← Chapters

အခန်း (၁၃၄)

Vol. 12 Ch. 134

အခန်း (၁၃၄)

Vol. 12 Ch. 134

သူတို့က များသောအားဖြင့် ငါးတွေ ပုစွန်တွေ အများကြီး စားခဲ့ရတာကြောင့် နှစ်သစ်ကူးအချိန်အခါရောက်တိုင်း ဝက်သားစားလိုကြရာ အိမ်တိုင်းအိမ်တိုင်းတွင် အသားအနံ့တွေပျံ့လွင့်နေလေ၏။

တကယ့်ကို ရှားပါးလွန်းလှတဲ့ နေ့ရက်တစ်ရက်ပါပဲ...

လူတိုင်းက နှစ်သစ်ကူးကို စောင့်မျှော်နေကြကာ ထိုနှစ်သစ်ကူးနေ့ရက်မှာသာ နှစ်သစ်ရဲ့ အငွေ့အသက်တွေနှင့်အတူ စားလေ့စားထမရှိကြတဲ့ အစားအသောက်ကောင်းတွေကို စားသုံးနိုင်ကြပေသည်။

"ကြိုးခုန်မယ်၊ ကြိုးခုန်မယ်!"

"ဖန်ခုန်မယ်!"

တရုတ်နှစ်သစ်ကူးမှာ ကလေးတွေအတွက် အပျော်ရွှင်ဆုံးအချိန်အခါသမယပင်။ သူတို့လေးတွေက အရသာရှိတဲ့ အစားအစာတွေကို စားနိုင်ရုံသာမက အဝတ်အစားအသစ်တွေလည်း ဝတ်ဆင်နိုင်ကြသည့်အပြင် အရေးအကြီးဆုံးမှာ ဆောင်းရာသီအားလပ်ရက်ရသောကြောင့် နေ့ခင်းဘက်တွင် မိသားစုခြံဝင်းမှ ကလေးတွေရဲ့ ရယ်မောသံတွေကို ကြားနိုင်ပေသည်။

နှစ်သစ်ကူးအတွက် တစ်ချို့လူတွေက မွေးရပ်မြေကို ပြန်သွားကြသလို တစ်ချို့ကတော့ မိသားစုခြံဝင်းထဲမှာပဲ နေထိုင်ကာ နှစ်သစ်ကူးကျင်းပကြသည်။

ယမန်နှစ်တုန်းက လီချင့်ဟွားက တရုတ်နှစ်သစ်ကူးအတွက် သူမရဲ့ မွေးရပ်မြေသို့ ပြန်သွားခဲ့ပေမယ့် ဒီနှစ်မှာတော့ သူမရဲ့ ယောက္ခမဖြစ်သူက သူတို့ဆီ လာလည်ခဲ့သည်။ လီချင့်ဟွားရဲ့ ယောက္ခမသည်လည်း အတော်လေးစိတ်ဝင်စားဖို့ကောင်းသူတစ်ယောက်ပင်။

သူမ စရောက်ရောက်ချင်းနေ့တွင် ဒီလိုဝေးလံခေါင်ဖျားပြီး တစ္ဆေသရဲလိုနေရာမျိုးကို သူမဘဝတစ်သက်တာမှာ တစ်ခါမှမရောက်ဖူးခဲ့ကြောင်း ဆူပူနေလျက်။

ရလဒ်အနေနဲ့ ရက်အနည်းငယ်ကြာပြီးနောက် ဒီကျွန်းဟာ ဒဏ္ဍာရီလာနယ်မြေတစ်ခုနဲ့ တူတယ်လို့ သူမပြောလာခဲ့၏။ သူမ ဒီကျွန်းကို ရောက်တဲ့အခါ ရင်ဘတ်က တင်းကျပ်သလို အသက်ရှူမဝသလို ထပ်ပြီးမခံစားရတော့ပေ။ နောက်ပြီးတော့ ဆောင်းတွင်းဆိုပေမယ့် ပူအိုက်နေတုန်းပဲ...

