← Chapters

စီးပွားရေးတိုက်ပွဲ

Vol. 8 Ch. 732

စီးပွားရေးတိုက်ပွဲ

Vol. 8 Ch. 732

" ဟမ် " ပိုင်ရှောင်ချန်းက အတန်ငယ်အံအားသင့်လျက် ပြောသည်။

" အကြံနှစ်ခု “

ပိုင်ဟောက်နှင့်အတူနေခဲ့သည့် အချိန်တိုလေးအတွင်း သူသည် အလွန်တရာ တော်လွန်းသဖြင့် မြေရိုင်းဒေသတစ်ခုလုံးကို လှုပ်ရမ်းပစ်နိုင်သည်အထိ အရည်အချင်းပြည့်မီကြောင်း ပိုင်ရှောင်ချန်း မြင်တွေ့လာခဲ့သည်။

ပိုင်ဟောက်သာမရှိလျှင် သူသည် မီးတောက်ဖန်တီးရာတွင် ကျော်၍မရသော အခက်အခဲများကို ရင်ဆိုင်နေရပြီ ဖြစ်သည်။

သို့သော် ပိုင်ဟောက်၏ မီးတောက်ဖန်တီးခြင်းစွမ်းရည်သာ အထင်ကြီးဖွယ်ကောင်းသည်မဟုတ်။ ဆိုင်၏ အောင်မြင်မှုသည် ပိုင်ရှောင်ချန်းနှင့် သက်ဆိုင်နေသည့်တိုင် များသောအားဖြင့် နေ့စဥ်စီးပွားရေးကို ပိုင်ဟောက် ကိုင်တွယ်ဖြေရှင်းေနခြင်းကြောင့် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ပိုင်ရှောင်ချန်းသည် ပိုင်ဟောက်၏ စီမံကွပ်ကဲပုံကြောင့် အလွန်ကျေနပ်သဘောကျရသည်သာ ဖြစ်သည်။

သို့သော် သူသည် သူ့တပည့်၏အားနည်းချက်တစ်ခုကို သတိထားမိခဲ့သည်။ ပိုင်ဟောက်က ကိစ္စများကို သမားရိုးကျသာတွေးသည်။ သူက ကြီးကျယ်သော အတွေးများနှင့် အလုပ်များကို အလျင်စလို ဆောင်ရွက်တတ်သည့် ပိုင်ရှောင်ချန်းနှင့် မယှဥ်နိုင်ပေ။

အလွန်လေးနက်နေသော အသွင်ဖြင့် ပိုင်ဟောက်က အသံကို နှိမ့်ကာ ပြောသည်။

" ဆရာ ကျွန်တော့်ရဲ့ အကြံနှစ်ခု အခုလောလောဆယ် တွေးနေတုန်းပဲရှိသေးတယ်။ ဆရာ အသေးစိတ်လိုချင်ရင် ကျွန်တော် ထပ်တွေးပြီး အကုန်လုံးသေချာစီစဥ်လိုက်မယ်။ ဒါမှမဟုတ် ကျွန်တော် နောက်တစ်ခုတွေးရမလား "

ပိုင်ရှောင်ချန်းက သူ၏လက်ကို အထင်သေးစွာ ဝေ့ယမ်းလိုက်ပြီး ပြောသည်။

" ရတယ်။ မင်း အကြံတွေ ငါ့ပြောစမ်းပါ"

ထို့နောက် သူက သူ့တပည့်ကို စိတ်အားထက်သန်သော မျှော်လင့်ချက်များဖြင့် ကြည့်လိုက်သည်။

အတွေးနက်နေဟန်ရှိသော ပိုင်ဟောက်က ဆက်ပြောသည်။

" ဆရာ ၊ သောကကင်းဝေးကိုးသွယ်မြို့တော်က စွန်းရီဖန်နဲ့ ဝိညာဥ်ခရီးမြို့တော်က စီမာတာအိုတို့ နှစ်ယောက်လုံးက ကောင်းကင်အဆင့် အောက်လမ်းဆရာတွေ။ တစ်ယောက်က ဘုရင်ရဲ့ အဆင့်မြင့်အကြံပေးအမတ်ဖြစ်ပြီး နောက်တစ်ယောက်က အထက်တန်းလွှာ အောက်လမ်းဆရာမျိုးနွယ်စုက လာတယ်။ အပေါ်ယံအရ သူတို့နှစ်ယောက်က ပူးပေါင်းနေပုံရပေမယ့် အမှန်က.... မဟာအကြီးအကဲအောက်လမ်းဆရာတွေဆိုတော့ သူတို့နှစ်ယောက်လုံးက အက်မတန် မာနကြီးကြတာ ။ သူတို့ ဘယ်လိုနည်းနဲ့မှ တည့်မှာမဟုတ်ဘူး"

