← Chapters

အခန်း (၆၁၃-၆၁၄)

Vol. 62 Ch. 613-614

အခန်း (၆၁၃-၆၁၄)

Vol. 62 Ch. 613-614

အခန်း ၆၁၃ - စစ်မိန့်စာလွှာနှင့် ဂိုဏ်းအတွင်းမှ ဝှက်ဖဲများ

တာအိုတစ်ထောင်ဂိုဏ်း ၏ အဓိက တိုင်ပင်ဆွေးနွေးရာ ခန်းမဆောင်ကြီးအတွင်း၌ လေထုမှာ ခဲနေသည့်အလား လေးလံဆိုင်းထိုင်နေသည်။

ခန်းမအပြင်ဘက်တွင် ငှက်ကလေးများ၏ တေးဆိုသံပင် မကြားရတော့ဘဲ ပတ်ဝန်းကျင်တစ်ခုလုံးမှာ သင်္ချိုင်းကုန်းတစ်ခုကဲ့သို့ တိတ်ဆိတ်ခြောက်ကပ်နေသည်။

အကြီးအကဲရွှီ သည် ဒေါသတကြီးဖြင့် မျက်နှာတစ်ခုလုံး နီမြန်းနေကာ လက်သီးကို တင်းတင်းဆုပ်လျက် ခန်းမဆောင်အတွင်း ဟိုမှဒီမှ ခေါက်တုံ့ခေါက်ပြန် အဆက်မပြတ် လှည့်ပတ်လျှောက်နေသည်။

သူ၏ ခြေသံများမှာ ကျောက်ပြားပေါ်တွင် တဒုန်းဒုန်းနှင့် မြည်ဟည်းနေပြီး သူ၏ ရင်ထဲ၌ ပေါက်ကွဲလုနီးပါး ဖြစ်နေသော ဒေါသနှင့် စိုးရိမ်စိတ်များကို အတိုင်းသား ဖော်ပြနေသည်။

"ချင်မျိုးနွယ်စု ကတော့ တကယ်ကို ရူးသွားပြီပဲ သူတို့က ငါတို့ တာအိုတစ်ထောင်ဂိုဏ်းကို အမြစ်ပြတ် သုတ်သင်ပစ်ဖို့ တမင်သက်သက် ကျိန်စာတိုက်လိုက်တာပဲ"

အကြီးအကဲရွှီက အံကြိတ်ကာ အော်ဟစ်လိုက်သည်။

သူ၏ အသံမှာ ခန်းမအနှံ့ ပဲ့တင်ထပ်သွားပြီး အမိုးပေါ်ရှိ ဖုန်မှုန့်များပင် လွင့်စင်ကျလာသည်။

အခြားအကြီးအကဲများဖြစ်ကြသော ကွမ်းအာ နှင့် အဖွဲ့ဝင်များ၏ မျက်နှာမှာလည်း မှိုင်ညို့လေးလံနေကာ မည်သူမျှ စကားမပြောနိုင်ကြပေ။

ခန်းမအတွင်းရှိ အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူ အဘိုးအိုအချို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ကြေကွဲဝမ်းနည်းစွာဖြင့် သက်ပြင်းခပ်လေးလေး ချလိုက်ကြသည်။

သူတို့သည် ဆံပင်ဖြူဖြူ၊ မုတ်ဆိတ်ဖြူဖြူများနှင့် သူတို့၏ ကျန်ရှိသော သက်တမ်းမှာ မကြာတော့သည်ကို သိကြသော ဂိုဏ်း၏ ဝါရင့်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

နောက်ဆုံးတွင် သူတို့သည် တုန်ရီသော အသံများဖြင့် မတ်တတ်ရပ်ကာ

"ကျွန်တော်တို့ ကျွန်တော်တို့ သွားပါ့မယ်၊ ဘိုးဘေး"

ဟု အရှုံးပေးသည့်လေသံဖြင့် ပြောလိုက်ကြသည်။

ထိုစကားကြောင့် ခန်းမအတွင်းရှိ လေထုမှာ ရုတ်ချည်းပင် ပိုမိုအေးစက်သွားတော့သည်။

ဤအဘိုးအိုများသည် ဂိုဏ်း၏ အနာဂတ် မျိုးဆက်သစ်လူငယ်များကို ကာကွယ်ရန်အတွက် မိမိကိုယ်ကိုယ် စတေးရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။

