← Chapters

အလယ်မှာ ချောင်ပိတ်မိနေခြင်း

Vol. 8 Ch. 731

အလယ်မှာ ချောင်ပိတ်မိနေခြင်း

Vol. 8 Ch. 731

ကျိုးဟုန်က ရွှီဖုန်းကို မသင်္ကာသလိုကြည့်သည်။ သူသိသော ရွှီဖုန်း၏ စရိုက်အရဆိုလျှင် သူ၏စိတ်ကို ပြောင်းရန်မှာ ဖြစ်နိုင်မည် မဟုတ်ကြောင်း သူသိသည်။

ကံဆိုးစွာ ကုန်းစွန်းရီက သူ့ဂုဏ်သိက္ခာကို ပြန်အဖက်ဆယ်နိုင်ရန်အတွက် ဉာဏ်နီဉာဏ်နက်များနှင့် လျှို့ဝှက်အကြံအစည်များကို အားထားရန် မလိုဘဲ သူ့ကိုယ်ပိုင် အတိုက်အခိုက်စွမ်းရည်နှင့်သာ ပြုလုပ်မည်ဟု ငေါ့တော့တော့လေသံဖြင့် ရှင်းပြထားသော စာဖြင့် သူ၏ဖိတ်ခေါ်မှုကို ငြင်းဆန်ခဲ့သည်။

ကျိုးဟုန်က ထိုအကြောင်းနှင့်ပတ်သက်၍ သိပ်မကျေနပ်သော်လည်း နောက်ဆုံးတွင် ရွှီဖုန်းနှင့်တွေ့ဆုံရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။ သူက စစ်နိုင်ဘုရင်ငယ်ကို မယုံကြည်ခြင်းကြောင့် သူနှင့် မပတ်သက်ချင်သည် မဟုတ်ပါလော။

" စိတ်မပူပါနဲ့။ အစ်ကိုရွှီ ၊ ဒီကောင် ပိုင်ဟောက် ချောင်ပိတ်နေပါပြီ။ ကျွန်တော်တို့ သူ့ကို သတ်လို့မရဘူးဆိုတာ ကျွန်တော်သိတယ်။ အဲဒီတော့ ကျွန်တော့်ရဲ့ အကြံက သူ့ကို အရှက်ခွဲပြီး ဗဟိုဧကရာဇ်မြို့တော်မှာ မနေရဲအောင် လုပ်မယ်။ ကျွန်တော်တို့ သူ့ကို သရဲကြီးမြို့တော်ကို ပြန်မောင်းထုတ်လိုက်ရုံပဲ "

ထိုသည်ကား ကျိုးဟုန် လိုချင်သောအရာဖြစ်သည်။ ဤပိုင်ဟောက်က သရဲကြီးမြို့တော်တွင် ရှိပြီး မမြင်ရ မတွေ့ရခြင်းသည် ဗဟိုဧကရာဇ်မြို့တော်မှာ အံ့သြဘနန်းကိစ္စရပ်များ လုပ်နေသည်ကို မြင်တွေ့နေရခြင်းနှင့် များစွာကွာခြားသည်။ ထို့အပြင် နောက်ဆုံးတွင် သူ့ကို ပို၍ပင် အောင်မြင်မှုရရှိစေရန် အခွင့်အရေး ပေးမိလိုက်သလို ဖြစ်သွားလိမ့်မည်။

ယခုတွင် ဗဟိုဧကရာဇ်မြို့တော်၏ နိုင်ငံရေးအခြေအနေသည် အလွန်မတည်မငြိမ်ဖြစ်နေရာ ပိုင်ဟောက်သာ သူ၏အင်အားကို တောင်တင်းခိုင်မာအောင် လုပ်နိုင်သွားလျှင် နောက်တွင် သူ့ကို ရင်ဆိုင်ရခက်ခဲသွားနိုင်သည်။

" အင်း " ရွှီဖုန်းက ပြုံး၍ ဆိုလိုက်သည်။

" ငါ အသေးစိတ်ကြားချင်တယ်ကွာ "

ထို့နောက် သူက မျှော်လင့်ချက်ကြီးစွာဖြင့် လှမ်းကြည့်လိုက်ရာ ကျိုးဟုန်က ပြန်ဖြေလိုက်သည်။

