← Chapters

မှားနှိပ်မိခြင်း

Vol. 24 Ch. 232

မှားနှိပ်မိခြင်း

Vol. 24 Ch. 232

တစ်ဖက်လူ၏ လှောင်ပြောင်မှုကိုရင်ဆိုင်ရချိန်တွင် အစ်ကိုကြီးချန်သည် အတော်လေးစိတ်အနှောင့်အယှက်ဖြစ်နေပုံရ၏။

“ဟင်း... ငါမှားနှိပ်မိသွားတာပဲ”

ထိုစကားကိုကြားလိုက်ရသောအခါ တစ်ဖက်အဖွဲ့မှာ ပျော်ရွှင်စွာရယ်မောကြတော့သည်။

“ဟားဟားဟား... အင်မော်တယ်မြို့တော်စိန်ခေါ်မှုတစ်ခု စတင်လိုက်ပြီဆိုရင် အနိုင်အရှုံးကို မဖြစ်မနေဆုံးဖြတ်ရမှာပဲ”

“မင်းမှာ နောက်ဆုတ်ဖို့လမ်းမရှိတော့ဘူး”

“မှားနှိပ်မိတာဟုတ်လား... တကယ့်ကိုရယ်စရာကောင်းတဲ့အမှားပဲ”

“မင်းက နိုင်ပွဲ ၁ ကြိမ် ဒါမှမဟုတ် ၀ ပဲရှိတဲ့ အင်မော်တယ်မြို့ကို နှိပ်ချင်တာလား”

“မင်းရဲ့အဆင့်တက်စင်မြင့်က စည်းမျဉ်းစွမ်းအားတွေကို ငါတို့အားမနာတမ်းလက်ခံလိုက်မယ်”

သူတို့၏စကားများကိုကြားရသောအခါ အစ်ကိုကြီးချန်သည် လုံးဝဝေခွဲမရဖြစ်နေသည့် အမူအရာဖြင့်ကြည့်၏။

“ငါဆိုလိုတာက... ငါက နိုင်ပွဲ ၅ ကြိမ်ရှိတဲ့မြို့ကိုနှိပ်ချင်တာလို့”

စိန်ခေါ်မှုတစ်ခုစီအတွက် ပြိုင်ဘက်မှာ မိမိထက် နိုင်ပွဲ ၃ ကြိမ်ထက် ပိုမကွာခြားရပေ။ တင့်ထျန်းမြို့မှာ လက်ရှိတွင် ၂ ကြိမ်အနိုင်ရထားသဖြင့် အများဆုံးစိန်ခေါ်နိုင်သည်မှာ ၅ ကြိမ် အနိုင်ရရှိထားသောမြို့ဖြစ်လေသည်။

ကျန်းချန်ကဲ့သို့ဟန်ထုတ်လိုသူတစ်ဦးမှာ ဇာတ်လိုက်တစ်ယောက်၏ အဆင့်အတန်းနှင့်ကိုက်ညီစေရန် အင်အားအကြီးဆုံးပြိုင်ဘက်ကိုသာရွေးချယ်လို၏။ နိုင်ပွဲ ၀ သို့မဟုတ် ၁ ရှိသော မြို့များကိုမူ သူလုံးဝထည့်မစဉ်းစားခဲ့ချေ။

သို့သော် စာရင်းမှာအလွန်ရှည်လျားလှသဖြင့် သူမျက်စိလည်သွား၏။ ဤကျန့်ရှောင်မြို့၏အဆင့်မှာ ရှေ့တွင်ရှိသော ၅ ကြိမ်နိုင်သည့်မြို့များနှင့် မဝေးလှသဖြင့် မှားနှိပ်မိသွားခြင်းပင်။ ဤအချက်က သိက္ခာကျသွားသကဲ့သို့ ခံစားရစေသည်။

“မင်းဘာပြောလိုက်တာလဲ”

“မင်းက ၅ ကြိမ်နိုင်တဲ့မြို့ကိုနှိပ်ချင်တာ ဟုတ်လား”

