အဲဒီပုံစံက မမှန်ဘူး
Vol. 24 Ch. 234
ကလေးနှစ်ယောက်ကို ပြန်မြင်ရချိန်တွင် ကျန်းချန်တစ်ယောက် သူတို့ကိုပင်မမှတ်မိနိုင်တော့ပေ။ အဝါလေးမှာ ဆံပင်ဖရိုဖရဲနှင့် ကိုယ်ပေါ်တွင် ခြစ်ရာဗရပွဖြစ်နေပြီး အဖြူလေးက ပိုဆိုးသည်၊ မျက်လုံးတစ်ဖက်ညိုမည်းနေပြီး တစ်ကိုယ်လုံးဖူးယောင်နေကာ ဝက်ခေါင်းကဲ့သို့ဖြစ်နေတော့သည်။
"ဟာ... မင်းတို့ဘာဖြစ်ကြတာလဲ"
ကျန်းချန် အံ့ဩသွား၏။ ဒါ သူတို့ပထမဆုံး ဆုံကြတာမဟုတ်လား။
"မင်းတို့ ရန်ဖြစ်ကြတာလား။ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နေကြပါလို့ ငါမသင်ထားဘူးလား"
အဝါလေးက ရယ်ကျဲကျဲဖြင့်ပြောသည်။
"မေမေကလည်း အထင်မလွဲပါနဲ့။ သမီးတို့က စနေတာပါ"
ပြောပြောဆိုဆိုနှင့် သူမက လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ ရွှေရောင်အလင်းတန်းများဝန်းရံသွားပြီး ခဏချင်းမှာပင် အသစ်စက်စက်အလှလေးပြန်ဖြစ်သွားသည်။
"ဒီလိုအကွက်မျိုးလည်း ရှိတာပဲလား"
ကျန်းချန် သဘောကျသွားသည်။ ဒီအထူးပြုလုပ်ချက်တွေက တော်တော်မိုက်သည်။
အနားတွင်ရှိသောအဖြူလေးက တစ်ချက်လှမ်းကြည့်လိုက်ပြီး သူလည်း လက်တစ်ချက်ဝှေ့ယမ်းကာ အဖြူရောင်အလင်းဖြင့် ဒဏ်ရာအားလုံးကိုပျောက်ကင်းစေလိုက်သည်။ စောစောက အထိုးခံထားရသူမှာ သူမဟုတ်သကဲ့သို့ပင်။
"ဖေဖေ... အခု ကျွန်တော့်အလှည့်ပဲ။ ခဏလေး သွားတိုက်လိုက်ဦးမယ်"
ကျန်းချန် ကွင်းထဲကိုကြည့်လိုက်သောအခါ ကျန့်ရှောင်မြို့၏ အနှစ်သာရဝိညာဉ်ထွက်ပေါ်လာသည်။ ၎င်းက ကလေးပုံစံမဟုတ်ဘဲ ခြေထောက်နှစ်ဖက်နှင့် သွေးရောင်လွှမ်းသော ပါးစပ်အကြီးကြီးပါသည့် မိစ္ဆာရုပ်ကြီးဖြစ်နေ၏။ ကိုယ်လုံးက လူတစ်ရပ်စာလောက်ရှိပြီး ပါးစပ်က ကိုယ်တစ်ဝက်လောက်ကြီးနေသည်။
"မင်းရဲ့ ကိုယ်လုံးသေးသေးလေးနဲ့ အဲဒါကြီးကိုနိုင်ပါ့မလား"
အဖြူလေးက မေးစေ့ကိုပင့်လိုက်ပြီး ဂုဏ်ယူစွာပြောလိုက်သည်။
"အမှိုက်တွေပါ အဖေရာ။ အဖေ အေးဆေးထိုင်ကြည့်နေ၊ ကျွန်တော် အဲဒီကောင်ကိုအပြတ်ရှင်းပြမယ်"
ကျန်းချန် သဘောကျသွားပြီး စနစ်အမှတ် ၁ မှတ်သုံးကာ အရက်တစ်ခွက် ဖန်တီးလိုက်သည်။
"ကောင်းပြီငါ့သား... ဒီအရက်ကိုသောက်သွားလိုက်စမ်း။ အဖေ ဒီကအားပေးနေမယ်"
အဖြူလေးက အရက်ကိုတစ်ကျိုက်တည်းမော့သောက်ကာ ခွက်ကိုခွဲပစ်ပြီး ကွင်းထဲသို့ရဲရဲဝံ့ဝံ့လှမ်းဝင်သွားသည်။ ကျန်းချန်က အဝါလေးကိုလက်မထောင်ပြလိုက်၏။
"ကြည့်စမ်း... နင့်မောင်လေးရဲ့စိတ်ဓာတ်က အဖေ့ရဲ့သူရဲကောင်းဟန်အတိုင်းပဲ"
သို့သော်... နောက်ခဏမှာပင် ကျန်းချန်မျက်လုံးပြူးသွား၏။ ကွင်းထဲတွင် အဖြူလေးမှာ မိစ္ဆာကြီး၏အတိုက်ခံရပြီး ပတ်ပြေးနေရသည်။ ခဏချင်းမှာပင် ဝက်ခေါင်းကဲ့သို့ ဖူးယောင်လာတော့သည်။
"ဒီဘိုးဘိုးက မင်းကို သုံးကွက်အကျောပေးထားတာနော်"
"မရောင့်တက်နဲ့ဦး... ငါ့ရဲ့သည်းခံနိုင်စွမ်းက အကန့်အသတ်ရှိတယ်"
ဘုန်း... ဘုန်း... ဘုန်း...
