အခန်း (၆၂၃-၆၂၄)
Vol. 63 Ch. 623-624
အခန်း ၆၂၃ - ငါတို့ဂိုဏ်းကို သူစိမ်းတွေ စော်ကားတာကို မင်းတို့က ခွင့်ပြုထားမှာလား
ထွားကျိုင်းသော ကျင့်ကြံသူမှာ ဝိညာဉ်ပင် လွင့်ထွက်မတတ် ထိတ်လန့်သွားပြီး လူအုပ်ထဲမှ အတင်းပြေးထွက်လာသည်။
သူသည် ဖန့်ချန်၏ ရှေ့တွင် ဒူးထောက်ကာ အကြိမ်ကြိမ် ဦးတိုက်လျက် အသည်းအသန် ရှင်းပြတော့သည်
"ကျွန်တော် ဦးလေးမြောင်နဲ့ ဘာမှမပတ်သက်ပါဘူး စီနီယာ ကျေးဇူးပြုပြီး သေချာ စုံစမ်းပေးပါ"
ဖန့်ချန်က ခေါင်းညိတ်လိုက်သည်
"ပြစ်မှုကျူးလွန်သူကို ကူညီတဲ့သူဟာလည်း ပြစ်မှုကျူးလွန်သူနဲ့ အတူတူပဲ"
ထွားကျိုင်းသော ကျင့်ကြံသူ၏ မျက်နှာမှာ ပြာနှမ်းသွားတော့သည်။
ဘေးနားရှိ ကျင့်ကြံသူအများအပြားမှာလည်း အပြစ်ရှိသကဲ့သို့ ခံစားရသဖြင့် မျက်နှာလွှဲလိုက်ကြသည်။
"မင်း ငြင်းနေစရာ မလိုပါဘူး မင်း ငါတို့ဂိုဏ်းကို တောက်လျှောက် ဒုက္ခပေးနေတာပဲ ကြည့်ရတာ ဦးလေးမြောင်က မင်းကို လာဘ်ထိုးထားတာ ထင်တယ်"
အကြီးအကဲရွှီက ဓားရှည်ကို ကိုင်ကာ အနားသို့ တိုးလာရင်း ပြောလိုက်သည်။
ကျင့်ကြံသူ၏ မျက်ဝန်းထဲတွင် ရုတ်တရက် ရက်စက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်
"တောက်... ငါသေရမယ်ဆိုရင်တောင် မင်းတို့ထဲက တစ်ယောက်ကိုတော့ အဖော်ခေါ်သွားမယ်"
ဆာလောင်နေသော ကျားတစ်ကောင် သားကောင်ကို ခုန်အုပ်သကဲ့သို့ သူသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ထုတ်ဖော်ကာ အကြီးအကဲရွှီထံသို့ ခုန်ဝင်လိုက်သည်။
အကြီးအကဲရွှီမှာ သတိမထားမိလိုက်ဘဲ သူ၏ လက်ထဲမှ ဓားရှည်မှာလည်း ထိုသူ၏ လုယူခြင်းကို ခံလိုက်ရသည်။
သို့သော် ထိုကျင့်ကြံသူက ဓားဖြင့် ပြန်လည်မတိုက်ခိုက်နိုင်မီမှာပင် ဓားမှာ ကိုယ်ပိုင်အသိစိတ် ရှိနေသကဲ့သို့ သူ၏ ရင်ဘတ်ကို တည့်တည့် ထိုးဖောက်သွားတော့သည်။
သူ၏ သက်စောင့်အားများ လျင်မြန်စွာ ဆုတ်ယုတ်သွားသည်။
ဗြုန်း ကနဲ အသံနှင့်အတူ သူသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး ဓားရှည်မှာလည်း ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
ထိုဓားမှာ ဖန့်ချန်၏ သတ္တုဓာတ်စွမ်းအားဖြင့် ဖန်တီးထားသော အရာဖြစ်သည်ကို သူ မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။
"အကြီးအကဲရွှီ ဘယ်လိုလူနဲ့ပဲ ရင်ဆိုင်ရပါစေ သူတို့ လက်နက်ချနေရင်တောင်မှ သတိကို လုံးဝ မလွှတ်ပါနဲ့"
ဖန့်ချန်က ခပ်တိုးတိုး ပြောလိုက်သည်။
အကြီးအကဲရွှီမှာ မျက်နှာဖြူလျော်သွားပြီး ခေါင်းကို အမြန်ညိတ်လိုက်သည်
"ကျွန်တော် တကယ်ပဲ ပေါ့ဆသွားမိပါတယ်"
"မျိုးရိုးလီ မင်း ပြောမှာလား မပြောဘူးလား ငါတို့ရဲ့ ခြုံခိုတိုက်ခိုက်မှု အန္တရာယ်ရှိတာကို မင်းက ဘယ်လိုလုပ် သိတာလဲ လန်ယာ မျိုးနွယ်က ဘယ်လိုလုပ်ပြီး သတင်းကို ကြိုရသွားတာလဲ"
"မင်းက သူလျှိုမဟုတ်ဘူးလို့ ပြောနေတာကို ဘယ်သူက ယုံမှာလဲ မင်းသာ အစကတည်းက ကောင်းကောင်း ဝန်ခံခဲ့ရင် ဒီလို အပြစ်ပေးတာမျိုး ခံရမှာ မဟုတ်ဘူး"
မီးလျှံတာအိုဂိုဏ်း၏ သီးသန့်ဝင်းတစ်ခုအတွင်း၌ လီတောက်ယဲ့ သည် ကိုယ်လုံးတီးဖြင့် ကျောက်တိုင်တစ်ခုတွင် ချည်နှောင်ခံထားရသည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။
