အုပ်စုတိုက်ပွဲ
Vol. 24 Ch. 233
ကျန်းချန်သည် သူ၏ဝှက်ဖဲများကို တဖြည်းဖြည်းချင်းထုတ်ပြပြီး သုံးရက်သုံးညတိုင်တိုက်ခိုက်ရမည့်အလုပ်မျိုးကို စိတ်မဝင်စားချေ။ အစကတည်းက အစွမ်းမြှင့်တင်မှုအားလုံးကို တစ်ပြိုင်နက်သုံးကာ အပြတ်ရှင်းသည့်နည်းလမ်းကိုသာ အမြဲနှစ်သက်ခဲ့သည်။
ပြိုင်ဘက်ကို အချိန်တိုအတွင်းမနှိမ်နင်းနိုင်ဘဲ မိမိကလည်း သေဆုံး၍မရသည့်အခြေအနေမျိုးတွင် ပြင်းထန်သောတိုက်ခိုက်မှုကိုသာ အသုံးပြုလိုက်တော့သည်။ တစ်ချက်တည်းနှင့် အသေသတ်လိုက်ခြင်းက အချိန်ကုန်သက်သာစေသလို စိတ်ပူစရာလည်း မလိုတော့ချေ။
သူအနိုင်ရလိုက်သည်နှင့် စိန်ခေါ်မှုစင်မြင့်၏တစ်ဖက်ခြမ်းရှိ အပြာရောင်အလံသုံးခုအနက်တစ်ခုမှာ ဖြည်းညှင်းစွာပျောက်ကွယ်သွားသည်။ ၎င်းမှာ ပြိုင်ဘက်မှတစ်ပွဲရှုံးနိမ့်သွားခြင်းကို ကိုယ်စားပြု၏။ ကျန်းချန်သည်လည်း သူ၏ကိုယ်ပိုင်အဆင့်တက်စင်မြင့်ပေါ်သို့ ပြန်ရောက်သွားသည်။
တစ်ဖက်ရှိ ကျန့်ရှောင်မြို့မှကျွမ်းကျင်သူများမှာ ဗြောင်းဆန်နေကြသည်။ သူတို့သည် တက်လှမ်းခြင်းစစ်ပွဲများစွာကိုဆင်နွှဲဖူးပြီး အနိုင်အရှုံးအမျိုးမျိုးကိုကြုံဖူးကြသော်လည်း ယခုကဲ့သို့ မြို့စားမင်းအသတ်ခံလိုက်ရခြင်းကမူ အကြီးအကျယ်တုန်လှုပ်သွားစေသည်။ အနိုင်မရနိုင်ပါက မိမိတို့စင်မြင့်ဆီသို့ ပြန်လည်ထွက်ပြေးနိုင်သည်မဟုတ်ပါလား။
ဂုဏ်သရေရှိလှသော မြင့်မြတ်အင်မော်တယ်တစ်ဦးကိုသတ်ဖြတ်ရန်မှာ ထိုမျှမလွယ်ကူချေ။ မိမိတို့၏အဆင့်တက်စင်မြင့်ဆီသို့ အချိန်မီပြန်လည်ရောက်ရှိနိုင်ပါက အရှုံးဟုသာသတ်မှတ်ခံရပြီး တိုက်ပွဲပြီးဆုံးသွားမည်ဖြစ်သည်။
ပြိုင်ပွဲစည်းမျဉ်းများအရ တစ်ဖက်လူမှာလည်း လိုက်လံတိုက်ခိုက်ခွင့်မရှိသဖြင့် အသက်ဘေးမှလွတ်မြောက်နိုင်ကြသည်မှာ ပုံမန်ပင်။ သို့သော် ကျန်းချန်က တစ်ချက်တည်းနှင့် အပြတ်ရှင်းပစ်လိုက်လိမ့်မည်ဟု မည်သူကထင်ထားပါမည်နည်း။ ထွက်ပြေးရန်ပင် အခွင့်အရေးမရလိုက်ချေ။
ထို့အပြင် အစ်ကိုကြီးချန်သည် အလုပ်လုပ်ရာတွင် အတော်လေးစေ့စပ်သည်။ အခြားသူများသာဆိုလျှင် အနိုင်ရရုံနှင့်ကျေနပ်ကြမည်ဖြစ်သော်လည်း သူကမူ တိုက်ပွဲအဆုံးအဖြတ်ပေးသည့်စက္ကန့်ပိုင်းအတွင်း ရန်သူ့ထံမှပစ္စည်းများကိုပါ သိမ်းဆည်းနိုင်၏။
