အကွက်ရွှေ့လာသော မင်းသားများ
Vol. 8 Ch. 730
စိတ်လှုပ်ရှားဖွယ် ဖြစ်ရပ်ပေါင်းမြောက်မြားစွာ ဖြစ်ပျက်သွားခဲ့သည်။ သခင်မလေးဟုန်ချိန် ထွက်ခွာသွားပြီးနောက် လူအုပ်ကြီးမှာ တဖြည်းဖြည်း ပါးပါးသွားပြီး လူများမှာ အတွေးများကိုယ်စီနှင့် ကိုယ့်လမ်းကို ထွက်သွားကြသည်။
ယခုဖြစ်ရပ်များကို မည်သူမှ မေ့နိုင်မည်မဟုတ်ပေ။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ရာတွင် အောင်မြင်ခဲ့သည့် ဖြစ်ရပ်များဖြစ်စေ၊ လောင်းကြေးမှာ ဝိညာဥ်ဆေး ကုဋေရှစ်ဆယ်တိတိ ရောက်သွားခဲ့ရသည့် ကြောက်မက်ဖွယ် ဖြစ်ရပ်ကြီးဖြစ်စေ၊ သခင်မလေးဟုန်ချိန် ရောက်ရှိလာခြင်းဖြစ်စေ၊ ပိုင်ရှောင်ချန်း၏ တည်ကြည်ကာ လွှမ်းမိုးနိုင်စွမ်း အပြည့်ရှိသည့် မိန့်ခွန်းခြွေခြင်းပင်ဖြစ်စေ ထိုဖြစ်ရပ်များအားလုံးမှာ လူတိုင်း၏ မှတ်ဉာဏ်ထဲတွင် စွဲထင်ကျန်ရစ်နေမည်မှာ အသေအချာပင်။
ယနေ့မှစ၍ ပိုင်ဟောက်ဆိုသည့် နာမည်မှာ ဗဟိုဧကရာဇ်မြို့တော်တစ်ခွင် အလွန်အရေးပါ အရာရောက်လာတော့မည်ဖြစ်ကြောင်း လူတိုင်းက သိလိုက်ကြသည်။
မကြာမီ ကောင်းကင်နယ်စားကြီးချန်၏ သားရတနာဖြစ်သော ချန်ရှုံးနှင့်ပတ်သတ်သည့် ဖြစ်ရပ်များကို လူတိုင်းကို သတင်းလုပ်ပြောနေကြတော့သည်။ ထိုသတင်းများမှာ လက်ရွေးစင်အားလုံးထံသို့ ရောက်ရှိသွားကြသောအခါ သူတို့မှာ မှင်တက်ကုန်ကြတော့သည်။
" ဒီပိုင်ဟောက်က ရက်စက်လှပါလား "
" ဝိညာဥ်ဆေး ကုဋေရှစ်ဆယ်တိတိ ဟုတ်လား။ အဓိပ္ပါယ်မရှိလိုက်တာကွာ "
" ဝိညာဥ်ဆေးတင် မဟုတ်ဘူးလို့ ငါကြားတာပဲ။ သူက ချန်ရှုံးရဲ့သက်စောင့်အားကိုပါ စုပ်ယူပစ်တာတဲ့။ ချန်ရှုံးတော့ အရိုးပေါ်အရေတင် ဖြစ်သွားရတဲ့အထိပဲ "
နတ်ဝံပုလွေလေး၊ လီထျန်ရှန်၊ မြောင်လင်းအာနှင့် အခြားလက်ရွေးစင်များစွာမှာ အံ့အားသင့်ကုန်ကြရတော့သည်။ ချန်ရှုံးမှာ ပိုင်ဟောက်ကို အနိုင်ယူနိုင်လိမ့်မည်ဟု သူတို့က အပိုင်မတွက်ထားကြသော်လည်း မျှော်လင့်ချက်အနည်းငယ်တော့ ထားခဲ့ကြသည်။ သူတို့မှာ ဝိညာဥ်ရေနွေးအိုးထဲတွင်မဟုတ်ပဲ ဗဟိုဧကရာဇ်မြို့တွင် ရောက်နေသည် မဟုတ်ပါလော။
