အခန်း (၆၁၁-၆၁၂)
Vol. 62 Ch. 611-612
ဖန့်ချန်
အခန်း ၆၁၁ - တာအိုသုံးထောင်နယ်မြေ သို့ ပြန်လည်ဝင်ရောက်ခြင်း
ဖန့်ချန်သည် နေမင်းအသီးကို ခဏမျှ ကြည့်ရှုစစ်ဆေးပြီးနောက် သိုလှောင်လက်စွပ်ထဲသို့ ပြန်ထည့်လိုက်သည်။
ထိုအရာသည် အလွန်အဖိုးတန်လှသည်။
သင့်တော်သော အချိန်တွင် ၎င်းသည် တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအတွက် အလယ်လတ် ဝိညာဉ်ကျောက်တုံးများထက်ပင် ပိုမိုဆွဲဆောင်မှုရှိသော ငွေကြေးတစ်ခု ဖြစ်လာနိုင်သည်။
သခင်မချူလန် ပြောခဲ့သလိုပင် လက်နက်ပညာရှင် များသည် ခက်ထန်သော စိတ်နေစိတ်ထား ရှိကြသော်လည်း ထိုအသီးရှိပါက မည်မျှပင် ခက်ခဲသော ပညာရှင်ဖြစ်ပါစေ သဘောကျသွားမည်မှာ အသေအချာပင်။
"ကဲ လာမယ့် ဆယ်နှစ်အတွင်း ငါ့ရဲ့ ရွှေအမြုတေကို အောင်အောင်မြင်မြင် ကျစ်လျစ်အောင် လုပ်နိုင်မလား ကြည့်ရတာပေါ့"
အလယ်လတ် ဝိညာဉ်ကျောက်တုံး ငါးရာကို အသုံးပြုပြီးနောက် မကြာမီမှာပင် ဖန့်ချန်သည် တာအိုသုံးထောင်နယ်မြေ ထဲသို့ ပြန်လည်ရောက်ရှိသွားတော့သည်။
သူသည် ရှစ်မျက်နှာ အရပ် ဓားကျမ်း နှင့် အခြားကျင့်စဉ်များကို လေ့ကျင့်နေစဉ်မှာပင် ဟန်နဂါးစစ်သူကြီး နှင့် ချင်နယဲ့ တို့ထံမှ ရရှိထားသော ဝိညာဉ်ရတနာများကို ဓားငယ်လေး ကို ဝါးမြိုစုပ်ယူစေလိုက်သည်။
ဖန့်ချန်အတွက်မူ ဝိညာဉ်စွမ်းအင်များကို အကုန်အစင် သုံးစွဲပစ်ခြင်းသည် ကျင့်ကြံခြင်းနှင့် အတူတူပင် ဖြစ်သည်။
အမှန်စင်စစ် ၎င်းသည် သာမန်ကျင့်ကြံခြင်းထက်ပင် ပိုမိုမြန်ဆန်သေးသည်။
ထိုသို့ပြုလုပ်ခြင်းက ကျင့်စဉ်များကို ပိုမိုကျွမ်းကျင်စေရုံသာမက ကျင့်ကြံမှုအဆင့်ကိုလည်း မြှင့်တင်ပေးသဖြင့် အခြားသူများထက် အချိန်ကုန် သက်သာစေသည်။
ဓားငယ်လေး အနေဖြင့် အဆင့်နိမ့် နက်နဲသောအဆင့် ရတနာနှင့် အဆင့်မြင့် အဝါရောင်အဆင့်ရတနာများကို စုပ်ယူရန် တစ်လခန့် အချိန်ယူခဲ့ရသည်။
ဓားငယ်လေး ၏ အကူအညီဖြင့် ဓားကျမ်းကို လေ့ကျင့်ရာတွင် ဖန့်ချန်အနေဖြင့် ဝိညာဉ်စွမ်းအင် ပိုမိုကုန်ဆုံးသော်လည်း သူ၏ ကျင့်ကြံမှု အရှိန်မှာလည်း ပိုမိုမြန်ဆန်လာခဲ့သည်။
တစ်နှစ်ဆိုသော အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။
ဝိညာဉ်စွမ်းအင်များ ထပ်ခါတလဲလဲ ကုန်ဆုံးလိုက်၊ ပြန်လည်ပြည့်ဖြိုးလိုက်နှင့် ပိုမိုအားကောင်းလာလိုက် ဖြစ်နေရင်းမှ ဖန့်ချန်၏ ဝိညာဉ်စွမ်းအင်မှာ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။
ထိုနည်းလမ်းဖြင့် တစ်နှစ်ခန့် ကျင့်ကြံခြင်းသည် အခြားသူများအတွက် ဆယ်စုနှစ်ပေါင်းများစွာ သို့မဟုတ် ရာစုနှစ်တစ်ခုစာ ကျင့်ကြံခြင်းနှင့် ညီမျှမည်ဟု သူ ခန့်မှန်းလိုက်သည်။
မကြာမီမှာပင် ဖန့်ချန်သည် သူ၏ ဝိညာဉ်စွမ်းအင် တိုးတက်မှု ရပ်တန့်သွားသည်ကို သတိပြုမိလိုက်သည်။
ထိုအခါမှသာ သူသည် အခြေခံတည်ဆောက်ခြင်းအဆင့် ၏ အမြင့်ဆုံး အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ရွှေအမြုတေ စတင်ဖွဲ့စည်းရန် အချိန်ကျပြီဖြစ်ကြောင်း သိလိုက်ရသည်။
အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် မတူသည်မှာ ရွှေအမြုတေဖွဲ့စည်းရန်အတွက် မည်သည့်ဆေးလုံး သို့မဟုတ် ဆေးရည်မှ မလိုအပ်ခြင်းပင်။
မိမိကျင့်ကြံသော နည်းလမ်းက ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန် ခွင့်ပြုချက်ရှိနေသရွေ့ အဆင်ပြေသည်။
ဖန့်ချန်သည် တာအိုသုံးထောင် ကျင့်စဉ် သေတ္တာကို ဖွင့်ကာ ကျောက်စိမ်းပြားတစ်ခုကို ယူလိုက်သည်။
ထိုအထဲတွင် ရွှေအမြုတေဖွဲ့စည်းခြင်း အခန်းကို သူ စစ်ဆေးကြည့်လိုက်သည်။
ပထမဆုံးအဆင့်မှာ ရွှေအမြုတေကို မည်သို့ ကျစ်လျစ်အောင် ပြုလုပ်ရမည်ကို သင်ကြားပေးထားခြင်းဖြစ်သည်။
"တာအိုတစ်ထောင်ဂိုဏ်းရဲ့ ရွှေအမြုတေက ကိုးဆင့် ခွဲထားတာလား ကိုးဆင့်က အမြင့်ဆုံးဖြစ်ပြီး တစ်ဆင့်ကတော့ အခြေခံအကျဆုံးပေါ့"
"ဖော်ပြချက်အရဆိုရင် အခြေခံအကျဆုံး တစ်ဆင့် ရွှေအမြုတေ တောင်မှ သာမန်ရွှေအမြုတေအဆင့်ထက် ပိုပြီး အားကောင်းတယ်"
ဖန့်ချန် စဉ်းစားနေမိသည်။
အမှန်စင်စစ် တာအိုသုံးထောင် ကျင့်စဉ် သည် ထိပ်တန်းကျင့်စဉ်တစ်ခု ဖြစ်သဖြင့် အခြေခံ တည်ဆောက်မှုတိုင်းမှာ သာမန်ကျင့်ကြံသူများထက် များစွာ သာလွန်နေသည်။
ထိုကဲ့သို့သော ကျင့်စဉ်ကို အခြေခံအုတ်မြစ်အဖြစ် ထားရှိပါက အဆင့်မြင့်ကျင့်ကြံသူ ဖြစ်လာသောအခါ မိမိနှင့် တန်းတူယှဉ်နိုင်သူ ရှာရန်ပင် ခက်ခဲပေလိမ့်မည်။
"ငါ့ရဲ့ ပါရမီအရဆိုရင် အနည်းဆုံးတော့ ခြောက်ဆင့်အထက် ဖြစ်သင့်တယ် ကိုးဆင့်အထိ တက်လှမ်းနိုင်ဖို့ အခွင့်အရေးရှိကောင်း ရှိနိုင်တယ်"
ဖန့်ချန်သည် မိမိဘာသာ ရေရွတ်ရင်း ရွှေအမြုတေဖွဲ့စည်းရန် ပထမဆုံးအကြိမ် ကြိုးစားလိုက်သည်။
သူသည် မျက်စိကို မှိတ်ကာ သူ၏ သွေးကြောများအတွင်းရှိ ကြွယ်ဝလှသော ဝိညာဉ်စွမ်းအင်များကို ခန္ဓာကိုယ်အတွင်းရှိ နက်နဲသော လမ်းကြောင်းများအတိုင်း စတင် လှည့်ပတ်စေလိုက်သည်။
ကျင့်ကြံသူတစ်ဦးအတွက် ရွှေအမြုတေဖွဲ့စည်းခြင်းဆိုသည်မှာ ဝိညာဉ်စွမ်းအင်များကို ဖိသိပ်ကျစ်လျစ်စေခြင်း ဖြစ်သည်။
အရေအတွက် မှ အရည်အသွေး ပြောင်းလဲသွားစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
ရွှေအမြုတေဖွဲ့စည်းခြင်း နည်းလမ်းများမှာ များစွာရှိပြီး အချို့မှာ လွယ်ကူကာ အချို့မှာ ခက်ခဲသည်။
နည်းလမ်း ပိုမိုလွယ်ကူလေ ရွှေအမြုတေ၏ အရည်အသွေး ပိုမိုနိမ့်ကျလေ ဖြစ်သည်။
လွယ်ကူသောနည်းလမ်းနှင့် ခက်ခဲသောနည်းလမ်းကို ရွေးချယ်စရာရှိလျှင် မည်သူမျှ လွယ်ကူသောနည်းလမ်းကို ရွေးချယ်မည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ထိုဆုံးဖြတ်ချက်သည် ကျင့်ကြံသူတစ်ဦး ကျင့်ကြံခြင်းလမ်းစဉ်ပေါ်တွင် မည်မျှအထိ ဝေးဝေးသွားနိုင်မည်နည်းဆိုသည်ကို အဆုံးအဖြတ်ပေးသောကြောင့် ဖြစ်သည်။
တာအိုသုံးထောင် ကျင့်စဉ် ပါ နည်းလမ်းမှာ တကယ့်ကို အခက်ခဲဆုံးများထဲမှ တစ်ခုဖြစ်သည်။
