွယ် ဖြစ်အောင် ဟန်ဆောင်ထားသကဲ့သို့ ရှိပေသည်။
"အစ်ကိုဖုန်း... ကျွန်မ... ကျွန်မ တကယ် ကြောက်တယ်..."
လန်ယာယွီက တုန်တုန်ရင်ရင်ဖြင့် ဆိုသည်။
"မကြောက်နဲ့... ကိစ္စတွေ ပြေလည်သွားပါပြီ ငါ့မျိုးနွယ်စုက မင်းကို အန္တရာယ် မပြုစေရဘူး..."
ချင်ဖုန်းက အားပေးနှစ်သိမ့်လိုက်သည်။
သို့သော် ချင်ရွှမ်းက အေးစက်စက် အသံဖြင့် ဝင်မေးသည်။
"အရှက်မရှိတဲ့ မိန်းမ၊ ငါ့မေးခွန်းကို မှန်မှန်ဖြေစမ်းငါ့အစ်ကို ခိုးပေးတဲ့ နေမင်းအသီးကို မင်း စားခဲ့တာ မဟုတ်လား"
"အစ်ကိုဖုန်း ကျွန်မ တကယ်ကြောက်နေပြီ ဒီကိစ္စကြောင့် ကျွန်မမိသားစုလည်း ဒုက္ခရောက်နေရတယ် အခု ကျွန်မလည်း အဖမ်းခံရတယ်..."
လန်ယာယွီက ရှိုက်ကြီးတငင် ငိုကြွေးရင်း ဘိုးဘေးရှေ့တွင် ဒူးထောက်ကျလိုက်သည်။
"လေးစားရတဲ့ အကြီးအကဲတို့ ကျွန်မ အဲဒီအသီးကို မစားခဲ့ပါဘူး အစ်ကိုဖုန်းကပဲ ကျွန်မကို ဒီလိုပြောခိုင်းခဲ့တာပါ"
"ကျွန်မက လန်ယာမျိုးနွယ်စုက အမျိုးသမီးတစ်ယောက်ဆိုတော့ ချင်မျိုးနွယ်စုက ကျွန်မကို ဒုက္ခမပေးလောက်ဘူးလို့ သူက ပြောခဲ့တာ ခဏလောက် စောင့်ပေးရင် အားလုံး ပြေလည်သွားလိမ့်မယ်လို့ သူက ကတိပေးခဲ့ပါတယ်"
လူအုပ်ကြီး မှင်သက်သွားပြီး အားလုံး၏ အကြည့်များမှာ ချင်ဖုန်းဆီသို့ ပြန်လည်ရောက်ရှိသွားသည်။
ချင်ဖုန်းမှာ မိုးကြိုးပစ်ခံလိုက်ရသလိုပင်။
သူသည် လန်ယာယွီကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေမိသည်။
သူ အသက်ပေးပြီး ကာကွယ်ခဲ့သော ချစ်သူက ယခု သူ့ကို ပြန်လည် တိုက်ခိုက်နေပြီ ဖြစ်သည်။
သူ၏ စိတ်ဓာတ်များ ရုတ်ချည်းပင် ပြိုလဲသွားရသည်။
"မင်း ဘာတွေပြောနေတာလဲ အရှက်မရှိတဲ့ မိန်းမ အစတုန်းကတော့ ငါ့အစ်ကိုပေးတဲ့ အသီးကို စားပြီး ရွှေအမြုတေအဆင့် ကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့တယ်လို့ မင်းပဲ ဝန်ခံခဲ့တာ မဟုတ်လား"
ချင်ရွှမ်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။
ချင်ဖုန်းက ခါးသီးစွာ ရယ်မောလိုက်သည်။
"အားလုံးက လိမ်ညာမှုတွေပဲကိုး"
သူက ဆက်ပြီး တိုးညှင်းစွာ ရေရွတ်လိုက်သည်။
"အဲဒီတုန်းက ချင်နယဲ့ကပဲ မင်း ရွှေအမြုတေအဆင့် ကပ်ဘေးကြောင့် သေတော့မယ်လို့ ငါ့ကို လာပြောခဲ့တာ"
"အဲဒီအချိန်ကတည်းက ဒီအစီအစဉ်က စခဲ့တာပေါ့ ဟုတ်လား ချင်နယဲ့ကသာ သတိမပေးခဲ့ရင် ဘိုးဘေးရဲ့ အသီးကို ခိုးဖို့ ငါ ဘယ်တော့မှ စိတ်ကူးမိမှာ မဟုတ်ဘူး... ဟား... ရယ်စရာကောင်းလိုက်တာ..."