ဤဖြစ်ရပ်များနှင့် ပတ်သတ်သည့်သတင်းများကို ကြားလိုက်ရသောအခါတွင်မူ သူတို့မှာ ကြောက်လန့်ကာ တုန်လှုပ်သွားကြတော့သည်။ ချန်ရှုံး၏ ဖြစ်ရပ်ကိုတွေးလိုက်မိရုံနှင့် သူတို့မှာ ဝိညာဥ်ရေနွေးအိုးထဲရှိဖြစ်ရပ်များကို ပြန်တွေးမိသွားကြပြီး သူတို့ကြုံတွေ့ခဲ့ရသည့် ရက်စက်ကြမ်းကြုတ်မှုများကို ပြန်၍အမှတ်ရကုန်ကြသည်။ သူတို့တစ်ဖွဲ့လုံးမှာ မေ့ဖျောက်၍မရနိုင်သည့် ထိုအတိတ်ကြီးကြောင့် ကြောက်ရွံ့တုန်လှုပ်နေကြရတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော မျက်နှာထား၊ အေးစက်ကာ ကြမ်းကြုတ်လှသော မျက်ဝန်းများနှင့် သူတို့၏ သက်စောင့်အားများ စုပ်ယူခံခဲ့ရသည့် ကြောက်မက်ဖွယ်ဖြစ်ရပ်ဆိုးများကို နတ်ဝံပုလွေလေးနှင့် အခြားလက်ရွေးစင်များ မမေ့နိုင်ပေ။ အများစုမှာ ချန်ရှုံးနှင့် အဆက်အသွယ်ပင် ဖြတ်လိုက်ကြသည်။ သူတို့မှာ ခါးခါးသီးသီးနှင့် ပိုင်ဟောက်ကို ပြဿနာထပ်ရှာမည့် အကြံများအား စွန့်လွှတ်လိုက်ကြတော့သည်။
" သောက်ကျိုးနည်းကွာ။ သူ့ကို ဝိညာဥ်ရေနွေးအိုးထဲမှာ ရှုံးတာက ထားပါ။ ဒါပေမဲ့ဘာလို့ ဗဟိုဧကရာဇ်မြို့မှာပါ ဒီလိုထပ်ဖြစ်နေရတာလဲ "
" အဲဒါ ချန်ရှုံးရဲ့ အပြစ်တွေပဲ။ ဘာမှမှ ဖြစ်ဖြစ်မြောက်မြောက်မရှိတဲ့ကောင်။ ဒါပေမဲ့ ငါတို့ ဘာဆက်လုပ်ရမှာတုံး။ ဒီပိုင်ဟောက်က ပြိုင်ဘက်ကင်းလောက်အောင် ရက်စက်လွန်းနေတာ။ ငါတို့ အစီအစဥ်ကောင်းကောင်းဆွဲရမယ်။ ဆုံးဖြတ်ချက်တွေ အလောတကြီးချလို့မရဘူး "
လူတိုင်းမှာ ပိုင်ဟောက်အကြောင်း ပြောဆိုနေကြသည်ဖြစ်၍ မကြာမီ ဝိညာဥ်ရေနွေးအိုးထဲတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများမှာ ထပ်၍ ပျံ့နှံ့သွားပြီး လူတိုင်းမှာ ထိုအကြောင်း ပြောဆိုနေကြတော့သည်။
သခင်မလေးဟုန်ချိန်မှာမူ အဆုံးတွင် ထိုဝိညာဥ်ဆေးကုဋေရှစ်ဆယ်တိတိကို မယူရန် ဆုံးဖြတ်လိုက်ပြီး ကောင်းကင်နယ်စားကြီးချန်အား သူမကိုလိုအပ်လျှင် ကူညီရန် တောင်းဆိုလိုက်သည်။
ပိုင်ရှောင်ချန်းမှာ သာမန် ဝိညာဥ်ကျင့်ကြံသူမဟုတ်ပေ။ သူ့ထံတွင် အလွန်အံ့သြဖွယ်ကောင်းသည့် ကျောထောက်နောက်ခံတစ်ခုရှိနေသဖြင့် မင်းမျိုးမင်းနွယ်များနှင့် မှူးမျိုးမတ်နွယ်များမှာ သူ့ကို အလွယ်တကူ မကောင်းကြံစည်၍ မရပေ။ ဥပဒေဘောင်အတွင်းကသာ သူ့ကိုယုတ်မာနိုင်သည်။ သူတို့၏ အစောပိုင်း ဆွေးနွေးပွဲထဲတွင် ပြောခဲ့သည့်အတိုင်း သူတို့မှာ အချိန်ယူကာ အစီအစဥ်ကောင်းတစ်ခု ဆွဲရမည်ဖြစ်သည်။