မြို့စားမင်းသေဆုံးသွားသဖြင့် ကျန့်ရှောင်မြို့မှာ ခေါင်းဆောင်မဲ့သွားလေပြီ။ ၎င်းသည် အလွန်ခက်ခဲသောအခြေအနေပင်။
တစ်ဖက်အဖွဲ့မှာဖရိုဖရဲဖြစ်နေပြီး အချို့မှာတိုက်ခိုက်လိုစိတ်ပျောက်ဆုံးကုန်ကြ၏။ တစ်ဖက်မြို့စားမင်းသည် အဘယ်ကြောင့် နိုင်ပွဲ ၂ ကြိမ်တည်းနှင့် ၄ ကြိမ်နိုင်ထားသောမြို့ကို ရဲရဲဝံ့ဝံ့စိန်ခေါ်ရဲသနည်းဆိုသည်ကို သူတို့သဘောပေါက်သွားကြလေပြီ။ မြင့်မြတ်အင်မော်တယ်ကို စက္ကန့်ပိုင်းအတွင်းသတ်နိုင်သည်ဆိုလျှင် သူသည် ရွှေအင်မော်တယ်တစ်ဦးဖြစ်နိုင်သည်။
“အားလုံး စိတ်အေးအေးထားကြစမ်း”
“နောက်တစ်ပွဲက ငါတို့အလှည့်ပဲ... အဲဒီလူက ဝင်တိုက်လို့မရတော့ဘူး”
“ဟုတ်တယ်... ကြောက်နေစရာမလိုဘူး”
စည်းမျဉ်းများအရ ဒုတိယပွဲမှာ လူပေါင်း ၂၉,၉၉၉ ဦး ပါဝင်ရမည့် အုပ်စုတိုက်ပွဲဖြစ်သည်။ တင့်ထျန်းမြို့၏ ယခင်စစ်တပ်မှာလည်း ဤအတိုင်းပင်လုပ်ဆောင်ခဲ့ကြပြီး ပထမပွဲတွင်တိုက်ခိုက်ခဲ့သော မြို့စားမင်းများသည် ဒုတိယပွဲတွင်ဝင်ရောက်တိုက်ခိုက်ခွင့်မရှိချေ။
“ဒါပေမဲ့ သူက ဒီလောက်တောင်သန်မာတာ... သူ့မှာ အစွမ်းထက်တဲ့ လက်အောက်ငယ်သားတွေ မရှိဘဲနေပါ့မလား”
“သူ့လူတွေက ချောင်းမြောင်းနေတာလည်းဖြစ်နိုင်တယ်...”
“ငါ ဘာလုပ်ရမလဲ... ငါမသေချင်ဘူး”
ခေတ္တမျှအတွင်း တစ်ဖက်အဖွဲ့တွင် တိုက်ခိုက်လိုစိတ်ရှိသူများနှင့် ကြောက်လန့်နေသူများ ရောနှောနေတော့သည်။ အစ်ကိုကြီးချန်ဘက်တွင် ကျွမ်းကျင်သူအမြောက်အမြားရှိနေနိုင်သည်ဟု သူတို့သံသယဝင်နေကြ၏။ ကျောက်စိမ်းစင်မြင့်မှာလည်း တိတ်တဆိတ်ပျောက်ကွယ်သွားပြီး ၎င်း၏နေရာတွင် တောင်ကြားတစ်ခုပေါ်လာသည်။
၎င်းကို မြင့်မားသော တောင်တန်းများနှင့် မတ်စောက်သော တောင်ကမ်းပါးယံများက ဝန်းရံထား၏။ တောင်ကြားအတွင်း၌မူ ကျောက်ခဲများနှင့် ကျောက်ဆောင်ကြီးများစွာရှိနေပြီး အလွန်ကျယ်ဝန်းသည်။ သို့သော် ဤကဲ့သို့သောမြေမျက်နှာသွင်ပြင်မှာ အင်မော်တယ်များအတွက်မူ မြင်ကွင်းတစ်ခုမျှသာဖြစ်ပြီး ထူးထူးခြားခြားအရေးပါမှုမရှိလှပေ။
တစ်ဖက်မှ လူပေါင်း ၂၉,၉၉၉ ဦးစလုံးသည် စိတ်ရှုပ်ထွေးမှုများစွာဖြင့် စစ်မြေပြင်ထဲသို့ ဝင်ရောက်လာကြသည်။ ဒုတိယပွဲစတင်ပေတော့မည်။ အစ်ကိုကြီးချန်သည် အတွင်းသို့ပျံသန်းဝင်ရောက်ရန်ကြံရွယ်သော်လည်း လုံးဝဝင်၍မရပေ။