"မင်းက ငါ့ကို ကျန်းမာရေးမကောင်းတဲ့ကြောင်လို့ ထင်နေတာလား"
"ဟေ့... တော်သင့်ပြီနော်... တော်သင့်ပြီ"
ဘုန်း... ဘုန်း... ဘုန်း...
"ငါ့ရဲ့ နောက်ဆုံးလက်နက်ကို ထုတ်သုံးအောင်မလုပ်နဲ့"
သူက အချက်ပေါင်းရာချီ၍ အထိုးခံနေရသော်လည်း နောက်ဆုံးလက်နက်ကတော့ ပေါ်မလာပေ။ တစ်ဖက်သတ်အနှိပ်စက်ခံနေရခြင်းသာဖြစ်သည်။ တစ်ဖက်မြို့ကလူများကတော့ နိုင်ပြီဟုမှတ်ကာ ရယ်မောနေကြပြီ။
ကျန်းချန် မျက်နှာပျက်သွား၏။
ငါ့သားက အပြောပဲရှိပြီး တကယ်တော့ အားနည်းတဲ့ကောင်လား...
သူက အဝါလေးကိုကြည့်ပြီး ဆုံးမလိုက်သည်။
"ဒါကို နမူနာယူထားနော်သမီး။ အစွမ်းမရှိဘဲ ဆရာကြီးစတိုင်ဖမ်းရင် ဒီလိုပဲအထိုးခံရတတ်တယ်။ အဲဒီပုံစံကမမှန်ဘူး"
အဝါလေးက ရယ်လိုက်ပြီး။
"မေမေက သူ့ကိုနိုင်စေချင်တာလား"
"နည်းလမ်းရှိလို့လား"
ကျန်းချန် ဝမ်းသာအားရမေးလိုက်သည်။
"သမီးလည်း အဲဒီမိစ္ဆာကို တစ်ယောက်တည်းတော့မနိုင်ဘူး။ ဒါပေမဲ့ နှစ်ယောက်ပေါင်းရင်တော့ရတယ်"
"နှစ်ယောက်ပေါင်းလား"
ကျန်းချန်ဘာမှမပြောရသေးခင်မှာပင် အဝါလေးကကွင်းထဲပြေးဝင်သွား၏။ မိစ္ဆာကြီးက အဖြူလေးကိုလိုက်နေရင်း တတိယလူပေါ်လာမည်ဟုမထင်ထားသဖြင့် အဝါလေး၏ကန်ချက်ကြောင့် လွင့်ထွက်သွားတော့သည်။
အဖြူလေးက တုံ့ပြန်မှုအလွန်မြန်သည်။ ချက်ချင်းပြန်လှည့်လာပြီး မိစ္ဆာကြီးကိုဝိုင်းကန်လေ၏။
"ငါပြောသားပဲ... ငါ့ရဲ့သည်းခံနိုင်စွမ်းက အကန့်အသတ်ရှိတယ်လို့... မင်းက ငါ့ကို အတင်းရန်စနေတာကိုး"
ဘုန်း... ဘုန်း... ဘုန်း...
မောင်နှမနှစ်ယောက်ပေါင်းမိသွားသောအခါ အခြေအနေကပြောင်းပြန်ဖြစ်သွားသည်။ မိစ္ဆာကြီးမှာ သွားကျိုး၊ မျက်မှန်ကွဲ ဘဝရောက်ရလေ၏။ ကျန်းချန်ကတော့ အပြင်ကနေ လက်ခုပ်တီးပြီးအော်ဟစ်အားပေးနေသည်။
"ကောင်းတယ်... မောင်နှမတွေညီရင် သံမဏိကိုတောင်ဖြတ်နိုင်တယ်ဟေ့"
တစ်ဖက်မြို့ကလူများမှာ ကြောင်အမ်းသွားကြသည်။
"ဒါက စည်းကမ်းဖောက်ဖျက်တာပဲ"
"မြို့တစ်မြို့မှာ အနှစ်သာရဝိညာဉ်တစ်ခုပဲရှိရမှာလေ... ဘယ်လိုဖြစ်ပြီး နှစ်ယောက်ဖြစ်နေတာလဲ"
"ဒါစနစ်ချို့ယွင်းချက်ဖြစ်ရမယ်"
သူတို့က ကြားဝင်တားဆီးရန်ကြိုးစားသော်လည်း အင်မော်တယ်ဧကရာဇ် ချမှတ်ထားသောစည်းမျဉ်းများကို မြင့်မြတ်အင်မော်တယ်များက မကျော်လွန်နိုင်ပေ။ ပိုဆိုးသည်မှာ သူတို့၏မိစ္ဆာဝိညာဉ်ကို ပြန်ခေါ်၍မရတော့ခြင်းပင်။ တစ်ခုခုက သူတို့နှင့်ဝိညာဉ်ကြားရှိဆက်သွယ်မှုကို ဖြတ်တောက်ထားသကဲ့သို့ဖြစ်နေသည်။