ဖန့်ချန်သည် သူ၏ ဝိညာဉ်စွမ်းအင်များကို အလွန်ရှုပ်ထွေးသော လမ်းကြောင်းများတစ်လျှောက် အသေးစိတ် ထိန်းချုပ်ရသည်။
စွမ်းအင်များ ရွေ့လျားသွားသည်နှင့်အမျှ ၎င်းတို့မှာ စတင်ဖိသိပ်လာပြီး သူ၏ ဝိညာဉ်ပင်လယ်ထဲတွင် စုဆုံမိသောအခါ ရွှေအမြုတေအဖြစ် စတင်ပုံဖော်လာသည်။
ထိုလုပ်ငန်းစဉ်သည် တည်ငြိမ်သွားရန် သုံးလခန့် အချိန်ယူရပြီး ထိုကာလအတွင်း ပြင်ပမှ နှောင့်ယှက်မှု သို့မဟုတ် အာရုံအနည်းငယ် လွင့်ပျံ့သွားခြင်းမျိုး လုံးဝ အဖြစ်မခံနိုင်ပေ။
မဟုတ်ပါက ရွှေအမြုတေမှာ ပြိုကွဲသွားပြီး အစမှ ပြန်လည်စတင်ရပေလိမ့်မည်။
ရွှေအမြုတေဖွဲ့စည်းခြင်း အောင်မြင်သွားလျှင်ပင် လုပ်ငန်းစဉ်အတွင်း ချို့ယွင်းချက်လေးတစ်ခု ရှိခဲ့ပါက သုံးဆင့်နှင့် အောက်သို့သာ ရောက်ရှိသွားနိုင်သည်။
သူ၏ ပထမဆုံးအကြိမ် ကြိုးပမ်းမှုတွင် ဖန့်ချန်သည် ပထမဆုံးအဆင့်ဖြစ်သော ဝိညာဉ်ပင်လယ်ထဲတွင် ရွှေအမြုတေ ပုံဖော်ရန်အတွက်ပင် ငါးလခန့် အချိန်ယူခဲ့ရသည်။
သို့သော် တည်ငြိမ်အောင် ထိန်းသိမ်းသော အဆင့်တွင်မူ ဝိညာဉ်စွမ်းအင်များမှာ အလွန်ပင် မတည်မငြိမ် ဖြစ်လာပြီး ဆိုးသွမ်းသော ကလေးငယ်တစ်ဦးကဲ့သို့ ထိန်းမရသိမ်းမရ ဖြစ်လာသည်။
ဤလုပ်ငန်းစဉ်သည် စိတ်ဓာတ်ပိုင်းဆိုင်ရာ အလွန်ပင် ပင်ပန်းနွမ်းနယ်စေသဖြင့် ဖန့်ချန်ပင်လျှင် ကိုင်တွယ်ရန် ခက်ခဲလာခဲ့သည်။
ခေတ္တမျှ အာရုံလွတ်သွားသည်နှင့် ရွှေအမြုတေမှာ ပြိုကွဲသွားပြီး ခြောက်လကြာ ကြိုးပမ်းခဲ့သမျှ သဲထဲရေသွန် ဖြစ်သွားတော့သည်။
ဖန့်ချန် သက်ပြင်းချလိုက်မိသည်။
"ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေ ဘာလို့ ဒီလောက် ရှားပါးနေရတာလဲဆိုတာ မဆန်းပါဘူး"
သူ၏ သာလွန်သော ဝိညာဉ်စွမ်းအား နှင့် ထူးခြားသော တောက်ပသော နတ်ဘုရားမျက်လုံး များကြောင့် သူ၏ ဝိညာဉ်စွမ်းအင်အပေါ် ထိန်းချုပ်မှုမှာ သူနှင့် အဆင့်တူသူများထက် များစွာ သာလွန်နေသည်။
ထိုကဲ့သို့သော အားသာချက်များ ရှိနေသည့်တိုင် ပထမအကြိမ်တွင် ကျရှုံးခဲ့ရသည်။
တခြားသူများသာဆိုလျှင် ကိုးဆင့် ရွှေအမြုတေ ရရှိရန် နှစ်ပေါင်း တစ်ရာ သို့မဟုတ် နှစ်ရာခန့် အချိန်ယူရပေလိမ့်မည်။
သို့မဟုတ် လုံးဝ အောင်မြင်မည် မဟုတ်ပေ။
သူ၏ အမှားများကို ပြန်လည်သုံးသပ်ပြီးနောက် ဖန့်ချန်သည် စိတ်ကို တင်းတင်းထားကာ ဒုတိယအကြိမ် ကြိုးစားပြန်သည်။
ဒုတိယအကြိမ်တွင်လည်း ငါးလခန့် အချိန်ယူပြီးနောက် ဒုတိယအဆင့်ဖြစ်သော တည်ငြိမ်အောင် ထိန်းသိမ်းခြင်းအဆင့်သို့ ရောက်ရှိလာသည်။
ယခင်က ဆယ်ရက်သာ ထိန်းထားနိုင်ခဲ့သော်လည်း ယခုတစ်ခါတွင်မူ သင်ခန်းစာယူကာ တစ်လခန့်အထိ ထိန်းထားနိုင်ခဲ့ပြီးမှ ထပ်မံကျရှုံးသွားပြန်သည်။
ထိုအချိန်တွင် တာအိုသုံးထောင်နယ်မြေ ထဲသို့ ရောက်ရှိနေသည်မှာ နှစ်နှစ်ပင် ရှိသွားပြီဖြစ်သည်။
"နောက်ထပ် ရှစ်နှစ် ကျန်သေးတယ် လောက်မှာပါ..."
