← Chapters

နာမည်ကြီးလာခြင်း

Vol. 24 Ch. 237

နာမည်ကြီးလာခြင်း

Vol. 24 Ch. 237

ဆယ်ရက်မြောက်နေ့သို့ရောက်သောအခါ တင့်ထျန်းမြို့သည် ၁၀ ပွဲဆက်တိုက်နိုင်ပွဲဟူသော ခမ်းနားသည့်မှတ်တမ်းကိုပိုင်ဆိုင်သွားလေပြီ။ စုစုပေါင်းနိုင်ပွဲ ၁၂ ကြိမ်ဖြင့် အဆင့်တက်ခြင်းစာရင်း၏ အဆင့် ၉,၈၇၅ သို့ခုန်တက်သွားခဲ့သည်။

အစောပိုင်း အဆင့်သန်းဂဏန်းတွင်ရှိနေစဉ်က ရှုံးနိမ့်သွားသောမြို့များမှလွဲ၍ မည်သူမျှသတိမထားမိခဲ့ကြ။ အမှန်စင်စစ် အောက်အင်မော်တယ်လောကတွင် အင်မော်တယ်မြို့ပေါင်း ၁၈ သန်းရှိသဖြင့် အရေအတွက်များပြားလွန်းလှသည်။ ရံဖန်ရံခါအနိုင်ရရှိပြီး အဆင့်သန်းဂဏန်းခုန်တက်သွားခြင်းမှာ သာမန်ဖြစ်သဖြင့် မည်သူမျှ အထူးတလည်အာရုံမစိုက်မိကြပေ။

သို့သော် တင့်ထျန်းမြို့သည် တဖြည်းဖြည်းနှင့် အဆင့်တစ်သန်း၊ ငါးသိန်း၊ တစ်သိန်း၊ ငါးသောင်းမှသည် ယခုအခါ ထိပ်ဆုံးတစ်သောင်းစာရင်းထဲသို့ ဝင်ရောက်လာ၏။ ဤအချိန်တွင်မူ အခြားမြို့များမှ ပညာရှင်များက စတင်သတိပြုမိလာကြတော့သည်။

“တင့်ထျန်းမြို့မှာ ဘာတွေဖြစ်နေတာလဲ”

“ဒါက ဘယ်ကပေါ်လာတဲ့ မြင်းနက်လဲ”

“သူတို့က ရွှေအင်မော်တယ်တစ်ယောက်ကို စည်းရုံးနိုင်ခဲ့လို့လား”

“ရွှေအင်မော်တယ်ရှိရင်တောင် ပွဲတိုင်းနိုင်ဖို့မသေချာဘူးလေ”

တက်လှမ်းခြင်းစစ်ပွဲမှာ တစ်ကြိမ်လျှင်သုံးပွဲပါဝင်ရာ အစွမ်းထက်သော ရွှေအင်မော်တယ်တစ်ဦးပါဝင်လာလျှင်ပင် တစ်ပွဲနိုင်ရန်သာအာမခံချက်ရှိသည်။ ကျန်နှစ်ပွဲမှာမူ မရေရာသေးပေ။

အထူးသဖြင့် နောက်ဆုံးပွဲဖြစ်သော အနှစ်သာရတိုက်ပွဲတွင် မည်သူမျှဝင်ရောက်စွက်ဖက်၍မရဘဲ ကံတရားအပေါ်၌သာမူတည်နေသည့်အတွက်ကြောင့် လူတိုင်းသည် ကံစမ်းရမည့် နောက်ဆုံးပွဲသို့မရောက်စေရန် ပထမပွဲစဉ်နှစ်ခုတွင်အနိုင်ရရန် အစွမ်းကုန်ကြိုးစားကြလေ့ရှိသည်။

“အောက်အင်မော်တယ်လောကမှာ နာမည်ကြီးတဲ့ရွှေအင်မော်တယ်တွေက ကိုယ်ပိုင်မြို့တွေရှိပြီးသား”