အမှန်တွင် ပိုင်ဟောက်သည် ထိုအခြေအနေကို သေချာတွေးဆဆင်ခြင်ထားသည်ဖြစ်ပြီး ပါးစပ်ထဲရှိရာ လျှောက်ပြောနေခြင်းမဟုတ်ပေ။ သူက သေချာစွာ တွက်ချက်စိတ်ဖြာနေသည်။

" အဲဒါကြောင့် ဒါတွေအားလုံးရဲ့နောက်ကွယ်က ဘယ်သူကြိုးကိုင်နေလဲဆိုတာ တကယ် အရေးမကြီးဘူး။ ဒီမဟာအကြီးအကဲနှစ်ယောက်လုံးက အသေးအဖွဲ အမိန့်တွေဆိုရင် မလိုက်နာအောင် ကျွန်တော်တို့ လုပ်ရမယ်။ ဆရာ မြင်တယ်မလား။ နှစ်ယောက်လုံးက သူတို့ရဲ့ ဂုဏ်သိက္ခါက အရေးကြီးတယ်လို့ သတ်မှတ်ထားတာ။ သူတို့ အခုတော့ မျိုသိပ်ထားကြပေမယ့် နှစ်ယောက်လုံးက သေချာပေါက် တစ်ယောက်ထက်သာအောင် လုပ်ချင်မှာပဲ။ ကျွန်တော်တို့က လောင်စာလေးထည့်လိုက်ပြီး သူတို့တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်အောင် ဆွပေးရမယ် "

ပိုင်ဟောက်၏ မျက်လုံးများသည် တလက်လက်တောက်ပလာပြီး သူ၏လေသံသည်ပင် အားအင်ပြည့်ဝလာဟန်ရှိသည်။

" ဆရာ၊ ကျွန်တော်တို့ အဲဒီလိုဖြစ်အောင်ပဲ လုပ်ဖို့လိုတာ။ ပြီးရင် မသိချင်ယောင်ဆောင်ပြီး သူတို့ထဲက တစ်ယောက်နဲ့ပူးပေါင်းပြီး အဲဒီလူကို ဆရာကြီးပမာ ဆက်ဆံရမယ်။ ဒါဆိုရင် ဆရာ့ရဲ့ ဂုဏ်သတင်းသာ ကြီးလာရုံမကဘူး။ နောက်တစ်ယောက်ကိုလဲ တိုက်ခိုက်နိုင်မယ်။ အဲဒီနောက်ကွယ်က ဖြစ်ပျက်လာနိုင်တဲ့ အရှုပ်အထွေးတွေကို ကျွန်တော်ကိုင်တွယ်နိုင်တယ်။ အဲဒီအကြံအတိုင်းသွားရင် အချိန်တိုလေးအတွင်း အောင်မြင်မှုကို ရမှာပဲ "

ထို့နောက် ပိုင်ဟောက်က ပြောနေသည်ကို ရပ်ပြီး ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်သည်။

ပိုင်ရှောင်ချန်းက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ထိုအကြောင်းကို တွေးလိုက်သည်။ အောက်လမ်းဆရာနှစ်ယောက်အနက်တစ်ယောက်ကို ခေါင်းငုံ့၍ဟန်ဆောင်ဆက်ဆံရမည်မှာ သူလက်ခံနိုင်သောအရာဖြစ်သည်။ သို့သော် ပိုင်ဟောက်၏ စကားများကို ပြန်စဥ်းစားလိုက်ချိန်တွင် သူ၏အတွေးစများသည် ရှင်းကုံကျစ်တာအိုဂိုဏ်းသို့ ပထမဆုံးရောက်ခဲ့စဥ်က ဖြစ်ပေါ်ခဲ့သည် အခြေအနေတစ်ခုထံ ပြန်ရောက်သွားသည်။