သူမက ဤဒေသမှာ နေထိုင်လို့ နေမကောင်းမဖြစ်တော့ကြောင်း ပြောတာကို လူအများကလည်း ထောက်ခံကြလေ၏။

ဤကျွန်းတွင် အအေးမိဗိုင်းရပ်စ်တွေ မရှင်သန်နိုင်သလို ယေဘုယျအားဖြင့် တခြားနေရာနဲ့မတူစွာပင် နေမကောင်းဖြစ်တဲ့သူ၊ အအေးမိတဲ့သူတွေ အလွန်နည်းပါးလေသည်။

ဟုတ်တာပေါ့၊ ဖြစ်နိုင်တာက ချုံကျိုးကျွန်းရှိ အပူချိန်ဟာ အချိန်အများစုမှာ နွေရာသီနှင့် အတူတူပင် ဖြစ်တာကြောင့်နေမယ်။

နွေရာသီမှာ အရူးတွေပဲ အအေးမိကြတယ်လို့ ဆိုရိုးရှိလေသတဲ့။

အပူအအေး အပြောင်းအလဲ သိပ်မရှိတဲ့အခါ ပူခြင်း၊ အေးခြင်းကို များစွာအာရုံစိုက်ဖို့မလိုပါချေ။

သို့သော် ရှမင်ရှီးကတော့ ယခုနှစ်ပထမလမတိုင်မီတွင် သူ့ဆံပင်တွေကို တက်ကြွစွာ ရိတ်ပစ်နေဆဲဖြစ်တာကြောင့် ချင်းရို့လည်း သူမရဲ့ချစ်တူလေး ရှောင်ကျင်းရိကို ချစ်စဖွယ်ဖရဲသီးခေါင်းလေး ဆက်လက်လုပ်ပေးလိုက်ပြန်သည်။

အနှီကလေးလေးငယ်နှစ်ဦးမှာ မနှစ်ကတည်းက များစွာကြီးထွားလာခဲ့ကြသည်၊ အထူးသဖြင့် ရုတ်ချည်း တာဝန်ကျေပွန်တတ်လာတဲ့ ရှီးရှီးလေးပေါ့လေ... အပြုသဘောဆောင်ပြီး စိတ်အားထက်သန်တဲ့ အတန်းဖော်တစ်ဦးအဖြစ် ရှီးရှီးလေးက အတန်းခေါင်းဆောင် ဖြစ်လာခဲ့ပြီး အလွန်ရေပန်းစားတဲ့ ဝတုတ်ကလေးဖြစ်လာလေသည်။

သူက မူကြိုရဲ့ အတန်းခေါင်းဆောင်ဖြစ်ခဲ့သော်လည်း မကြာမီတွင် မူလတန်းကျောင်းသားကြီးဖြစ်လာတော့မည်ဖြစ်ရာ အချိန်တွေ အရမ်းကုန်မြန်လှသည်။

မူကြိုမှာတောင် သူတို့အရွယ်လေးနဲ့ အလုပ်ကြမ်းနှင့် သန့်ရှင်းရေးလုပ်တတ်ရန် သင်ယူရ၏။ သောကြာနေ့တိုင်း စာသင်ခန်းကို သန့်ရှင်းရေးလုပ်ရန် ကိုယ်ပိုင်ရေပုံးနှင့် အဝတ်စုတ်၊ သို့မဟုတ် တံမြက်စည်းတို့ကို ယူဆောင်သွားရသည်။

ရှမင်ရှီးဟာ မူကြိုအတန်းခေါင်းဆောင်တစ်ယောက်အနေနဲ့ သန့်ရှင်းရေးလုပ်ရန် ကလေးတွေကို တက်တက်ကြွကြွ ဦးဆောင်ခဲ့ပေသည်။

သူက အတန်းလှုပ်ရှားမှုတွေအတွက် စိတ်အားထက်သန်မှုအရှိဆုံးသူပါပဲ!

"လျိုယွဲ့!! တံမြက်စည်းယူလာဖို့ မမေ့နဲ့နော်!!"

လီချင့်ဟွားရဲ့ သားဖြစ်သူ လျိုယွဲ့က သန့်ရှင်းရေးတာဝန်ကို သိပ်ဂရုမစိုက်တတ်တာကြောင့် အတန်းခေါင်းဆောင်လေးက မနက်စောစောတွင် သူ့အား တံမြက်စည်းယူလာဖို့ သတိပေးလိမ့်မည်ဖြစ်သည်။

"ကျင်းရိက အဝတ်စုတ်နဲ့ ရေပုံးတွေ ယူလာနော်!"

ချင်းရို့က ကလေးငယ်လေး ရှမင်ရှီးကို ဒီလိုမြင်ရတဲ့အခါ သူလေးက တခြားမိသားစုရဲ့ ကလေးကို ပြုစုပျိုးထောင်ပေးနေတာပဲလို့ ခံစားလိုက်ရ၏။

အခြားကလေးတွေကို ကြည့်လိုက်လေ... သူတို့လေးတွေက တစ်နေကုန်ဆော့ကစားနေကြစဥ်မှာ သူမရဲ့ တူလေးကတော့ အတန်းခေါင်းဆောင်အဖြစ် စိတ်အားထက်သန်စွာ တက်တက်ကြွကြွလှုပ်ရှားနေတာပဲ။