တစ်ဖက်လူများသည် အချင်းချင်းကြည့်လိုက်ကြပြီးနောက် အရူးတစ်ယောက်နှင့်တွေ့နေရပြီဟု သံသယဝင်လာကြသည်။ မြို့စားမင်းမှာလည်း အကြောင်းပြချက်မရှိဘဲ ဒေါသထွက်လာ၏။ သူ၏ဉာဏ်ရည်ကိုစော်ကားခံနေရသည်ဟု ခံစားလိုက်ရသောကြောင့်ဖြစ်သည်။

ဘာလဲ... ငါတို့ကျန့်ရှောင်မြို့က စိန်ခေါ်ဖို့မထိုက်တန်ဘူးလို့ထင်နေတာလား...

“မင်းဒီနေ့အထိအသက်ရှင်နေတာ တကယ့်ကိုအံ့ဩစရာပဲ”

“တက်လှမ်းခြင်းစစ်ပွဲမှာ သေဆုံးတာကသာမန်ကိစ္စဆိုတာ မသိသေးဘူးနဲ့တူတယ်”

“မင်းရဲ့လူတွေကိုထွက်လာခိုင်းလိုက်စမ်း”

ဂိုဏ်းချုပ်ကျန်းတွင် လက်အောက်ငယ်သားတစ်သိန်းကျော်ရှိ၏။ သို့သော် အများစုမှာ အဆင့်တက်စင်မြင့်၏ပြင်ပတွင် ကျင့်ကြံနေကြပြီး အဆင့်တက်စင်မြင့်ပျောက်ကွယ်သွားချိန်တွင် တုံ့ပြန်ရန်ပင်အချိန်မရလိုက်ကြချေ။

လက်ရှိတွင် ထိုလူအုပ်ကြီးမှာ တင့်ထျန်းမြို့၌ကျန်ရစ်ခဲ့ပြီး ကောင်းကင်ကို ကြောင်တောင်တောင်ဖြင့်ကြည့်နေကြရုံသာ တတ်နိုင်တော့သည်။ အဆင့်တက်စင်မြင့်အတွင်း၌ကျင့်ကြံနေသော လူတစ်သောင်းကျော်ပါလာသော်လည်း သူတို့မှာ ကျင့်ကြံခြင်းတွင်နစ်မျောနေသဖြင့် နေရာပြောင်းသွားပြီးစစ်တလင်းရောက်နေသည်ကိုပင် မသိကြပေ။ အစ်ကိုကြီးချန်သည်လည်း သူတို့ကိုထွက်လာစေပြီး သူ၏ဂုဏ်ပုဒ်ကိုလုယူခွင့်ပေးရန် အစီအစဉ်မရှိချေ။

“မင်းတို့ကိုကိုင်တွယ်ဖို့ဆိုရင် ဒီမြို့စားမင်းတစ်ယောက်တည်းနဲ့တင် လုံလောက်တယ်”

“မြန်မြန်စရအောင်... အချိန်ဆွဲမနေနဲ့တော့”

သူသည် ဤအဆင့်တက်ခြင်းစစ်ပွဲအား မည်သို့တိုက်ခိုက်ရသည်ကို အမှန်တကယ်မသိရှိပေ။ အတွေ့အကြုံရှိသူတစ်ယောက်ကဲ့သို့ ဟန်ဆောင်နိုင်ရန်အတွက် တစ်ဖက်လူကို အရင်စတင်ခွင့်ပေးရန် ဆုံးဖြတ်လိုက်သည်။ သို့မှသာ သူအမှားလုပ်မိပြီး ရယ်စရာမဖြစ်နိုင်တော့မည် မဟုတ်ပါလား။

“ဘာ”

“တစ်ယောက်တည်း ဟုတ်လား”

“မင်းငါတို့ကို ဒီလောက်တောင်အထင်သေးနေတာလား”