ချင်နယဲ့၏ မျက်နှာမှာ မည်သည့်အရိပ်အယောင်မျှ မပြဘဲ တည်ငြိမ်နေဆဲပင်။
"အစ်ကိုဖုန်း ဒီအချိန်ကျမှ ကျွန်တော့်ကို ဆွဲထည့်ဖို့ ကြိုးစားတာက တကယ်ကို မတရားရာကျပါတယ် မင်းရဲ့ စကားကို အခုအချိန်မှာ ဘယ်သူမှ ယုံမှာ မဟုတ်ဘူး"
ချင်နယဲ့က တည်ငြိမ်လွန်းနေသဖြင့် သံသယဖြစ်နေသော ချင်မျိုးနွယ်စုဝင်များမှာ ချင်ဖုန်းအပေါ် ပိုမို အယုံအကြည်မဲ့သွားကြတော့သည်။
ချင်ဖုန်း၏ အခြေအနေမှာ အလွန်ပင် စိုးရိမ်စရာ ဖြစ်လာခဲ့ပြီ ဖြစ်သည်။
အခန်း ၆၀၂ - သို့မဟုတ် ကိုးကြိမ်တိုင်တိုင် ဦးခိုက်မလား
ချင်နယဲ့က လန်ယာယွီကို တစ်ချက်လှမ်းကြည့်ကာ
"ကျွန်တော်က မိန်းကလေးယွီနဲ့ တစ်ခါမှ မဆုံဖူးတာ သူမရဲ့ လက်ရှိအခြေအနေကို ဘယ်လိုလုပ် သိမှာလဲ"
ဟု ခပ်အေးအေးပင် ငြင်းဆိုလိုက်သည်။
"မင်း ပြောချင်တာ ပြောနိုင်ပါတယ် ဒါဟာ ငါ့အမှားပါ ငါ့ရဲ့ မိုက်မဲမှုပဲ"
ချင်ဖုန်းက ခါးသီးစွာ ပြုံးလိုက်ရင်း
"မင်းကို ငါ့ညီအရင်းတစ်ယောက်လို တကယ်အားကိုးချင်ခဲ့တာ နှမြောစရာပဲ..."