ထိုဖြစ်ရပ်ပြီးနောက် “ တစ်မိုးအောက်မှာ ပြိုင်စံရှား စိတ်စွမ်းအင်အဆင့်မြှင့်တင်ရေးဆိုင် “ မှာ အလွန်နာမည်ကြီးသွားတော့သည်။ နောက်ရက်များတွင် ဗဟိုဧကရာဇ်မြို့တစ်ခုလုံးမှ ဝိညာဥ်ကျင့်ကြံသူများစွာ ရောက်လာကြပြီး စိတ်စွမ်းအင်အဆင့်မြှင့်တင်ခိုင်းရန်နှင့် ဝိညာဥ်ဆေးများကို ဝယ်ယူရန် တန်းစီနေကြတော့သည်။ အခြားသူများမှာလည်း ပိုင်ဟောက်ကို လာ၍အကဲခတ်ကြပြီး လူအများပြောနေသည့်အတိုင်း သူသည် တမူထူးခြားသော လူတစ်ယောက်ဟုတ်၊ မဟုတ်ကို လာရောက်ကြည့်ရှုကြလေသည်။
မြို့နယ်အမှတ် ရှစ်ဆယ့်ကိုးမှာ ယခင်ကထက် ပို၍စည်ကားလာတော့သည်။ ပိုင်ရှောင်ချန်း၏ ဆိုင်ကြောင့် ထိုနေရာတစ်ဝိုက်ရှိ အခြားဆိုင်များ၏ စီးပွားရေးမှာလည်း တိုးတက်လာသည်။ ပိုင်ရှောင်ချန်း၏ အမြင်တွင် ထိုအချင်းအရာမှာ နှစ်လိုဖွယ်ကောင်းသော တိုးတက်မှုတစ်ခုဖြစ်သော်လည်း ပိုင်ဟောက်ကမူ စိုးရိမ်နေသည်။
သူက စိတ်ပူသဖြင့် သတိပေးလိုက်လေသည်။
" ဆရာရေ။ ကြွားကြွားဝါဝါ နေတာက ကျွန်တော့်တို့ရဲ့ မဟာအကြံအစည်နဲ့ ကိုက်မှာမဟုတ်ဘူးနော် "
ထိုအခါ ပိုင်ရှောင်ချန်းက ချောင်းဟန့်လိုက်ပြီး စိုးရိမ်ပူပန်နေသည့် မျက်နှာထားဖြင့် သက်ပြင်းချလိုက်ကာ ပြန်ပြောလိုက်သည်။
" အိမ်းးး ဆရာလည်း ဒီလိုဖြစ်စေချင်တာတော့ မဟုတ်ဘူးကွ။ မင်း ကျင့်သားရသွားဖို့လိုတယ်။ အဓိကကွာ ဆရာဘယ်သွားသွား ဟိုးလေးတကျော်ကျော်ဖြစ်ပြီးတော့ ကောင်းကင်ကိုတုန်ရီစေပြီး၊ မြေပြင်ကိုအက်ကွဲစေနိုင်တဲ့ လူတစ်ယောက်ဖြစ်သွားရတာချည်းပဲ။ ဆရာကိုက တော်လွန်း ထက်မြက်လွန်းနေတာကွ။ ဆရာလည်း မတတ်နိုင်တော့ပါဘူးကွာ "
ထိုအခါ ပိုင်ဟောက်က ထူးဆန်းသည့် မျက်နှာအမူအရာဖြင့် သူ၏ဆရာကိုကြည့်ကာ မည်သို့ပင် ပြန်ပြောရမှန်းမသိအောင် ဖြစ်သွားသည်။ ဤကိစ္စကို ဆွေးနွေးလျှင်လည်း အကျိုးထူးမည်မဟုတ်ကြောင်းသိ၍ သူသည် အန္တရာယ်တစ်ခုခုပေါ်ပေါက်လာလျှင် ဖြေရှင်းနိုင်မည့် သူ၏ကိုယ်ပိုင် အစီအစဥ်များကို ဆွဲရန်ပြင်လိုက်တော့သည်။ အချိန်အနည်းငယ် ကြာသွားပြီးနောက် သူသည် အကြံတစ်ခုရသွားပြီး အစီအစဥ် ချမှတ်ရန် စတင်လိုက်လေသည်။