ထိုအချိန်တွင် ရှမင်ရှီးက ချန်ကျင်းဟွနှင့် ချန်ကျွမ်းကျွမ်းတို့ရဲ့ လည်ပင်းတစ်ဝိုက်တွင် ဝတ်ဆင်ထားတဲ့ အနီရောင်လည်စည်းလေးကို လိုချင်နေခဲ့သည်။

ကြယ်နီတစ်ပွင့်ပါတဲ့ စစ်စိမ်းရောင်ဦးထုပ်ကို ဆောင်းထားပြီး ကျောဘက်တွင် ကြယ်နီတစ်ပွင့်ပါတဲ့ စစ်စိမ်းရောင်ကျောင်းလွယ်အိတ်ကို လွယ်ကာ သူတို့လည်ပင်းတစ်ဝိုက်မှာ လည်စည်းအနီလေးကို ဝတ်ဆင်ထားသည်မှာ အနှီခေတ်အခါတွင် ဖက်ရှင်အကျဆုံး မူလတန်းကျောင်းသားလေးဖြစ်နေခဲ့သည်။

"ဒေါ်လေး၊ သားလည်း လည်စည်းအနီဝတ်ချင်တယ်!!"

"ရှီးရှီး မူလတန်းတက်တဲ့အခါ လည်စည်းအနီကို ဝတ်ရမှာပေါ့"

ချင်းရို့ ပြုံး၍ သူ့ပုခုံးလေးကို ပုတ်ပေးလိုက်ရင်း တွေးတောနေမိလျက်။

- အနာဂတ်မှာ ငါ့သားလေးတွေလည်း ဒီလိုမျိုးဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။

အဲဒီအချိန်ကျရင် သူမက မိခင်တစ်ယောက်အနေနဲ့ နာခံမှုရှိတဲ့ သားကောင်းလေးနှစ်ယောက်​ရှိလို့ ပျော်ရွှင်နေရလိမ့်မယ်။

ချင်းရို့က ယောက္ခမကျန်းဖျင်ကို မမေးဘဲမနေနိုင်တော့သဖြင့် မေးလိုက်မိသည်။

"တူလေးက သူ့ဦးလေးနဲ့တူတယ်လို့ ပြောနေကြတာလေ။ လုယန် ငယ်ငယ်တုန်းက ဒီလိုမျိုးပဲလား?"

ယောက္ခမကျန်းဖျင် : "ဒါပေမယ့် သူက သူ့ဦးလေးနဲ့ တူရုံတင်မကဘူး"

ချင်းရို့: "…"

ဖောဖောရေ ဒီလိုပြောလာတော့ ကျွန်မကြောက်လာပြီနော်။

ယခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်တွင် လုယန်ရဲ့ တတိယအစ်မ လုရွှမ်က တရုတ်နှစ်သစ်ကူးပွဲတော်အတွက် ကျွန်းသို့လာရောက်ခဲ့ရုံတင်မကဘဲ အဖေလုခေါ်လိုက်တာကြောင့် လုယန်ရဲ့ စတုတ္ထအစ်ကို လုရှောင်းလည်း ရောက်လာခဲ့သည်။ တတိယအစ်မနှင့် စတုတ္တအစ်ကိုတို့က ကွမ်ချန်မှာ အတူတူဆုံခဲ့ကြလေ၏။

နှစ်ယောက်စလုံးက သူငယ်ချင်းတစ်ယောက်စီ ခေါ်လာခဲ့ကြသည်။ လောင်လုရဲ့ ပြင်းပြလှတဲ့ တောင်းဆိုမှုအရ လုရွှမ်က လုရှောင်းနှင့် မိတ်ဆက်ပေးဖို့ သူငယ်ချင်းတစ်ယောက်ခေါ်ဆောင်လာသလို လုရှောင်းကလည်း သူ့ရဲဘော်တစ်ဥဦးကို ခေါ်လာခဲ့သည်။

အဆုံးတွင်မူ သူတို့နှစ်ဦးဟာ မောင်နှမတွေဖြစ်ကြရာ အိမ်ထောင်ဖက်အလောင်းအလျာတွေကို ဂရုတစိုက်ရွေးလာခဲ့ကာ သူတို့အစ်မ/မောင်လေးအတွက် သင့်တော်မယ့်သူမျိုးကို တွေးပြီး ရွေးခေါ်လာခဲ့ကြသည်ပင်။

ရလဒ်အနေဖြင့် လေးယောက်သား ကွမ်ချန်မှာ သုံးရက်ခန့် အချိန်အတူတူကုန်ဆုံးခဲ့ကြပြီးနောက် တခြားလူနှစ်ယောက်က အဆင်ပြေသွားကြပြီး မြန်မြန်ဆန်ဆန် လက်တွဲလိုက်ကြကာ လက်ထပ်ဖို့အကြောင်း စတင်ဆွေးနွေးကြပါတော့သည်။

(T/N: ခေါ်လာတဲ့သူ နှစ်ယောက် ကြိုက်သွားသတဲ့၊ မောင်နှမနှစ်ယောက် ကျန်ရစ် 😅)

"ကျေးဇူးတင်ပါတယ်!!"