“ဟုတ်တယ်... သူတို့အားလုံးက ထိပ်ဆုံးမြို့တစ်ရာထဲမှာပဲ စုနေကြတာ။ အပြင်မှာ ကျန်နေစရာအကြောင်းမရှိဘူး”

“ဒါဆို တင့်ထျန်းမြို့က ဘယ်လိုလုပ်နိုင်ခဲ့တာလဲ”

“ကံကောင်းလို့နေမှာပါ... အရေးတယူလုပ်နေစရာမလိုပါဘူး”

“သူတို့က တကယ်ပဲ အဲဒီလောက်အစွမ်းထက်တယ်ဆိုရင် လွန်ခဲ့တဲ့အနှစ် ၉၀ တုန်းက ဘာလို့ပေါ်မလာခဲ့တာလဲ”

အပြင်လောကတွင် အမျိုးမျိုးခန့်မှန်းနေကြစဉ် တင့်ထျန်းမြို့သားများမှာမူ အိပ်မက်ကဲ့သို့သော ပျော်ရွှင်မှုများထဲတွင် နစ်မြောနေကြ၏။ ဤမြို့သူမြို့သားများအတွက် လွန်ခဲ့သောဆယ်ရက်မှာ အိပ်မက်တစ်ခုကဲ့သို့ပင်။ စည်းမျဉ်းစွမ်းအားများမှာ တစ်နေ့ထက်တစ်နေ့မြင့်တက်လာပြီး အင်မော်တယ်အနှစ်သာရသိပ်သည်းဆမှာလည်း တစ်နေ့ထက်တစ်နေ့တိုးပွားလာသည်။

ဆယ်ရက်ကြာပြီးနောက် ယခုအခါ မူလအခြေအနေထက် ငါးဆအထိမြင့်တက်လာခဲ့လေပြီ။ အဆင့်တက်စင်မြင့်၏ အပြင်ဘက်တွင်ကျင့်ကြံရခြင်းကပင် လွန်ခဲ့သောဆယ်ရက်က အဆင့်တက်စင်မြင့်အတွင်း၌ကျင့်ကြံရခြင်းထက် ပိုမိုထိရောက်နေပြီဖြစ်သည်။ အောက်အင်မော်တယ်လောက၏ နံပါတ်တစ်မြို့ပင်လျှင် ဤကဲ့သို့သောအခွင့်အရေးမျိုးမရှိချေ။

အဆင့်တက်စင်မြင့်အတွင်းရှိလူများမှာလည်း တစ်ဦးပြီးတစ်ဦး အဆင့်တက်နေကြသည်။ လန်ယီ၊ ကျိလင်းဟန်၊ လင်းနင်နှင့် အခြားတပည့်များမှာလည်း အင်မော်တယ်များဖြစ်လာကြသဖြင့် မြို့စားမင်းချန်အတွက် အမှတ်ပေါင်းဘီလီယံရာနှင့်ချီ၍ ရရှိစေခဲ့သည်။

တစ်နေ့လျှင်တစ်ကြိမ်စိန်ခေါ်မှုပြုလုပ်နေစဉ် မြို့စားမင်းသည် တစ်နေ့လျှင် တပည့်တစ်ဦးကို အဆင့်မြှင့်တင်ပေးသည့်အရှိန်ကိုလည်း ဆက်လက်ထိန်းသိမ်းထား၏။ ယခုအခါ စတုတ္ထမျိုးဆက်တပည့်များ၏ထက်ဝက်မှာ သူတော်စင်နယ်ပယ်သို့ရောက်ရှိနေပြီဖြစ်ပြီး ဒုတိယနှင့် တတိယမျိုးဆက်တပည့်များမှာမူ သူတော်စင်အလယ်အဆင့်များသို့ ရောက်ရှိနေကြလေပြီ။