ထိုကဲ့သို့သော ကျင့်ကြံသူလောက၏ စစ်ပွဲမျိုးတွင် အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် အဆင့်မြင့်ကျင့်ကြံသူ များမှာ သာမန်လူသားများထက်ပင် ပိုမိုအန္တရာယ်များလှသည်။

တိုက်ပွဲတစ်ခု ဖြစ်ပွားတိုင်း ဆယ်ယောက်သွားလျှင် ကိုးယောက်မှာ စစ်မြေပြင်တွင် အသက်ပျောက်ကာ အရိုးတောင် ပြန်မကောက်နိုင်သည်မှာ အစဉ်အလာကဲ့သို့ ဖြစ်နေသည်။

အကြီးအကဲရွှီ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝိုင်းလျက် ဘိုးဘေးဖေချင်းဖုန်း ကို ကြည့်ကာ

"ဘိုးဘေး တခြားနည်းလမ်း လုံးဝ မရှိတော့ဘူးလား ကျွန်တော်တို့လို အသက်ကြီးတဲ့သူတွေ သေရတာက ကိစ္စမရှိပါဘူး ဒါပေမဲ့ အဆင့်မြင့်ကျင့်ကြံသူ ၄၀၀ ဆိုတာ ငါတို့ဂိုဏ်းရဲ့ အသက်သွေးကြော အခြေခံအုတ်မြစ်ကြီးပါပဲ"

"သူတို့ကို ဒီအဆင့်ရောက်အောင် ပျိုးထောင်ဖို့ ဂိုဏ်းကနေ ဝိညာဉ်ကျောက်တုံးတွေ ဆေးဝါးတွေနဲ့ ရတနာတွေ အများကြီး ရင်းနှီးမြှုပ်နှံထားရတာ"

"သူတို့အားလုံးသာ စစ်မြေပြင်မှာ သေကုန်ကြရင် ငါတို့ဂိုဏ်းကြီးဟာ နာမည်ပဲကျန်တော့ပြီး ပြာပုံဘဝ ရောက်သွားပါလိမ့်မယ်"

ဟု ရှိုက်ကြီးတငင် ပြောရှာသည်။

ထိုမြင်ကွင်းကို ဘေးမှကြည့်နေသော လီတောက်ယဲ့ သည် စိတ်ထဲမှ ဝိညာဉ်သွေးဂိုဏ်း ကို အဆက်မပြတ် ကျိန်ဆဲနေမိသည်။

သို့သော် သူကိုယ်တိုင်မှာလည်း အင်အားမရှိသဖြင့် ဘာမှဝင်ရောက် မကူညီနိုင်ဘဲ လက်မှိုင်ချနေရုံသာ ရှိသည်။

"ဦးလေးဖန့် က ချင်မျိုးနွယ်စုဆီ သွားခဲ့သေးတယ်မဟုတ်လား သူ့မှာ အဆက်အသွယ် တစ်ခုခု ရှိကောင်းရှိနိုင်မှာပါ"

ဟု ကွမ်းအာက မျှော်လင့်ချက်အလင်းတန်းလေးဖြင့် တိုးတိုးလေး အကြံပြုသည်။ သို့သော် ဖေချင်းဖုန်းက ခေါင်းကို လေးလေးပင်ပင် ခါယမ်းပြလိုက်ပြီး

"မင်းရဲ့ ဦးလေးဖန့်က အခု ကျင့်ကြံမှု အရေးကြီးတဲ့ အပိုင်းကို ရောက်နေတာဆိုတော့ သူ့ကို ဘယ်လိုနည်းနဲ့မှ ဆက်သွယ်လို့ မရဘူး"

ဟု ရှင်းပြသည်။

"ဒါဆိုရင် ကျွန်တော် ချင်မျိုးနွယ်စုရဲ့ သခင်မကြီး ချူလန် နဲ့ အနည်းငယ် သိကျွမ်းပါတယ် ကျွန်တော်သွားပြီး အခြေအနေကို စုံစမ်းကြည့်ပေးရမလား"

