သဟဇာတဖြစ်သောမောင်နှမများ
Vol. 24 Ch. 231
မိုချန်သည် သူ၏အင်မော်တယ်ဝိညာဉ်ကိုပြန်လည်ပြုပြင်ရန် ထွက်ခွာသွားပြီးနောက် ကျန်းချန်သည် အဝါလေးကိုခေါ်လိုက်၏။ သူမထွက်လာသည်နှင့်တစ်ပြိုင်နက် စပ်စုတတ်သောကလေးငယ်တစ်ဦးကဲ့သို့ တတွတ်တွတ်မေးမြန်းလေတော့သည်။
“ဟင်... ဒါကဘယ်နေရာလဲ”
“မေမေ... ဒါကဘယ်နေရာလဲ”
“ဒီနေရာက တော်တော်လေးသက်သောင့်သက်သာရှိတာပဲ... ဒါပေမဲ့ ဝိညာဉ်သွေးကြောတွေကို ဘာလို့ရှာမတွေ့တာလဲ”
“ဒါက သမီးတို့ရဲ့အိမ်အသစ်လား”
မေမေဟု ခေါ်နေဆဲ...
အစ်ကိုကြီးချန်သည် မေးစေ့ကိုအသာမော့ကာ သူမကို ဗဟုသုတမရှိသော တောသားလေးတစ်ယောက်ကိုကြည့်သကဲ့သို့ ကြည့်လိုက်၏။
“ဒါကအင်မော်တယ်လောကပဲ... ဝိညာဉ်သွေးကြောတွေမရှိတာ အဆန်းမဟုတ်ဘူး”
“ဒါဆိုသမီးတို့က အင်မော်တယ်လောကကို ရောက်လာကြတာပေါ့... မေမေက တကယ်ပဲ ဟိုဟိုဒီဒီသွားနိုင်တာပဲ... သမီးတို့က နေ့တိုင်းအိမ်ပြောင်းနေရသလိုပဲ”
ထိုမိန်းကလေးငယ်သည် ရွှမ်ကျီရုပ်ပုံထဲတွင်ရှိနေစဉ်ကပင် သူမအလိုရှိသည့်အချိန်တိုင်း အပြင်ထွက်လာနိုင်သော်လည်း ဝိညာဉ်သွေးကြောများထဲတွင်သာ နေထိုင်လိုစိတ်ပြင်းပြနေခဲ့၏။ ရွှမ်ကျီရုပ်ပုံထဲတွင် အခြားသူများက အချိန်ကုန်ဆုံးမှုနှေးကွေးသည်ဟုခံစားရသော်လည်း သူမတစ်ဦးတည်းသာ ထိုနေရာတွင် အချိန်ပြည့်အိပ်စက်နေခဲ့သည်။
“သမီးအတွက် မောင်လေးတစ်ယောက်ရထားတယ်... ဒီနေ့ မင်းတို့နှစ်ယောက်ကိုဆုံပေးမယ်”
“မောင်လေးဟုတ်လား”
အဝါလေးသည် သူမ၏မျက်တောင်ရှည်များကိုပုတ်ခတ်ကာ အံ့အားသင့်စွာမေးလေ၏။
“မေမေက တစ်ယောက်ယောက်နဲ့ ကလေးရခဲ့တာလား”
“ကျိလင်းဟန်လား... လန်ယီလား”