ဖန့်ချန် မျက်စိမှိတ်ကာ တတိယအကြိမ် ကြိုးစားသည်။
တတိယအကြိမ် ကျရှုံးသည်။ စတုတ္ထ၊ ပဉ္စမနှင့် မရေမတွက်နိုင်သော အကြိမ်ပေါင်းများစွာ ကျရှုံးခဲ့သည်။
ဖန့်ချန်အနေဖြင့် သူ ဘယ်နှစ်ကြိမ် ကျရှုံးခဲ့သည်ကို မမှတ်မိတော့ပေ။
သို့သော် ယခုအခါ ပထမအဆင့်သို့ ရောက်ရန် သုံးလသာ အချိန်ယူရတော့ပြီး ဒုတိယအဆင့်ဖြစ်သော တည်ငြိမ်အောင် ထိန်းသိမ်းခြင်းတွင်မူ လိုအပ်သော သုံးလပြည့်ရန် ခုနစ်ရက်သာ အလိုအထိ ထိန်းထားနိုင်လာသည်။
သို့သော် ထိုကျန်ရှိနေသော ခုနစ်ရက်မှာ ကျော်ဖြတ်၍မရသော အတားအဆီးတစ်ခုကဲ့သို့ ဖြစ်နေသည်။
ထိုအမှတ်သို့ ရောက်တိုင်း ရွှေအမြုတေမှာ အလွန်အမင်း မတည်မငြိမ် ဖြစ်လာပြီးမှ ပြိုကွဲသွားလေ့ရှိသည်။
"ငါ ဘာတွေ မှားနေတာလဲ"
ဖန့်ချန် အလေးအနက် စဉ်းစားနေမိသည်။
ယခုဆိုလျှင် ကိုးနှစ်ကျော် ကုန်ဆုံးသွားပြီဖြစ်သည်။
တာအိုသုံးထောင်နယ်မြေ ထဲမှ မထွက်ခွာမီ ခြောက်လခန့်သာ ကျန်တော့သော်လည်း ဖန့်ချန်မှာ ဒုတိယအဆင့်ဖြစ်သော တည်ငြိမ်အောင် ထိန်းသိမ်းခြင်းတွင်ပင် ပိတ်မိနေဆဲ ဖြစ်သည်။
"အနက်လေး... အဖြူလေး... မင်းတို့က တာအိုဂိုဏ်းရဲ့ အတွေ့အကြုံရှိတဲ့ စီနီယာတွေပဲ ငါ ဘာတွေ မှားနေတယ်လို့ ထင်လဲ ငါ့ရဲ့ ပါရမီက မလုံလောက်လို့ ဒီလောက်အထိ ခက်ခဲနေတာလား"
ဖန့်ချန်က စက္ကူရုပ်နှစ်ရုပ်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
သူ ထပ်ခါတလဲလဲ ကျရှုံးနေသည်ကို သတိပြုမိသောအခါ သူက အဖြူအနက် စက္ကူရုပ်များကို စောင့်ကြည့်ခိုင်းထားခြင်း ဖြစ်သည်။
အပြင်လူအနေဖြင့် သူ မမြင်နိုင်သည်များကို မြင်နိုင်ကောင်း မြင်နိုင်မည်ဟု သူ မျှော်လင့်မိသည်။
အဖြူအနက် စက္ကူရုပ်နှစ်ရုပ်မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ တောင့်တင်းသော မျက်နှာများပေါ်တွင် ထူးဆန်းသော အမူအရာလေးတစ်ခု ပေါ်လာသည်။
အဖြူရောင် စက္ကူရုပ်က အရင် စပြောသည်။
"အရှင်... အရှင်ရဲ့ ပါရမီက လုံးဝ ပြဿနာ မဟုတ်ပါဘူး"
အနက်ရောင် စက္ကူရုပ်က ဆက်ပြောသည်။
"အရှင်ရဲ့ အခြေခံကလည်း အလွန် ခိုင်မာပါတယ် ကျင့်ကြံမှုအဆင့်ကလည်း လုံလောက်တာထက်တောင် ပိုနေပါသေးတယ်"
အဖြူရောင် စက္ကူရုပ်က
"အရှင်ရဲ့ လက်တွေ့ အသုံးချမှုကလည်း အပြစ်ပြောစရာ မရှိပါဘူး"
အနက်ရောင် စက္ကူရုပ်က
"ပြင်ပက နှောင့်ယှက်မှုလည်း လုံးဝ မရှိပါဘူး"
သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ပြန်ကြည့်လိုက်ပြီး ခေါင်းကို တပြိုင်နက် ခါလိုက်ကြသည်။
"ကျွန်တော်တို့လည်း ဘာပြဿနာမှ မမြင်မိပါဘူး နောက်တစ်ခေါက် ထပ်ကြိုးစားကြည့်ရင်ရော ဘယ်လိုလဲ"
"ဘာပြဿနာမှ မမြင်ဘူး ဟုတ်လား"
ဖန့်ချန် ဇဝေဇဝါ ဖြစ်သွားသည်။
ထိုစဉ်မှာပင် ရုတ်တရက် စကြဝဠာမှန်ချပ် ၏ အသံ ပေါ်လာသည်
"အစ်ကို..."