ဟု လီတောက်ယဲ့က ကမ်းလှမ်းလာသည်။

သို့သော်လည်း ဖေချင်းဖုန်းက ငြင်းပယ်လိုက်ပြန်သည်။

"အချိန်မရှိတော့ဘူး လီတောက်ယဲ့ အသွားအပြန်ဆိုရင် အနည်းဆုံး တစ်လကြာလိမ့်မယ် ချင်မျိုးနွယ်စုရဲ့ စစ်မိန့်က ၁၀ ရက်ပဲ အချိန်ပေးထားတာ ငါတို့ ဒီနေ့ပဲ ထွက်ခွာကြရမယ်"

ခန်းမတစ်ခုလုံးသည် သင်္ချိုင်းကုန်းတစ်ခုကဲ့သို့ တိတ်ဆိတ်ခြောက်ကပ်သွားတော့သည်။ ဖေချင်းဖုန်းက အားလုံးကိုကြည့်ကာ

"ဒါက လုံးဝ လမ်းပိတ်သွားတာတော့ မဟုတ်ပါဘူး စစ်ပွဲက မြန်မြန်ပြီးသွားမယ်ဆိုရင် ငါတို့လူတွေကို အတတ်နိုင်ဆုံး ကယ်ထုတ်နိုင်ပြီး ဂိုဏ်းရဲ့ အခြေခံကို ထိန်းသိမ်းနိုင်ပါလိမ့်မယ်"

ဟု အားပေးစကား ဆိုလိုက်သည်။

နောက်ဆုံးတွင် ဖေချင်းဖုန်းသည် အကြီးအကဲရွှီ၊ အကြီးအကဲဟွမ် နှင့် သက်တမ်းကုန်ခါနီး ကျင့်ကြံသူ အဘိုးအို သုံးဦးအပါအဝင် အခြေခံတည်ဆောက်ခြင်းအဆင့် ၅ ဦးကို ရွေးချယ်လိုက်သည်။

အကြီးအကဲဟွမ်မှာ မျက်နှာတစ်ခုလုံး ဖြူလျော်ကာ တုန်လှုပ်ချောက်ချားနေသဖြင့်

"ဘိုးဘေး... ကျွန်တော်... ကျွန်တော် မသွားလို့ မရဘူးလား ကျွန်တော့်ရဲ့ ကျင့်ကြံမှုကလည်း နိမ့်ပါးလွန်းလို့ ဘာမှ အကူအညီဖြစ်မှာ မဟုတ်ပါဘူး..."

ဟု တောင်းပန်တိုးလျှိုးနေတော့သည်။

အကြီးအကဲရွှီက ထိုလူ့ကို ဒေါသတကြီး ဆူပူကြိမ်းမောင်းရန် ပြင်လိုက်စဉ်မှာပင် လီတောက်ယဲ့က ကြားဖြတ်ကာ ရှေ့သို့ တက်လာသည်။

"ဆရာ ကျွန်တော်ပဲ အကြီးအကဲဟွမ်ရဲ့ ကိုယ်စား စစ်မြေပြင်ကို သွားပါ့မယ် အခြေခံတည်ဆောက်ခြင်းအဆင့် တက်ပြီးကတည်းက ကျွန်တော် တိုက်ပွဲအတွေ့အကြုံ မရှိသေးဘူး ဒါက အတွေ့အကြုံယူဖို့ အခွင့်အရေးကောင်းပဲ"

ဟု ပြတ်သားစွာ ပြောလိုက်သည်။

ခန်းမအတွင်းရှိ လူအားလုံး လီတောက်ယဲ့ကို အံ့ဩတကြီး ကြည့်လိုက်ကြသည်။

အမြဲတမ်း ပေါ့ပေါ့နေ ပေါ့ပေါ့စား၊ အလုပ်ရှောင်တတ်သည့် ဤလူက ယခုကဲ့သို့ သေခြင်းရှင်ခြင်း အဆုံးအဖြတ်ပေးမည့် တာဝန်ကို မိမိသဘောဖြင့် ကမ်းလှမ်းလာလိမ့်မည်ဟု မည်သူမျှ မထင်ထားကြပေ။ လီတောက်ယဲ့က ဆက်လက်၍