သူ့ဆရာ ရုတ်တရက် စိတ်ရှုပ်ထွေးသွားကြောင်း ပိုင်ဟောက် သိလိုက်သည်။ အနည်းငယ် တုန့်ဆိုင်းနေရင်း သူ၏ ဒုတိယအကြံအစည်ကို ဆက်ပြောသည်။

" ကျွန်တော် စဥ်းစားမိတဲ့ နောက်ထပ်အကြံတစ်ခုရှိသေးတယ်။ " သူက ရှင်းပြသည်။

" ဒါက ပိုပြီးပွင့်လင်းသလို လူကြားထဲလဲ ထင်ပေါ်တယ်။ ဒါက လက်ခံလို့ရတဲ့ အခြေအနေလည်း ဖြစ်လောက်တယ်။ ဆရာ စွန်းရီဖန်နဲ့ စီမာတာအိုကို အောက်လမ်းပညာရယ် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းရယ်နဲ့ ပတ်သက်ပြီး စိန်ခေါ်လိုက်။ ပြီးတော့ သူတို့ကို အနိုင်ယူလိုက်ဗျာ။ တခြား ပြဿနာတွေတော့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဆရာက အနိုင်ယူထားတဲ့သူဆိုတော့ ဆရာ့ကို ဘယ်သူကမှ အပြစ်တင်နိုင်မှာ မဟုတ်ဘူး "

ထို့နောက် ပိုင်ရှောင်ချန်းသည် တိတ်ဆိတ်နေလျက်ရှိပြီး အလေးအနက်တွေးနေသည်။ ထို့နောက် သူ၏ မျက်လုံးများ တလက်လက်တောက်ပလာပြီး သူက ရုတ်တရက် အလွန်စိတ်လှုပ်ရှားလာပုံရသည်။

"ဟားဟားဟား သိပ်ကောင်းတယ် တပည့်ရေ။ ဒီအကြံနှစ်ခုက လုံးဝအကောင်းဆုံးပဲ။ ဒါပေမဲ့ တကယ်တော့ ဆရာ့မှာ ဒီအခြေအနေကို ရင်ဆိုင်ဖို့ ပိုကောင်းတဲ့ နည်းလမ်း ရှိတယ်"

ပိုင်ဟောက်၏ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။

" ဆရာ "

ယခင်က ပိုင်ရှောင်ချန်းက ကိစ္စရေးရာများကို မည်သို့ကိုင်တွယ်ခဲ့ကြောင်း ပြန်တွေးမိသောအခါ သူ ရင်တဒိန်းဒိန်းခုန်လာတော့သည်။ မည်သည့်အကြောင်းအရင်းကြောင့်မသိ ထိုအကြောင်းနှင့်ပတ်သက်၍ သူ ခံစားချက်သိပ်မကောင်းတော့ပေ။

"မကြောက်ပါနဲ့ ငါ့တပည့်ရ။ ဒီလိုကိစ္စတွေမှာ ဆရာက အတွေ့အကြုံအများကြီးရှိပါတယ်။ ဆရာလုပ်တာကြည့်ပြီး သင်ထားလိုက် "

ထို့နောက် ပိုင်ရှောင်ချန်းက အလွန်စိတ်လှုပ်ရှားပြီး ယုံကြည်ချက်ရှိသော အသွင်ဖြင့် ထရပ်လိုက်သည်။ သူ့အတွက် မိုးကောင်းကင်ကြီးသည် ယခင်ကထက်ပို၍ ပြာလဲ့နေသယောင်။

အမှန်တကယ်တော့ ပိုင်ရှောင်ချန်းသာ အတွေ့အကြုံရှိကြောင်း မပြောလျှင် ပိုင်ဟောက်မှာ များစွာ စိတ်သက်သာရာရပေဦးမည်။ သို့သော် ယခု မည်သို့ဖြစ်ပျက်လာမည်ကို သူ ရင်တထိတ်ထိတ်ဖြစ်နေတော့သည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းက သူ၏အိတ်ထဲမှ ကျောက်စိမ်းပေလွှာကို ထုတ်လိုက်သည်။