မကြာမီ လူများမှာ ပိုင်ဟောက်၏ အံ့သြဖွယ်ကောင်းသော ရာဇဝင်အကြောင်းကို ပြောဆိုနေကြတော့သည်။ လူအချို့မှာ သူသည် သရဲကြီးဘုရင်အတွက် အရေးကြီးပုံကို အလွန်ချဲ့ကားပြောဆိုကြပြီး သူတို့၏ ဆက်ဆံရေးမှာ မည်မျှကောင်းမွန်ကြောင်း ဖော်ကျူးနေကြသည်။ အခြားလူများမှာ သူ၏ ကျင့်ကြံခြင်းအခြေခံနှင့် တိုက်ပွဲစွမ်းရည်တို့ကို ချဲ့ကား၍ဖော်ညွှန်းနေကြသည်။ ထို့ကြောင့် လူအများမှာ သူ၏အကြောင်းကို ပို၍ပြည့်ပြည့်စုံစုံ သိလာကြတော့သည်။
ပိုင်ရှောင်ချန်းမှာ လူအများ၏ အာရုံစိုက်မှုကို ခံနေရသဖြင့် အလွန်ကျေနပ်နေသည်။ သူသည် ဆိုင်ထဲမှထွက်ကာ လက်ကိုနောက်ပစ်၍ သူအားဝိုင်းကြည့်နေသည့် လူအများ၏ရှေ့တွင် ပျော်မွေ့နေတော့သည်။ သို့သော် ရက်အနည်းငယ်ကြာပြီးနောက် သူက ထိုသို့ကြွားဝါးရသည်ကို ပျင်းရိသွားသဖြင့် ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးနိုင်ရန် ဆက်၍ကြိုးစားလိုက်တော့သည်။
ချန်ရှုံးနှင့် ကိစ္စပြီးနောက် မည်သူကမှ ပြဿနာလာမရှာပေ။ ပိုင်ဟောက်မှာ ဇယားသွားမရှုပ်သင့်သော လူစားမျိုးဖြစ်ကြောင်း လူတိုင်းက သိသည်။ သူသာ ဒေါသထွက်ပြီး စိတ်လွတ်လက်လွတ် ဖြစ်သွားပါက သာမန်လူများမဆိုထားနှင့် ကောင်းကင်နယ်စားမျိုးနွယ်စုတစ်ခုပင် မည်သည့်အရာမှ လုပ်နိုင်မည်မဟုတ်ပေ။
ကောလာဟလများမှာ တောမီးများအလား ပျံ့နေတော့သည်။ သို့သော် ပိုင်ရှောင်ချန်း၏ ဘဝမှာမူ ပို၍ တည်ငြိမ်လာလေသည်။ သူသည် ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်နှင့် ပတ်သတ်သည့် စမ်းသပ်မှုထဲတွင် စိတ်နှစ်ထားပြီး အချို့သော လက်တွေ့စမ်းသပ်မှုများကိုပါ ပြုလုပ်နေပြီဖြစ်သည်။ သို့သော် မထင်မှတ်ထားသော ပြဿနာများပေါ်လာပါက သူကချက်ချင်း လက်လျှော့လိုက်သည်သာဖြစ်သည်။ ဤနေရာတွင်သာ မိုးပေါ်မှ မီးမိုးများ ရွာကျစေရန် သို့မဟုတ် နေရာအနှံ့သို့ အနက်ရောင်မီးခိုးများ ပျံ့နှံ့သွားစေရန် သူလုပ်မိပါက သူ၏ ဇိမ်အပြည့်ရှိသော ဘဝလေးမှာ ဆက်၍ဇိမ်ရှိနိုင်တော့မည် မဟုတ်ပေ။