"ဘိုးဘေး ချင်ဖုန်းအပြင် ဒီလူကလည်း ဒီကိစ္စမှာ ပါဝင်ပတ်သက်နေနိုင်ပါတယ်"
ချင်နယဲ့က ဖန့်ချန်ကို လက်ညှိုးထိုးပြလိုက်ပြီးနောက် ချူလန်ကို တစ်ချက်ကြည့်ကာ
"ပြီးတော့ သခင်မကြီးကလည်း"
ချင်မျိုးနွယ်စုခေါင်းဆောင်၏ မျက်နှာ ပျက်သွားသည်။
"နယဲ့အာ... စကားကို ဆင်ခြင်ပြောစမ်း"
ချင်နယဲ့ ချက်ချင်းပင် နှုတ်ဆိတ်သွားသည်။
သူပြောချင်တာကို လုံလောက်အောင် ပြောပြီးပြီဖြစ်ရာ ကျန်တာကိုတော့ တခြားလူတွေရဲ့ အတွေးထဲမှာပဲ ထားရစ်ခဲ့လိုက်သည်။
ခန်းမအတွင်းရှိ လူအုပ်ကြီးမှာ တိတ်ဆိတ်စွာ အချင်းချင်း အကဲခတ်နေကြသည်။
ချင်မျိုးနွယ်စု ဘိုးဘေးက ချင်ဖုန်း၊ ချင်နယဲ့နှင့် ဖန့်ချန်တို့ကို အစဉ်လိုက် ကြည့်ရှုပြီးနောက် သူ၏ လက်အင်္ကျီကို ခါယမ်းလိုက်သည်။
ဝုန်း
ချက်ချင်းပင် လန်ယာယွီမှာ သွေးနှင်းမြူများအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားတော့သည်။
ချင်ဖုန်းမှာ ထိုမြင်ကွင်းကို ကြည့်ရင်း သူ၏ မျှော်လင့်ချက်မဲ့ အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားရသည်။
"မိသားစုကိစ္စတွေ ပြေလည်သွားပြီ ဒါကို အပြင်ကို မပေါက်ကြားစေနဲ့ နောက်ထပ်ကိစ္စက ချင်မျိုးနွယ်စုနဲ့ လန်ယာမျိုးနွယ်စုကြားက ကိစ္စပဲ ဘယ်ဟာက အရေးကြီးတယ်၊ ဘယ်ဟာက အရေးမကြီးဘူးဆိုတာကို မင်းတို့ နားလည်ထားကြ"
ဟု ဆိုကာ ဘိုးဘေးမှာ လှည့်ထွက်သွားတော့သည်။
ကျန်ရှိနေသော ဘိုးဘေးများလည်း သူ့နောက်မှ လိုက်ပါသွားကြသည်။
ဘိုးဘေးများ ထွက်သွားသည်နှင့် ခန်းမအတွင်းရှိ ဖိအားများ လျော့ကျသွားသော်လည်း အခြေအနေက တင်းမာနေဆဲပင်။
ဘိုးဘေး၏ စကားအရ သူတို့သည် နေမင်းအသီး ကိစ္စထက် လန်ယာမျိုးနွယ်စုကို တိုက်ခိုက်မည့် စစ်ပွဲကိုသာ ပိုမိုအာရုံစိုက်နေကြောင်း ထင်ရှားနေသည်။
ထိုအဖြစ်အပျက်တစ်ခုလုံးမှာ စစ်ပွဲအတွက် အကြောင်းပြချက်သက်သက်သာ ဖြစ်ပေလိမ့်မည်။
"ချူလန် နယဲ့အာကို အထင်မလွဲပါနဲ့ သူက မိသားစုအကျိုးကိုပဲ ကြည့်တာပါ ဖုန်းအာက ဒီလောက်မိုက်မဲတဲ့ကိစ္စမျိုး လုပ်မှာ မဟုတ်ဘူးလို့ ကျွန်မ ယုံကြည်ပါတယ် အဲဒီမိန်းမရဲ့ အကွက်ဆင်မှုပဲ ဖြစ်မှာပါ"
ဟု ဝူဝမ် က သူမ၏သားဘက်မှ ဝင်ပြောလိုက်သည်။
ချူလန်၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာသော်လည်း မျက်ဝန်းများမှာ အေးစက်နေသည်။
"ဒီမှာ နားထောင်စမ်း မိန်းမယုတ် နင့်ရဲ့သား ကို ခေါ်ပြီး ဒီကနေ အခုချက်ချင်း ထွက်သွားစမ်း နင်တို့ သားအမိနှစ်ယောက်လုံးကို ငါ ထပ်မမြင်ချင်တော့ဘူး"
ဝူဝမ်မှာ ဆွံ့အသွားရသလို ချင်နယဲ့လည်း အံ့သြသွားသည်။
ချူလန်က အားလုံးရှေ့တွင်ပင် ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
"ကျွန်တော့်အမေကို ဒီလိုစော်ကားရဲတယ်လား..."