သူ၏ ရှေ့တွင် ခက်ထန်သော မျက်နှာထားရှိသည့် လူငယ်တစ်ဦးက ဝိညာဉ်စွမ်းအားများ ကိန်းဝပ်နေသော ကြာပွတ်တစ်ခုကို ကိုင်ကာ ရပ်နေသည်။
၎င်းမှာ သာမန်ကြာပွတ် မဟုတ်ကြောင်း သိသာလှသည်။
အနီးအနားတွင် မီးလျှံတာအိုဂိုဏ်းမှ တပည့်လူငယ်များစွာမှာ ပြုံးစိစိဖြင့် ကြည့်နေကြပြီး လီတောက်ယဲ့ကို လက်ညိုးထိုးကာ တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသည်။
လီတောက်ယဲ့က မယုံကြည်နိုင်ဟန်ဖြင့် မျက်လုံးပြူးကာ ကြည့်နေသည်
"ငါ ပြောပြီးပြီ မဟုတ်လား မင်းက အ နေတာလား ငါက ဗေဒင်ပညာ သုံးနိုင်တယ်လို့ ပြောနေတယ်လေ မင်းရဲ့ ခရီးစဉ်က အန္တရာယ်ရှိနိုင်တယ်လို့ ငါ ဟောခဲ့တာပဲ ဒါပေမဲ့ မင်းက ငါ့စကားကို နားမထောင်ဘဲ ဇွတ်သွားလို့ တခြားလူတွေ ဒုက္ခရောက်ရရုံတင်မက ငါ့ဆရာပါ ဒုက္ခရောက်ရတာ"
ဒီလောက်အထိ ထုံအတဲ့လူ လောကမှာ ရှိနိုင်ပါဦးမလား
တစ်ဦးက လှောင်ပြောင်လိုက်သည်
"ဘာတွေ လာပြောနေတာလဲ မင်းက အခြေခံတည်ဆောက်ခြင်းအဆင့် ပဲ ရှိတာ ရွှေအမြုတေအဆင့် ကိစ္စတွေကို မင်းက ဘယ်လိုလုပ် ကြိုမြင်နိုင်မှာလဲ ငါတို့ထဲမှာ သူလျှိုသာ မရှိရင် ဂိုဏ်းသခင်လေးရဲ့ တာဝန်က လုံးဝ အောင်မြင်မှာပဲ"
" မင်းရဲ့ဆရာအပြင် သူက တခြား ရွှေအမြုတေအဆင့် တစ်ယောက်ကိုပါ ခေါ်သွားတာလေ အဆင့်တက်ခါစ ရွှေအမြုတေအဆင့် တစ်ယောက်ကို နှိမ်နင်းဖို့က ဘာခက်လို့လဲ"
"ဟုတ်တယ်... ဗေဒင်ပညာဆိုတာ လူပြိန်းတွေကို လှည့်စားတဲ့ အတတ်ပဲ ငါတို့ ကျင့်ကြံသူတွေက ဒီလို လိမ်ညာမှုတွေကို အယုံအကြည် မရှိဘူး"
"ဂိုဏ်းသခင်လေး ကျွန်တော့်အထင်တော့ သူ့ကိုရော ကျန်တဲ့ တာအိုတစ်ထောင်ဂိုဏ်းသားတွေကိုပါ အပြတ်ရှင်းလိုက်တာ ပိုကောင်းမယ် သူတို့ကို ဆက်ထားရင် ငါတို့အတွက် ခြိမ်းခြောက်မှုပဲ ဖြစ်လိမ့်မယ်"
"အားလုံးကို သတ်ပစ်ဖို့လား အဲ့ဒါတော့ မဖြစ်သေးဘူး သူတို့ကို သုံးစရာ အကြောင်းရှိသေးတယ် အထက်လူကြီးတွေက သူတို့ကို စောင့်ကြည့်နေကြတာ"
"အခု ချင်မိသားစုနဲ့ လန်ယာမျိုးနွယ်ကြားက စစ်ပွဲသာ မရှိရင် သူတို့ကို ဒီလောက်အထိ ထိန်းထားဖို့ ခက်လိမ့်မယ်"
ဟု လူငယ်က ခေါင်းခါကာ ပြောလိုက်သည်။
"အဲ့ဒီလိုဆိုရင် မင်း ဘာလို့ ငါ့ကို ဖမ်းထားသေးတာလဲ ငါ့ကို လွှတ်ပေးပြီး ကုသရေးဆေးလုံး အချို့ ပေးစမ်းပါ"
လီတောက်ယဲ့က တောင်းဆိုလိုက်သည်။
"လွှတ်ပေးရမှာလား မင်းကြောင့် ငါ့ရဲ့ တာဝန် ပျက်စီးခဲ့တာ လန်ယာမျိုးနွယ်က အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ငါ ဖမ်းမိခါနီးမှပဲ ငါသာ အောင်မြင်ခဲ့ရင် ငါတို့ဂိုဏ်းက ဘယ်လောက်အထိ ဆုလာဘ်တွေ ရလိမ့်မလဲ မင်း သိလား"
လူငယ်က လှောင်ပြောင်လိုက်သည်
"မင်းတို့ဂိုဏ်းကို ငါတို့ ဆက်ထားပေးရမယ်ဆိုပေမဲ့ မင်းကို အပြစ်မပေးရဲဘူးလို့ မဆိုလိုဘူး မင်းက ဗေဒင်ပညာ တတ်တယ်ဆိုရင် အခု မင်းကို ငါ သတ်မလား မသတ်ဘူးလားဆိုတာ ဟောကြည့်စမ်းပါဦး မင်း မှန်ရင် အသက်ရှင်မယ် မှားရင်တော့... မင်း သေရမယ်"
လီတောက်ယဲ့၏ မျက်နှာမှာ ပျက်ယွင်းသွားသည်
"မင်း တကယ် ပြောနေတာလား"
"ဟား... ဟား... ဟား..."