ဟင်းလင်းပြင်ထဲတွင် အတားအဆီးတစ်ခုရှိနေသကဲ့သို့ခံစားရပြီး သူ့ကို ဤတိုက်ပွဲတွင် ဝင်ရောက်စွက်ဖက်ခွင့် မပေးတော့ချေ။ တစ်ဖက်လူများပြောနေသည်ကို ကြားလိုက်ရသောအခါ သူဆွံ့အသွား၏။
ဒါဆို ငါက ဒုတိယပွဲမှာ ဝင်တိုက်လို့မရဘူးပေါ့။ ငါ့ရဲ့လက်အောက်ငယ်သားတွေကိုပဲ လွှတ်ရမှာလား။ ဒါဆို ဘာလို့တိုက်ခိုက်နေတော့မှာလဲ။ ငါက အဆင့်တက်စင်မြင့်ထဲမှာရှိတဲ့လူတွေကို အကုန်ခေါ်လာလို့မှမရတာ။
လန်ယီနဲ့ ကျိလင်းဟန်တို့လို တပည့်တွေကိုခေါ်လာရင်လည်း သူတို့ကိုအသေခံခိုင်းသလို ဖြစ်နေမှာပေါ့။ တစ်ဖက်က အင်မော်တယ်တွေချည်းပဲ... ငါ့ဘက်က ၉၀ ရာခိုင်နှုန်းကျော်က အင်မော်တယ်တောင် မဖြစ်ကြသေးဘူး။ အဆင့်ကျော်ပြီးတိုက်ခိုက်တာမှာလည်း ကန့်သတ်ချက်ရှိသေးတယ်လေ။
ဂိုဏ်းချုပ်ကျန်း ကိုယ်တိုင်မပါဘဲနှင့် နိုင်ရန်မဖြစ်နိုင်ချေ။ သူသည် လူများကိုအသေမခံလိုသဖြင့် ထိုနေရာတွင်ပင်ထိုင်နေပြီး အချိန်ရေတွက်မှုပြီးဆုံးသည်အထိသာ စောင့်နေလိုက်တော့သည်။ မည်သို့ပင်ဖြစ်စေ တိုက်ပွဲမှာ နှစ်ပွဲထက်ပိုလိမ့်မည်မှာ အသေအချာပင်။
တစ်ဖက်လူများမှာမူ အတော်လေးစိုးရိမ်နေကြ၏။ စစ်ပွဲစတင်ရန် စောင့်ဆိုင်းနေရသောအခြေအနေမှာ တင်းမာလှပြီး မြင့်မြတ်အင်မော်တယ်သုံးဦးမှာလည်း စစ်ဗျူဟာများကို သေချာစွာချမှတ်နေကြသည်။
အင်မော်တယ်သုံးသောင်းနီးပါးမှာလည်း အမြန်ဆုံးနေရာယူလိုက်ကြသည်။ လူတိုင်းသည် မိမိတို့၏လက်နက်များနှင့် မှော်ရတနာများကို အသင့်ပြင်ထားကြပြီး သတ်မှတ်ထားသော တာဝန်များအတိုင်း တောင်တန်းများကြားတွင် ပုန်းကွယ်နေကြ၏။ စစ်ဗျူဟာပြည့်စုံသွားသောအခါ တောင်ကြားတစ်ခုလုံးမှောင်အတိကျသွားပြီး သတ်ဖြတ်လိုသောအငွေ့အသက်များဖြင့် ပြည့်နှက်သွားတော့သည်။
ထို့နောက် သူတို့သည် တင့်ထျန်းမြို့မှ စစ်တပ်ရောက်လာမည်ကို စောင့်ဆိုင်းနေကြသည်။ ပထမပွဲမှာ အကြီးအကျယ်ရှုံးနိမ့်ခဲ့သဖြင့် ဒုတိယပွဲမှာ အလွန်အန္တရာယ်များလိမ့်မည်ဟုယူဆကာ လျှော့မတွက်ရဲကြ။