"ကျွန်တော်က ဗေဒင်ပညာ ကျွမ်းကျင်တော့ ဘယ်လို အန္တရာယ်ကို ရှောင်ရမယ်ဆိုတာ သိတယ်ကျွန်တော်ဦးဆောင်ရင် ဂိုဏ်းသားတွေ အသက်ရှင်ဖို့ အခွင့်အလမ်း ပိုများလိမ့်မယ်"

" ဦးလေးဖန့် က ကျင့်ကြံနေတာဆိုတော့ သူ့ကိုယ်စား ကျွန်တော် တာဝန်ယူတာက မှန်ကန်တဲ့အလုပ်ပါ"

ဟု ဆိုကာ အားလုံးကို စိတ်ချစေခဲ့သည်။

တစ်နာရီခန့်အကြာတွင် အားလုံး အသင့်ပြင်ဆင်ပြီး စစ်မြေပြင်သို့ ထွက်ခွာသွားကြတော့သည်။

အကြီးအကဲဟွမ်မှာ လီတောက်ယဲ့ကို အလွန်ကျေးဇူးတင်သဖြင့် ဝိညာဉ်ကျောက်တုံးများနှင့် တန်ဖိုးရှိသော ရတနာအချို့ကို လက်ဆောင်ပေးခဲ့သည်။

ဂိုဏ်းသား ၄၀၀ ကျော် ထွက်ခွာသွားပြီးနောက် တာအိုတစ်ထောင်ဂိုဏ်းမှာ လူသူကင်းမဲ့ကာ ပိုမိုခြောက်ကပ် သိမ်ငယ်သွားတော့သည်။

ရက်အနည်းငယ်အကြာတွင် အကြီးအကဲဟွမ်သည် ဖန့်ချန်၏ ဂူဆီသို့ ပျံသန်းလာသော်လည်း အနက်ရောင်စက္ကူရုပ် က အေးစက်စွာ တားဆီးလိုက်သည်။

အကြီးအကဲဟွမ်က ဖန့်ချန်ကို စစ်ပွဲသတင်းပို့ချင်ကြောင်း ပြောသော်လည်း စက္ကူရုပ်က ဖန့်ချန်မှာ ကျင့်ကြံမှု အရေးကြီးသည့်အဆင့်သို့ ရောက်နေသဖြင့် မည်သူမျှ နှောင့်ယှက်၍မရကြောင်း ပြတ်သားစွာ ပြောလိုက်သည်။

သို့သော် အကြီးအကဲဟွမ်မှာ သစ္စာဖောက်တစ်ဦးသာ ဖြစ်သည်။

သူသည် သူ၏ ဂူသို့ ပြန်ရောက်သောအခါ အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသားတစ်ဦးကို

"ဆရာ ဖန့်ချန်က ကျင့်ကြံနေတာ အမှန်ပါပဲ စက္ကူရုပ်နှစ်ရုပ်က သူ့ကို အနားမခွာ စောင့်နေကြတယ်"

ဟု သတင်းပို့လိုက်သည်။

ထိုလူမှာ သိမြင်ခြင်းအဆင့် ရှိသော အစွမ်းထက်သူဖြစ်ပြီး သူတို့နှစ်ဦးသည် ဖန့်ချန်၏ ဂူထဲသို့ အတင်းအဓမ္မ ဝင်ရောက်စီးနင်းကာ ဖန့်ချန်ထံမှ တာအိုကျမ်းများကို လုယူရန် ပြင်ဆင်လိုက်ကြသည်။

"မင်းပြောတဲ့ စက္ကူရုပ်နှစ်ရုပ်က ဝိညာဉ်ပူးကပ်ခြင်းအတတ် နဲ့ လုပ်ထားတာလား"

ဟု အစိမ်းရောင်ဝတ်စုံဝတ်လူက မေးသည်။ အကြီးအကဲဟွမ်ကလည်း

"သေချာတော့ မသိပေမဲ့ ဝိညာဉ်တာအိုဂိုဏ်းမှာလည်း ဒီလိုနည်းလမ်းတွေ ရှိပါတယ် ဒါက ဟုန်ချင်းရဲ့ တပည့်ဆိုတာ သေချာနေပြီ သူ့ဆီမှာ တခြား ဘာတာအိုကျမ်းတွေ ကျန်သေးလဲဆိုတာ ငါ သိချင်နေပြီ"