ဒီကောင်မလေးက တကယ်ပဲ ဒီလောက်သိနေတာလားဟု ကျန်းချန်တွေးတောမိသွားသည်။ သူမကို ရိုးသားပြီး ဘာမှမသိနားမလည်သူဟု အမြဲထင်မှတ်ထားခဲ့သော်လည်း ယခုကြည့်ရသည်မှာ ထိုသို့ဟုတ်ပုံမရပေ။ ကျန်းချန်သည် အဖြူလေးကိုလည်း လက်ဟန်ခြေဟန်ဖြင့် ခေါ်ယူလိုက်သည်။
“ဒါက အဝါလေး... မင်းအစ်မပဲ”
“ဒါကတော့ အဖြူလေး”
“အချင်းချင်းမိတ်ဆက်ကြဦး”
သူတို့နှစ်ဦးစလုံးမှာ သာမန်သက်ရှိများမဟုတ်ရာ မည်သို့ဖြစ်လာမည်မသိပေ။ သူတို့နှစ်ဦးဆုံတွေ့ပြီးနောက် အချင်းချင်းစိုက်ကြည့်နေကြသည်မှာ အတော်ကြာလေပြီ။
မည်သည့်တုံ့ပြန်မှုမျှမရှိဘဲ အချိန်အတော်ကြာတိတ်ဆိတ်သွားသဖြင့် အတော်လေးနေရခက်နေတော့သည်။ ဖခင်တစ်ဦးကဲ့သို့စောင့်ကြည့်နေသော အစ်ကိုကြီးချန် အနည်းငယ်စိုးရိမ်လာ၏။ သူတို့ကို ချစ်ခင်အားကိုးရသော မောင်နှမများအဖြစ် မြင်တွေ့လိုလေသည်။
“မင်းတို့ဘာဖြစ်နေကြတာလဲ”
“ပထမဆုံးတွေ့တာကို ဘာလို့ရန်သူတွေလိုဖြစ်နေကြတာလဲ”
“မဟုတ်ရပါဘူး ဖေဖေ... အထင်လွဲနေတာပါ”
အဖြူလေး၏ ချစ်စဖွယ်မျက်နှာလေးပေါ်တွင် ချိုသာသောအပြုံးတစ်ခုပေါ်လာပြီးနောက် အဝါလေးကိုအားရပါးရ ဖက်လိုက်လေသည်။
“ကျွန်တော်က အစ်မကိုမြင်လိုက်ရလို့ အရမ်းရင်ခုန်သွားတာပါ”
“အစ်မ... ဖက်ရအောင်”
“မောင်လေး လိမ္မာတယ်”
အဝါလေး၏ အနည်းငယ်ဖောင်းအိနေသော ပါးပြင်လေးပေါ်တွင်လည်း အပြုံးများပြည့်နှက်သွားပြီး အဖြူလေး၏ ပိန်ပါးသောကျောပြင်ကို ပုတ်ပေးလိုက်သည်။
“ဒီလို မောင်လေးတစ်ယောက်ရှိတာကိုသိရလို့ ဘယ်လောက်တောင်ပျော်နေလဲဆိုတာ ပြောပြလို့တောင်မရနိုင်ဘူး”
“ဪ... အဲဒီလိုလား... ဒါဆိုရင်တော့ ကောင်းတာပေါ့”
အစ်ကိုကြီးချန်သည် စိတ်သက်သာရာရစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။ သို့သော် အဖြူလေး၏ကျောကိုပုတ်ပေးနေသော အဝါလေး၏လက်ကလေးကိုကြည့်ရင်း သူအနည်းငယ်သံသယဝင်သွားသည်။ နည်းနည်းတော့ ဟန်ဆောင်နေသလိုလို...