သူက ထိုသို့ ကတိကဝတ်ပြုထားသည့်အလား ဆောင်ရွက်နေသဖြင့် မည်သို့သော ဟော့ဟော့ရမ်းရမ်းကိစ္စမှ မဖြစ်ပွားပေ။ သို့သော် သူသည် ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်ကို လေ့လာရာတွင် စိတ်နှစ်ထားသည့်အတွက် ဆယ့်ခြောက်ရောင်ခြယ်မီးတောက်နှင့် ပတ်သတ်သည့် သူ၏နားလည်မှုများနှင့် ထိန်းချုပ်မှုများမှာ ပို၍တိုးတက်လာတော့သည်။
ပိုင်ဟောက်ကလည်း ဟိုဟိုသည်သည် အကြံကောင်းများပေးနေသဖြင့် ပို၍ပင်အဆင်ပြေကာ သူ၏ နိမိတ်ဖတ်သည့်ပညာရပ်မှာလည်း တိုးတက်လာသည်။ အချိန်များကုန်ဆုံးသွားပြီး ပိုင်ရှောင်ချန်းမှာ ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်ကို ကြိုးစားစမ်းသပ်နေသဖြင့် တချိန်ထဲမှာပင် ဆယ့်ခြောက်ရောင်ခြယ်မီးတောက်ဖန်တီးရာတွင် သူ၏အောင်မြင်နှုန်းမှာ မြင့်မားလာသည်။ ယခုတွင် သူသည် သုံးဆယ်ရာခိုင်နှုန်းနီးပါး အောင်မြင်နှုန်း ရှိနေပြီဖြစ်သည်။
ထိုသို့ မြင့်မားလှသော အောင်မြင်နှုန်းကို ကြားလိုက်ရသူတိုင်း ယုံကြည်နိုင်မည်မဟုတ်။ ဤကမ္ဘာထဲရှိ အခြားမည်သည့် ဖန်တီးနည်းကမှ ဤမျှ အောင်မြင်နိုင်ခြေမရှိပေ။ ယခုလို ဖြစ်နေရခြင်းမှာ ပိုင်ဟောက်၏ အကူအညီများကြောင့်သာ ဖြစ်သည်။
" ဆရာရေ ဒီ အထူး နိမိတ်ဖတ်နည်းပညာရပ်က ဆယ့်ငါးရောင်ခြယ်မီးတောက်အတွက် ဖန်တီးထားတာ။ ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်ကို အောင်မြင်ချင်တယ်ဆိုရင် ကျွန်တော်တို့ ဆယ့်ခြောက်ရောင်ခြယ်မီးတောက်ကို အရင်တိုးတက်အောင် လုပ်ဖို့လိုတယ်။ " ပိုင်ဟောက်မှာ လတ်တလောတွင် အလွန်ကြိုးစားနေတော့သည်။ သူ၏အားလပ်ချိန်များတွင်ပင် ထိုင်ကာ ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်အကြောင်း တွေးတောနေသည်ဖြစ်ပြီး ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ဖန်တီးနည်းကိုပင် ကြို၍ ပုံဖော်နေတော့သည်။
သူ့တွင် အကြံများစွာ ရှိသည်။ တစ်ခုမှာ ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်များစွာကို သုံးကာ ဆယ့်ရှစ်ရောင်ခြယ်မီးတောက်၏ ဖော်စပ်နည်းကို တွက်ထုတ်ရန်ဖြစ်သည်။ နောက်တစ်ခုမှာ ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်တစ်ခုကို မီးပင်လယ်တစ်စင်းအဖြစ် ဖြန့်ကြက်ပြီး အခြား အရောင်တစ်ခု ထပ်ထည့်ကာ မီးတောက်တစ်ခုအသွင် ပြန်လည်ပြောင်းလဲရန်ဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သတ်သည့် တွေးတောမှုများ၊ ဆွေးနွေးမှုများကြောင့် ပိုင်ဟောက်မှာ ခေါင်းများ ပူထူနေရတော့သည်။