"ရဲဘော်ကောင်းတွေပဲ!"

လုရွှမ်: "…"

လုရှောင်း: "…"

မောင်နှမနှစ်ယောက်သား စကားမပြောနိုင်ဖြစ်သွားကြပြီး တစ်ယောက်နဲ့ တစ်ယောက် စိုက်ကြည့်နိုင်ကြရုံသာ။

ထိုသူနှစ်ယောက်ကလည်း သူတို့အား ကျေးဇူးတင်စကားဆိုခဲ့ကြသလို သူတို့မောင်နှမကိုလည်း စာအိတ်အနီကြီးတစ်လုံးပေးရန် ဆုံးဖြတ်ခဲ့ကြသည်။

လောင်လု(အဖေလု)က သူတို့ရဲ့ ဘလိုင်းဒိတ်အကြောင်း သိရှိပြီးတဲ့နောက် အခုထိ အိမ်ထောင်မပြုရသေးတဲ့ လုရှောင်းအား ပြင်းပြင်းထန်ထန် ဝေဖန်ပါတော့သည်။

"ငါ မင်းကို ရုပ်ဆိုးအောင် လုပ်ခဲ့တာလား? မင်းက *လောင်ဝူလောက်တောင် မတော်ဘူးလားကွ?"

(*၅ယောက်မြောက်သား = လုယန်)

"လောင်ဝူက ရုပ်ရှင်ဒိတ်ပြီးတာနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တာ။ မင်းဘာလို့ ဒီလောက်အသုံးမကျရတာတုန်းကွာ?"

လောင်လုက ဖုန်းထဲကနေ အော်ဟစ်ကြိမ်းမောင်းနေကာ "ကျွန်းကို မြန်မြန်လာတော့၊ မင်းညီလေး ဘယ်လောက်ပျော်နေသလဲဆိုတာ လာကြည့်စမ်း"

"ကျွန်တော့်ညီလိုမျိုး? သူ့မှာဘာရှိလို့လဲ? ကျွန်တော့်မှာ မိန်းမမရှိလည်း ပျော်နေနိုင်တာပဲလေ"

လုရွှမ်က ဘေးဘက်ကနေ ပြောလာလေ၏။

"ငါ့ယောက်မလေးက ဟင်းချက်ကောင်းတယ်နော်"

လုရှောင်း: "…"

ဒီလိုဆိုတော့ နည်းနည်းကောင်းသလိုပဲ။

ဒါပေမယ့်လည်း....

"ကျွန်တော် ဒါမျိုးတွေကို ဘယ်တော့မှ လောဘမကြီးပါဘူးဗျာ"

လုရွှမ်: "မင်းစကားတည်မယ်လို့ ငါ မျှော်လင့်ပါတယ်နော်"

လုရှောင်းနှင့် သူ့အစ်မ လုရွှမ်တို့နှစ်ယောက် ချုံကျိုးကျွန်းသို့ ရောက်လာခဲ့လေပြီ။ သူ ကျွန်းကိုရောက်ရောက်ချင်းမှာပဲ ဆန်အိုးထဲက ကြွက်တစ်ကောင်လိုမျိုး သူ့ပတ်ဝန်းကျင်ရှိ မြင်မြင်သမျှကို အရမ်းသိချင်နေခဲ့သည်။

နောက်ဆုံးမှာတော့ အရင်တုန်းက သူ တောင်ဘက်အစွန်အဖျားက ဒီလိုကျွန်းသေးသေးလေးကို တစ်ခါမှမရောက်ဖူးဘူးလေ။

သူတို့ရဲ့မွေးရပ်မြေမှာ ပင်လယ်ကမ်းခြေနဲ့ လုံးဝမတူသောကြောင့် လမ်းဘေးရှိ စွဲမက်ဖွယ်ကောင်းတဲ့ အုန်းပင်တွေအကြောင်းကိုပင် သူ အရမ်းစူးစမ်းလိုခဲ့သည်။

ဒီအုန်းပင်တွေက ထူးထူးဆန်းဆန်း ကောက်ကွေးနေပြီးတော့ ရှဥ့်လေးတွေလည်း တက်လိုက်ဆင်းလိုက်နဲ့ ခုန်ပေါက်နေကြတာပဲ...

All Chapters