“ဖေဖေ... အစ်မနဲ့အတူအပြင်သွားပြီး ရင်းနှီးအောင်လုပ်ချင်တယ်... ရမလား”
“မေမေ... သမီးလည်း မောင်လေးနဲ့ကစားချင်တယ်”
“သွားကြ... သွားကြ”
ကလေးနှစ်ဦးမှာ သူငယ်ချင်းဟောင်းများကဲ့သို့ ရင်းနှီးသွားသည်ကိုမြင်ရသဖြင့် အစ်ကိုကြီးချန်သည် သူ၏သံသယများကို မေ့ဖျောက်လိုက်၏။ သူသည် ထွက်ခွာသွားသော သူတို့၏ကျောပြင်များကိုကြည့်ကာ လက်ဝှေ့ယမ်း၍ပင်နှုတ်ဆက်လိုက်ပြီးနောက် သူ၏ခက်ခဲပင်ပန်းသောကျင့်ကြံခြင်းကို စတင်လေတော့သည်။
ဤကာလအတွင်း ကံစမ်းမဲနှိုက်ခြင်းနှင့် စစ်ပွဲအတွင်းမှရရှိလာသောပစ္စည်းများကြောင့် သူ့တွင်အင်မော်တယ်ဆေးလုံးများနှင့် အင်မော်တယ်ကျောက်တုံးများစွာရှိနေလေပြီ။ သူ၏လက်စွပ်ထဲမှဆေးလုံးများကို လက်တစ်ဆုပ်စာထုတ်ယူကာ ပါးစပ်ထဲထည့်လိုက်ပြီးနောက် နေ့စဉ်အဆင့်တက်ခြင်းလုပ်ငန်းစဉ်ကို စတင်လိုက်သည်။ ပြင်ပတွင်မူ မိုးကြိုးသံများဆူညံနေပြီး အဆင့်တက်စင်မြင့်မှလူအချို့သည် ဘေးဒုက္ခကိုရင်ဆိုင်ရန်အတွက် ထွက်ပေါ်လာ၏။
အဆင့်တက်စင်မြင့်၏အောက်ဘက်တွင် လူတိုင်း၏အစွမ်းမှာ သိသိသာသာတိုးတက်လာနေသည်။ နောက်ဘက်ရှိနန်းဆောင်တွင်လည်း မိုချန်သည် သူ၏အင်မော်တယ်ဝိညာဉ်ကို လျင်မြန်စွာပြုပြင်နေပြီး အဆင့်တက်စင်မြင့်၏အောက်ဘက်တွင်မူ အဝါရောင်နှင့် အဖြူရောင် အလင်းတန်းနှစ်ခုမှာ ပြင်းထန်စွာတိုက်ခိုက်နေ၏... အရာအားလုံးမှာ အလွန်ပင်စည်ကားသာယာနေပုံရသည်။
ဆေးလုံးအားလုံးကိုသုံးစွဲပြီးနောက် အစ်ကိုကြီးချန်သည် အစစ်အမှန်အင်မော်တယ် အဆင့် ၁ မှ အစစ်အမှန်အင်မော်တယ် အဆင့် ၉ ရောက်သွား၏။ သူသည် မြင့်မြတ်အင်မော်တယ်အဆင့်၏ သိုင်းတာအိုနယ်ပယ်ကိုပိုင်ဆိုင်ထားသဖြင့် အဆင့်တက်ရန်အတွက် အဟန့်အတားမရှိပေ။
ထို့အပြင် ကောင်းကင်ဘုံ ဖျက်စီးခြင်းရဲ့ မဖျက်စီးနိုင်သော ခန္ဓာကိုယ်၏ ချီစုပ်ယူမှုနှင့် ပြောင်းလဲမှုနှုန်းမှာ အလွန်မြန်ဆန်လှသဖြင့် ဆေးသောက်ရုံမျှဖြင့် အဆင့်တက်နိုင်၏။ သို့သော် ဤမျှမြန်ဆန်စွာအဆင့်တက်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ သူသုံးစွဲလိုက်သောဆေးလုံးပမာဏ အလွန်များပြားလှသောကြောင့်ပင်။
