အခန်း (၁၃၇)
Vol. 12 Ch. 137
အတန်းဖော်ရှောင်မင်က သူ့မွေးမိခင်ကို ပွေ့ဖက်ပေးရမှာပေါ့။
ပွေ့ဖက်ပြီးတဲ့နောက် သူ့ရဲ့ စတုတ္ထဦးလေးကို တွေ့လိုက်ပြန်ရာ အော်ခေါ်လိုက်သည်။
"စတုတ္ထဦးလေး!!"
လုရှောင်းရဲ့ ခေါင်းမှာ တဝီဝီမြည်လာကာ "မင်းရဲ့ တတိယဦးလေးကွ"လို့ လွန်စွာမကျေမနပ်ဖြစ်လျက် ပြောလာလေ၏။
"ဝိုး!!! ရှဉ့်ငယ်လေးပဲ!!!!"
ဒီနေ့ ချန်ကျင်းရိက သူ့အိမ်သူပြန်သွားခဲ့ကာ သူနှင့် မကစားတော့သဖြင့် ရှမင်ရှီးက မကျေနပ်စွာ နှုတ်ခမ်းစူပုတ်နေသော်လည်း သူအိမ်ပြန်ရောက်သည်နှင့် သူ့အမေနဲ့ စတုတ္ထဦးလေးကို တွေ့လိုက်ရ၍ အရမ်းဝမ်းသာသွားခဲ့သည်။
ပို၍ကျေနပ်စရာကောင်းသည်မှာ စတုတ္ထဦးလေးရဲ့ ကိုယ်ပေါ်က ရှဉ့်ငယ်လေးကြောင့်ပင်။
ဒီရှဉ့်ကလေးက အရမ်းဉာဏ်ကောင်းလေ၏။ သူက လုရှောင်းရဲ့ ပခုံးပေါ်တွင် ခိုင်မြဲစွာ ရပ်နေပြီး ဝတုတ်ကလေးရဲ့ အံ့သြတကြီးအော်သံကို ကြားလိုက်ရတဲ့အခါ အကောင်ပေါက်လေးက နည်းနည်းထိတ်လန့်သွားပုံရကာ လုရှောင်းရဲ့ ခန္ဓာကိုယ်ပေါ်ကနေ ချက်ချင်း ခုန်ဆင်းလာလေသည်။
အနှီရှဥ့်ငယ်လေးတွေဟာ သစ်ပင်ပေါ် တက်လိုက်ဆင်းလိုက် ခုန်ပေါက်နေကျမို့ လွယ်လွယ်လေး မြေပြင်ပေါ်သို့ သဘာဝကျကျ ဆင်းသက်နိုင်ကြပေသည်။
ချင်းရို့က ရှမင်ရှီးကို တွေ့ဖို့ အပြင်ထွက်လာတဲ့အခါ မြေပြင်ဆင်းသက်လာတဲ့ ရှဉ့်ငယ်လေးရဲ့ "စူပါဟီးရိုး ကိုယ်ဟန်အနေအထား"ကို ရုတ်တရက် မြင်လိုက်ရလေ၏။
ရှဥ့်လေးက ဒူးတစ်ဖက်ကို ထောက်ထားလျက် မြေပြင်ပေါ်မှာ လက်ဖဝါးတစ်ဖက်ကို ထောက်ထားလေ၏။ သူ့ရဲ့ အနေအထားမှာ နူးညံ့ပျော့ပျောင်းကာ ချစ်စဖွယ်အတိဖြစ်သော်ငြား သူ့ရဲ့အော်ရာကတော့ အတော်လေး သန်မာနေလျက်။
အတန်းဖော်ရှောင်မင်လည်း အံ့အားတကြီးဖြစ်ပြီးတဲ့နောက် ရှဥ့်လေးကို ဖမ်းရန် အမြန်ပြေးသွားခဲ့သော်လည်း ရှဉ့်လေးက လွန်စွာ လက်သွက်ကာ လုရှောင်းရဲ့ နောက်ကျောကို တလှည့်စီ ပတ်ပြေးနေရင်း သူ့ပခုံးပေါ်မှ ရှမင်ရှီးကို ငုံ့ကြည့်နေလေသည်။
"ငါ့စတုတ္ထဦးလေးရဲ့ ရှဉ့်လေးပဲ! ! ! !"
"ရှဥ့်တွေကြည့်ဖို့ ငါ့ဒေါ်လေးအိမ်ကိုလာကြ! !"
"ငါ့ဦးလေး ခေါင်းပေါ်မှာ ရှဉ့်တစ်ကောင်ရှိနေတယ်ဟေ့! !"