နိုင်ပွဲ ၁၀ ပွဲသည် ပြိုင်ဘက်မြို့စားမင်း ၁၀ ဦးကိုသာ ဖယ်ရှားနိုင်ခဲ့သော်လည်း သူတို့မှာ မြင့်မြတ်အင်မော်တယ်များဖြစ်ကြသဖြင့် သိမ်းဆည်းရမိသောပစ္စည်းများမှာ အလွန်ကြွယ်ဝ၏။ အင်မော်တယ်ဆေးလုံးများနှင့် အင်မော်တယ်ကျောက်တုံးများမှလွဲ၍ မြို့စားမင်းသည် ကျန်အရာအားလုံးကို အမှတ်များအဖြစ်လဲလှယ်လိုက်သည်။

နောက်ဆုံးတွင် သူသည် အမှတ်ပေါင်း ၁၈၀ ဘီလီယံရရှိခဲ့ပြီး တပည့်များအဆင့်တက်ခြင်းမှရသော အမှတ်များနှင့်ပေါင်းလိုက်သောအခါ ၂၅၀ ဘီလီယံအထိစုမိသွား၏။ အဆင့် ၇ ကံစမ်းမဲ ၂၅၀ ကြိမ် ဖောက်ပြီးနောက် သူ၏အဓိကစည်းမျဉ်း ၃၇၀ မှာ အသေးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိသွားသည်။ ထို့နောက် သူသည် ဆေးလုံးများသောက်ကာ အဆင့်မြှင့်တင်လိုက်ရာ ကောင်းကင်အင်မော်တယ်အဆင့် ၃ ရောက်သွားသည်။

သူ၏အဆင့်မှာ ကောင်းကင်အင်မော်တယ်သို့ ရောက်ရှိသွားပြီး အစွမ်းမြှင့်တင်မှုများစွာရှိနေသဖြင့် တိုက်ခိုက်ရေးစွမ်းရည်မှာ မြင့်မြတ်အင်မော်တယ်အများစုထက်ပင် သာလွန်နေလေပြီ။ အကယ်၍ ၁၀ ဆတိုက်ခိုက်မှုကိုသာ အသုံးပြုလိုက်ပါက ရွှေအင်မော်တယ်ကိုပင်ဖျက်ဆီးပစ်နိုင်၏။ မြို့စားမင်းသည် ချက်ချင်းပင် ယုံကြည်မှုအဆပေါင်းများစွာတိုးလာပြီး နောက်ဆုံးတွင် ရဲရဲဝံ့ဝံ့နှင့်ဆက်လက်၍ ဟန်ထုတ်... မဟုတ်ပါ၊ ဆက်လက်၍ စိန်ခေါ်နိုင်ပြီဖြစ်သည်။

တင့်ထျန်းမြို့၏ နိုင်ပွဲများဆက်တိုက်တိုးပွားလာသည်နှင့်အမျှ ဤမြို့ကို သတိပြုမိသူပိုမိုများပြားလာသည်။ တိုးတက်မှုနှုန်းမှာ မြန်ဆန်လွန်း၏။ အထူးသဖြင့် အစောပိုင်းကတည်းက စောင့်ကြည့်နေသူများမှာ ဤမြို့သည် နေ့တိုင်းစိန်ခေါ်နေသည်ကိုတွေ့ရသဖြင့် ပို၍ပင်အံ့အားသင့်နေကြသည်။

အခြားအင်မော်တယ်မြို့များသည် စိန်ခေါ်မှုတစ်ခုပြုလုပ်ပြီးတိုင်း အချိန်အတော်ကြာ အင်အားပြန်လည်စုဆောင်းရ၏။ တက်လှမ်းခြင်းစစ်ပွဲမှာ အလွန်ပြင်းထန်လေ့ရှိပြီး အထူးသဖြင့် ဒုတိယပွဲတွင် အထိအခိုက်အကျအဆုံးများကာ လူအင်အားလျော့နည်းသွားလေ့ရှိသည်။