" အခုထိတော့ ကျွန်တော်အကုန်လုံးကို စေ့စေ့ပေါက်ပေါက် မတွေးရသေးပါဘူး။ ဒါပေမဲ့ သူ့ကို ဒီနေရာမှာ ကြိုက်သလို လုပ်နေခွင့်တော့ မပေးနိုင်ဘူး။ သူ့ဆိုင်က တကယ် နာမည်ကြီးလာတယ်မလား။ ကျွန်တော့်အစီအစဉ်က သောကကင်းဝေးကိုးသွယ်မြို့တော်က ထိပ်တန်းမဟာအကြီးအကဲအောက်လမ်းဆရာတစ်ယောက်ကို ခေါ်ပြီး ပိုင်ဟောက်ဘေးမှာ ဆိုင်ဖွင့်ခိုင်းလိုက်မယ် ”

" အတိုက်အခိုက်မှာ ပိုင်ဟောက်က အံ့ဖွယ်သရဲပဲ။ ဒါပေမဲ့ သူက စီးပွားရေးမှာလဲ တော်လိမ့်မယ်လို့ ကျွန်တော် မယုံဘူး။ ကျွန်တော်တို့ သူ့ရဲ့ဝင်ငွေရင်းမြစ်ကို ဖြတ်တောက်လိုက်ရင် သူသေချာပေါက် အမှားတွေလုပ်လာတဲ့အထိ အသည်းအသန်ဖြစ်သွားလိမ့်မယ်။ ဒါဆိုရင်တော့ ကျွန်တော်တို့ အသာစီးရမယ် "

အမှန်တကယ်တော့ ကျိုးဟုန်သည် ရှုပ်ထွေးသောအစီအစဉ်တစ်ခုကို စဉ်းစားထားပြီးဖြစ်သော်လည်း ရွှီဖုန်းကို မပြောပြချင်ပေ။ အမှန်တွင် သူက ပိုင်ဟောက်ကို ထိပ်တိုက်မရင်ဆိုင်နိုင်သည်ကို မကျေမနပ်ဖြစ်နေသေးသည်။ ကံမကောင်းအကြောင်းမလှစွာ သူသည် တိုက်ခိုက်ရာတွင် သူ့ကို မနိုင်လေရာ လက်စားပြန်ချေရန် ဉာဏ်နီဉာဏ်နက်များကို အသုံးပြုရန်လိုသည်။

ရွှီဖုန်းက စိတ်ဝင်တစားနားထောင်ပြီး နောက်ဆုံးတွင် နားလည်ရန် ခက်ခဲသော အပြုံးဖြင့် ပြုံးပြလေသည်။ သူသည် အရူးမဟုတ်ပေ။ ကျိုးဟုန်၌ အခြားအကြံအစည်များရှိမည်ဖြစ်ပြီး မပြောပြသည်ကို သူသိသည်။ သို့သော်လည်း ရွှီဖုန်းသည် သူ၏ကိုယ်ကျိုးအတွက် ထိုအခြေအနေမှ အခွင့်ကောင်းယူရန် ကြိုစားကြည့်ချင်သေးသည်။ မည်သို့ပင်ဖြစ်စေ ဆိုင်ဖွင့်ခြင်းက အသက်အန္တရာယ်ဖြစ်စေနိုင်မည် မဟုတ်ဘဲ အမှန်တွင် ယင်းက အကူအညီပင် ဖြစ်နိုင်လောက်သည်။ နောက်ဆုံးတွင် ရွှီဖုန်းက ခေါင်းညိတ်လိုက်သည်။

" ဒါက အကြံကောင်းပဲ ညီလေးကျိုးရေ။ ငါ ဝိညာဉ်ခရီးမြို့တော်က မဟာအကြီးအကဲအောက်လမ်းဆရာတစ်ယောက်ကို ခေါ်ပေးရင် ဘယ်လိုလဲ။ ငါတို့နှစ်ယောက်လုံး မြို့နယ် ၈၉မှာ ဆိုင်ဖွင့်လို့ရတာပဲ "

သူတို့နှစ်ယောက်လုံးသည် အားပါးတရရယ်မောလိုက်ကြပြီးနောက် စီစဉ်ဆောင်ရွက်မှုများလုပ်ရန် ထွက်သွားကြသည်။

လဝက်ကြာသော် ပိုင်ရှောင်ချန်းသည် ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်ဖန်တီးနည်းအတွက် လေ့လာစမ်းသပ်ချက်များ ပြုလုပ်နေဆဲဖြစ်သည်။ ပိုင်ဟောက်က နည်းလမ်းများကို အဆင့်မြှင့်တင်ထားပြီးဖြစ်သော်လည်း အသေးစိတ်ဆောင်ရွက်မှုအနည်းငယ် လုပ်ရန် လိုအပ်သေးသည်။