ချစ်စရာကောင်းတဲ့ အရာတွေကို ဘယ်ကလေးကမှ မငြင်းဆန်နိုင်ပါချေ။ ထို့ကြောင့် မိတ်ဆွေပေါများသူ ရှမင်ရှီးကတော့ ထိုအကြောင်းကို ကြော်ငြာရန်အတွက် အမြန်မောင်းတွေထု၊ ဒရမ်တွေတီးပြီး သူ့ဦးလေးကိုယ်ပေါ်ရှိ ရှဉ့်ငယ်လေးကို လာကြည့်ရန် လူအများကို ဆွဲဆောင်ခဲ့လေသည်။
လုရှောင်း: "? ? ! ! ! !" ဝိုင်းကြည့်ရှုကြဖို့ လူတွေကိုတောင် မင်းက ခေါ်လိုက်သေးတယ်ပေါ့လေ ? ! !
- ငါ့မှာ ဒီလိုဆိုးရွားတဲ့တူလေး ဘယ်လိုလုပ်ပြီး ရှိနေရတာလဲကွာ?
ရှဥ့်လေးကို ကြည့်ဖို့အတွက် လုအိမ်သို့ လူများစွာရောက်လာခဲ့လေပြီ။ ကျန်းရိချောင်နှင့် လျိုယွဲ့တို့လို ကလေးတွေကတော့ ရှဥ့်လေးကို ကြည့်ရှုဖို့ လာရောက်ကြပြီး တချို့လူတွေကတော့ "အရာရှိရှောင်လု"ကို ကြည့်ရှုရန် လာကြလေသည်။
ရှမင်ရှီးရဲ့ ဦးလေးမှာ လုယန်ဖြစ်ပြီး အရာရှိလုရဲ့ ခေါင်းပေါ်မှာ ရှဉ့်တစ်ကောင်ရှိနေတယ်တဲ့လေ။ ဘယ်လောက်ထူးဆန်းလိုက်သလဲ... ဒီတော့မြန်မြန်သွားကြည့်ရမှာပေါ့ဟယ်...
ရလဒ်အနေဖြင့် အဒေါ်ခုနစ်ယောက်၊ ရှစ်ယောက်တို့က အရာရှိလုရဲ့ ခေါင်းပေါ်က ရှဉ့်လေးကို ကြည့်ဖို့ ရောက်လာကြလေသည်။
"ဒါက အရာရှိလု မဟုတ်ဘူးလား?"
"ဟေး၊ တကယ်ပဲ ရှဥ့်တွေရှိတယ်တော့်!"
"ဝိုး ဝိုး ဝိုး! ! ! တကယ့်ရှဉ့်အစစ်ပဲ! ! !"
ကလေးတွေအတွက်မူ အရမ်းဆန်းကြယ်သလို ခံစားခဲ့ရ၏။ သူတို့က ရှဥ့်လေးတွေပြေးလွှားနေတတ်တာကို မကြာခဏ တွေ့ဖူးကြသော်လည်း လူ့ခန္ဓာကိုယ်ပေါ်မှာ ဒီလိုမျိုးအသိုက်ဖွဲ့ပြီးနေတတ်တာမျိုးတော့ တစ်ခါမှမတွေ့ဖူးသေးပေ။
သည့်အပြင် ယခုအချိန်အခါမှာ နှစ်သစ်ကူးဖြစ်တာကြောင့် လူတိုင်းက ပိုမိုရက်ရောနေကြရာ ချစ်စဖွယ်ရှဥ့်ငယ်လေးတွေကို အစာကျွေးတတ်ကြသည်။
လုရှောင်းမှာ ကလေးများစွာဖြင့် ဝိုင်းရံထားခြင်းခံရပြီး သူ့ကိုယ်သူ ဆပ်ကပ်ထဲမှ သရုပ်ဆောင်တစ်ယောက်လို ခံစားခဲ့ရပေသည်။
လုယန် အိမ်ပြန်ရောက်တဲ့အခါ သူ့ခြံထဲမှာ ကလေးတွေဝိုင်းနေတာကို တွေ့လိုက်ရသည်။ သူတို့အိမ်မှာ ထပ်သောက်ဖို့ ဒီကိုရောက်လာကြတယ်လို့ သူထင်ခဲ့ပေမယ့် ခေါင်းပေါ်မှာ ရှဥ့်ငယ်လေးနှင့် သူ့အစ်ကိုဖြစ်သူကို တွေ့လိုက်ရလေ၏။
တွေ့ဆုံလိုက်ကြတဲ့ ညီအကိုနှစ်ယောက်: "..."
လုယန် သူ့ဘာသူ တွေးမိတာကတော့ ဒါက သူ့အစ်ကိုအစစ်ပါပဲ...