ရယ်သံများ ထွက်ပေါ်လာသည်။ သူတို့က လီတောက်ယဲ့ကို လူအတစ်ယောက်လို ကြည့်နေကြသည်။
လူငယ်က လေးနက်ဟန်ဖြင့် ခေါင်းညိတ်ပြသည်
"တကယ်ပဲ မင်းသာ မှန်အောင် ဟောနိုင်ရင်ပေါ့"
"ကောင်းပြီလေ"
လီတောက်ယဲ့က ပြန်ဖြေလိုက်သည်။
သူသည် မျက်လုံးကို ဖြည်းဖြည်းချင်း မှိတ်လိုက်ပြီး၊ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် မီးခိုးဖြူတန်းလေးများ ပေါ်ထွက်လာကာ ဝဲလည်နေတော့သည်။
ခဏအကြာတွင် ထိုမီးခိုးများမှာ သူ၏ အပေါက် ၇ ပေါက် (မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်) အတွင်းသို့ ဝင်ရောက်သွားသည်။
ဤမြင်ကွင်းကို ကြည့်ပြီး ဘေးနားရှိလူများ၏ လှောင်ပြောင်သော မျက်လုံးများမှာ ပိုမိုအားကောင်းလာသည်။
ဤကဲ့သို့သော လှည့်ကွက်နိမ့်နိမ့်လေးတွေကို သူတို့အားလုံး သိကြသည်။ ဒါဟာ လူသာမန်တွေကို လိမ်ညာတဲ့ နည်းလမ်းပဲ ဖြစ်သည်။
"ဟောလို့ ပြီးပြီလား"
လူငယ်က ပြုံးစိစိဖြင့် မေးလိုက်သည်။
လီတောက်ယဲ့က ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ဝမ်းသာအားရ အော်ဟစ်လိုက်သည်
"ငါ ဒီနေ့ မသေဘူးဟေ့"
"အိုး... မင်း ဟောတာ မှားသွားပြီ"
လူငယ်က ခေါင်းခါကာ ပြန်ပြောလိုက်သည်
"အခုနက ငါ ပြောပြီးသားလေ မှားရင် သေရမယ်လို့"
ပြောပြောဆိုဆိုနှင့်ပင် လူငယ်သည် လေထဲမှ ဓားရှည်တစ်လက်ကို ထုတ်ယူလိုက်ပြီး လီတောက်ယဲ့၏ နဖူးဆီသို့ တည့်တည့် ချိန်ရွယ်လိုက်တော့သည်။
လီတောက်ယဲ့မှာ ဇဝေဇဝါ ဖြစ်သွားသည်
"ငါ တကယ်ပဲ မှားသွားတာလား"
ထိုအချိန်မှာပင် ဝိညာဉ်စွမ်းအား လှိုင်းတစ်ခု ဖြတ်သန်းသွားပြီး လူငယ်၏ လက်ထဲမှ ဓားကို ရိုက်ချလိုက်တော့သည်။
လူတိုင်း မှင်တက်သွားကြပြီး ဝင်ရောက်စွက်ဖက်သူကို လှည့်ကြည့်လိုက်ကြသည်။
သူတို့သည် ထိုသူကို မြင်လိုက်ရသည်နှင့် အမြန်ပင် ဦးညွှတ်ဂါရဝပြုကြတော့သည်။
"ဘိုးဘေးကို ဂါရဝပြုပါတယ်"
ဟု အားလုံးက ညီညာစွာ အော်ဟစ်နှုတ်ဆက်ကြသည်။
သူတို့သည် ဝူချော့ချိုင် နှင့် သူ၏ နောက်ကွယ်မှ ဂိုဏ်းချုပ်ကျန်းနှင့် အခြားသူများကို ချက်ချင်း မှတ်မိလိုက်ကြသည်။
သူတို့အားလုံးမှာ အံ့ဩခြင်းနှင့် စိုးရိမ်ခြင်းများ ဖြစ်ပေါ်လာကြသည်။
ဒီကိစ္စက ဘိုးဘေးအထိတောင် အာရုံစိုက်မိသွားတာလား
လူငယ်မှာလည်း အခြေအနေကို မသေချာသဖြင့် သူ၏ ဖခင်ဖြစ်သူက သူ့ကို မျက်ရိပ်ပြနေသည်ကို သတိထားမိလိုက်သည်။
ဘာတွေ ဖြစ်နေသလဲဆိုသည်ကို သူ ဇဝေဇဝါ ဖြစ်နေသည်။
လီတောက်ယဲ့မှာမူ လူအုပ်ထဲတွင် ဖန့်ချန်ကို မြင်လိုက်ရသဖြင့် ဝမ်းသာအားရဖြစ်သွားပြီး
"ဖန့်ချန် ငါ ဒီမှာ"
ဟု အော်ခေါ်လိုက်သည်။
"မိတ်ဆွေ လီ မင်း ဘာတွေ ပြောနေတာလဲ ဒါက စီနီယာ ဦးလေးဖန့်လေ"
အကြီးအကဲရွှီက ချက်ချင်းပင် ကြိမ်းမောင်းလိုက်သည်။
လီတောက်ယဲ့က အမြန်ပြင်ပြောလိုက်သည်
"ဟုတ်တယ်... ဟုတ်တယ် ဒါက စီနီယာ ဦးလေးပါ"
လီတောက်ယဲ့က ထိုလူငယ်ကို လှောင်ပြုံးဖြင့် ကြည့်လိုက်သည်
"တွေ့လား ငါ ပြောသားပဲ ငါ ဒီနေ့ မသေဘူးလို့ ဟောထားတာလေ"
လူငယ်နှင့် အခြားသူများမှာ မသေချာသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
"ဘိုးဘေး... အဖေ... ဘာတွေ ဖြစ်နေတာလဲ"
လူငယ်က တိုးတိုးလေး မေးလိုက်သည်။
"သူ့ကို အရင် ချပေးလိုက်စမ်း"
ဝူချော့ချိုင် စကားမပြောရသေးခင်မှာပင် ဂိုဏ်းချုပ်ကျန်းက ပြင်းထန်စွာ အမိန့်ပေးလိုက်သည်
"သူ့ကို နှိပ်စက်ဖို့ ဘယ်သူက ခွင့်ပြုလိုက်တာလဲကိစ္စက စုံစမ်းနေတုန်းပဲ ရှိသေးတာ မင်းမှာ ဘာသက်သေမှ မရှိဘူး တာအိုတစ်ထောင်ဂိုဏ်းက မိတ်ဆွေတစ်ယောက်ကို ဒီလိုမျိုး ဘယ်လိုလုပ်ပြီး ဆက်ဆံရဲတာလဲ"
လူငယ်မှာ အနည်းငယ် လန့်သွားသည်။
သူ၏ အဖေ၏ စရိုက်ကို သူ ကောင်းကောင်းသိသည်။