တစ်ဖက်မှလူပေါင်းသုံးသောင်းစလုံး ဒေါသထွက်သွား၏။ နိုင်ပွဲ ၄ ကြိမ်ရှိသော အင်မော်တယ်မြို့မှာ နိုင်ပွဲ ၂ ကြိမ်သာရှိသော အင်မော်တယ်မြို့၏ အနှိမ်ခံလိုက်ရသဖြင့် အရှက်ရမှုမှာ အထွတ်အထိပ်သို့ရောက်သွားသည်။

“တိုက်ကြ”

“သူ့ကိုသတ်ပစ်ကြ”

“အပြတ်ရှင်းပစ်လိုက်”

တစ်ဖက်အဖွဲ့မှာ ဒေါသတကြီးခုန်ပေါက်နေကြပြီး သူတို့၏မြို့စားမင်းမှာလည်း စစ်မြေပြင်အတွင်းသို့ အရှိန်အဟုန်ဖြင့် ပျံသန်းဝင်ရောက်လာသည်။ သူ၏အင်မော်တယ်ဓားမြှောင်ကို ဝှေ့ယမ်းလိုက်သောအခါ ရွှေရောင်မီးလျှံတန်းများသည် နေမင်းကိုပင်ဖုံးလွှမ်းသွားပြီး ကြီးမားလှသောမီးဖီးနစ်ငှက်ကြီး၏ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွား၏။ ၎င်းသည် ကောင်းကင်ယံတွင် အရာအားလုံးကို ပြာဖြစ်အောင်လောင်ကျွမ်းပစ်တော့မည့်အလား ဟိန်းဟောက်နေတော့သည်။

အစ်ကိုကြီးချန်သည်လည်း မူလက မီးဓာတ်သိုင်းစွမ်းရည်များ အသုံးပြုသော်လည်း တင့်ထျန်းမြို့စားမင်းကိုသတ်ပြီးနောက်ရရှိလာသော အဆင့် ၃ အင်မော်တယ်ဓားမှာ ရေဓာတ်သဘာဝရှိ၏။ ထို့ကြောင့် သူ၏ အဆင့် ၁ အင်မော်တယ်ဓားကို ပစ္စည်းသိုလှောင်ခန်းသို့ပို့လိုက်ပြီး အမှတ်များနှင့်လဲလှယ်ခဲ့သည်။

ထိုမြို့စားမင်းသည် စစ်မြေပြင်၏ဗဟိုသို့ရောက်ရှိလာသောအခါ သူ့ခြေဖဝါးအောက်တွင် ကျောက်စိမ်းစင်မြင့်တစ်ခု ရုတ်တရက်ပေါ်လာသည်။

“စိန်ခေါ်မှုစင်မြင့်ပေါ်ကိုတက်လာပြီး အသေခံလှည့်စမ်း”

စိန်ခေါ်မှုစင်မြင့်ဆိုပါလား။ အစ်ကိုကြီးချန် အနည်းငယ် အံ့အားသင့်သွား၏။

ထိုကျောက်စိမ်းစင်မြင့်၏ ထိပ်နှစ်ဖက်စလုံးတွင် အလံသုံးခုစီပေါ်လာသည်။ သူ့ဘက်ကအနီရောင်ဖြစ်ပြီး စိန်ခေါ်သူကိုကိုယ်စားပြုကာ တစ်ဖက်အဖွဲ့မှာအပြာရောင်ဖြစ်ပြီး စိန်ခေါ်ခံရသူကိုကိုယ်စားပြုလေသည်။

သူအထူးဆန်းဆုံးဖြစ်ရသည့်အချက်မှာ တစ်ဖက်မှကျန်ရှိနေသော လူ ၂၉,၉၉၉ ဦးစလုံးမှာ ရှိရင်းစွဲနေရာတွင်သာနေနေကြပြီး မည်သူမျှစစ်မြေပြင်အတွင်းသို့ဝင်မလာကြခြင်းပင်။ ကျန်းချန်သည် သူတို့တွင် ရဲရင့်သောစိတ်ဓာတ်ရှိသည်ဟု မယုံကြည်ပေ။