ထိုကာလအတွင်း မြို့စားမင်းများမှာ လူအင်အားပြန်ဖြည့်ရန် နေရာအနှံ့တွင် ကျွမ်းကျင်သူများကို ရှာဖွေရလေ့ရှိပြီး နောက်ထပ်တိုက်ပွဲတစ်ခုစတင်ရန် နှစ်ပေါင်းများစွာကြာနိုင်သည်။ တင့်ထျန်းမြို့ကဲ့သို့ တစ်နေ့တစ်ပွဲနိုင်နေသူမျိုး မည်သူရှိပါ့မည်နည်း။

“ဒါကပုံမှန်မဟုတ်ဘူး”

“သူတို့ဆီမှာ တစ်ယောက်မှ အထိအခိုက်မရှိဘူးလား”

မြို့စားမင်းဘက်မှ ၅၀ ပွဲဆက်တိုက်အနိုင်ရရှိသွားသောအခါ သူတို့၏အဆင့်မှာ ထိပ်ဆုံး ၅၀၀ သို့ ရောက်ရှိသွားလေပြီ။ ၅၀ ပွဲဆက်တိုက်ဟူသော ဘွဲ့ထူးမပါလျှင်ပင် ဤအဆင့်ရောက်ရှိခြင်းမှာ လူအများ၏အာရုံစိုက်မှုကိုရရှိစေပြီး ဆွေးနွေးစရာဖြစ်နေ၏။ ထို့ထက်ပိုသည်မှာ သူတို့၏တိုးတက်မှုနှုန်း မြန်ဆန်လွန်းလှသဖြင့် ပုံမှန်မဟုတ်သောအခြေအနေပင်။

အောက်အင်မော်တယ်လောကမှာ အလွန်ကျယ်ပြောပြီး အင်မော်တယ်မြို့ပေါင်း ၁၈ သန်း ရှိနေသောကြောင့်သာ တင့်ထျန်းမြို့ကိုရှာဖွေရန် ခက်ခဲနေခြင်းဖြစ်သည်။ မဟုတ်ပါက တင့်ထျန်းမြို့မှာ ယခုအချိန်တွင် ဝိုင်းရံခံနေရနိုင်၏။

“ငါကြားတာတော့ တင့်ထျန်းမြို့က စိန်ခေါ်တဲ့အခါ နှစ်ပွဲပဲတိုက်ပြီး ဒုတိယပွဲကို တိုက်ရိုက်အရှုံးပေးတယ်တဲ့”

“သူတို့မြို့စားမင်းက သေချာပေါက် ရွှေအင်မော်တယ်ပဲဖြစ်ရမယ်။ ပထမပွဲမှာ မြို့စားမင်းချင်းတိုက်ပွဲကို အမြဲတမ်းတစ်ချက်တည်းနဲ့အပြတ်ရှင်းတာတဲ့”

“ဒါဆို တတိယပွဲကို သူတို့ဘယ်လိုလုပ်ပြီး အမြဲတမ်းနိုင်နေတာလဲ”

“ဒါကို မင်းမသိသေးဘူးပဲ။ သူတို့ဆီမှာ အနှစ်သာရနှစ်ခုရှိတာလေ။ နှစ်ယောက်တစ်ယောက် တိုက်တာဆိုတော့ ရှုံးဖို့ခက်တာပေါ့”

“ဘာ... အနှစ်သာရနှစ်ခုလား”

“ဟုတ်တယ်... အဲဒီအနှစ်သာရနှစ်ခုက အတော်လေးအစွမ်းထက်တယ်။ သူတို့လက်ချက်နဲ့ ရှုံးသွားတဲ့ အနှစ်သာရတိုင်း အသတ်ခံရပြီး အဆင့်တက်စင်မြင့်လည်း ပျက်စီးသွားတာပဲ”

“ဒါက စည်းမျဉ်းချိုးဖောက်တာမဟုတ်ဘူးလား။ ဒီလိုမျိုး ဘယ်လိုဖြစ်နိုင်မှာလဲ”

“ဘာစည်းမျဉ်းချိုးဖောက်တာလဲ။ အနှစ်သာရနှစ်ခုမရှိရဘူးလို့ ဘယ်သူကသတ်မှတ်ထားလို့လဲ”

“ဒါကတော့...”