ဟု ဖြေသည်။

"စိတ်မပူနဲ့ ဟုန်ချင်း က အခု မဟာချဲ့ထွင်းဂိုဏ်း မှာဆိုတော့ သူ့ကို ရှာဖို့ ခက်ပေမဲ့ သူ့တပည့် ဒီကို ရောက်နေတာက ငါတို့အတွက် အခွင့်အရေးပဲ"

" ဒီကိစ္စကို ကောင်းကောင်းကိုင်တွယ်နိုင်ရင် ငါလည်း နယ်စား အဆင့်ကို တက်နိုင်ပြီး မင်းလည်း ဘုရင်ခံနန်းတော် မှာ တာဝန်ထမ်းဆောင်နိုင်လိမ့်မယ်"

ဟု အစိမ်းရောင်ဝတ်စုံဝတ်လူက မက်လုံးပေးလိုက်သည်။

မကြာမီမှာပင် သူတို့သည် ဖန့်ချန်၏ ဂူထဲသို့ အတင်းဝင်သွားကြသည်။

အထဲသို့ ရောက်သောအခါ အနက်ရောင်စက္ကူရုပ်က ကျောက်ခုံပေါ်တွင် တည်ငြိမ်စွာ ထိုင်နေပြီး

"မင်းတို့ ရောက်လာပြီလား"

ဟု သူတို့လာမည်ကို ကြိုသိနေသည့်အလား အေးစက်စက် အကြည့်ဖြင့် နှုတ်ဆက်လိုက်တော့သည်။

အစိမ်းရောင်ဝတ်စုံဝတ်လူမှာ အနက်ရောင်စက္ကူရုပ်ထံမှ ထူးဆန်းသော ဖိအားတစ်ခုကို ခံစားနေရသော်လည်း သူ၏ အစွမ်းကို ယုံကြည်သဖြင့် ရဲရဲဝံ့ဝံ့ပင် ရှေ့သို့ တိုးလာခဲ့သည်။

အခန်း ၆၁၄ - သုံးလတာကာလနှင့် မသေမျိုးဘုရင်၏ အရှိန်အဝါ

ဖန့်ချန်၏ ကျင့်ကြံရာ ဂူအတွင်းရှိ ဧည့်ခန်းဆောင်လေးမှာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေသော်လည်း တင်းမာမှု အရှိန်အဝါများကတော့ အထူးပင် မြင့်တက်နေသည်။

အနက်ရောင်စက္ကူရုပ်သည် ကျောက်ခုံပေါ်တွင် တည်ငြိမ်စွာ ထိုင်နေရင်းမှ ရှေ့တွင် ရှိနေသော အကြီးအကဲဟွမ်ကို အေးစက်စက် တစ်ချက်ဝေ့ကြည့်ကာ ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။

"ဒီလူက တော်တော်လေးကို ကောက်ကျစ်စဉ်းလဲတာပဲ သူ့မျက်နှာကို တစ်ချက်ကြည့်လိုက်တာနဲ့တင် မရိုးသားဘဲ တစ်ခုခုကို ကြံစည်နေတယ်ဆိုတာ ငါ သိသာနေတယ်"

ထိုစကားကြောင့် အကြီးအကဲဟွမ်မှာ မျက်နှာတစ်ခုလုံး နီမြန်းကာ ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။

သူသည် တာအိုတစ်ထောင်ဂိုဏ်းအတွင်း၌ နှစ်ပေါင်းများစွာ ဟန်ဆောင်ကောင်းခဲ့သော်လည်း ယခုအခါ စက္ကူရုပ်၏ ထိုးထွင်းသိမြင်နိုင်စွမ်းရှေ့တွင် သူ၏ လှည့်ဖြားမှုများမှာ အထင်အရှား ပေါ်လွင်နေခဲ့သည်။