စီးပွားရေးက ဒီရေအလား တိုးပွားလာပြီး တံခါးအပြင်တွင် တန်းစီသည့်သူ ပြတ်သည်ဟူ၍ မရှိပေ။ ထိုလဝက်အတောအတွင်း ပိုင်ရှောင်ချန်း၏ ဆိုင်ဘေး တစ်ဖက်တစ်ချက်ရှိ ဆိုင်နှစ်ဆိုင်သည်လည်း ပိုင်ရှင် ပြောင်းသွားခဲ့လေပြီ။

ပြုပြင်မွမ်းမံခြင်းများအတွက် ခဏတာ ပိတ်ပြီးနောက် နှစ်ဆိုင်လုံးပြန်ဖွင့်သည်တွင် ယခင်ကထက် ပို၍ ကြီးမားကာ ခမ်းနားတင့်တယ်လာသည်။ သူတို့လုပ်ဆောင်သည်မှာ ဝိညာဉ်ဆေးများရောင်းခြင်းနှင့် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းတို့ ဖြစ်သည်။

အားလုံးအထဲ အံ့သြစရာအကောင်းဆုံးက ဆိုင်များအပေါ်တွင် တွဲထားသော ဆိုင်းဘုတ်များပင် ဖြစ်သည်။

တစ်ခုက စီမာတာအို၊ နောက်တစ်ခုကား စွန်းရီဖန်။

ထိုနာမည်နှစ်ခု ပေါ်လာသောအခါ မြို့နယ်အမှတ် ရှစ်ဆယ့်ကိုးတွင် အုတ်အုတ်ကျက်ကျက်ဖြစ်သွားသည်။ အချိန်တိုအတွင်း လူများသည် ပိုင်ရှောင်ချန်း၏ ဆိုင်အကြောင်းသာမက အသစ်ဖွင့်သောဆိုင်နှစ်ဆိုင်အကြောင်းကိုလည်း ပြောနေကြလေသည်။

" စီမာတာအို၊ သူက ဝိညာဉ်ခရီးမြို့တော်မှာရှိတဲ့ စီမာမျိုးနွယ်စုက မဟာအကြီးအကဲတစ်ယောက်မလား ။ ပြီးတော့ သူက ကောင်းကင်အောက်လမ်းဆရာလဲ ဟုတ်တယ်။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းမှာ တဖက်ကမ်းခတ် ကျွမ်းကျင်ပြီး ဝိညာဉ်ခရီးမြို့တော်ထဲက နံပါတ် တစ် စိတ်စွမ်းအင်အဆင့်မြှင့်တင်သူလို့ လူအတော်များများက လက်ခံထားကြတာ "

" သူက အရမ်းကို နာမည်ကြီးတာ။ သူက လောကဓာတ်အဆင့်ကို တက်လှမ်းနိုင်မယ့် အောက်လမ်းဆရာလက်တစ်ဆုပ်ထဲက တစ်ယောက်လို့ လူတိုင်း ပြောကြတယ် "

" စွန်းရီဖန်ကလဲ သာမန် ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူးဗျို့။ သူက မျိုးနွယ်စုမရှိတဲ့ သင်းကွဲကျင့်ကြံသူတစ်ယောက်ဆိုပေမယ့် သောကကင်းဝေးကိုးသွယ် ဘုရင်ရဲ့ မျက်နှာပေးခြင်းခံခဲ့ရတယ်။ အဲဒီနောက် သူက လက်ရှိကောင်းကင်အောက်လမ်းဆရာအဆင့်အထိ တဟုန်ထိုး ရောက်ရှိလာခဲ့တယ် "

" ကျုပ် ဘာကြားထားလဲ ခင်ဗျားသိလား။ သူက သောကကင်းဝေးကိုးသွယ်ဘုရင်ကို ကျေးဇူးတင်လွန်းလို့ မင်းအကြံပေးအမတ်ဖြစ်ဖို့ လက်ခံခဲ့တယ်တဲ့။ သူ့ အောက်လမ်းပညာရပ်စွမ်းရည်ကတော့ စီမာတာအိုနဲ့ သူမသာ ကိုယ်မသာပဲ "