အမှန်စင်စစ် အဝါလေးနှင့် အဖြူလေးတို့ စတုတ္ထမြောက် တက်လှမ်းခြင်းစစ်ပွဲ ပြီးဆုံးသွားပြီးနောက်တွင် ဝိုင်းဝန်းတိုက်ခိုက်နေရန်ပင် မလိုတော့ချေ။ အခြားအနှစ်သာရများကို ဝါးမြိုလိုက်သဖြင့် မောင်နှမနှစ်ယောက်၏အစွမ်းမှာ အခြားအနှစ်သာရများထက် သိသိသာသာ ကျော်လွန်သွားခဲ့၏။ တစ်ယောက်ချင်းတိုက်လျှင်ပင် အခြားအနှစ်သာရများကို လွယ်ကူစွာအနိုင်ယူနိုင်သော်လည်း အနှစ်သာရ၏စွမ်းအားကိုလုယူရန်အတွက် မောင်နှမနှစ်ယောက်စလုံးမှာ အမြဲတမ်း ပြိုင်တူဝင်ရောက်တိုက်ခိုက်ကြသည်။

၅၀ ပွဲဆက်တိုက်နိုင်ပြီးနောက်တွင် ဤနေရာရှိစည်းမျဉ်းစွမ်းအားမှာ မူလထက်ဆယ်ဆကျော်အထိ ရောက်ရှိသွားလေပြီ။ ယခုအခါ အဆင့်တက်စင်မြင့်အတွင်း၌ ဝင်ရောက်ကျင့်ကြံနေကြသော ပညာရှင်အများစုမှာ အစစ်အမှန်အင်မော်တယ်များ ဖြစ်လာကြပြီဖြစ်သည်။ ဤမျှများပြားသော အနှစ်သာရများကိုဝါးမြိုပြီးနောက် တင့်ထျန်းမြို့၏ကျင့်ကြံခြင်းပတ်ဝန်းကျင်မှာ အလယ်အင်မော်တယ်လောကထက်ပင်သာလွန်သွားခဲ့ပြီး အထက်အင်မော်တယ်လောကရှိ နေရာအတော်များများထက်ပင် ပိုမိုကောင်းမွန်နေလေပြီ။

ကွေ့ချန်း၊ ရှုယွမ်နှင့် အခြားနယ်ပယ်ခေါင်းဆောင်များမှာ ထူးချွန်သောပါရမီရှင်များဖြစ်ကြသဖြင့် ယခုအခါ အစစ်အမှန်အင်မော်တယ် အဆင့် ၅ နှင့် ၆ သို့ ရောက်ရှိနေသည်။ ဖေးရှန်ဂိုဏ်းမှ ဒုတိယနှင့် တတိယမျိုးဆက်တပည့်များမှာလည်း အင်မော်တယ်များဖြစ်လာကြသည်။ စတုတ္ထမျိုးဆက်တပည့်များမှာမူ သူတော်စင်အဆင့်သို့ ရောက်ရှိကုန်ကြ၏။

ပစ္စည်းများလဲလှယ်ခြင်းနှင့် တပည့်များအဆင့်တက်ခြင်းမှရရှိသော အမှတ် ၇၀၀ ဘီလီယံကိုကိုင်ဆောင်ကာ မြို့စားမင်းသည် အမှတ် ၇၀၀ ဘီလီယံဖိုး ကံစမ်းမဲများကို ဆက်တိုက်ဖောက်လိုက်သည်။ တည်နေရာရွှေ့ပြောင်းခြင်း၊ ကိုယ်ပျောက်ခြင်း၊ ဆေးဖော်စပ်ခြင်းနှင့် လက်နက်သွန်းလုပ်ခြင်းစသည့် စွမ်းရည်အားလုံးကို အဆင့် ၇ သို့ မြှင့်တင်လိုက်၏။