ညီအစ်ကိုနှစ်ယောက် ငယ်ငယ်တုန်းက ကျားတွေကို မကြောက်သလို မြွေတွေနဲ့တောင် ဆော့ကစားကြပါသေးသည်။ မြွေတစ်ကောင်ဆို သူတို့အိမ်နောက်လိုက်လာသဖြင့် သူ့အမေဆီက အရိုက်ခံရလုနီးပါးပင်။
လုရှောင်းလည်း မော့ကြည့်လာတဲ့အခါ အဖြူရောင် စစ်ယူနီဖောင်းဝတ်ထားတဲ့ သူ့ညီလေးကို တွေ့လိုက်ရ၍ ဒါဟာ အမှန်တကယ့်ကို အမိုက်စား သူ့ညီလေးပါပဲလို့ တွေးမိသွားရလျက်။
နှင်းလိုစွတ်စွတ်ဖြူတဲ့ စစ်ယူနီဖောင်းမှာ အစက်အပြောက်လုံးဝရှိမနေဘဲ သူ့ကို အရပ်ရှည်ပြီး ဖြောင့်မတ်စေကာ ဦးထုပ်အနားစွန်းအောက်ရှိ သူ့မျက်နှာချောချောလေးကို ပိုလို့တောင် လေးနက်စေပြီး သုံးဖက်မြင်သဏ္ဍာန်ဖြစ်စေလေ၏။
သူ အကယ်ဒမီထဲ ဝင်ဝင်ချင်းမှာပဲ ဓာတ်ပုံရိုက်ဖို့ ဆွဲခေါ်ခံလိုက်ရတယ်ဆိုတာ အံ့သြစရာမဟုတ်ဘူးပဲ....
အကိုကြီးတစ်ယောက်အနေနဲ့ ဒီကောင်လေးဟာ အဖြူရောင်ယူနီဖောင်းကို ဝတ်ဆင်ထားပြီး သူ့အရှေ့မှာ ပေါ်လွင်စေဖို့အတွက် ဦးထုပ်အစွန်းလေးကို ပင့်တင်လိုက်တဲ့ ပထမဆုံးအကြိမ်ကို သူ မှတ်မိနေပါသေးသည်။
- ငါ သူ့ကို ဘယ်တော့မှ မနာလိုဖြစ်မှာမဟုတ်ဘူး။
ညီအကိုနှစ်ယောက်ရဲ့ တစ်ဦးအပေါ်တစ်ဦးအထင်အမြင်ကတော့ "ငါ့အစ်ကိုက တောတောင်တွေထဲမှာ မြေကြီးကို စားနေရတယ်" "ငါ့ညီက ကျိုးနေတဲ့ လှေငယ်တစ်စင်းကို မောင်းပြီး ပင်လယ်ထဲမှာ လှည့်လည်နေရတယ်"ဟူ၍ပင်။
သူက ပင်လယ်ပြင်တွင် ကြီးပြင်းလာတယ်လို့ ယူဆလို့ရပေသည်။ လုရှောင်းက ပင်လယ်စာတွေစားရမှာကို ခဏတာမျှ ကြောက်ရွံ့နေခဲ့ပြီး အနာဂတ်မှာ ပင်လယ်နဲ့ဝေးဝေးနေရမယ်လို့ သူတွေးထားခဲ့သည်ပင်။ ပင်လယ်ထဲက ဒီအရာတွေဟာ ဘယ်လောက်များ အရသာရှိမှာမို့လဲ?!
ပင်လယ်ထဲက ဘာမှမစားနဲ့! ! !
သူ မုန်လာဥနီနှင့် အာလူးနည်းနည်းပဲ စားချင်တာပါ...
သူ့ရဲ့ ကံဆိုးတဲ့ညီလေးကတော့ အခုဆို ပင်လယ်ထဲက အစားအစာတွေကိုပဲ စားနိုင်တော့တယ်...
လုယန်က ရေတပ်ထဲဝင်ပြီးတဲ့နောက် ညီအစ်ကိုနှစ်ယောက်သား တစ်ကြိမ်တွေ့ဆုံခဲ့ကြလေ၏။ လုရှောင်းက သူ့အတွက် တမင်တကာ ပင်လယ်စာတွေချည်းပေါင်းပေးခဲ့ရာ သူ့ညီလေးရဲ့ စိတ်ဆိုးသွားတဲ့ မျက်နှာထားကို ပြန်ရခဲ့လေသည်။
မင်းရဲ့ အဝတ်အစားက ဖြူနေတယ်ဆိုရင် မင်းတော်တယ်၊ မင်းက ပင်လယ်ထဲမှာမျောပါနေတယ်ဆိုရင် မင်းတော်တယ်။ ပဲပင်ပေါက်ကိုတော့ မင်း ဖောက်နိုင်မှာမဟုတ်ပါဘူး။
(T/N: အလုံးစုံတော့ ကောင်းမနေနိုင်ဘူးလို့ ပြောတာထင်တယ်)
ဒါပေမယ့်...