အတော်ကြာအောင်စောင့်သော်လည်း တစ်ဖက်မှ မည်သည့်လှုပ်ရှားမှုမျှမရှိချေ။ မည်သူတစ်ဦးတစ်ယောက်မျှ စစ်မြေပြင်ထဲသို့ ဝင်ရောက်လာခြင်းမရှိ။ ကျန့်ရှောင်မြို့မှလူများမှာ ဇဝေဇဝါဖြစ်ကုန်ကြတော့သည်။
တစ်ဖက်မှာ တကယ်ပဲ မြို့စားမင်းတစ်ယောက်တည်းပဲ ရှိနေတာလား။
ဒါကဖြစ်နိုင်ပါ့မလား။
သူတို့ဆင်နွှဲဖူးသော တက်လှမ်းခြင်းစစ်ပွဲများစွာတွင် ဒုတိယပွဲမှာ အမြဲတမ်းအစည်ကားဆုံးနှင့် အပြင်းထန်ဆုံးဖြစ်လေ့ရှိသည်။ လူပေါင်းခြောက်သောင်းနီးပါး ရောနှောတိုက်ခိုက်ကြရခြင်းဖြစ်ပြီး ဤပွဲမှာအလွန်အရေးကြီးသဖြင့် မြို့စားမင်းများသည် ဤအုပ်စုတိုက်ပွဲတွင် အနိုင်ရရန်အတွက် နေရာအနှံ့မှကျွမ်းကျင်သူများကို စုဆောင်းလေ့ရှိ၏။ တစ်ဖက်ကလူအင်အားမပြည့်စုံသည့်အခြေအနေမျိုးကို ကြုံဖူးသော်လည်း အနည်းဆုံး လူ ၁၀ ယောက်ခန့်တော့ ပါလာလေ့ရှိသည်။
လွန်ခဲ့သော ဆယ်စုနှစ်များစွာက အင်အားကြီးသော အင်မော်တယ်မြို့တစ်မြို့၏ စိန်ခေါ်ခြင်းကိုခံခဲ့ရဖူးသည်။ ထိုစဉ်က တစ်ဖက်မြို့တွင် ရွှေအင်မော်တယ် ၁ ဦးနှင့် မြင့်မြတ်အင်မော်တယ် ၃၁ ဦး ရှိသော်လည်း ဒုတိယပွဲတွင် မြင့်မြတ်အင်မော်တယ် ၁၀ ဦးကိုသာ စေလွှတ်ခဲ့ပြီး ကျန်လူများမှာတိုက်ခိုက်ရန်ပျင်းနေခဲ့ကြပြီး သူတို့၏ မြို့စားမင်းနှင့် စစ်သူကြီးမှာ ပညာရှိစွာဖြင့် အရှုံးပေးခဲ့၏။ ယခုအခါ ထိုမြို့မှာ ထိပ်ဆုံး ၁၀၀ စာရင်းဝင် ဖြစ်နေပြီး သူတို့အတွက်မူ ထိုကဲ့သို့ နာမည်ကြီးမြို့နှင့်တိုက်ခိုက်ခဲ့ရခြင်းမှာ ဂုဏ်ယူစရာတစ်ခုပင်။
သို့သော် ဒုတိယပွဲတွင် တစ်ဦးတစ်ယောက်မျှ စေလွှတ်ခြင်းမရှိသည်ကိုမူ တစ်ခါမျှမတွေ့ဖူး၊ မကြားဖူးကြချေ။ ၎င်းသည် အရှုံးပေးလိုက်ခြင်းမဟုတ်ပါလား။
ဒုတိယပွဲမှာ အချိန်ရေတွက်မှုနှင့်အတူ ပြီးဆုံးသွားတော့သည်။ တင့်ထျန်းမြို့ဘက်မှ မည်သူမျှ ဝင်ရောက်မတိုက်ခိုက်သဖြင့် အရှုံးဟုသတ်မှတ်ခံရပြီး ဒုတိယပွဲကို ကျန့်ရှောင်မြို့က အနိုင်ရရှိသွား၏။ တင့်ထျန်းမြို့ဘက်ရှိ အနီရောင်အလံသုံးခုအနက်တစ်ခုမှာလည်း ပျောက်ကွယ်သွားတော့သည်။
ကျန့်ရှောင်မြို့ဘက်မှလူတိုင်း အချင်းချင်းကြည့်လိုက်ကြသည်။
“ငါတို့ ဒီလိုမျိုး တစ်ပွဲနိုင်သွားတာလား”
“နိုင်သွားတာပဲ... တကယ့်ကိုထူးဆန်းတယ်”
“ငါ့ဘဝမှာ ဒီလောက်လွယ်ကူတဲ့စိန်ခေါ်ပွဲမျိုး တစ်ခါမှမကြုံဖူးဘူး”