ယခုတစ်ကြိမ်တွင် သူသည် ကျန်သောအဓိကစည်းမျဉ်းအားလုံးကို အသေးစားအောင်မြင်မှုအဆင့်အထိ တွန်းပို့လိုက်သဖြင့် မြင့်မြတ်အင်မော်တယ်အဆင့်သို့ တက်လှမ်းရန်အတွက် အဟန့်အတားမရှိတော့ချေ။ လိုအပ်သည်မှာ အင်မော်တယ်ဝိညာဉ်နှင့် ကျင့်ကြံမှု စုဆောင်းရန်သာ။ တစ်ချိန်တည်းမှာပင် သူ၏သူရဲကောင်းဝိညာဉ်အစွမ်းမြှင့်တင်မှုမှာလည်း ၃၀ ကျော်အထိ ရောက်ရှိသွားသည်။

သူနှင့် တိုက်ခိုက်ရသောရန်သူများမှာ အလွန်ပင်နာကျင်ရသည်ဟုဆိုနိုင်သည်။ အမျိုးမျိုးသော ဆိုးကျိုးသက်ရောက်မှုများက သူတို့၏ခန္ဓာကိုယ်ပေါ်တွင်ရှိနေသဖြင့် အနည်းငယ်ပေါ့ဆလိုက်သည်နှင့် လုံးဝရှုံးနိမ့်သွားနိုင်ပြီး သူတို့၏အစွမ်းကို ကောင်းမွန်စွာမပြသနိုင်ကြတော့ချေ။

နောက်ထပ်တစ်ကြိမ် ဆေးလုံးများသောက်ကာ ပင်ပန်းကြီးစွာကျင့်ကြံပြီးနောက် မြို့စားမင်း၏ တက်လှမ်းရန်အလွန်ခက်ခဲသောကျင့်ကြံဆင့်မှာ ကောင်းကင်အင်မော်တယ်အဆင့် ၇ ရောက်ရှိသွား၏။ အမှန်စင်စစ် ကံစမ်းမဲဖောက်ရန် အမှတ်များစွာရှိနေခြင်းမှာ ကံကောင်းခြင်းပင်။ အကယ်၍သာ သာမန်အတိုင်းကျင့်ကြံနေရမည်ဆိုပါက နှစ်ပေါင်းသန်းနှင့်ချီလျှင်ပင် ဤသို့တိုးတက်လာနိုင်ရန် မဖြစ်နိုင်။

ထို့နောက်တွင် သူသည် စိန်ခေါ်မှုစာရင်းကိုထပ်နှိပ်လိုက်ပြန်သည်။ နိုင်ပွဲဆက်နေဆဲ....

ပွဲ ၆၀ ဆက်တိုက်နိုင်။ ပွဲ ၇၀ ဆက်တိုက်နိုင်။ ပွဲ ၈၀ ဆက်တိုက်နိုင်။ ပွဲ ၉၀ ဆက်တိုက်နိုင်။ ပွဲ ၁၀၀ ဆက်တိုက်နိုင်...

တင့်ထျန်းမြို့သည် ၁၁၀ ပွဲဆက်တိုက်နိုင်သည့်နေ့တွင် အဆင့် ၈ ရောက်သွားလေပြီ။ ဤအချိန်တွင် သူတို့သည် အောက်အင်မော်တယ်လောကတစ်ခုလုံးတွင် လူစိတ်ဝင်စားမှုအခံရဆုံးဖြစ်လာခဲ့သည်။

လူပေါင်းများစွာမှာ မြင်းနက်တစ်ကောင်ကဲ့သို့ နယ်မြေတစ်ခုလုံးကို သိမ်းကျုံးအောင်ပွဲခံနေသော ဤအင်မော်တယ်မြို့အကြောင်း ပြောဆိုနေကြ၏။ သူတို့နှင့် အဆင့်နီးစပ်သော အင်မော်တယ်မြို့များမှာမူ စိန်ခေါ်ခံရမည်ကိုစိုးရိမ်လျက် အန္တရာယ်ကိုခံစားနေကြရတော့သည်။

All Chapters