"ဟမ်းးးးး ဒီက စီးပွားရေးတိုက်ပွဲမကလို့ ဘာကြီးဖြစ်နေပါစေ ဂရုမစိုက်ဘူး။ ငါ မင်းတို့ကို ကြောက်တယ်များ ထင်နေသလား။ ရှင်းကုံကျစ်တာအိုဂိုဏ်းမှာတုန်းက ကိုယ်တော်ပိုင်ဆိုတာ တစ်မိုးအောက်မှာ ပြိုင်ဘက်ကင်းပဲကွ။ လက်သီးသုံးစရာမလိုတဲ့ တိုက်ပွဲတွေဆိုရင် ဘယ်သူမှ ငါ့ကို အနိုင်မယူနိုင်ဘူး "

အလွန်ဂုဏ်ယူနေရင်း သူက သရဲကြီးမြို့တော်ရှိ ကျိုးရီရှင်းထံသို့ စာတစ်စောင် လှမ်းပို့လိုက်သည်။

သူ့ခေါင်းထဲတွင် ရှိသော အကြံသည် ကျိုးရီရှင်း အလွယ်တကူ ကိုင်တွယ်နိုင်မည့် အရာဖြစ်သည်။ ထိုမျှသာမက ကျိုးရီရှင်း ကိုယ်ထဲတွင် အချုပ်အနှောင် မန္တန်ရှိသေးကြောင်း ထည့်တွက်လိုက်ပါက သူ၏ သေခြင်း၊ ရှင်ခြင်းကို ပိုင်ရှောင်ချန်းက အတွေးလေးတစ်ခုဖြင့် ထိန်းချုပ်နိုင်မည်ဖြစ်သည်။

သူသည် ဗဟိုဧကရာဇ်မြို့တော်ကို လာကတည်းက ကျိုးရီရှင်းကို လီဖုန်း သေရခြင်း၏ အကြောင်းရင်းကြောင့် မဆက်သွယ်ခဲ့ပေ။ သိသာစွာပင် ပိုင်ရှောင်ချန်းသည် လူရိုင်းမျိုးနွယ်စုနှင့် တိုက်ပွဲအတောအတွင်းက ဖြစ်ပွားခဲ့သည် မတော်တဆမှုကို ကြားထားသည်။

သူက အဖြစ်အပျက်၏ အသေးစိတ်ကို ချက်ချင်းစစ်ဆေးခဲ့ပြီး နောက်ဆုံးတွင် ကျိုးရီရှင်းနှင့် ပတ်သက်နေကြောင်း သိလိုက်ရသည်။

ယင်းက ပိုင်ရှောင်ချန်းကို တုန်လှုပ်သွားစေပြီး ကျိုးရီရှင်းကို မည်သို့လုပ်ရန် မဆုံးဖြတ်ခင် အချိန်အနည်းငယ်ကြာ ထားခဲ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

***

ကျိုးရီရှင်းသည် လောလောဆယ်တွင် သရဲကြီးမြို့တော်ရှိ သူ၏ကိုယ်ပိုင်စံအိမ်ထဲတွင် အလွန်စိတ်ပျက်အားငယ်နေသောအသွင်ဖြင့် ရှိေနသည်။ ပိုင်ရှောင်ချန်း ထွက်သွားစဥ်ကတည်းက သူ့အတွက် အစစအရာရာအဆင်ပြေခဲ့ပြီး သူ့ကို လူတိုင်းရိုသေလေးစားစွာ ဆက်ဆံလေသည်။ သို့သော် ကြာလာသည်နှင့်အမျှ မြို့တော်ရှိ အင်အားကြီး အဖွဲ့အစည်းများနှင့် ဆက်ဆံရေးသည် အေးစက်သွားပြီး အရင်ကနှင့် မတူတော့ပေ။

သူတို့အားလုံးက ရှောင်နေကြခြင်းတော့မဟုတ်ပေ။ ကျိုးရီရှင်း၌ သူတစ်ပါးရိုသေလေးစားစေရန် နည်းလမ်းများရှိသေးသည်။

သို့သော် သူက သရဲကြီးမြို့တော်တွင် ချန်ထားခံခဲ့ရသည့်အတွက် အလွန်စိတ်နောက်ကျိနေသည်။ သူက ပိုင်ရှောင်ချန်းနှင့် ဗဟိုဧကရာဇ်မြို့တော်တွင် အတူရှိချင်သည့်တိုင် ပိုင်ရှောင်ချန်းမှာ သူ့အကြောင်းတွေးရန်အတွက်ပင် အလွန်အလုပ်ရှုပ်နေပုံရသည်။