သူသည် ပုန်းလျှိုးကွယ်လျှိုး လုပ်ရာတွင် ကျွမ်းကျင်သည်ဟု ထင်ထားသော်လည်း ယခုတော့ သူ၏ခြေလှမ်းများမှာ ပေါ်လွင်လွန်းနေခဲ့ပုံရသည်။

"မင်းက ဟုန်ချင်း ချန်ထားခဲ့တဲ့ ဝိညာဉ်စေခိုင်းသူ တစ်ဦး ဖြစ်ရမယ် ငါ မေးပါရစေ မင်းလို အစွမ်းထက်တဲ့ ဝိညာဉ်မျိုးက ဒီလိုမျိုးဆက်သစ် ကလေးတစ်ယောက်ရဲ့ လက်အောက်မှာ တကယ်ပဲ အလုပ်အကျွေး ပြုချင်နေတာလား"

အစိမ်းရောင်ဝတ်စုံဝတ် အလယ်အလတ်အရွယ် အမျိုးသားက အသာအယာ ပြုံးရင်း မေးလိုက်သည်။

သူ၏ အပြုံးနောက်ကွယ်တွင် မောက်မာမှုနှင့် မထီမဲ့မြင်ပြုမှုများ ကိန်းအောင်းနေသည်။

"ငါ့ဆီမှာ လာအမှုထမ်းပါလား ငါနဲ့ လက်တွဲတာက ပိုပြီး တောက်ပတဲ့ အနာဂတ်ဆီကို သွားမယ့် လမ်းပဲ"

"မင်းဆီမှာလား"

အနက်ရောင်စက္ကူရုပ်က တောင့်တင်းသော အပြုံးတစ်ခုဖြင့် တုံ့ပြန်လိုက်သည်။

"ဒါဆိုရင် မင်းက ဘယ်သူလဲဆိုတာ ငါ မေးလို့ရမလား မင်းနဲ့ လက်တွဲလိုက်ရင် ဘယ်လိုမျိုး ကြီးကျယ်တဲ့ အနာဂတ်တွေ ရလာမှာမို့လို့လဲ"

ထိုလူက ကောင်းကင်ယံသို့ လက်ညှိုးထိုးပြကာ ဝင့်ကြွားစွာ ပြောလိုက်သည်။

"မင်း အများကြီး သိဖို့မလိုပါဘူး ငါ့နောက်ကွယ်မှာ ဘယ်လောက်အထိ တန်ခိုးအာဏာကြီးမားတဲ့ လူတွေရှိတယ်ဆိုတာ သိထားရင် ရပြီ"

အနက်ရောင်စက္ကူရုပ်က အံ့ဩသွားဟန်ဖြင့်

"မင်းနောက်မှာ ကောင်းကင်တာအို ရှိနေတာလား"

ဟု လှောင်ပြောင်သလို မေးလိုက်သည်။

အလယ်အလတ်အရွယ် အမျိုးသားမှာ မျက်မှောင်ကြုတ်သွားပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

"စကားမများနဲ့တော့ ဟိုဘက်က စက္ကူရုပ်ကိုပါ ထွက်လာခိုင်းလိုက် ပြီးတော့ မင်းရဲ့ သခင်ကိုလည်း ခေါ်လိုက်ဦး၊ ငါ မေးစရာရှိတယ် ငါက အကြမ်းမဖက်ခင် အနုနည်းနဲ့ အရင်ဖြေရှင်းချင်တာ ငါ့ကို စိတ်ပျက်အောင် မလုပ်မိပါစေနဲ့"

"ဘာလို့ သူတို့ကို အခုထိ မရှင်းသေးတာလဲ အရှင်ကက ရွှေအမြုတေ ဖွဲ့စည်းဖို့ အနားကို ရောက်နေပြီဘာအမှားအယွင်းမှ အဖြစ်မခံနိုင်ဘူး"

ရုတ်တရက် အဖြူရောင်စက္ကူရုပ်သည် ထိုလူ၏ နောက်ကျောဘက်တွင် မည်သူမျှ သတိမထားမိဘဲ ပုန်းလျှိုးကာ ပေါ်လာသည်။