နက်ရှိုင်းလှသောသိုင်းတာအိုအခြေခံဖြင့် အဆင့်တက်ရန်အတွက် အခြားကျင့်ကြံသူများထက် အဆပေါင်းများစွာပိုမိုများပြားသော ဆေးလုံးများလိုအပ်သည်။ သူ၏အင်မော်တယ်ဝိညာဉ်ကို အဆင့်မြှင့်တင်ရန်မှာလည်း ထိုနည်းတူခက်ခဲ၏။
ကံကောင်းထောက်မစွာဖြင့် သူသည် ယခုတစ်ကြိမ်တွင် မြင့်မြတ်အင်မော်တယ်နှစ်ဦးကို သုတ်သင်နိုင်ခဲ့ရာ သူတို့၏စုဆောင်းမှုများမှာ ကောင်းကင်အင်မော်တယ်အဆင့်များစွာကို မွေးထုတ်နိုင်သည်အထိ များပြားလှသည်။ ထို့အပြင် သူသတ်ဖြတ်ခဲ့သော ကောင်းကင်အင်မော်တယ်နှစ်ရာခန့်၏ပစ္စည်းများပါ ပေါင်းစပ်လိုက်သောအခါ သူ့နယ်ပယ်မှာတည်ငြိမ်သွားလေပြီ။
အစစ်အမှန်အင်မော်တယ်အဆင့် ၉ ရောက်ရှိသွားသောအခါ အစ်ကိုကြီးချန်သည် စိတ်ဓာတ်များတက်ကြွလာပြီး အမှတ်အချို့ထပ်မံရယူရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူသည် ယခင်မြို့စားမင်း၏ ကျောက်စိမ်းပေတံကို ထုတ်ယူလိုက်၏။
၎င်းသည် အမှန်တကယ်တွင် အဆင့်တက်စင်မြင့်ကိုထိန်းချုပ်နိုင်ပြီး အနှစ်သာရအူတိုင်ကိုခေါ်ယူနိုင်သော မှော်ရတနာဖြစ်သည်။ ကျောက်စိမ်းပေတံကို သန့်စင်လိုက်သောအခါ ၎င်းအပေါ်တွင် များပြားလှသောစာတန်းများပေါ်လာသည့်အပြင် အဆင့်တက်စင်မြင့်၏အထက်တွင် ကြီးမားသော ရွှေရောင်အဆင့်သတ်မှတ်ချက်စာရင်းတစ်ခုပေါ်လာရာ မြို့အတွင်းရှိလူအများအပြားကို ဆွဲဆောင်သွား၏။
“တက်လှမ်းခြင်း အဆင့်သတ်မှတ်ချက်စာရင်းပါလား”
“ပထမနေရာကတော့ မျှော်လင့်ထားတဲ့အတိုင်း ဝူဟိုင်မြို့ပဲဖြစ်နေတုန်းပဲ... သူတို့က အခုဆိုရင် ၁၅၈ ကြိမ် အနိုင်ရထားပြီ”
“ပထမသုံးနေရာကတော့ မပြောင်းလဲသေးဘူး”
“အရင်က စတုတ္ထနေရာမှာရှိတဲ့ ယင်ယွီမြို့က အခုဆဋ္ဌမနေရာကိုရောက်သွားပြီ... ပြိုင်ဆိုင်မှုက တကယ်ကိုပြင်းထန်တာပဲ”
“ဆန်မီးအိမ်မြို့ကတော့ နိုင်ပွဲ အကြိမ် ၁၀၀ အတိနဲ့ ထိပ်ဆုံးဆယ်နေရာထဲဝင်သွားပြီ... တကယ်ကိုအံ့ဩစရာပဲ”
“သူတို့ဝင်မယ်ဆိုတာသိပြီးသားပါ... သူတို့ဆီမှာ ရွှေအင်မော်တယ်ခြောက်ယောက်ရှိတာကိုး”
“ကျွန်တော်တို့မြို့စားမင်းက ရွှေအင်မော်တယ်ဖြစ်နိုင်မလား”
“မသိဘူး... ဒါပေမဲ့ အရင်မြို့စားမင်းကို သတ်နိုင်တယ်ဆိုမှတော့ ဖြစ်နိုင်ပါတယ်...”