ပိုင်ရှောင်ချန်းတစ်ယောက်ထဲသာဆိုလျှင် ဤအချင်းအရာများကို အောင်မြင်နိုင်ရန်မှာ အလွန်ခက်ခဲနေမည်ဖြစ်သည်။ အကယ်၍ အောင်မြင်ခဲ့လျှင်တောင်မှ စိတ်ကူး၍ပင်မရနိုင်လောက်အောင် များပြားသည့် အချိန်များ လိုမည်ဖြစ်သည်။
ပိုင်ရှောင်ချန်းနှင့် ပိုင်ဟောက်တို့မှာ မီးတောက်ဖန်တီးခြင်းအတတ်ကို စမ်းသပ်နေကြစဥ် မြို့တော်ထဲရှိ ကောလာဟလများမှာ ဗြောင်းဆန်နေကြပြီး နတ်ဝံပုလွေလေးနှင့် အခြားလက်ရွေးစင်များမှာ အချိန်ပေးကာ အကြံတစ်ခုထုတ်နေကြသည်။ သို့သော် ထိုအချင်းအရာများ ဖြစ်ပျက်နေစဥ် ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းသည့် မျက်ဝန်းများကိုပိုင်ဆိုင်ထားသော လူနှစ်ယောက်က မြို့နယ်အမှတ် ရှစ်ဆယ့်ကိုးရှိ ပိုင်ရှောင်ချန်း၏ဆိုင်ကို စိုက်ကြည့်နေကြသည်။
" နတ်ဝံပုလွေလေးနဲ့ အခြားကောင်တွေက အဖြစ်မရှိတဲ့ကောင်တွေပဲ။ ဒီဘာမှမဟုတ်တဲ ပိုင်ဟောက်လေး တစ်ယောက်အတွက် ဘာတွေများ ဇယားရှုပ်နေကြတာလဲ။ "
မြို့နယ်အမှတ် သုံးတွင် မိုးထိုးနေသော စေတီတစ်ဆူရှိပြီး ထိုစေတီထဲတွင် သောကကင်းဝေးကိုးသွယ်ဘုရင်၏ အမွေဆက်ခံသူဖြစ်သော မင်းသားကျိုးဟုန်မှာ မတ်တတ်ရပ်ကာ အဝေးတစ်နေရာကို လှမ်းကြည့်နေသည်။
သူသည် ပုံမှန်ဆိုလျှင် သောကကင်းဝေးကိုးသွယ်မြို့တွင်သာ နေလေ့ရှိသော်လည်း ပိုင်ဟောက်က ဗဟိုဧကရာဇ်မြို့တော်သို့ ရောက်လာသည့် သတင်းကိုကြားပြီးနောက် သူက အပြေးလာခဲ့သည်။ ဝိညာဥ်ရေနွေးအိုးထဲမှ ဖြစ်ရပ်များကို သူကမကျေအေးပေးနိုင်သေးပေ။ သူသည် ရောက်ရောက်ချင်းတွင် ချန်ရှုံး၏ အဖြစ်ဆိုးကို ကြားလိုက်ရသည်။
ကျိုးဟုန်၏ဘေးတွင် ရပ်နေသူမှာ တန်ဖိုးကြီးအဝတ်အစားများကို ဝတ်ဆင်ထားပြီးခံ့ညားသည့် သက်လတ်ပိုင်း လူတစ်ယောက်ဖြစ်သည်။ သူ၏ မျက်နှာသွင်ပြင်မှာ ရွှီရှန်နှင့် ဆင်တူသည်။ ကျိုးဟုန်၏စကားများကို ကြားလိုက်သောအခါ သူက ရယ်မောကာ ဆိုလိုက်သည်။