အခန်း ၆၁၂ - ဓားအမြုတေ
"မှန်လေး ငါ့ရဲ့ ကျင့်စဉ်မှာ ပြဿနာရှိနေလို့လား"
ဖန့်ချန်သည် စကြဝဠာမှန်ချပ် ကို ချက်ချင်းထုတ်ယူကာ တည်ကြည်စွာ မေးလိုက်သည်။
"ကျင့်စဉ်က မှားနေတာမဟုတ်ပါဘူး မင်းရဲ့ အခြေခံအုတ်မြစ်မှာ ပြဿနာရှိနေတာ"
ဟု စကြဝဠာမှန်ချပ်က ဝေခွဲမရသလို ဆက်ပြောသည်။
"ဝိညာဉ်ကျောက်တုံး ဘယ်လောက်ကုန်မလဲ"
ဖန့်ချန်က ချက်ချင်းပင် ရိပ်မိလိုက်သည်။
သူ့တွင် အဆင့်နိမ့်ကျောက်တုံး အချို့နှင့် အလယ်လတ်ဝိညာဉ်ကျောက်တုံး တစ်ရာ ကျန်ရှိနေသေးသည်။
စကြဝဠာမှန်ချပ်က စကားစလာသည်ဆိုကတည်းက ကုန်ကျစရိတ်မှာ သူ တတ်နိုင်သည့်အတွင်းမှာ ရှိမည်ဟု တွေးလိုက်သည်။
သူ၏ အခြေခံမှာ အမြဲတမ်း ခိုင်မာသည်ဟု ယူဆခဲ့သော်လည်း အခြေခံအုတ်မြစ်တွင် ပြဿနာရှိနေသည်ဆိုခြင်းမှာ သေးငယ်သောကိစ္စ မဟုတ်သည်မှာ သေချာသည်။
"အဆင့်လတ် ဝိညာဉ်ကျောက်တုံး တစ်ရာဆိုရင် ရပါပြီ"
ဟု မှန်ချပ်က ပြန်ဖြေသည်။
"တစ်ရာတောင်လား ပြဿနာက အဲလောက်တောင် ကြီးမားနေလို့လား"
ဖန့်ချန် ဇဝေဇဝါ ဖြစ်သွားသည်။
"ဒါကို ပေါ့ပေါ့မတွေးနဲ့ အစ်ကို တကယ်လို့ ဒီပြဿနာကို မဖြေရှင်းဘူးဆိုရင် မင်း ဘယ်လိုနည်းလမ်းပဲသုံးသုံး ရွှေအမြုတေကို အောင်အောင်မြင်မြင် ဖွဲ့စည်းနိုင်မှာမဟုတ်ဘူး"
"အခု မင်းမှာ အတွေ့အကြုံတွေ အများကြီးရှိနေပြီဆိုတော့ ဒီပြဿနာကို ဖြေရှင်းလိုက်တာနဲ့ ရွှေအမြုတေကို တစ်ခါတည်းနဲ့ အောင်မြင်အောင် လုပ်နိုင်လိမ့်မယ်"
ဟု မှန်ချပ်က အကြံပြုလိုက်သည်။
ဖန့်ချန်သည် စကားအများကြီး မပြောတော့ဘဲ သူ၏ နောက်ဆုံးကျန်ရှိသော အလယ်လတ် ဝိညာဉ်ကျောက်တုံး တစ်ရာကို မှန်ချပ်ထံ ပေးလိုက်သည်။
ထိုတစ်ကြိမ်တွင် ဓားငယ်လေး သည်လည်း ငြိမ်သက်နေပြီး စကြဝဠာမှန်ချပ်ကို မကန့်ကွက်တော့ပေ။
၎င်းသည် နက်နဲသောအဆင့် ရတနာများကို ဝါးမြိုထားရသဖြင့် ကျေနပ်နေခြင်းကြောင့် ဖြစ်နိုင်သလို ရွှေအမြုတေဖွဲ့စည်းခြင်းမှာ ဖန့်ချန်အတွက် မည်မျှ အရေးကြီးသည်ကို နားလည်နေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
ကျောက်တုံးများကို စုပ်ယူပြီးနောက် စကြဝဠာမှန်ချပ်က ဖန့်ချန်ကို စာမျက်နှာ ၄၃ သို့ လှန်ရန် ညွှန်ကြားလိုက်သည်။
"ဓားအမြုတေ ကို ကျစ်လျစ်စေရန်အတွက် ရွှေအမြုတေဖွဲ့စည်းခြင်း နည်းလမ်းကို ပြောင်းပြန် ကျင့်ကြံရန် လိုအပ်သည်"
ထိုစာသားတိုလေးမှာ ဖန့်ချန်ကို ကြောင်သွားစေသည်။
ဓားအမြုတေ သူက ရွှေအမြုတေ ကို ဖွဲ့စည်းချင်နေတာလေ ဓားအမြုတေက ဘယ်ကနေ ရောက်လာတာလဲ
"မှန်လေး ဓားအမြုတေဆိုတာ ဘာလဲ ရွှေအမြုတေနဲ့ ဘာကွာလို့လဲ ပြီးတော့ ငါက ဘာလို့ ရွှေအမြုတေအစား ဓားအမြုတေကို ဖွဲ့စည်းရမှာလဲ"
ဖန့်ချန် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