ဖခင်၏ တုံ့ပြန်ပုံအရ တာအိုတစ်ထောင်ဂိုဏ်းတွင် အလွန်သန်မာသော နောက်ခံအင်အားတစ်ခု ရှိနေကြောင်း သူ ရိပ်မိလိုက်သည်။
ထိုနောက်ခံမှာ သူတို့ကိုပင် ပြန်လည်စဉ်းစားစေလောက်အောင် သန်မာပုံရသည်။
သူသည် ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ပြီး လီတောက်ယဲ့ကို လွှတ်ပေးရန် သူ၏ လက်အောက်ငယ်သားများကို ညွှန်ကြားလိုက်သည်။
သူ ကိုယ်လုံးတီး ဖြစ်နေသည်ကို သတိရသွားသော လီတောက်ယဲ့သည် အနီးရှိ မီးလျှံတာအိုဂိုဏ်းသားတစ်ဦး၏ ဝတ်ရုံကို လှမ်းယူကာ အမြန်ဝတ်ဆင်ပြီး ဖန့်ချန်၏ ဘေးသို့ ပြေးလာတော့သည်။
"မိတ်ဆွေ ဖန့် အခုတော့ နားလည်မှုလွဲတာတွေ အားလုံး ပြေလည်သွားပြီဆိုတော့ ဘယ်သူမှလည်း ထိခိုက်မှု မရှိတာကြောင့် ဒါဟာ ပျော်ရွှင်စရာ ကောင်းတဲ့ အဆုံးသတ်လို့ပဲ သတ်မှတ်ကြရအောင်"
ဝူချော့ချိုင်က ပြုံးလျက် ပြောလိုက်သည်။
ဖန့်ချန်ကမူ အေးစက်နေဆဲဖြစ်ပြီး လူငယ်ကို လှည့်ကာ မေးလိုက်သည်
"ပြောစမ်း ဖေချင်းဖုန်း သေတာကို မင်း မျက်မြင်ကိုယ်တွေ့ မြင်လိုက်တာလား"
လူငယ်၏ မျက်လုံးများမှာ ဝေ့ဝဲသွားသည်
"မင်းက ဘယ်သူလဲ"
ဂိုဏ်းချုပ်ကျန်း၏ မျက်နှာမှာ ဒေါသကြောင့် မည်းမှောင်သွားသည်
"သူ မေးတာကို မင်းက ပြန်ဖြေလိုက်စမ်း ပြော"
"ဟုတ်ကဲ့ပါ အဖေ"
လူငယ်က စိုးရိမ်တကြီးဖြင့် ပြန်ဖြေသည်
"သူ သေလား၊ မသေလားဆိုတာ ကျွန်တော် မသိပါဘူး"
သူက လီတောက်ယဲ့ကို တစ်ချက်ကြည့်လိုက်ပြီး
"ကျွန်တော် သိတာကတော့ တစ်ယောက်ယောက်က ငါတို့ရဲ့ ခြုံခိုတိုက်ခိုက်မှုကို သတင်းပေါက်အောင် လုပ်ခဲ့တယ် ဆိုတာပဲ"
"စီနီယာ ဦးလေး ဒီကောင်က ဘယ်သူ့စကားမှ နားမထောင်ဘဲ သူ့ကိုယ်သူပဲ ဆရာလုပ်နေတဲ့ အကောင်ပါ ဒီတာဝန်က အန္တရာယ်ရှိတယ်လို့ ကျွန်တော် သတိပေးခဲ့တာတောင် သူက နားမထောင်တဲ့အပြင် ဆရာ့ကိုပါ ခြိမ်းခြောက်ခဲ့သေးတယ်"
" တစ်ကယ်လို့ ဆရာသာ မသွားရင် ကျွန်တော့်ကိုရော အကြီးအကဲရွှီကိုပါ ရန်ပြုမယ်လို့ ပြောခဲ့တာ ဆရာ အဖမ်းခံရတာ သူ့အမှားပဲ"
ဟု လီတောက်ယဲ့က လှောင်ပြောင်လိုက်သည်။
"အဖမ်းခံရတာ"
ဖန့်ချန်က လီတောက်ယဲ့ကို ကြည့်လိုက်ရာ၊ လီတောက်ယဲ့က ခေါင်းကို အသာအယာ ညိတ်ပြသည်။
ဖန့်ချန် နားလည်လိုက်သည်မှာ ဖေချင်းဖုန်းသည် အသက်ရှင်နေဦးမည် ဖြစ်ကြောင်းပင်။
လီတောက်ယဲ့သည် အချို့ကိစ္စများတွင် အားမကိုးရသော်လည်း၊ သူ၏ ဗေဒင်ပညာမှာမူ အံ့ဩစရာ ကောင်းလှသည်။
ဖန့်ချန်က ပြုံးလိုက်သည်
"ဝူလေး မင်း ကြားတယ်မဟုတ်လား ငါ့ရဲ့ တူတော်မောင် အဖမ်းခံရတာ သူ့အမှားပဲ မင်း သူ့ကို စီရင်ပြီးရင်တော့ ငါတို့ကြားက နားလည်မှုလွဲတာတွေ ပြီးဆုံးသွားပြီလို့ မှတ်ယူလိုက်မယ်"
ဝူချော့ချိုင်မှာ ခဏမျှ မှင်တက်သွားသည်။
ဂိုဏ်းချုပ်ကျန်း၏ မျက်နှာမှာ ထိတ်လန့်မှုနှင့် ဒေါသတို့ ရောပြွမ်းနေသည်။ သူ၏ ဒေါသကို ထိန်းချုပ်ရင်း လက်အုပ်ချီကာ
"စီနီယာ ကျွန်တော့်သားက တကယ်ပဲ အစွမ်းအစ မရှိတာ မှန်ပေမဲ့ အသက်ဆုံးရှုံးရလောက်အောင်တော့ အပြစ်မကြီးပါဘူး"
လူငယ်မှာလည်း ဖန့်ချန်က သူ၏ အသက်ကို ယူရန် ကြိုးစားနေကြောင်း နောက်ဆုံးတွင် သတိပြုမိသွားသည်
"အဖေ... ဘိုးဘေး... ဘာတွေ ဖြစ်နေတာလဲ ငါတို့ဂိုဏ်းကို ဘယ်သူမဆို လာပြီး အနိုင်ကျင့်နေတာကို ခွင့်ပြုထားမှာလား"
ဒါ ဘယ်လို ပြက်လုံးမျိုးလဲ
"မင်းက ဂျူနီယာ တစ်ယောက်ထက်တောင် အသိတရား နည်းနေပါလား သူပြောတာ မှန်တယ် ငါတို့ဂိုဏ်းကို သူစိမ်းတွေ လာပြီး အနိုင်ကျင့်တာကို ငါတို့ဂိုဏ်းက ဘယ်တော့မှ သည်းခံမှာ မဟုတ်ဘူး"
အုပ်စု၏ နောက်ကွယ်တွင် သက်ကြီးရွယ်အို ပုံစံဖြင့် လူတစ်ဦး ရုတ်တရက် ပေါ်လာပြီး ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။
ဝူချော့ချိုင်နှင့် အခြားသူများမှာ ထိုသူကို မြင်လိုက်ရသည်နှင့် အလွန်ဝမ်းသာသွားကြသည်။