လူအင်အားအသာစီးရနေပါလျက်နှင့် အဘယ်ကြောင့် ၎င်းကိုအသုံးမပြုဘဲ တစ်ဦးချင်းယှဉ်ပြိုင်မှုကို ရွေးချယ်ရသနည်း။ ဝိုင်းဝန်းတိုက်ခိုက်ပြီး သူ့ကိုချေမှုန်းလိုက်လျှင် ကျေနပ်စရာမကောင်းပေဘူးလား။

ကျောက်စိမ်းစင်မြင့်၏ အထက်ကောင်းကင်ယံကို ကြည့်လိုက်သောအခါ အချိန်နောက်ပြန်ရေတွက်မှုတစ်ခုပေါ်လာ၏။ ထိုအခါမှသာ သူသဘောပေါက်သွားတော့သည်။ ဤတက်လှမ်းခြင်းစစ်ပွဲမှာ အဆင့်များစွာခွဲထားခြင်းဖြစ်နိုင်သည်။ ပထမအဆင့်မှာ မြို့စားမင်းများအကြား တစ်ဦးချင်းယှဉ်ပြိုင်ရမည်။

“ဟင်း... တကယ်အလုပ်ရှုပ်တာပဲ”

အကယ်၍သာ အုပ်စုလိုက်တိုက်ခိုက်ခြင်းဖြစ်ပါက သူအသတ်ခံရရန်လွယ်ကူမည်ဖြစ်ပြီး စနစ်က သူကို အထူးစွမ်းအားများဖြင့် ပြန်လည်ရှင်သန်စေမည်။ ထိုသို့ဆိုလျှင် ကိစ္စများမှာ ရိုးရှင်းသွားမည်ဖြစ်သော်လည်း ယခုမူ ထိုသို့မဟုတ်တော့ချေ။

သူသည် ရွှမ်ယွီအင်မော်တယ်ဓားကို ကိုင်ဆောင်ကာ စစ်မြေပြင်အတွင်းသို့ ပျံသန်းဝင်ရောက်လိုက်သည်။ ထိုအခါ အထက်ရှိ အချိန်ရေတွက်မှုရပ်တန့်သွား၏။ အကယ်၍သာ စစ်မြေပြင်ထဲသို့ အချိန်မီဝင်မလာပါက အရှုံးပေးသည်ဟု သတ်မှတ်ခံရမည့်ပုံပင်။

သူဝင်လာသည်နှင့်တစ်ပြိုင်နက် တစ်ဖက်မြို့စားမင်းသည် မလိုအပ်သောစကားများကိုမပြောတော့ဘဲ စတင်တိုက်ခိုက်လေတော့သည်။ ကျန်းချန်၏ ရန်စမှုနှင့် စော်ကားမှုများမှာ လွန်ကဲလွန်းသဖြင့် ထိုသူမှာ ကျန်းချန်ကို အပိုင်းပိုင်းဖြစ်အောင် ဆွဲဖြဲပစ်ချင်နေလေပြီ။

ဝုန်း... ဝုန်း...

ကြီးမားလှသော မီးဖီးနစ်ငှက်ကြီးမှာ ကောင်းကင်တစ်ခုလုံး ပြည့်နှက်သွားစေမည့် ရွှေရောင်မီးလျှံများကို မှုတ်ထုတ်လိုက်သည်။ ထိုမီးဖီးနစ်ငှက်၏ ပတ်ဝန်းကျင်တွင်မူ ကောင်းကင်ယံမှ မိုးရေစက်များကျဆင်းလာ၏။

၎င်းမှာ သံကြိုးငယ်လေးများကဲ့သို့ပင် ထိုမီးလျှံများကို မတူညီသောနေရာများတွင် ပိတ်လှောင်ထားလိုက်သည်။ ထို့နောက် သူတို့ကို တစ်စစီညှစ်ထုတ်ကာ ဖျက်ဆီးပစ်လိုက်ရာ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးမှာ မီးခိုးများနှင့် အနံ့အသက်ဆိုးများဖြင့် ပြည့်နှက်သွား၏။