သူ့နားလည်မှုအရ ဓားကျင့်ကြံသူများသည် သူတို့၏ ကျင့်စဉ်များကြောင့် အစွမ်းထက်ကြခြင်းဖြစ်ပြီး အခြေခံကျင့်ကြံမှု အဆင့်များမှာ သာမန်လူများနှင့် အတူတူပင် ဖြစ်သင့်သည်။
ဥပမာ- ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းမှ ကျင်ယွဲ့ဟန် မှာလည်း ရွှေအမြုတေကိုသာ ဖွဲ့စည်းခဲ့ပြီး နတ်သမီးယွီ ထံမှလည်း ဓားအမြုတေအကြောင်း သူ တစ်ခါမျှ မကြားဖူးခဲ့ပေ။
"မင်း မသိသေးတာက ဓားကျင့်ကြံခြင်းလမ်းစဉ်ဟာ အောက်ပိုင်းနယ်မြေတွေမှာပဲ ရှိတာမဟုတ်ဘူး အထက်ဘုံ မှာလည်း အလွန်ခေတ်စားတယ် ဓားအမြုတေ ဆိုတာ အထက်ဘုံက ဓားကျင့်ကြံသူတွေ လိုက်နာတဲ့ နည်းလမ်းပဲ"
" အောက်ပိုင်းနယ်မြေက ဓားကျင့်ကြံသူတွေဟာ အထက်ဘုံကို ရောက်သွားရင်တောင် အခြေခံကွာခြားချက်ကြောင့် အဲဒီကလူတွေကို ဘယ်တော့မှ မယှဉ်နိုင်ဘူး"
"မင်းမှာ မသေမျိုးဓားသွေးကြော စတင်ဖြစ်ပေါ်ကတည်းက မင်းဟာ မသေမျိုးနယ်မြေက ဓားကျင့်ကြံသူတွေရဲ့ လမ်းစဉ်နဲ့ ကိုက်ညီသွားပြီ ဒါကြောင့် မင်းဟာ ရွှေအမြုတေအစား ဓားအမြုတေကိုပဲ ဖွဲ့စည်းရမယ်"
" ဓားအမြုတေဖြစ်သွားရင် မင်းရဲ့ ဓားတာအို အပေါ် နားလည်မှုဟာ အဆပေါင်း ရာနဲ့ချီ တိုးတက်လာလိမ့်မယ် တခြားသူတွေ နားမလည်နိုင်တဲ့ ဓားကျင့်စဉ်တွေကို မင်းက လွယ်လွယ်ကူကူ တတ်မြောက်သွားလိမ့်မယ်"
ဟု စကြဝဠာမှန်ချပ်က ရှင်းပြလိုက်သည်။
ဖန့်ချန် သဘောပေါက်သွားသည်။
သူသည် တာအိုသုံးထောင်ကျင့်စဉ်ပါ ရွှေအမြုတေဖွဲ့စည်းပုံကို ပြောင်းပြန်ကျင့်ကြံရုံဖြင့် ဓားအမြုတေကို ရရှိနိုင်မည်ဖြစ်သည်။
"မှန်လေး ဘယ်သူမဆို နည်းလမ်းကို ပြောင်းပြန်ကျင့်ရင် ဓားအမြုတေ ရနိုင်တာလား"
"အနည်းဆုံးတော့ မင်းလောက် အစွမ်းထက်တဲ့ ဓားကျင့်ကြံခြင်း အခြေခံရှိရမယ် အောက်ပိုင်းနယ်မြေက သာမန်ဓားကျင့်ကြံသူတွေကတော့ အချက်အလက်အချို့ လိုအပ်နေသေးလို့ ဒါကို မလုပ်နိုင်ကြဘူး"
ဟု မှန်ချပ်က ဖြေသည်။
ဖန့်ချန် ခဏစဉ်းစားပြီးနောက
"တကယ်လို့ ငါက ဓားအမြုတေကို ဖွဲ့စည်းလိုက်ရင် နောင်တစ်ချိန်မှာ ငါ့ရဲ့ တာအိုလမ်းစဉ်ကို အဟန့်အတား ဖြစ်စေမလား"
သူသည် သူကျင့်ကြံနေသော ကောင်းကင်ဘုံလှည့်စားခြင်းကျင့်စဉ် ကို မစွန့်လွှတ်လိုပေ။
"ဘာအဟန့်အတားမှ မရှိနိုင်ပါဘူး ဓားကျင့်ကြံခြင်းက လမ်းစဉ်တစ်ခုပဲ သီးသန့်ကျင့်ကြံမှုစနစ် မဟုတ်ဘူး မင်းက တာအိုသုံးထောင်ကျင့်စဉ်ကို အစကတည်းက ကျင့်လာတာဆိုတော့ တာအိုဂိုဏ်းရဲ့ နည်းစနစ်တွေကို သုံးစွဲတဲ့နေရာမှာ ဘာပြဿနာမှ မရှိဘူး"
"တကယ်တော့ တာအိုလမ်းစဉ်က ဓားကျင့်ကြံခြင်းထက် ပိုပြီး ရှေးကျသလို အခြေခံလည်း ပိုနက်ရှိုင်းတယ် တာအိုကို အဓိကထားပြီး ဓားကို အထောက်အကူအဖြစ် သုံးတာက မင်းရဲ့ အစွမ်းကို ပိုပြီး မြင့်မားစေမှာပါ"
စိုးရိမ်မှုများ ကင်းစင်သွားပြီးနောက် ဖန့်ချန်သည် ဓားအမြုတေဖွဲ့စည်းရန်အတွက် ပြောင်းပြန်ကျင့်စဉ် ကို စတင်ကြိုးစားလိုက်သည်။