ထိုနာမည်နှစ်ခုကြောင့် တစ်မြို့လုံး အံသြတုန်လှုပ်သွားကြပြီး ချန်ရှုံးနှင့်ပတ်သက်သော မတော်တဆမှုအပြင် လူအများစုသည် နောက်ထပ်မည်သည်တို့ ဖြစ်ပျက်လာမည်ကို အနီးကပ်စောင့်ကြည့်လာကြတော့သည်။ မြို့နယ်အမှတ်ရှစ်ဆယ့်ကိုးသည် ဗဟိုဧကရာဇ်မြို့တော်၏ အလယ်ပိုင်းဒေသတွင် မရှိဘဲ မြို့တော်၏ အစွန်အဖျားနှင့် ပို၍ နီးကပ်သည်။ မဟာအကြီးအကဲနှစ်ယောက် ရုတ်တရက် ဤသို့သော နေရာတွင် ဆိုင်လာဖွင့်သည့်အချက်မှာ အလွန် ပြောစရာဖြစ်နေသည်။

" သူတို့က ပိုင်ဟောက်ကို တိုက်ခိုက်နေတာပဲ "

" သောကကင်းဝေးကိုးသွယ်မြို့တော်က တစ်ယောက်။ ဝိညာဉ်ခရီးမြို့တော်က တစ်ယောက်၊ သူတို့က သူ့ကို ပုန်းလျှိုးကွယ်လျှိုး စိန်ခေါ်နေကြတာ။ ငါတော့ အနံ့ရတယ်ဟေ့ "

ပိုင်ရှောင်ချန်းသည် သူ့ကို ရုတ်ခြည်း အဆိုးရောက်သွားစေသည့် ရုတ်တရက်အပြောင်းအလဲကြောင့် ဒေါသထွက်နေသည်။ သူက ဆယ့်ငါးဆစိတ်စွမ်းအင်အဆင့်မြှင့်တင်နိုင်သည့်တိုင် စိတ်စွမ်းအင်အဆင့်မြှင့်တင်သူတစ်ယောက်အဖြစ် ကျင့်ကြံခြင်းအခြေခံနှင့် ဂုဏ်သတင်းအရဆိုလျှင် သူက ထိုလူနှစ်ယောက်ထက် နိမ့်ကျသည့်လူတစ်ယောက်ဟုသာ သတ်မှတ်နိုင်သည်။

ချက်ချင်းပင် စီးပွားရေးက မဟာအကြီးအကဲနှစ်ယောက်ဖြစ်သော ဆိုင်များထံသို့ ကူးပြောင်းသွားတော့သည်။ ထိုနေရာတွင် ရောင်းသော ဝိညာဉ်ဆေးများသည် အဆင့်မြင့်ဖြစ်ပြီး တစ်လုံးစီတိုင်းတွင် ယင်း၏အဆင့်ကို အာမခံထားသည့် တရားဝင်တံဆိပ်ဖြင့် အမှတ်အသားလုပ်ထားလေရာ ဆေးမှာ ဝယ်ချင်စရာ ဖြစ်လေသည်။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းအရဆိုလျှင် အောက်လမ်းဆရာနှစ်ယောက်လုံးသည် မှော်ပစ္စည်း အများအပြားကို ဆယ့်ငါးဆအဆင့်မြှင့်တင်ခြင်းအထိ ဆောင်ရွက်ခဲ့ဖူးသည်။ အမှန်ဆိုရလျှင် စွန်းရီဖန်၏ အပြောက်မြောက်ဆုံးလက်ရာသည် သောကကင်းဝေးကိုးသွယ်ဘုရင်အတွက် ဆယ့်ခြောက်ကြိမ်မြှင့်တင်ပေးခဲ့သော မှော်လက်နက်တစ်ခုပင် ဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ ဆိုင်နှစ်ဆိုင်၏ အလယ်တည့်တည့်တွင် အကြပ်ရိုက်နေပြီး သုံးရက်သာရှိသေးသည့် သူ့စီးပွားရေးမှာ အတော်ထိခိုက်နေလေပြီ။

ပိုင်ရှောင်ချန်း လုံးဝမပျော်နိုင်တော့ပေ။ ဆိုင်နှစ်ဆိုင်အကြောင်း လမ်းလျှောက်စုံံစမ်းကြည့်ပြီးသည်နှင့်တစ်ပြိုင်နက် သူတို့သည် သူ့ထက် ခမ်းနားကြီးကျယ်ကြောင်း တွေ့လိုက်ရသည်။ သူတို့၏အလုပ်များကို တံဆိပ်တစ်ခုဖြင့် မည်သို့အာမခံပေးထားသည်ကိုပါ ထည့်တွက်လျှင် သူ၏ ဆိုင်လေးက အလွန်ရိုးရှင်းလှသည်။