ချင်နယဲ့၏ အသံမှာ အေးစက်သွားသည်။
ချူလန်က လှပစွာ ပြုံးပြလိုက်သော်လည်း စကားလုံးများမှာ တုတ်တုတ်မျှ မလှုပ်ပေ။
"မင်းက ငါ့သား ဖုန်းအာကို ဒုက္ခပေးချင်နေမှတော့ မင်းအမေကို စော်ကားရုံတင်မကဘူး မင်းလို ကောင်စုတ်ကို ငါကိုယ်တိုင် လက်နဲ့ ချေမှုန်းပစ်ဦးမှာမှတ်ထားလိုက်"
အခြားသူများကတော့ ဝင်မပါဘဲ ပွဲကြည့်ပရိသတ်အဖြစ်သာ နေလိုက်ကြသည်။
ထိုကဲ့သို့သော မြင်ကွင်းမျိုးမှာ နှစ်တစ်ရာအတွင်း တစ်ခါမြင်ရခဲသော မြင်ကွင်းပင် မဟုတ်ပါလား။
"တော်ကြစမ်း"
ချင်မျိုးနွယ်စုခေါင်းဆောင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"အရှက်ကွဲရတာ မလုံလောက်သေးဘူးလားအားလုံး ထွက်သွားကြစမ်း"
"ဒါဆိုရင်တော့ ကျွန်မ အရင်သွားပါရစေဦး"
ချူလန်က ယဉ်ကျေးစွာ ဦးညွှတ်လိုက်ရင်း ဖန့်ချန်၊ ချင်ရွှမ်းနှင့် ချင်ဖုန်းတို့ကို ခေါ်ဆောင်ကာ ထွက်လာခဲ့သည်။
မျိုးနွယ်စုခေါင်းဆောင်က သူတို့ထွက်သွားသည်ကို ကြည့်ကာ မျက်နှာပျက်နေပြီးနောက် ဝူဝမ်နှင့် ချင်နယဲ့ကိုပါ ထွက်သွားခိုင်းလိုက်တော့သည်။
ချူလန်သည် သူမ၏ ကိုယ်ပိုင်နေအိမ်သို့ ပြန်ရောက်သည့်တိုင် တိတ်ဆိတ်နေဆဲပင်။ အတွင်းသို့ ရောက်သည်နှင့် ချင်ဖုန်းကို ကြည့်ကာ
"ဖုန်းအာ အခုတော့ အားလုံးကို ရှင်းရှင်းလင်းလင်း မြင်ပြီလား"
"ကျွန်တော် မှားသွားပါပြီ အမေ"
ချင်ဖုန်းက ခေါင်းညိတ်လိုက်သည်။
"နောက်ဆိုရင် အမေ့ကို စိတ်မပူရအောင် ဒီလိုမိုက်မဲတဲ့ကိစ္စမျိုး ဘယ်တော့မှ မလုပ်တော့ပါဘူး"
"သွား သခင်လေးဖန့်ကို ကိုးကြိမ်တိုင်တိုင် ဦးခိုက်ပြီး ကျေးဇူးတင်လိုက်စမ်း သူသာ မင်းရဲ့အသက်ကို မကယ်ခဲ့ရင် မင်း သံသရာလည်ဖို့ လမ်းစတောင် ရှိတော့မှာ မဟုတ်ဘူး"
ဟု ချူလန်က အမိန့်ပေးလိုက်သည်။
ချင်ဖုန်းသည် ချက်ချင်းပင် ဒူးထောက်ကာ ဖန့်ချန်ကို ကိုးကြိမ်တိုင်တိုင် ရိုသေစွာ ဦးခိုက်လိုက်သည်။
ဖန့်ချန်လည်း သူ့ကို မတားဆီးပေ။
၎င်းမှာ ကျေးဇူးသိတတ်မှုကို ဖော်ပြရန် အမှန်တကယ် လိုအပ်သော နည်းလမ်းဖြစ်သောကြောင့် ဖြစ်သည်။