မီးလျှံတာအိုဂိုဏ်း၏ အသန်မာဆုံး ပုဂ္ဂိုလ် ပေါ်ထွက်လာပြီ ဖြစ်သည်
အခန်း ၆၂၄ - အသက်တစ်ရှူစာ ချန်ထားခြင်း
ထိုသက်ကြီးရွယ်အိုကို မြင်လိုက်ရသည်နှင့် လူငယ်မှာ ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားပြီး သူ၏ ရှေ့သို့ အပြေးအလွှား သွားရပ်လိုက်သည်
"ဘိုးဘေးရွှယ် "
"ဘိုးဘေးကို ဂါရဝပြုပါတယ်"
ဝူချော့ချိုင် ဦးဆောင်သော မီးလျှံတာအိုဂိုဏ်း အဖွဲ့သား အားလုံးသည် ထိုသက်ကြီးရွယ်အိုကို ရိုသေစွာဖြင့် ဦးညွှတ်နှုတ်ဆက်ကြပြီး သူတို့၏ မျက်နှာထက်တွင် ပျော်ရွှင်မှုများမှာ ထင်ရှားစွာ ပေါ်လွင်နေတော့သည်။
"အင်း..."
ထိုသက်ကြီးရွယ်အိုက ခေါင်းကို အသာအယာ ညိတ်ပြလိုက်ပြီးနောက်၊ လူငယ်ကို အထက်အောက် ကြည့်ရှုကာ ရုတ်တရက် ပြုံးလိုက်သည်
"ကလေးလေး ငါတို့ မတွေ့ဖြစ်တာ နှစ်ပေါင်းများစွာ ကြာသွားပြီပဲ မဟုတ်လား ကြည့်ရတာ မင်းက အခြေခံတည်ဆောက်ခြင်းအဆင့် ရဲ့ အလယ်ပိုင်းကိုတောင် ရောက်နေပြီပဲ မင်းရဲ့ ကျင့်ကြံမှုမှာ တိုးတက်လာတာကို ငါတွေ့ရတယ် မင်း အတော်လေး ကြိုးစားထားတာပဲ ကောင်းတယ် အရမ်းကောင်းတယ်"
လူငယ်က ရယ်မောလိုက်သည်
"ဘိုးဘေးရွှယ် ကျွန်တော် ဒီနှစ်တွေထဲမှာ ဘိုးဘေးကို အရမ်းလွမ်းနေတာပါ ဘိုးဘေး အမြန်ဆုံး ဂူအောင်းခြင်းကနေ ထွက်လာပြီး ကျွန်တော့်ကို လမ်းညွှန်မှုတွေ ပေးစေချင်တာ"
သက်ကြီးရွယ်အိုက ပြုံးလိုက်ပြီး လူငယ်၏ ပခုံးကို အသာအယာ ပုတ်ပေးလိုက်သည်
"ဒါက ဘာမှ ခက်တဲ့ကိစ္စ မဟုတ်ပါဘူး အခု ငါ ထွက်လာပြီ မဟုတ်လား"
အကြီးအကဲရွှီနှင့် အခြားသူများမှာမူ အံ့ဩနေကြသည်။
ဤသက်ကြီးရွယ်အိုသည် မီးလျှံတာအိုဂိုဏ်း၏ အသန်မာဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး သိမြင်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးဖြစ်သည်မှာ ထင်ရှားလှသည်။
သို့သော် ထူးဆန်းသည်မှာ သူသည် ထိုလူငယ်နှင့် အလွန်ပင် ရင်းနှီးနေပုံရခြင်း ဖြစ်သည်။
"ဘိုးဘေး ဂူအောင်းကျင့်ကြံတာ အောင်မြင်ခဲ့ပြီလား"
ဝူချော့ချိုင်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
လူတိုင်း၏ မျက်လုံးများမှာ မျှော်လင့်ချက်များဖြင့် တောက်ပလာပြီး ထိုသက်ကြီးရွယ်အိုကို စောင့်ကြည့်နေကြသည်။
သက်ကြီးရွယ်အိုက ခေါင်းကို အသာအယာ ညိတ်ပြသည်
"ဟုတ်တယ်... ငါ အောင်မြင်ခဲ့ပြီ"
လူအုပ်ကြီးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အလွန်အမင်း ဝမ်းသာသွားကြတော့သည်။
ထိုသည်မှာ သူတို့၏ ဘိုးဘေးသည် သိမြင်ခြင်းအဆင့် ၏ အလယ်ပိုင်းသို့ တက်လှမ်းနိုင်ခဲ့ပြီဟု ဆိုလိုခြင်း ဖြစ်သည်။
ဤကဲ့သို့သော အင်အားမျိုးမှာ ကျယ်ပြောလှသော အပြာရောင်တာအိုနယ်မြေ အတွင်း၌ပင် လျှော့တွက်၍ မရသော စွမ်းအားမျိုး ဖြစ်သည်
"အောင်မြင်သွားတာ တကယ်ကို ကောင်းပါတယ်"
ဝူချော့ချိုင်က ဝမ်းသာမှုကို ထိန်းချုပ်ရင်း ပြောလိုက်သည်။
ထို့နောက် သူသည် ဖန့်ချန်ကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။
သူ၏ မျက်နှာမှာ ယခုအခါ တည်ငြိမ်သွားပြီး ယခင်ကကဲ့သို့ သတိထားနေရသော အမူအရာများ မရှိတော့ပေ
"မိတ်ဆွေ ဖန့် ဒါကတော့ အကြီးအကဲရွှယ် ပဲ ဖြစ်တယ် သူဟာ နှစ်ပေါင်း ၈၀၀ ကျော် ကျင့်ကြံလာခဲ့ပြီး အခုဆိုရင် သိမြင်ခြင်းအဆင့် အလယ်ပိုင်းကို ရောက်နေပြီ မင်း သူ့ကို ဂါရဝပြုသင့်တယ်"
ဂိုဏ်းချုပ်ကျန်းနှင့် အခြား ရွှေအမြုတေအဆင့် အကြီးအကဲများသည် တပည့်များနှင့်အတူ ဖျော့တော့သော အပြုံးများကို ပြသလိုက်ကြသည်။
၎င်းမှာ သူတို့၏ အသာစီးရမှုကို ဖော်ပြနေခြင်း ဖြစ်သည်။
ဖန့်ချန်က ဘယ်သူပဲဖြစ်ဖြစ်၊ သိမြင်ခြင်းအဆင့် ရှိသူတစ်ဦး၏ ရှေ့တွင်တော့ ဆက်ပြီး မာန်တက်နေနိုင်ပါဦးမလား
"သိမြင်ခြင်းအဆင့် အလယ်ပိုင်း..."