ယခင်က ကျွမ်းကျင်ခဲ့သော ပထမဆုံးအဆင့်မှာ ယခုအခါ ပြောင်းပြန်လုပ်ရန် အလွန်ပင် ခက်ခဲနေသည်။
မှားယွင်းရန် လွယ်ကူရုံသာမက ဝိညာဉ်စွမ်းအင်များကို သွေးကြောများအတွင်း ပြောင်းပြန်လှည့်ပတ်စေခြင်းက သူ့ကို အပြင်းအထန် နာကျင်စေသည်။
ကံကောင်းသည်မှာ သူ၏ စတုတ္ထအဆင့် ဓားခန္ဓာကိုယ် သည် ဝိညာဉ်သန္ဓေသားအဆင့် နှင့် ညီမျှသဖြင့် ထိုနာကျင်မှုကို သူ ခံနိုင်ရည် ရှိနေခြင်းဖြစ်သည်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ ရှစ်ကြိမ်၊ ကိုးကြိမ်ခန့် ကျရှုံးပြီးနောက် ဖန့်ချန်သည် ပြောင်းပြန်ကျင့်စဉ်၏ ပထမအဆင့်ကို အောင်မြင်သွားသည်။
သူ၏ ဝိညာဉ်ပင်လယ်ထဲရှိ များပြားလှသော ဝိညာဉ်စွမ်းအင်များသည် ကြည်လင်တောက်ပသော ဓားအမြုတေ တစ်ခုအဖြစ် ဖိသိပ်သွားတော့သည်။
ယခုအခါ သူသည် ထိုဓားအမြုတေကို သုံးလခန့် တည်ငြိမ်အောင် ထိန်းထားနိုင်ရုံဖြင့် ရွှေအမြုတေအဆင့် သို့ အပြည့်အဝ ရောက်ရှိတော့မည် ဖြစ်သည်။
ဒုတိယအဆင့်သို့ စတင်ဝင်ရောက်စဉ်မှာပင် တာအိုသုံးထောင်နယ်မြေ၏ ဆယ်နှစ်တာ အချိန်ကန့်သတ်ချက် ပြည့်သွားပြီး ဖန့်ချန်သည် သူ၏ ကျင့်ကြံခြင်း အခန်းထဲသို့ ရုတ်တရက် ပြန်လည်ရောက်ရှိသွားတော့သည်။
ကျင့်ကြံခြင်းအခန်းထဲတွင် အဖြူရောင်စက္ကူရုပ်မှာ ငြိမ်သက်စွာ စောင့်ကြိုနေပြီး အနက်ရောင်စက္ကူရုပ်ကတော့ ခြံဝင်းအဝင်ဝသို့ ရောက်ရှိနေသည်။
အနားတွင် လှည့်ပတ်နေသော လီတောက်ယဲ့မှာ အနက်ရောင်စက္ကူရုပ် ပေါ်လာသည်နှင့် လန့်သွားပြီး ချက်ချင်းပင် လက်အုပ်ချီကာ
"ဆရာကြီးဟေး ဦးလေး ရှိပါလား"
"အရှင်က ကျင့်ကြံမှုရဲ့ အရေးကြီးတဲ့ အဆင့်ကို ရောက်နေလို့ အခုလောလောဆယ် ဘယ်သူ့ကိုမှ မတွေ့နိုင်ဘူး"
ဟု အနက်ရောင်စက္ကူရုပ်က အေးစက်စွာ ပြန်ပြောသည်။
ဖန့်ချန်မှလွဲ၍ ၎င်းသည် မည်သည့်ကျင့်ကြံသူအပေါ်တွင်မှ စိတ်ရှည်ခြင်း၊ သနားခြင်း မရှိပေ။
၎င်းတို့အတွက်မူ ထိုကျင့်ကြံသူများသည် လူသားအရေခြုံထားသော ကျင့်ကြံမှုတိုးတက်စေမည့် ပစ္စည်းများသာ ဖြစ်သည်။
"ဒါဆိုရင်လည်း နောက်မှ ပြန်လာခဲ့ပါ့မယ်"
ဟု လီတောက်ယဲ့က ပြောကာ ထွက်သွားတော့သည်။
ခပ်လှမ်းလှမ်း ရောက်သောအခါ သူသည် ဖန့်ချန်ရှိရာ ဂူဆီသို့ ပြန်ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်
"ဒီ အဖြူအနက် စက္ကူရုပ်တွေက ကိုယ်ပိုင်အသိစိတ် ရှိနေတာ သိသာတယ် ဒါကို တာအိုကျမ်းတွေလို့ပဲ သူတို့က ပြောနေကြတယ် သခင်လေးဖန့်က သူတို့ကို အရေခွံခွာခြင်းအတတ် နဲ့ ဝိညာဉ်စေခိုင်းသူတွေအဖြစ် ချုပ်နှောင်ထားတာလား"
သူသည် မနေ့ကမှ တာအိုကျမ်းအချို့ကို ရွေးချယ်ထားပြီး အထူးသဖြင့် ဝိညာဉ်ပူးကပ်ခြင်းအတတ်ကို စိတ်ဝင်စားနေခြင်းဖြစ်သည်။
ထိုကျင့်စဉ်၏ အနှစ်သာရမှာ ဝိညာဉ်စေခိုင်းသူ များကို ဖန်တီးခြင်းပင်။
"ထားလိုက်ပါတော့လေ ဖန့်ချန်က သူတို့ကို ဝိညာဉ်စေခိုင်းသူတွေအဖြစ် ပြောင်းထားတယ်ဆိုရင်လည်း သူတို့က အစကတည်းက လူကောင်းတွေ ဖြစ်မှာမဟုတ်ဘူး"