" ညီလေးကျိုးပြောတာမှန်တယ်။ ဒီပိုင်ဟောက်က... သရဲကြီးဘုရင်ကိုပဲ အားကိုးနေရတာပါ။ သူ့တိုက်ပွဲစွမ်းရည်က ကောင်းရင်ကောင်းနိုင်ပေမဲ့ သူက တစ်ယောက်ထဲရှိတာလေ။ ပြီးတော့ သရဲကြီးဘုရင်ရဲ့ အမွေဆက်ခံသူ အစစ်လည်းမဟုတ်ဘူး။ ကျိုးကျစ်မိုကလည်း သူ့ကိုမုန်းသေးတယ်။ ငါတော့ သူ့ကို ရင်ဆိုင်ဖို့က ပြဿနာတစ်ခုမဟုတ်ဘူးလို့ ထင်တာပဲ "
ကျိုးဟုန်က ထိုသက်လတ်ပိုင်းလူကို လှည့်ကြည့်ကာ မေးလိုက်သည် " အစ်ကိုရွှီရေ၊ ကျွန်တော်ကြားတာ ရွှီရှန်က ဒီပိုင်ဟောက်ဆိုတဲ့ကောင်ကို သဘောကျလို့ဆို။ အဲဒါတကယ်ပဲလား... "
" ငါ့ညီမလေးက နည်းနည်း ရိုးအ သေးတယ်။ သူပြန်ရောက်တော့ ပိုင်ဟောက်ရဲ့ ကောင်းကြောင်းတွေချည်းပြောနေပေမဲ့ ခမည်းတော်ကြောင့် နောက်ပိုင်းတော့ ငြိမ်သွားတယ်။ ဘာပဲဖြစ်ဖြစ်ပါ... သူက ဘဝကြီးအကြောင်း နားလည်သေးတာမဟုတ်ဘူး။ သူ့ရဲ့အစ်ကိုအနေနဲ့ ဒီလို ဝိညာဥ်ခရီးမြို့ကို စော်ကားတာ ငါသည်းမခံနိုင်ဘူး။ အဲဒါကြောင့် ငါက မင်းရဲ့ဖိတ်ခေါ်မှုကို ပျော်ပျော်ကြီးလက်ခံပြီး ဒီကိုရောက်လာရတာ ညီလေးကျိုးရေ "
ထိုသက်လတ်ပိုင်းလူမှာ ဝိညာဥ်ခရီးဘုရင်၏ သားများထဲမှ တစ်ယောက်ဖြစ်သော ရွှီဖုန်း ဖြစ်သည်။
" ညီလေးကျိုး " သူက ဆက်ပြောလိုက်သည်။
" သူ့ကို ကိုင်တွယ်ဖို့ မင်းမှာ အကြံတစ်ခုရှိပြီလား။ " အမှန်မှာ ရွှီဖုန်းသည် ပိုင်ဟောက်ဆိုသူအပေါ် မုန်းတီးမှုမရှိပေ။ သို့သော် မြေရိုင်းဒေသတွင် ဘုရင်ရာထူးမှာ သားများဆီသို့သာ လက်ဆင့်ကမ်းပေးငြသည်မဟုတ်ပေ။ သမီးများကိုပါ လွှဲပေးနိုင်သည်။ ထို့အပြင် ဝိညာဥ်ခရီးဘုရင်ထံတွင် သားများစွာရှိသည်။ ဝိညာဥ်ခရီးမြို့ထဲရှိ မင်းသား၊မင်းသမီးအားလုံးမှာ ရွှီရှန်အား အကြောက်ကြဆုံးဖြစ်သည်ကို မြေရိုင်းဒေသတစ်ခုလုံးက သိသည်။
ရွှီရှန်က ပိုင်ဟောက်အား အထင်ကြီးနေသည်ကို သိလိုက်ရပြီး ကျိုးဟုန်၏ ဖိတ်ခေါ်ခြင်းကို ခံလိုက်ရသဖြင့် ရွှီဖုန်းမှာ သူ၏အဆင့်အတန်းကို မြှင့်တင်ရန် အခွင့်ကောင်းတစ်ခုဖြစ်ကြောင်း မှတ်ယူလိုက်သည်။ သူသည် ဤပိုင်ဟောက်ကို တစ်ခါမှ မမြင်ဖူးသဖြင့် ကျိုးဟုန်၏အစီအစဥ်မှာ အန္တရာယ်များလွန်းနေလျှင်လည်း ဤအခြေအနေမှ နောက်ဆုတ်သွားရန် သူကအသင့်ဖြစ်နေသည်။