သူသည် အနက်ရောင်စက္ကူရုပ်ကို မကျေမနပ် ကြည့်ကာ ပြောလိုက်ခြင်း ဖြစ်သည်။

အစိမ်းရောင်ဝတ်စုံဝတ်လူမှာ အလွန်ပင် ထိတ်လန့်သွားသည်။

အဖြူရောင်စက္ကူရုပ် မည်သည့်အချိန်တွင် သူ့နောက်သို့ ရောက်လာသည်ကို သူ လုံးဝ သတိမထားမိလိုက်ပေ။

၎င်း၏ အလျင်နှုန်းမှာ လေအဟုန်ထက်ပင် ပိုမိုမြန်ဆန်လှပြီး သွေးပျက်စရာ ကောင်းလှသည်။

"ဆရာ စီနီယာအဖြူနဲ့ အနက်က သိချင်နေမှတော့ ဆရာ့ရဲ့ နောက်ခံကို ပြောပြလိုက်တာက ပိုကောင်းပါလိမ့်မယ်"

ဟု အကြီးအကဲဟွမ်က တိုးတိုးလေး ဝင်ပြောသည်။

အစိမ်းရောင်ဝတ်စုံဝတ်လူက ရင်ဘတ်ကို မတ်ကာ စက္ကူရုပ်နှစ်ရုပ်ကို ကြည့်ပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။

"ငါက ကိုးဆက်မြောက် ဘုရင် အတွက် အလုပ်လုပ်နေတာ"

သူ ယုံကြည်သည်မှာ ထိုစကားသည် စက္ကူရုပ်နှစ်ရုပ်အတွက် တုန်လှုပ်စရာ ဖြစ်လိမ့်မည်ဟူ၍ ဖြစ်သည်။

ကိုးဆက်မြောက် ဘုရင်ဆိုသည်မှာ မသေမျိုးဘုရင် အဆင့်ရှိ အစွမ်းထက်သူဖြစ်ပြီး ဧကရာဇ်စာရင်း တွင် ပါဝင်သူဖြစ်သည်။

မသေမျိုး များပင် သူ့ကို ရိုသေရသဖြင့် ဝိညာဉ်စေခိုင်းသူ သက်သက်မှာတော့ ဘာမှ ပြောစရာ မလိုတော့ပေ။

"ကိုးဆက်မြောက် ဘုရင် တစ်ခါမှ မကြားဖူးပါဘူး"

စက္ကူရုပ်နှစ်ရုပ်က အေးအေးဆေးဆေးပင် ခေါင်းခါပြလိုက်ကြသည်။

ထိုလူမှာ ဒေါသချောင်းချောင်း ထွက်သွားတော့သည်။

"ကိုးဆကာမြောက် ဘုရင်အကြောင်းကို မင်းတို့ မကြားဖူးဘူး ဟုတ်လား"

ဤသို့ မလေးမစား လုပ်ခြင်းမှာ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် သတ်ပစ်နိုင်သည့် အပြစ်မျိုး ဖြစ်သည်။

သူ၏ အရှိန်အဝါများမှာ ရှေးဟောင်းသားရဲကြီးတစ်ကောင်ကဲ့သို့ ထွက်ပေါ်လာပြီး စက္ကူရုပ်နှစ်ရုပ်ကို ကိုက်ဖြတ်ရန် ပြင်လိုက်သည်။

ဗြုန်းခနဲ... ဝှစ်... ဝှစ်

ချက်ချင်းဆိုသလိုပင် ထိုလူ၏ ကိုယ်ပေါ်တွင် သွေးစိုနေသော အပေါက်ကြီး နှစ်ပေါက် ပေါ်လာသည်။

သူ၏ နှလုံး နှင့် ကျောက်ကပ် ကို စက္ကူရုပ်နှစ်ရုပ်က စက္ကန့်ပိုင်းအတွင်းမှာပင် ဖောက်ထုတ်ယူလိုက်ကြခြင်း ဖြစ်သည်။

သူ၏ အရှိန်အဝါများမှာ ပေါ်လာသည်ထက် ပိုမိုမြန်ဆန်စွာပင် ပြန်လည်ပျောက်ကွယ်သွားတော့သည်။

သူသည် ဘာမှပင် မတုံ့ပြန်နိုင်မီမှာပင် ကိုယ်တွင်းအင်္ဂါအချို့ကို ဖောက်ထုတ်ခြင်း ခံလိုက်ရသည်။