လီတောက်ယဲ့သည် အနက်ရောင်စက္ကူရုပ်က သူ့ကို စောင့်ကြည့်နေသည်ကို မသိဘဲ ထွက်သွားတော့သည်။
နှစ်လဆိုသော အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။
ခန်းမဆောင်ကြီးအတွင်း၌ ဖေချင်းဖုန်းသည် ထိပ်ဆုံးနေရာတွင် ထိုင်နေပြီး တောင်ထိပ်အသီးသီးမှ အကြီးအကဲများကို တည်ကြည်သော မျက်နှာထားဖြင့် ကြည့်နေသည်။
"ဘိုးဘေး အခု အပြာရောင်တာအိုနယ်မြေကတော့ ပရမ်းပတာ ဖြစ်နေပါပြီ သာမန်လူတွေတောင် စစ်ပွဲထဲမှာ ပါဝင်နေကြရတယ်"
"ဒီနှစ်လအတွင်းမှာတင် အလယ်ပိုင်းသုံးဆင့် ကျင့်ကြံသူ ၁၀ ယောက်ထက်မနည်း သေဆုံးသွားသလို ဝိညာဉ်သန္ဓေသားအဆင့်နဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေ အများကြီး သေကုန်ကြပြီ"
ဟု ကွမ်အာက စိုးရိမ်တကြီး ပြောလိုက်သည်။
"တခြားတာအိုဂိုဏ်းအချို့က ဒီအခွင့်အရေးကို သုံးပြီး ကျွန်တော်တို့ကို တိုက်ခိုက်လာမှာ ကြောက်ရတယ် ဒီဘေးဒုက္ခကနေ လွတ်အောင် တောင်ပိတ်မဟာကာကွယ်ရေး အစီအရင် ကို အသက်သွင်းသင့်သလား"
"အကြီးအကဲကွမ် ဒီအစီအရင်ကို အသက်သွင်းဖို့ဆိုတာ ပေါ့ပေါ့တန်တန် လုပ်လို့မရဘူး ဝိညာဉ်ကျောက်တုံး အမြောက်အမြား ကုန်ကျမယ့်အပြင် တစ်ခါ အသက်သွင်းလိုက်ရင် နှစ်ပေါင်း တစ်ရာအတွင်း ဘယ်သူမှ အပြင်ထွက်လို့ မရတော့ဘူး"
ဟု အကြီးအကဲရွှီက မျက်မှောင်ကြုတ်ကာ ပြောသည်။
"ဒါကို သေချာ စဉ်းစားရမယ်"
"ဟုတ်တယ် ဟုတ်တယ် အဲဒီအစီအရင်ကို လွယ်လွယ်နဲ့ မသုံးသင့်ဘူး အဲဒါက ကိုယ့်ဘာသာကိုယ် ထောင်ချလိုက်သလို ဖြစ်သွားမှာ"
ဟု လီတောက်ယဲ့က ဝင်ပြောလိုက်သည်။
ဖေချင်းဖုန်းက သူ့ကို တစ်ချက်ကြည့်ကာ သက်ပြင်းခပ်ဖွဖွ ချလိုက်သည်။
ထို့နောက် စာတစ်စောင်ကို ထုတ်ယူကာ အားလုံးကို ကမ်းပေးလိုက်သည်။
အားလုံး စာကို ဖတ်ပြီးသောအခါ မျက်နှာများ ပျက်သွားကြသည်။
၎င်းမှာ ချင်မျိုးနွယ်စု ထံမှ ထုတ်ပြန်သော စစ်မိန့်ဖြစ်ပြီး တာအိုတစ်ထောင်ဂိုဏ်းအနေဖြင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူ ၁ ယောက်၊ အခြေခံတည်ဆောက်ခြင်းအဆင့် ၅ ယောက်နှင့် အဆင့်မြင့်ကျင့်ကြံသူ ၄၀၀ ကို စစ်မြေပြင်သို့ လွှတ်ပေးရန် တောင်းဆိုထားခြင်း ဖြစ်သည်။
"အဆင့်မြင့်ကျင့်ကြံသူ ၄၀၀ ဟုတ်လား တာအိုတစ်ထောင်ဂိုဏ်း တစ်ခုလုံးမှာတင် အတွင်းတပည့်က စုစုပေါင်း ၄၀၀ ကျော်ပဲ ရှိတာလေ"
အကြီးအကဲရွှီက ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဖေချင်းဖုန်းက လေးလေးပင်ပင် သက်ပြင်းချကာ ရှင်းပြလိုက်သည်
"စာထဲမှာတော့ နောက် ၁၀ ရက်အတွင်း မီးလျှံတာအိုဂိုဏ်း ကို ရောက်ရမယ်လို့ ပါတယ်လေ မဟုတ်ရင်တော့ ငါတို့ကို ရန်သူအဖြစ် သတ်မှတ်ပြီး ဂိုဏ်းတစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်ပစ်မယ်တဲ့"