အကြီးအကဲရွှီနှင့် အခြားသူများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ စိတ်အခြေအနေမှာ ရုတ်တရက် လေးလံသွားတော့သည်။
ဤသည်မှာ သူတို့အနေဖြင့် ထိုမျှ မြင့်မားသော ကျင့်ကြံမှုအဆင့်ရှိသူတစ်ဦးကို လူကိုယ်တိုင် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
အတိတ်ကာလက သူတို့သည် ဝိညာဉ်သန္ဓေသားအဆင့် ကိုပင် မြင်တွေ့ရန် ခဲယဉ်းလှရာ၊ သိမြင်ခြင်းအဆင့် ဆိုသည်မှာ ဝေးကွာလွန်းလှသည်။
သိမြင်နားလည်ခြင်းအဆင့်အကြောင်းကို ကောလာဟလများအရသာ ကြားဖူးသော်လည်း၊ ၎င်း၏ စွမ်းအားကို စိတ်ကူးကြည့်ရုံနှင့်ပင် တုန်လှုပ်စရာ ကောင်းလှသည်။
ဖန့်ချန်က ပြုံးလိုက်ပြီး ဂါရဝပြုလိုက်သည်
"အကြီးအကဲရွှယ်ကို ဂါရဝပြုပါတယ်"
ဝူချော့ချိုင်၏ အပြုံးမှာ ပို၍ ကျယ်ပြန့်လာပြီး သူသည် အကြီးအကဲထံသို့ လျှို့ဝှက်သတင်းတစ်ခုကို ပေးပို့လိုက်သည်။
အကြီးအကဲရွှယ်က မျက်လုံးများကို အနည်းငယ် မှေးလိုက်ပြီး ဖန့်ချန်ကို ခဏမျှ စူးစိုက်ကြည့်နေပြီးမှ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်
"မင်းက မိုးကြိုးပညာရပ်ကို ကျင့်ကြံတာလား"
"မှန်ပါတယ်"
"အဲ့ဒီလို လုပ်နိုင်တယ်ဆိုတာက မင်းမှာ ခိုင်မာတဲ့ နောက်ခံအင်အားနဲ့ အစွမ်းထက်တဲ့ ဆရာတစ်ယောက် ရှိနေတယ်ဆိုတာကို ပြနေတာပဲ"
အကြီးအကဲက ခေါင်းကို အသာအယာ ညိတ်လိုက်သည်
"မင်းရဲ့ အဆင့်အတန်းနဲ့ဆိုရင် မင်း ဘယ်ကိုပဲသွားသွား ရိုသေလေးစားမှုကို ရသင့်ပါတယ်"
အကြီးအကဲ၏ လေသံမှာ ရုတ်တရက် ပြောင်းလဲသွားသည်
"ဒါပေမဲ့ မင်း မိုးကြိုးပညာရပ်ကို တတ်မြောက်ထားရုံနဲ့ ငါတို့ဂိုဏ်းထဲကို မင်းစိတ်ကြိုက် ဝင်ချင်တိုင်းဝင်ပြီး ဖျက်ဆီးချင်တိုင်း ဖျက်ဆီးလို့ရတယ်လို့ မဆိုလိုဘူး"
အကြီးအကဲက ပြတ်ပြတ်သားသား ပြောလိုက်သည်
"ငါ့ဂိုဏ်းရဲ့ တပည့်တွေကို မင်း သဘောရှိ သတ်ပစ်လို့ရမယ်လို့ မင်း ထင်နေတာလား"
"အကြီးအကဲရွှယ် သူ့ကို ဒီအတိုင်း လွယ်လွယ်နဲ့ ထွက်သွားခွင့် မပြုသင့်ဘူး တာအိုတစ်ထောင်ဂိုဏ်းက လူတွေဟာ သူလျှိုတွေ ဖြစ်နိုင်တယ်"
ဟု လူငယ်က ချက်ချင်း ဝင်ပြောလိုက်သည်။
အကြီးအကဲက ပြုံးပြီး ခေါင်းညိတ်လိုက်သည်
"ကောင်းကောင်း ပြောလိုက်တာပဲ တကယ်တော့ မင်းက ငါ အနှစ်သက်ဆုံးပဲ မင်းရဲ့ စရိုက်က ငါနဲ့ တကယ်ကို ကိုက်ညီတယ် ဝူချော့ချိုင်နဲ့ မင်းအဖေလို ကြွက်တွေလို ကြောက်နေတဲ့လူတွေနဲ့ မတူဘူး"
ဂိုဏ်းချုပ်ကျန်းနှင့် အခြားသူများမှာ အတော်လေး အနေရခက်သော မျက်နှာများ ဖြစ်သွားကြသည်။
ဝူချော့ချိုင်က အတင်းအကျပ် ပြုံးလိုက်သည်
"ဘိုးဘေး... ကျွန်တော်က ကြောက်နေတာ မဟုတ်ပါဘူး ကျွန်တော်တို့ဂိုဏ်းအတွက် အားကြီးတဲ့ ရန်သူတွေကို ဆွဲမခေါ်မိအောင် စိုးရိမ်လို့ပါ ဘိုးဘေးက သင့်တော်တယ်လို့ ထင်ရင်တော့ ကျွန်တော် ဘိုးဘေးရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာပါ့မယ်"
သူသည် ဖန့်ချန်ဘက်သို့ လှည့်ကာ ပြုံးလျက်