" ငါ့ ရွေးချယ်မှုများ မှားသွားပြီလား "

ထိုသည်မှာ အခုတလော သူ့ကိုယ်သူ မေးနေမိသည့် မေးခွန်းတစ်ခုဖြစ်သည်။ သို့သော် သူက ကုတ်ကပ်နေပြီး ဖြစ်လာမည်ကို စောင့်ကြည်ရုံမှတစ်ပါး အခြားရွေးစရာမရှိပေ။ အချိန်ကုန်သင့်သလောက်ကုန်သွားပြီး ပိုင်ရှောင်ချန်းက သူ့ကို မဆက်သွယ်ခဲ့လျှင် သူ စာပို့ရလိမ့်မည်။

ထိုပြဿနာ ထိုင်စဥ်းစားနေချိန် သူ့အိတ်ထဲရှိ စာပို့ကျောက်စိမ်းပေလွှာသည် ရုတ်တရက် တုန်ခါလာ၏။ အမောတကော ထုတ်လိုက်ပြီးနောက် သူ့ခေါင်းထဲတွင် နတ်ဘုရားအာရုံစီးကြောင်းတစ်ကြောင်းပေါ်လာပြီး ပိုင်ရှောင်ချန်း၏ အသံကို ကြားလိုက်ရသည်။

" ကျိုးရီရှင်း ဗဟိုဧကရာဇ်မြို့တော်ကို လာခဲ့"

စိတ်လှုပ်ရှားမှုများဖြင့် သူ ရင်တဒိန်းဒိန်းခုန်သွားပြီး တခဏလေးပင် အချိန်ဆွဲမနေချေ။ လိုအပ်သော ဆောင်ရွက်မှုများအားလုံး လုပ်ပြီးနောက် သူက တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ကို ဦးတည်လိုက်သည်။

မကြာမီ သူ ဗဟိုဧကရာဇ်မြို့တော်သို့ ရောက်သွားလေပြီ။ ဤသည်မှာ သူပထမဆုံးရောက်ဖူးခြင်းဖြစ်၍ ခမ်းနားကြီးကျယ်ခြင်းများကြောင့် ချက်ချင်း အံ့သြတုန်လှုပ်သွားရသည်။ စိတ်တည်ငြိမ်အောင်လုပ်ရန် အချိန်အတော်ကြာယူလိုက်ရပြီးနောက် ပိုင်ရှောင်ချန်းက သူ့ကို နေရန် ညွှန်ကြားထားသည့် စားသောက်ဆိုင်ကို ရှာလိုက်သည်။

ထိုညနေတွင် ပိုင်ရှောင်ချန်းက စားသောက်ဆိုင်ထဲသို့ မသိမသာ ခိုးဝင်လာပြီး ကျိုးရီရှင်းကို ရှာလိုက်သည်။

" သခင်လေး " ကျိုးရီရှင်းက ထရပ်ပြီး လက်ယှက်က ခါးညွတ် အရိုအသေပေးလိုက်သည်။ သူက အလွန်စိတ်လှုပ်ရှားနေသော်လည်း အသံနေအသံထားနှင့် မျက်နှာအမူအရာတွင် မပေါ်စေရန် ထိန်းလိုက်သည်။ ထိုအစား သူက ပိုင်ရှောင်ချန်းသာ ခိုင်းစေပါက ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည့်အလား လေးနက်သော မျက်နှာထားကို ဖမ်းလိုက်သည်။

ပိုင်ရှောင်ချန်းက ကျိုးရီရှင်းကို အိတ်တစ်လုံးပေးလိုက်ပြီးနောက် အသံကို နှိမ့်ကာ ပြောသည်။

" ဒီ အမုန်းဝိညာဥ်တွေနဲ့ တခြားရင်းမြစ်တွေကို ယူ။ စီမာတာအိုနဲ့ စွန်းရီဖန် ဖွင့်ထားတဲ့ ဆိုင်ကိုသွားပြီး သူတို့ရဲ့ တံဆိပ်နှိပ်ထားတဲ့ အဆင့်မြင့်ဝိညာဥ်ဆေးတွေများများ ဝယ်လာခဲ့ "