ကျောက်စိမ်းစင်မြင့်မှာ မိုင်အနည်းငယ်သာကျယ်သော်လည်း ကြီးမားသောဖျက်ဆီးမှုများကိုပြုလုပ်နိုင်သော အင်မော်တယ်နှစ်ဦး၏တိုက်ပွဲမှာ ထိုစင်မြင့်အတွင်း၌သာ ကန့်သတ်ခံထားရလေသည်။ ဤထူးဆန်းသော ဟင်းလင်းပြင်ပြောင်းလဲမှုမှာ အထက်လောကရှိ အင်မော်တယ်ဧကရာဇ်များနှင့် နတ်ဆိုးဧကရာဇ်များ၏လက်ချက် ဖြစ်ပေလိမ့်မည်။ ဤတက်လှမ်းခြင်းစစ်ပွဲမှာ သူတို့ဖန်တီးထားသောအရာဖြစ်ပြီး ပြိုင်ပွဲစည်းမျဉ်းများကိုလည်း သူတို့က သတ်မှတ်ထားခြင်းပင်။

သူတို့နှစ်ဦးစတင်တိုက်ခိုက်ချိန်တွင် အစွမ်းတူနေကြသည်။ ဤအချက်မှာ တစ်ဖက်မြို့စားမင်းအတွက် လုံးဝမယုံကြည်နိုင်စရာပင်။ ကျန်းချန်၏မှာ အစစ်အမှန်အင်မော်တယ်အဆင့် ၉ ဖြစ်သည်မှာ ထင်ရှား၏။

အကယ်၍ ပထမပွဲမှာ မြို့စားမင်းများအကြားယှဉ်ပြိုင်ရမည့် စည်းမျဉ်းသာမရှိပါက သူကိုယ်တိုင် စစ်မြေပြင်ထဲသို့ဆင်းလာမည်မဟုတ်ဘဲ သူ့လက်အောက်မှ ကောင်းကင်အင်မော်တယ်တစ်ဦးကိုသာ စေလွှတ်လိုက်မည်ဖြစ်သည်။ သို့သော် ယခုတိုက်ခိုက်နေချိန်တွင်မူ ဤအစစ်အမှန်အင်မော်တယ်မှာ ကောင်းကင်ကိုပင်အံတုနိုင်သည့်အစွမ်းရှိနေသည်ကို တွေ့ရှိလိုက်ရ၏။

ကျန်းချန်၏ အင်မော်တယ်ကျင့်ကြံမှုမှာ အစစ်အမှန်အင်မော်တယ်အဆင့် ၉ သာ ရှိသော်လည်း သူ၏တာအိုနှလုံးသားအစွမ်းမှာမူ မြင့်မြတ်အင်မော်တယ်အဆင့် ၆ ထက်ပင် မနိမ့်ကျနေပေ။ ထို့အပြင် သူ၏အင်မော်တယ်ဝိညာဉ်မှာလည်း အလွန်ထူးဆန်းလှပြီး ပြင်းထန်သောတိုက်ခိုက်မှုများအောက်တွင်ပင် ကြံ့ကြံ့ခံနိုင်နေသေးသည်။

သူလက်မခံနိုင်ဆုံးအချက်မှာ ကျန်းချန်၏တိုက်ခိုက်နိုင်စွမ်းပင်။ ထိုတိုက်ခိုက်မှုမှာ သူရဲကောင်းဝိညာဉ် ၇ ခု၏ အထောက်အပံ့၊ မိုးပြာနဂါးသွေးစက်၏ဖိအား၊ မြင့်မြတ်အင်မော်တယ်အဆင့်၏ သိုင်းလမ်းစဉ်မြှင့်တင်မှုနှင့် သူ၏ဦးခေါင်းထက်ရှိ အင်မော်တယ်သတ်လှံ၏ကူညီမှုတို့ ပေါင်းစပ်ထားခြင်းဖြစ်သည်။ ၎င်းသည် သာမန်မြင့်မြတ်အင်မော်တယ်တစ်ဦးထက်မနိမ့်ကျချေ။