ယခင်မြို့စားမင်း အသတ်ခံရခြင်းနှင့်ပတ်သက်၍ ဤအင်မော်တယ်မြို့တွင်နေထိုင်သူများသည် မည်သည့်ဝမ်းနည်းမှုမျှမရှိကြ။ မုန်းတီးမှု သို့မဟုတ် ဒေါသထွက်မှုလည်း မရှိကြချေ။
သူတို့မှာ ထိုမြို့စားမင်း၏ မျိုးဆက်များမဟုတ်ကြရာ ကျန်းချန်က သူတို့ကိုမသတ်ဖြတ်သရွေ့ မည်သူမြို့စားမင်းဖြစ်သည်မှာ သူတို့အတွက်အရေးမကြီး။ သူတို့သည် မြို့စားမင်းမှာ ပိုမိုစွမ်းအားကြီးရန်ပင် ဆန္ဒရှိကြသေးသည်။ ထိုသို့ဆိုလျှင် တင့်ထျန်းမြို့၏မှတ်တမ်းမှာ ပိုမိုကောင်းမွန်လာမည်ဖြစ်ပြီး အဆင့်တက်စင်မြင့်၏စည်းမျဉ်းစွမ်းအားများ ပိုမိုအားကောင်းလာမည်ဖြစ်ရာ သူတို့အတွက်လည်းအကျိုးရှိမည်။ ထိပ်ဆုံးဆယ်နေရာထဲသို့ဝင်ရန်အတွက်မူ သူတို့ တစ်ခါမျှမစဉ်းစားဖူးကြပေ။ ၎င်းမှာ လုံးဝမဖြစ်နိုင်သည့်အရာပင်။
ထိုသို့စဉ်းစားနေကြစဉ် အဆင့်သတ်မှတ်ချက်စာရင်း၏အောက်ခြေရှိ အမည်တစ်ခုမှာ ရုတ်တရက်လင်းလက်လာသည်ကို တွေ့လိုက်ရသည်။
“ဟာ... မြို့စားမင်းက စိန်ခေါ်မှုလိုက်တာလား”
“နေဦး... သူ ဘယ်မြို့ကိုစိန်ခေါ်လိုက်တာလဲ ကြည့်ရအောင်”
“ကျန့်ရှောင်မြို့ပါလား”
အစ်ကိုကြီးချန်သည် စိန်ခေါ်မှုကိုနှိပ်လိုက်သည်နှင့်တစ်ပြိုင်နက် အဆင့်တက်စင်မြင့်တစ်ခုလုံးမှာ အခြားဟင်းလင်းပြင်တစ်ခုသို့ ရုတ်တရက်ရွေ့လျားသွားသကဲ့သို့ ခံစားလိုက်ရ၏။ မည်သည့်တုန်ခါမှုမျှမရှိဘဲ အခြားမြင်ကွင်းတစ်ခုသို့ရောက်ရှိသွားခြင်းမှာ အလွန်ထူးဆန်းလှသည်။
အခြားအဆင့်တက်စင်မြင့်တစ်ခုသည် မြူခိုးများကြားတွင် ဖြည်းညှင်းစွာထွက်ပေါ်လာ၏။ သူတို့နှင့်မျက်နှာချင်းဆိုင်ရှိ မြင့်မားသောစင်မြင့်ထက်တွင် လူရိပ်အချို့ကိုတွေ့လိုက်ရသည်။ အင်မော်တယ်လက်နက်များနှင့် မှော်ရတနာအမျိုးမျိုးမှာ ကြောက်မက်ဖွယ်ကောင်းသောအလင်းတန်းများ တဖျတ်ဖျတ်လက်နေ၏။
တင့်ထျန်းမြို့ဘက်မှလူတိုင်းသည် အဆင့်တက်စင်မြင့်ရှိခဲ့သောနေရာလွတ်ကိုကြည့်ကာ မယုံကြည်နိုင်သောမျက်နှာများဖြင့်ရှိနေကြသည်။
“ဘုရားရေ... ကျန့်ရှောင်မြို့က ၄ ကြိမ်နိုင်ထားတဲ့မြို့ပဲ... သူတို့ဆီမှာ မြင့်မြတ်အင်မော်တယ် ၄ ယောက် ရှိတယ်... ငါတို့ထက် အများကြီးပိုသန်မာတာပဲ”
“ငါတို့ အခက်တွေ့တော့မှာပဲ... ငါတို့ရှုံးမှာအသေအချာပဲ”
“အကယ်၍ ငါတို့ရှုံးသွားရင် ငါတို့ရဲ့စည်းမျဉ်းစွမ်းအားတွေက တစ်ဆင့်လျော့သွားလိမ့်မယ်”
“စောင့်ကြည့်ကြရုံပဲ... တခြားလူတွေအများကြီးရှိတာကို ၄ ကြိမ်နိုင်ထားတဲ့မြို့ကိုမှ သွားပြီးရန်စရတယ်လို့...”