ကျိုးရီရှင်းက ချက်ချင်းပင် အလွန်လေးနက်သော မျက်နှာထားဖြင့် ခေါင်းညိတ်သဘောတူလိုက်သည်။ သူသည် ဗဟိုဧကရာဇ်မြို့တော်ကို စောစောကမှ ရောက်ခဲ့သည်ဖြစ်သော်လည်း ပိုင်ရှောင်ချန်း၏ လှုပ်ရှားမှုများနှင့်ပတ်သက်၍ အစီရင်ခံစာများရနေခဲ့သည်ဖြစ်ပြီး အခြေအနေကို အကြမ်းအဖျင်း သိသည်။ သို့ဖြစ်ရာ သူက ပိုင်ရှောင်ချန်း ဘာပြောနေသည်ကို ချက်ချင်း သဘောပေါက်သည်။

" စိတ်မပူပါနဲ့ သခင်လေး"

သူက သံမဏိကိုပင် ဖြတ်တောက်နိုင်သည့်အလား ပြတ်သားသောလေသံဖြင့် ပြောသည်။

" ကျုပ် အကုန်လုံးကို ချက်ချင်းကိုင်တွယ်လိုက်ပါ့မယ် "

ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာ၏။ သူက အားပေးစကားအနည်းငယ်ပြောပြီးနောက် အသုံးပြုရမည့်အကြံအနည်းငယ်နှင့်အတူ ဆယ့်သုံးရောင်ခြယ်မီးတောက်ဖန်တီးနည်းကို ကျိးရီရှင်းအား ပေးလိုက်သည်။ ပိုင်ရှောင်ချန်းသည် သရဲကြီးမြို့တော်တွင်ရှိစဥ်ကလည်း ထိုနည်းတူ ပြုလုပ်ခဲ့လေရာ အကျိုးဆက်အနေဖြင့် ကျိုးရီရှင်းသည် ဆယ့်နှစ်ရောင်ခြယ်မီးတောက်ကို ကျွမ်းကျင်သော မြေအောက်လမ်းဆရာတစ်ယောက်ဖြစ်နေပြီ ဖြစ်သည်။

ပိုင်ရှောင်ချန်းပေးခဲ့သော အထူးအကြံဉာဏ်ဖြင့် ပေါင်းစပ်လိုက်သည်တွင် ဤဖန်တီးနည်းသည် အခြေခံအားဖြင့် ကျိုးရီရှင်းအတွက် ရတနာများအနက် အဖိုးအထိုက်ဆုံးဖြစ်လေရာ သူ၏နှလုံးသားထဲတွင် ကျေးဇူးတင်ခြင်းများ ပေါက်ဖွားလာတော့သည်။

ပိုင်ရှောင်ချန်းထံမှ အကြံသည် ကိုယ်တိုင်အတွေ့အကြုံနှင့် မယှဥ်နိုင်သော်လည်း ၄င်းသည် အနည်းဆုံးတော့ လွယ်ကူသွားစေမည်ဖြစ်သည်။ အရေးအကြီးဆုံးမှာ ၄င်းက ပိုင်ရှောင်ချန်း သူ့အပေါ် မည်သို့ သဘောထားကြောင်း ကျိုးရီရှင်းကို ညွှန်ပြနေပေသည်။

ထိုမျှသာမက ပိုင်ရှောင်ချန်းက သူ့ကို ကိုယ်တွေ့အကြံတစ်ချို့နှင့်အတူ သူ ဆယ့်သုံးရောင်ခြယ်မီးတောက်ကို ကျွမ်းကျင်သွားသည်နှင့် တစ်ပြိုင်နက် ဆယ့်လေးရောင်ခြယ်မီးတောက်အတွက် ဖန်တီးနည်းကို ပေးမည်ဟုလည်း ကတိပေးသွားခဲ့သည်။ ထိုအချိန်တွင် ကျိုးရီရှင်း၏စိတ်ထဲတွင် မှန်ကန်သော ဆုံးဖြတ်ချက်ကို ချခဲ့ကြောင်း ယခင်ကထက် ပို၍ သေချာသွားတော့သည်။

All Chapters