ခေတ္တမျှတိုက်ခိုက်ပြီးနောက် သူတို့နှစ်ဦးဆုတ်ခွာလိုက်ကြသည်။ တစ်ဖက်မြို့စားမင်းမှာ အလွန်ဒေါသထွက်သွားပြီး သူ၏တိုက်ခိုက်ရေးစွမ်းအားကို ယာယီမြှင့်တင်ရန်အတွက် ဆေးလုံးအချို့သောက်လိုက်၏။ သူအရှုံးမခံနိုင်ပေ။

“မင်းရဲ့အသက်ကိုပေးလိုက်စမ်း”

သူ၏အင်မော်တယ်လက်နက်ကို ဝှေ့ယမ်းလိုက်ပြီး မှော်ရတနာကိုလည်း တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်သည်။ မီးဖီးနစ်ငှက်၏ပုံရိပ်ယောင်မှာ ပိုမိုကြီးမားလာပြီး ပိုမိုပြင်းထန်လာရာ ဟင်းလင်းပြင်ထဲတွင် နေရာလွတ်ဟူ၍မရှိတော့ချေ။ မိုးရေကန့်လန့်ကာမှာလည်း အပြာရောင်မီးခိုးများအဖြစ် လောင်ကျွမ်းသွား၏။

ထို့နောက် မီးဖီးနစ်ငှက်ကြီးသည် ဂိုဏ်းချုပ်ကျန်းထံ ပျံသန်းသွားလေသည်။ စိန်ခေါ်မှုစင်မြင့်ထက်တွင် အလင်းတန်းတစ်ခု ပြင်းထန်စွာပေါက်ကွဲသွားလေ၏။ ထို့နောက် ကောင်းကင်ယံတွင် သွေးများလွင့်စင်သွားပြီး ပုံရိပ်တစ်ခုမှာ လျင်မြန်စွာပျောက်ကွယ်သွားတော့သည်။

ရွှပ်...

ရွှမ်ယွီအင်မော်တယ်ဓားမှာ ဓားအိမ်အတွင်းသို့ ပြန်လည်ရောက်ရှိသွားသည်။ အစ်ကိုကြီးချန်သည် သူ၏လက်ကိုမြှောက်ကာအချက်ပြလိုက်ရာ တစ်ဖက်မြို့စားမင်း၏ အလောင်းထက်ရှိ လက်စွပ်၊ အင်မော်တယ်ချပ်ဝတ်နှင့် အင်မော်တယ်ဓားတို့မှာ သူ့လက်ထဲရောက်လာ၏။

သူသည် အတွင်းရှိပစ္စည်းများကို ချက်ချင်းစစ်ဆေးလိုက်ပြီးနောက် သက်ပြင်းတစ်ချက်ကို အသာအယာချလိုက်မိသည်။ ကံကောင်းထောက်မစွာဖြင့် ဤမြို့စားမင်းတစ်ဦးတည်းထံမှ ရရှိသောပစ္စည်းများမှာ အမှတ် ဘီလီယံ ၂၀ ခန့် တန်ဖိုးရှိ၏။ မဟုတ်ပါက သူယခုလေးတင် အသုံးပြုလိုက်သော ၁၀ ဆတိုက်ခိုက်မှုမှာ ဆုံးရှုံးမှုကြီးဖြစ်သွားပေမည်။ အစစ်အမှန်အင်မော်တယ် အဆင့် ၉ တွင် ၁၀ ဆတိုက်ခိုက်မှု တစ်ကြိမ်အသုံးပြုရန်အတွက် အမှတ် ၅ ဘီလီယံ ကုန်ကျလေသည်။

All Chapters