အင်မော်တယ်မြို့ တက်လှမ်းခြင်းစစ်ပွဲတွင် နိုင်ပွဲအရေအတွက်မှာ မြို့တစ်မြို့၏အင်အားကို အပြည့်အဝဖော်ပြနေ၏။ နိုင်ပွဲ ၄ ကြိမ်နှင့် ၂ ကြိမ်ကြားတွင် အခြေခံကျသောခြားနားချက်များရှိနေသည်။
နိုင်ပွဲမှာ ၂ ကြိမ်သာကွာခြားသော်လည်း တူညီသောနိုင်ပွဲအရေအတွက်ရှိသည့် မြို့များစွာရှိနေသဖြင့် သူတို့၏အဆင့်သတ်မှတ်ချက်မှာ နေရာပေါင်းလေးသန်းခန့်ကွာခြားနေ၏။ ရွေးချယ်စရာများစွာရှိသည့်အနက် ဤမျှအင်အားကြီးသောပြိုင်ဘက်ကို ရွေးချယ်ခဲ့ရသနည်း။ အကယ်၍ သူသည် နိုင်ပွဲ ၀ သို့မဟုတ် ၁ ရှိသောမြို့ကိုသာ ရွေးချယ်ခဲ့ပါက မျှော်လင့်ချက် အနည်းငယ်ရှိနေဦးမည်။
“မပြောနိုင်ဘူးလေ... မြို့စားမင်းက တကယ်ပဲ ရွှေအင်မော်တယ်ဖြစ်နေရင်ရော”
“အင်းလေ... အဲဒီလိုပဲဆုတောင်းရမှာပဲ...”
အခြားတစ်ဖက်တွင်မူ အစ်ကိုကြီးချန်သည် သူ၏ပြိုင်ဘက်များနှင့် ဆုံတွေ့လိုက်ရလေပြီ။ မျက်နှာချင်းဆိုင်ရှိ အဆင့်တက်စင်မြင့်ထက်မှ မြင့်မြတ်အင်မော်တယ်လေးဦးသည် သူတို့၏အင်မော်တယ်ဓားများကို တစ်ပြိုင်နက်တည်းထုတ်ယူလိုက်ကြသည်။
ကောင်းကင်အင်မော်တယ်ငါးရာခန့် တန်းစီနေပြီး သူတို့၏နောက်ကွယ်တွင် အစစ်အမှန်အင်မော်တယ်နှစ်သောင်းကျော်ရှိနေသည်။ ၎င်းမှာ တက်လှမ်းခြင်းစစ်ပွဲ၏ စည်းမျဉ်းများအရ လူသုံးသောင်းထက် ပို၍မပါဝင်နိုင်သောကြောင့်ပင်။
“နိုင်ပွဲ ၂ ကြိမ်သာရှိတဲ့ အင်မော်တယ်မြို့လေးက ငါတို့ကိုစိန်ခေါ်ရဲတယ်ပေါ့လေ”
“မင်းတို့က တကယ်ပဲ ကိုယ့်သေတွင်းကိုယ်တူးနေကြတာပဲ”
မျက်နှာချင်းဆိုင်မှမြို့စားမင်း စကားပြောပြီးသည်နှင့် သူ့နောက်ရှိ ကောင်းကင်အင်မော်တယ်များနှင့် အစစ်အမှန်အင်မော်တယ်များသည် တစ်ပြိုင်နက်တည်း ဝါးလုံးကွဲရယ်မောလိုက်ကြတော့သည်။