ချင်ရွှမ်းမှာမူ ရှက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းနေသည်။
"သခင်လေးဖန့် ကျွန်မ ရှင့်အပေါ် အထင်လွဲခဲ့ပါတယ်"
"ဟဲဟဲ... ဘာလဲ မင်းလည်း ကိုးကြိမ် ဦးခိုက်ချင်လို့လား"
ဖန့်ချန်က စနောက်လိုက်သည်။ ချင်ရွှမ်းမှာ ခေတ္တမျှ ဆွံ့အသွားရသည်။
ချူလန်က ပြုံးကာ
"သခင်လေးဖန့်က မင်းကို စနောက်နေတာပါ သုံးကြိမ်ဆိုရင် လုံလောက်ပါတယ်"
ဟု ဆိုလိုက်ရာ ချင်ရွှမ်းမှာ
"တကယ်ပဲလား ကျွန်မ... ကျွန်မ တကယ် ဦးခိုက်ရမှာလား"
ဟု တွန့်ဆုတ်စွာ မေးမိသည်။
ဖန့်ချန်က ပြုံးရင်း
"ဒါက ခက်ခဲလို့လား အမြန်ပဲ လုပ်လိုက်ပါ"
ဟု ပြောလိုက်ရာ မိခင်ဖြစ်သူကလည်း နောက်နေသည်မဟုတ်ကြောင်း သိလိုက်သဖြင့် ချင်ရွှမ်းမှာ ဖန့်ချန်ကို သုံးကြိမ် ဦးခိုက်လိုက်ရတော့သည်။
ထို့နောက် ချူလန်က ကလေးနှစ်ယောက်ကို ထွက်သွားခိုင်းလိုက်သည်။
ချင်ရွှမ်းမှာ မေးစရာတွေ အများကြီးရှိသော်လည်း မိခင်ဖြစ်သူက ဖယ်ရှားလိုက်သဖြင့် မျိုသိပ်လိုက်ရသည်။
သို့သော် ချင်ဖုန်းကတော့
"အမေ အဲဒီ နေမင်းသုံးစင်းအသီးက ကျွန်တော် လန်ယာယွီကို ပေးခဲ့တဲ့ အသီးလား"
ဟု မေးလိုက်သည်။
ချူလန်က မဖြေဘဲ ဖန့်ချန်ကို ကြည့်လိုက်သည်။
ဖန့်ချန်က ခပ်ဖွဖွ ပြုံးရင်း
"ဟုတ်တယ် ချင်နယဲ့ဆီကနေ ငါ ပြန်ယူလာတာ အခုတော့ စိတ်အေးသွားပြီလား"
ချင်ဖုန်း၏ မျက်နှာထား ပြောင်းလဲသွားပြီး လက်အုပ်ချီ ဦးညွှတ်ကာ ထွက်သွားသည်။
ချင်ရွှမ်းကမူ ရုတ်တရက် သတိဝင်လာကာ
"ဒါဆို ကျွန်မတို့ရဲ့ သိုလှောင်လက်စွပ်တွေကို ယူသွားတာ ရှင်ပေါ့"
ဟု အော်ဟစ်မိသွားသည်။ သူမသည် အသံကို ချက်ချင်းပြန်လျှော့ကာ
"သခင်လေးဖန့် အဲဒီထဲမှာ ကျွန်မရဲ့ ကိုယ်ပိုင်ပစ္စည်းတွေ ပါနေလို့၊ ကျေးဇူးပြုပြီး"
"နောက်မှ ဆွေးနွေးကြတာပေါ့"
ဖန့်ချန်က ပြောလိုက်ရာ ချင်ရွှမ်းလည်း ကျေနပ်စွာဖြင့် ထွက်သွားတော့သည်။
ချင်ရွှမ်း ထွက်သွားပြီးနောက် ချူလန်၏ မျက်နှာမှာ ပြန်လည် တည်ကြည်သွားသည်။