"သူ့ကို အခုထိ မသတ်နဲ့ဦး အရှင် မေးမြန်းဖို့အတွက် အရှင်ဖမ်းထားရမယ် သူတို့က တာအိုတစ်ထောင်ဂိုဏ်းထဲ ခိုးဝင်ပြီး တာအိုသုံးထောင်ဂိုဏ်း ကို ရည်ရွယ်နေတာ ဖြစ်ရမယ်"

ဟု အဖြူရောင်စက္ကူရုပ်က ပြောသည်။

အနက်ရောင်စက္ကူရုပ်က ခေါင်းညိတ်ကာ အနက်ရောင် စက္ကူသံကြိုးများကို ထုတ်လွှတ်ပြီး ထိုလူကို တင်းကြပ်စွာ ချည်နှောင်လိုက်သည်။

ချက်ချင်းပင် ထိုလူ၏ ကျင့်ကြံမှုစွမ်းအားများမှာ ပျောက်ကွယ်သွားပြီး သာမန်လူသားတစ်ယောက်ကဲ့သို့ ဖြစ်သွားတော့သည်။

သူသည် ရုန်းကန်ရန် ခွန်အားပင် မရှိတော့ပေ။

အကြီးအကဲဟွမ်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း မျက်နှာတစ်ခုလုံး သွေးမရှိတော့သလို ဖြူလျော်သွားကာ ဒူးထောက်ကျသွားတော့သည်။

"စီနီယာတို့ခင်ဗျာ ကျွန်တော့်ကို အသက်ချမ်းသာပေးပါ"

"နံရံဘက်ကို မျက်နှာမူပြီး ဒူးထောက်စမ်း"

စက္ကူရုပ်များ၏ အမိန့်ကြောင့် အကြီးအကဲဟွမ်မှာ နံရံဘက်သို့ မျက်နှာမူကာ ကြောက်ရွံ့စွာဖြင့် ဒူးထောက်နေရတော့သည်။

သူသည် ဖန့်ချန်၏ ကျင့်ကြံမှု ပြီးဆုံးသည်အထိ အသက်ရှင်ခွင့် ရရန်သာ ဆုတောင်းနေရရှာသည်။

ကျင့်ကြံခြင်း အခန်းထဲတွင်မူ ဖန့်ချန်မှာ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ပြတ်လျက် သူ၏ ဝိညာဉ်ပင်လယ် ထဲရှိ ဓားအမြုတေ ကို အစွမ်းကုန် အာရုံစိုက်နေသည်။

သူ သတိမထားမိခင်မှာပင် ဓားအမြုတေကို တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သည်မှာ နှစ်လနှင့် ရက်ပေါင်း ၂၀ ကျော်သွားခဲ့ပြီ ဖြစ်သည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး...

နှစ်လနှင့် ၂၅ ရက်...

နှစ်လနှင့် ၂၈ ရက်...

သုံးလ တင်းတင်း ပြည့်သွားသည့်အချိန်

တည်ငြိမ်အောင် ထိန်းထားရသည့် အဆင့်မှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ပြောင်းပြန်ကျင့်စဉ် မှာ အမှန်တကယ်ပင် ထိရောက်လှသည်။

ယခင်က တာအိုသုံးထောင်နယ်မြေတွင် ထိုအဆင့်ရောက်တိုင်း ဓားအမြုတေမှာ ပြိုကွဲပျက်စီးသွားခဲ့သော်လည်း ယခုမူ တည်ငြိမ်နေခဲ့ပြီ။

ရုတ်တရက် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များမှာ ရူးသွပ်စွာ လှုပ်ရှားလာတော့သည်။

၎င်းတို့သည် နဂါးတစ်ကောင် ရေသောက်သကဲ့သို့ ဂူအတွင်းသို့ တဟုန်ထိုး စီးဝင်လာပြီး ဖန့်ချန်၏ ဓားအမြုတေ အတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရတော့သည်။

ဖန့်ချန်သည် ရွှေအမြုတေအဆင့်သို့ တရားဝင် ခြေချနိုင်ခဲ့ပြီ ဖြစ်သည်။

All Chapters