"မိတ်ဆွေ ဖန့် တောင်းပန်ပါတယ် ဒီနေ့ ကျွန်တော်တို့ရဲ့ လေးစားရတဲ့ ဘိုးဘေးရွှယ် ဂူအောင်းခြင်းက ထွက်လာတာဆိုတော့ သူက မင်းနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေနိုင်တယ်"
"လီတောက်ယဲ့ မင်းက ဗေဒင်ဟောနိုင်တယ် မဟုတ်လား မင်း ဒီနေ့ မသေဘူးလို့ ပြောခဲ့ပေမဲ့ ကြည့်ရတာ မင်း ဟောတာ မှားသွားပုံရတယ်"
ဟု လူငယ်က လီတောက်ယဲ့ကို လှောင်ပြောင်သော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။
လီတောက်ယဲ့၏ အမူအရာမှာ ထူးဆန်းနေပြီး သူသည် ဖန့်ချန်ကို တစ်ချက်ကြည့်ကာ လျှို့ဝှက်သတင်း ပေးပို့လိုက်သည်
" အဖြူနဲ့ အမည်း ဒီမှာ ရှိလား"
ဖန့်ချန်က အသာအယာ ခေါင်းညိတ်ပြသည်ကို မြင်ရသည့်အခါမှ လီတောက်ယဲ့၏ စိတ်မှာ ပြန်လည်အေးချမ်းသွားတော့သည်။
သူသည် ပြုံးလိုက်ပြီး ပြန်လည်တုံ့ပြန်လိုက်သည်
"ငါ့ရဲ့ ဗေဒင်ဟောကိန်းတွေက ဘယ်တော့မှ မမှားဘူး ငါ ဒီမှာ သေမှာ မဟုတ်ဘူး စောင့်သာကြည့်နေလိုက်"
လူငယ်သည် ယုတ်မာသော အပြုံးတစ်ခုနှင့်အတူ အကြီးအကဲ၏ နောက်သို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။
"ဒါဆိုရင်တော့ မင်းက ငါ့ဂိုဏ်းသား ၁၀၀ ကျော်ကို သတ်ခဲ့တာဆိုတော့ အဲ့ဒီအတွက် လျော်ကြေးအဖြစ် မင်းရဲ့ မိုးကြိုးပညာရပ်ကို ပေးခဲ့ပါ ငါ မင်းကို အခက်အခဲ မဖြစ်စေပါဘူး အဲ့ဒါ ပေးပြီးရင် မင်း ထွက်သွားလို့ရတယ်"
အကြီးအကဲက ဖန့်ချန်ကို အေးစက်စက် ပြောလိုက်သည်။
အကြီးအကဲရွှီနှင့် အခြားသူများ၏ မျက်နှာများမှာ အနည်းငယ် ပြောင်းလဲသွားသည်။
ထိုအကြီးအကဲသည် လူသတ်လိုသော ရည်ရွယ်ချက် ရှိနေကြောင်း ထင်ရှားလှပြီး သူတို့အားလုံးကို ထိုနေရာတွင် ထိန်းသိမ်းထားရန် ကြံစွယ်နေခြင်း ဖြစ်သည်။
သူတို့က ပညာရပ်ကို တောင်းဆိုနေပြီ ဖြစ်ရာ၊ ကိစ္စက ဤမျှနှင့် လွယ်လွယ်ကူကူ ပြီးဆုံးလိမ့်မည် မဟုတ်ပေ။
"မိတ်ဆွေဖန့် အကြီးအကဲ ပြောတာကိုပဲ နားထောင်လိုက်ပါ မင်းရဲ့ မိုးကြိုးပညာရပ်ကို ပေးလိုက်ပါ ပြီးရင် အကြီးအကဲကို ဒူးထောက်ဦးတိုက်ပြီး ခွင့်လွှတ်ပေးဖို့ အကြိမ်အနည်းငယ် တောင်းပန်လိုက်ပါ အဲ့ဒီလိုဆိုရင်တော့ ငါတို့ကြားက နားလည်မှုလွဲတာတွေ ပြေလည်သွားလိမ့်မယ်"
ဟု ဝူချော့ချိုင်က ပြုံးလျက် ပြောလိုက်သည်။
"ဖြူလေး... မည်းလေး... သူ့ကို အသက်တစ်ရှူစာပဲ ချန်ထားခဲ့ပါ ချက်ချင်း သတ်မပစ်နဲ့ဦး ငါ သူ့ကို မေးစရာတွေ ရှိသေးတယ်"
"ဟုတ်ကဲ့ပါ"
ရုတ်တရက် လူတိုင်းသည် မရင်းနှီးသော အသံနှစ်ခုကို ကြားလိုက်ရသည်။
နောက်တစ်စက္ကန့်တွင်မူ အလွန်နာကျင်လှသော အော်ဟစ်သံကြီးတစ်ခုကို ကြားလိုက်ရတော့သည်။
သူတို့အားလုံး ထိတ်လန့်သွားကြပြီး ထိုအော်ဟစ်သံ လာရာဘက်သို့ အလိုအလျောက် လှည့်ကြည့်လိုက်ကြသည်။
သူတို့ မြင်လိုက်ရသည်မှာ အမည်းရောင် ပုံရိပ်တစ်ခုက ဘိုးဘေးရွှယ်၏ လည်ပင်းကို ကိုင်ထားပြီး မြေပြင်ပေါ်သို့ ထပ်ခါတလဲလဲ ရိုက်ချနေခြင်းပင် ဖြစ်သည်။
ထိုလုပ်ဆောင်ချက်မှာ သာမန်အတိုင်း ထင်ရသော်လည်း၊ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအားများမှာ ယှက်နွယ်ကာ တိုက်ခိုက်နေကြသည်။