"သခင်လေးဖန့် အခုတော့ ဘိုးဘေးက စစ်ကို မရပ်ချင်ဘူး ဖြစ်နေပြီ ဝိညာဉ်သွေးဂိုဏ်း က ကျင့်ကြံသူတွေကို ဘယ်လို ကိုင်တွယ်ဖို့ အစီအစဉ်ရှိလဲ"
"သခင်မကြီးက ဒီကိစ္စတွေထဲ မပါချင်ဘူးဆို"
ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်။
"အရင်ကတော့ မပါချင်ဘူးပေါ့ ဒါပေမဲ့ ချင်နယဲ့က ငါ့သားကို ဒီလောက်အထိ အကွက်ဆင်ပြီး သတ်ဖို့ ကြိုးစားနေမှတော့ ငါလည်း ငြိမ်မနေနိုင်တော့ဘူး"
"ဝိညာဉ်သွေးဂိုဏ်းက ငါ့သားကို အသုံးချတာလောက်ဆိုရင် ငါ သည်းခံနိုင်ဦးမယ် ဒါပေမဲ့ ခုနက မင်း မြင်တဲ့အတိုင်းပဲ ချင်နယဲ့က ငါ့သားကို အမြစ်ပြတ်သွားအောင် လုပ်ချင်နေတာ"
"ဒီကိစ္စကို ကျွန်တော်တို့ အခြေအနေကို ထပ်ပြီး စောင့်ကြည့်ရဦးမယ်"
ဖန့်ချန်က စဉ်းစားဟန်ဖြင့် ဆိုသည်။
"ချင်မျိုးနွယ်စုနဲ့ လန်ယာမျိုးနွယ်စုကြား စစ်ပွဲက မလွဲမသွေ ဖြစ်လာတော့မှာဆိုရင် ချင်နယဲ့က ခင်ဗျားတို့ သားအမိကို ဒုက္ခပေးဖို့ အခွင့်အရေး ထပ်ရှာဦးမှာပဲ ပြီးတော့ ကျုပ်လည်း ပါတယ် သူ သတ်ချင်ဆုံးလူက ချင်ဖုန်းထက် ကျုပ်် ဖြစ်နေလိမ့်မယ်"
ဖန့်ချန်သည် ချူလန်ကို အနားယူရန် ပြောဆိုပြီးနောက် ဦးညွှတ်နှုတ်ဆက်ကာ သူ၏ အခန်းသို့ ပြန်လာခဲ့သည်။
သူ၏ အခန်းသို့ ရောက်သည်နှင့် ဖန့်ချန်၏ ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်ခွာသွားပြီး ချင်မျိုးနွယ်စု ဘိုးဘေး ရှိရာသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားတော့သည်။
သူသည် ဘိုးဘေးနှင့် ဝိညာဉ်သွေးဂိုဏ်း ကြားတွင် ပတ်သက်မှု ရှိ၊ မရှိ စုံစမ်းချင်နေခြင်း ဖြစ်သည်။
တိတ်ဆိတ်သော ခြံဝင်းတစ်ခုအတွင်းတွင် ချင်နယဲ့သည် ချင်မျိုးနွယ်စု ဘိုးဘေး၏ရှေ့၌ ခေါင်းငိုက်စိုက်ချကာ ရပ်နေသည်ကို ဖန့်ချန် မြင်လိုက်ရသည်။
ချင်မျိုးနွယ်စု ဘိုးဘေးကများ ဝိညာဉ်သွေးဂိုဏ်းရဲ့ အကြီးဆုံး နယ်ရုပ် ဖြစ်နေတာလား ဖန့်ချန် မျက်မှောင်ကြုတ်လျက် တွေးတောမိလိုက်တော့သည်။