" ဒါက ဘာအဓိပ္ပါယ်လဲ ။ ငါ့ကို မတိုက်ခိုက်နိုင်တော့ အခု စီးပွားပျက်အောင် လုပ်ဖို့ ကြိုးစားနေကြတယ်ပေါ့လေ "

အခြားနှစ်ဆိုင်လုံးသည် လုံးဝလူရှုပ်ကာ ယောက်ယက်ခတ်နေသော်လည်း သူ၏ ဆိုင်လေးမှာတော့ လုံးဝလူသူကင်းမဲ့ကာ ယခင်ကနှင့် တခြားစီဖြစ်နေလေပြီ။

" သောကကင်းဝေးကိုးသွယ် မြို့တော်၊ ကျိုးဟုန်ဖြစ်ရမယ်။ ပြီးတော့ ဝိညာဉ်ခရီးမြို့တော်၊ ဟမ် ငါ ရွှီရှန်ဆီကနေ သက်စောင့်အားတစ်စက်မှ မယူခဲ့ပါဘူး။ သူက ငါ့ကို ဘာလို့ မကျေနပ်ဖြစ်နေတာလဲ "

ပိုင်ရှောင်ချန်းက လမ်းပေါ်သို့ လမ်းလျှောက်ထွက်လာပြီး အခြားဆိုင်များအား ကြည့်နေသည်ကို လူအတော်များများ သတိထားမိကြသည်။ စီမာတာအို နှင့် စွန်းရီဖန်ပင်လျှင် သတိထားမိသည်။ သို့သော် သူတို့က သူ့ကို စီးပွားရေးပြိုင်ဖက်တစ်ယောက်ပမာ သဘောထားပြီး သိပ်အရေးစိုက်မနေပေ။

သူတို့အတွက် ပိုင်ရှောင်ချန်းမှာ အထင်ကြီးဖွယ် အတိုက်အခိုက်စွမ်းရည်ရှိပြီး ယင်ယန်ဝိညာဉ်အဆင်ကျင့်ကြံခြင်းအခြေခံပင် ရှိသော်လည်း စိတ်စွမ်းအင်မြှင့်တင်ခြင်းနှင့် အောက်လမ်းပညာအရဆိုလျှင် သူသည် သူတို့ကို ပြိုင်နိုင်မည်မဟုတ်ဟု ယူဆထားသည်။ သူတို့သည် သူတို့ဘဝ၏အချိန်အများစုကို အောက်လမ်းပညာရပ်တွင် နှစ်မြုပ်ထားခဲ့ပြီး အတွေ့အကြုံများစွာ ရှိပေသည်။ အနည်းငယ် အလားအလာကောင်းသောေတလေဂျပိုးလေးတစ်ယောက်က သူတို့၏အနားပင် ကပ်နိုင်မည်မဟုတ်။

အခြေအနေကို အကဲခတ်ပြီးနောက် ပိုင်ရှောင်ချန်းက စိတ်ဆိုးမာန်ဆိုးဖြင့် သူ့ဆိုင်ထဲ ပြန်ဝင်သွားသည်။ သူက အစတွင် သူ့၏ ဤစိတ်စွမ်းအင်မြှင့်တင်ရေးဆိုင်ကို သိပ်ဂရုမစိုက်ခဲ့သော်လည်း သူ၏ အနာဂတ်ကျင့်ကြံခြင်းသည် ရောင်စုံမီးတောက်နှင့် ဆက်သွယ်နေပြီး လေ့လာခြင်းများစွာ လုပ်ရန်လိုအပ်သည်ဖြစ်ရာ ယခင်ကထက်ပို၍ အမုန်းဝိညာဉ်များစွာ လိုအပ်သည်။ အမှန်တွင် ပါဝင်သည့်အရေအတွက်သည် စိတ်ဖြင့် မှန်းဆရန်ပင် ခက်ခဲပေသည်။