လုရှောင်းက သူ့ညီလေးရဲ့ ခြံဝင်းထဲက သစ်ပင်ပန်းမန်တွေဟာ တကယ်ကို ဖြစ်ထွန်းနေတာပဲ... ဟင်းသီးဟင်းရွက်ဥယျာဥ်မှာ အနီ၊ အစိမ်း၊ ခရမ်းရောင်စတဲ့ သစ်သီးဝလံတွေနှင့် ပြည့်နေသလို ဒုတိယထပ် ဝရံတာက ကြက်သွန်မြိတ်တွေကလည်း ကောင်းစွာပေါက်ရောက်နေကြလေ၏။ ဒီနေ့ ဖက်ထုပ်စားကြမယ်လို့ သူ့ခယ်မလေးပြောသံကို ကြားလိုက်သေးသည်ပင်။
လုရှောင်းက ထမင်းစားဖို့ စောင့်ဆိုင်းနေရုံသာ။
သူ ငယ်စဉ်ကလေးဘဝကတည်းက ရဲဘော်ကြီးကျန်းဖျင်ရဲ့ ညွှန်ကြားမှုအောက်တွင် ရှိနေခဲ့ရသဖြင့် လူတွေကို သေစေအောင် အဆိပ်မခတ်သရွေ့တော့ သူ့မှာ ဘာမှပြောစရာမရှိပါဘူး...
ညနေခင်း၌ ချင်းရို့က သူတို့အိမ်မှာ ဧည့်သည်တွေရောက်နေတာကြောင့် သဘာဝကျကျပင် ညစာကို ရိုးရိုးရှင်းရှင်း ပြင်ဆင်လို့မရတော့ပေ။ ယခုအချိန်မှာ နှစ်ကုန်ခါနီးဖြစ်၍ အိမ်ရှိ စားစရာတွေလည်း ပေါများလွန်းနေပြီး ရေခဲသေတ္တာထဲမှာတောင် ထည့်မဆန့်တော့တာကြောင့် သူမလည်း ပိုမိုအရသာရှိတဲ့ ဟင်းလျာတွေကို ချက်ပြုတ်ဖို့ ပြင်ဆင်ပါတော့သည်။
ကြွပ်ရွလတ်ဆတ်ပြီး စားလို့ကောင်းတဲ့ သခွားသီးအချပ်လေးတွေကတော့ မရှိမဖြစ်လိုအပ်သည်ပင်။
လုယန်၊ ချင်းရို့နှင့် ကလေးတွေအားလုံးက ကြွပ်ရွပြီး အရည်ရွှမ်းတဲ့ သခွားသီးတွေကို စားရတာ နှစ်သက်ကြသည့်အပြင် သခွားသီးတွေကို များစွာရိတ်သိမ်းနိုင်ခဲ့တာကြောင့် ထမင်းစားပွဲမှာ အရံဟင်းအဖြစ် အမြဲတမ်းရှိနေရမှာပေါ့လေ။
အခြားသောပင်လယ်စာအသေးစားလေးတွေမှာ စျေးသက်သာသော်လည်း လူတွေက သိပ်မကြိုက်ကြတာကြောင့် လှည့်ကွက်အချို့ဖြင့် ချက်ပြုတ်နိုင်ပါသေးသည်။ နောက်ဆုံးမှာတော့ နှစ်ကုန်ခါနီး အိမ်မှာ ဆီတွေလည်း အများကြီးကျန်နေသေးတာပဲလေ။
ပုစွန်တွေကို ငရုတ်ကောင်းပုစွန်ဟင်းအဖြစ်သို့ ပြောင်းလဲပစ်လိုက်ကာ ပန်းကန်ပေါ်တွင် သေသေသပ်သပ် တစ်ကောင်ချင်းစီထားလိုက်ပြီးမှ နုတ်နုတ်စင်းထားတဲ့ ကြက်သွန်မြိတ်တွေ ဖြူးလိုက်သဖြင့် ပိုလို့တောင် စားချင့်စဖွယ်ဖြစ်သွားခဲ့ပြီ။
ပြည်ကြီးငါးကြော်၊ ငါးသားလုံးခရမ်းချဉ်သီးဟင်းချို၊ တစ်မျိုးက အနံ့မွှေးနေသလို နောက်တစ်မျိုးကလည်း လတ်လတ်ဆတ်ဆတ်နဲ့ ချိုမြိန်နေကာ ခရမ်းချဉ်သီးဟင်းချိုထဲက ငါးသားလုံးတွေဟာ နူးညံ့နေလေ၏။