အကယ်၍သာ ပထမပွဲတွင် ကျန်းချန်၏စွမ်းဆောင်ရည် အလွန်မကြမ်းတမ်းခဲ့ပါက သူတို့မှာ တစ်ဖက်လူ၏ အထင်သေးခြင်းကိုခံရသည်ဟု ထပ်မံခံစားရပေလိမ့်မည်။
“ဟေ့... မျက်နှာချင်းဆိုင်က ကျွမ်းကျင်သူကြီး... မင်းတို့မြို့မှာ လူတစ်ယောက်တည်းပဲရှိတာလား”
“ဘာလို့ တစ်ယောက်တည်းနဲ့ စိန်ခေါ်ခဲ့တာလဲ”
“ဒီစစ်ပွဲက အဖွဲ့လိုက်အင်အားကို အဓိကထားတယ်ဆိုတာမသိဘူးလား”
“ငါတို့ တစ်ခုလောက် သဘောတူကြမလား... ကျန့်ရှောင်မြို့ကိုလာခဲ့ပါလား”
“ဟုတ်တယ်... ဟုတ်တယ်... ငါတို့ရဲ့ ဒုတိယမြို့စားမင်းလုပ်ပေးပါလား”
“ငါတို့ဆီမှာ ကျွမ်းကျင်သူတစ်ယောက် ဆုံးရှုံးသွားတယ်... မင်းတို့ဆီမှာလည်း လူအင်အားမရှိဘူးဆိုတော့ အတော်ပဲပေါ့”
ထိုစကားများကိုကြားရသောအခါ အစ်ကိုကြီးချန် မရယ်ဘဲမနေနိုင်တော့ချေ။
နေဦးလေ... ငါက ခုနတင် မင်းတို့မြို့စားမင်းကို သတ်လိုက်တာလေ...
လက်စားချေဖို့မစဉ်းစားတဲ့အပြင် ငါ့ကိုတောင် လာပြီးစည်းရုံးနေကြတာလား...
မင်းတို့က တကယ်လက်တွေ့ကျလွန်းတာပဲ...
သဘာဝကျစွာပင် သူသဘောမတူနိုင်ချေ။ တင့်ထျန်းမြို့၏အနှစ်သာရဖြစ်သောအဖြူလေးမှာ သူ့သားဖြစ်နေပြီမဟုတ်ပါလား။ မြို့ပြောင်းလိုက်ပါက သားအဖနှစ်ယောက် ခွဲခွာရပေလိမ့်မည်။ အရေးကြီးဆုံးအချက်မှာ အခြားမြို့သို့ သွားပါက ဒုတိယမြို့စားမင်းသာဖြစ်ရမည်ဖြစ်ရာ သူ့အတွက် စိတ်ဝင်စားစရာမကောင်းလှပေ။ မြို့စားမင်းဖြစ်ချင်ပါက အစစ်အမှန်မြို့စားမင်းသာဖြစ်ရမည်။
ဤအချိန်တွင် တတိယပွဲမှာ စတင်ပေတော့မည်။ စစ်မြေပြင်ရှိတောင်ကြားမှာ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး ဟင်းလင်းပြင်ထဲတွင် ဖောက်ထွင်းမြင်ရသောပူဖောင်းတစ်ခု ပေါ်လာပြီး ထိုပူဖောင်းမှာ မကြီးလှဘဲ မီတာဆယ်ဂဏန်းခန့်သာရှိသည်။ ပူဖောင်း၏ ပတ်ဝန်းကျင်တွင်မူ မီးခိုးများလွင့်ပျံနေပြီး ဝေဝါးနေ၏။ အစ်ကိုကြီးချန်၏လက်ထဲရှိ ကျောက်စိမ်းပေတံမှာလည်း ရုတ်တရက် ပြင်းထန်စွာတုန်ခါလာတော့သည်။
အဆင့်တက်စင်မြင့်အောက်တွင်ရှိနေသောအဖြူလေးမှာ သူ့ဘေးနားတွင် ရုတ်တရက်ပေါ်လာပြီး အဝါလေးကလည်း နောက်မှလိုက်လာခဲ့သည်။
တတိယပွဲမှာ အင်မော်တယ်မြို့တော်၏ အနှစ်သာရများအကြား ယှဉ်ပြိုင်ရခြင်းပင်။