သူသည် သရဲကြီးမြို့တော်သို့ ပြန်၍မရလေရာ မည်သည့်နည်းနှင့်မျှ မျိုးနွယ်စုများကို ခေါင်းပုံဖြတ်ခံနိုင်မည်မဟုတ်ပေ။ သခင်မလေးဟုန်ချိန်သည်လည်း မည်သည့်အကူအညီမှမရချေ။ ထိုသည်က အမုန်းဝိညာဉ်များကို ရရန်အတွက် ပိုင်ရှောင်ချန်းအနေဖြင့် အလွန်အန္တရာယ်များလွန်းသည့် နည်းဖြစ်သော လူအများကို တိုက်ခိုက်အနိုင်ယူရမည့် နည်းတစ်နည်းသာ ရှိတော့သည်ဟု ဖော်ပြနေသည်။

ဝိညာဉ်များမရှိဘဲ သူ မီးတောက်ဖန်တီး၍ မရပေ။ ရောင်စုံဝိညာဉ်များမရှိဘဲ သူ၏ ကျင့်ကြံခြင်းအခြေခံကို မြှင့်တင်နိုင်မည်မဟုတ်။ ကျင့်ကြံခြင်းအခြေမမြင့်မားလျှင် မြေရိုင်းဒေသထဲမှ ထွက်နိုင်မည်မဟုတ်ချေ။ ထိုအချက်နှင့် သခင်မလေးဟုန်ချိန်ထံမှ ဖိအားကို ပေါင်းစပ်လိုက်သည်တွင် သူ အလွန်စိုးရိမ်သောကရောက်လာတော့သည်။

သူသည် သရဲကြီးဘုရင်ထံမှ ထောက်ပံသည့်ဝိညာဉ်တစ်ကောင်တစ်လေမှမရသည့်အပြင် ကျောက်ထောက်နောက်ခံ မျိုးနွယ်စုလည်း မရှိဘဲ တစ်ယောက်တည်းဖြစ်နေသည်။ သူသာ မီးတောက်ဖန်တီးပြီး သူ၏ ကျင့်ကြံခြင်းအခြေကို မြှင့်တင်ချင်လျှင်တော့ အမုန်းဝိညာဉ်များကို အားထားရမည်သာဖြစ်သည်။

သူ၏ မျှော်လင့်ချက်ကလေးသည် ဆိုင်ပေါ်သို့ ကျရောက်လာပြီး အစတွင် ၄င်းက သူ၏ကျင့်ကြံခြင်းအခြေခံကို တိုးမြှင့်စေပြီး မြေရိုင်းဒေသထဲမှ ထွက်နိုင်သည်အထိ ထောက်ပံ့ပေးလိမ့်မည်ဟု ထင်ခဲ့မိသည်။

သို့သော် ဤဆိုင်အသစ်နှစ်ဆိုင် လာဖွင့်ခဲ့ပြီးနောက်တွင် ပိုင်ရှောင်ချန်း၏ အစီအစဉ်တို့ လုံးဝပျက်စီးသွားလေပြီ။ ထို့အပြင် ဤနည်းအတိုင်းသာ ဆက်သွားနေပါက မြို့တော်ရှိ အခြားသော လက်ရွေးစင်များလည်း သေချာပေါက် ဝင်ပါလာမည်ဖြစ်သည်။ သူစီးပွားရေးမလုပ်နိုင်တော့သည်အထိ ဖြစ်လျှင် သူအလွန်ဒုက္ခရောက်သွားမည်ဖြစ်ပြီး အသတ်ပင် ခံရနိုင်သည်။

" အခု ငါ နည်းလမ်းစဉ်းစားဖို့လိုပြီ "

သူက ဆိုင်ထဲတွင် မျက်မှောင်ကြုတ်လျက် ခေါင်းထဲတွင် ပေါ်လာသမျှ အကြံများအား ထိုင်တွေးနေသည်။ သို့သော် မည်သည့်အကြံပေါ်လာစေကာမူ သူ့မှာ တန်ခိုးအာဏာမရှိသောကြောင့် သူ မရင်ဆိုင်နိုင်သည့် ပြစ်ချက်များရှိနေသည်။

ဘေးတွင် ပိုင်ဟောက်က သူ့ဆရာကို ကြည့်ပြီးနောက် အခြားဆိုင်နှစ်ဆိုင်ကို သွားနေကြသည့် လူများအား ကြည့်လိုက်သည်။ တခဏကြာသော် သူကပြောသည်။

" ဆရာ ကျွန်တော့်မှာ ဒီကိစ္စကို ဖြေရှင်းနိုင်တဲ့ အကြံ နှစ်ခုရှိတယ် "

All Chapters