အကြောက်စရာအကောင်းဆုံးအချက်မှာ ထိုအမည်းရောင်ပုံရိပ်၏ ဝိညာဉ်စွမ်းအားကြောင့် ဘိုးဘေးရွှယ်မှာ ဘာမှ မလုပ်နိုင်တော့ဘဲ လုံးဝ အသုံးမကျသူ တစ်ဦးကဲ့သို့ ဖြစ်နေခြင်းပင် ဖြစ်သည်။
ဝူချော့ချိုင်နှင့် အခြားသူများမှာ ထိုနေရာမှ လွင့်ထွက်လာသော စွမ်းအားလှိုင်းများကြောင့် မြေပြင်ပေါ်သို့ လွင့်ကျကုန်ကြသည်။
သူတို့သည် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အလွန်အမင်း ထိတ်လန့်သွားသဖြင့် ပြန်ထရန်ပင် မေ့လျော့နေကြသည်။
ထို့အပြင် ဘေးနားတွင် မည်သည့် လှုပ်ရှားမှုမျှ မလုပ်သေးဘဲ ရပ်နေသော အဖြူရောင် ပုံရိပ်တစ်ခုလည်း ရှိနေသည်။
၎င်း၏ မျက်နှာထက်တွင် ထူးဆန်းသော အပြုံးတစ်ခု ရှိနေသည်။
ကြည့်နေသူများသည် အမည်းရောင်ပုံရိပ်၏ ရုပ်သွင်ကို သေချာမမြင်ရသော်လည်း၊ အဖြူရောင်ပုံရိပ်ကိုမူ ရှင်းလင်းစွာ မြင်နေရသည်။ ထိုမြင်ကွင်းက သူတို့ကို အသက်ရှူပင် မှားသွားစေတော့သည်။
"စက္ကူရုပ် ဝိညာဉ်ပူးကပ်ခြင်းအတတ် "
ဂိုဏ်းချုပ်ကျန်းနှင့် အခြားသူများသည် ဝိညာဉ်ကပ်ခြင်းအတတ်ကို တစ်ပြိုင်နက်တည်း တွေးမိလိုက်ကြသည်။
ထိုအတတ်မှာ တာအိုဂိုဏ်းများအတွင်း၌ အလွန်ရှားပါးလှသည်။
၎င်းသည် မိုးကြိုးပညာရပ်လောက် လူသိမများသော်လည်း၊ ဝိညာဉ်ကပ်ခြင်းအတတ်ကို တတ်ကျွမ်းသူမှာ ပို၍ပင် နည်းပါးလှသည်။
ထို့အပြင် ၎င်းသည် ယုတ်မာသော လမ်းစဉ်တစ်ခုအဖြစ် လူအများက ယူဆထားကြသဖြင့် တာအိုဂိုဏ်းများအတွင်း၌ ၎င်း၏ ထိရောက်မှုနှင့် စွမ်းအားအပေါ် အမြင်ကျဉ်းမြောင်းစွာဖြင့်သာ ကြည့်လေ့ရှိကြသည်။
"စီနီယာ အဖြူနဲ့ အမည်းက တကယ်ကို အစွမ်းထက်တာပဲ..."
အကြီးအကဲရွှီနှင့် အခြားသူများ၏ မျက်နှာများမှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းလာတော့သည်။
ထိုအချိန်ရောက်မှသာ ထိုနှစ်ဦးမှာ မည်မျှအထိ အစွမ်းထက်ကြောင်း သူတို့ အမှန်တကယ် နားလည်လိုက်ကြခြင်း ဖြစ်သည်။
သိမြင်ခြင်းအဆင့် အလယ်ပိုင်းရှိ ကျွမ်းကျင်သူတစ်ဦးကပင် လုံးဝ ပြန်မတိုက်နိုင်တော့ရာ၊ ကျန်ရှိနေသော မီးလျှံတာအိုဂိုဏ်းသားများမှာ မည်ကဲ့သို့သော လှိုင်းလုံးများကို ထပ်မံ ဖန်တီးနိုင်ပါဦးမည်နည်း
ဗြုန်း... ဗြုန်း... ဗြုန်း...
မြေပြင်ပေါ်သို့ အသားချင်း ရိုက်ခတ်သံများမှာ ထပ်ခါတလဲလဲ ထွက်ပေါ်နေပြီး၊ ထိုအသံတိုင်းမှာ ဝူချော့ချိုင်နှင့် အခြားသူများ၏ နှလုံးသားကို တူဖြင့် ထုနှက်နေသကဲ့သို့ ခံစားရစေသည်။
အတန်ကြာပြီးနောက် အမည်းရောင် စက္ကူရုပ်သည် နောက်ဆုံးတွင် သူ၏ လုပ်ဆောင်ချက်ကို ရပ်တန့်လိုက်သည်။
အသက်ကို အနိုင်နိုင် ရှူနေရပြီး မျက်လုံးများမှာ တစ်ဝက်မှိတ်နေကာ စကားပင် မပြောနိုင်တော့သော ဘိုးဘေးရွှယ်ကို ကြည့်ရင်း၊ အမည်းရောင် စက္ကူရုပ်က ဖန့်ချန်ကို ဦးညွှတ်လိုက်သည်
"အရှင်... အရှင် ညွှန်ကြားတဲ့အတိုင်း သူ့ကို အသက်တစ်ရှူစာပဲ ချန်ထားခဲ့ပါတယ်"
သိမြင်ခြင်းအဆင့်ရှိတဲ့ ဘိုးဘေးကြီးတောင် စက္ကူရုပ်မည်းရဲ့ လက်ထဲမှာ ကလေးလေးတစ်ယောက်လို ဖြစ်သွားပါပြီ။