← Chapters

အခန်း (၁၃၈)

Vol. 12 Ch. 138

အခန်း (၁၃၈)

Vol. 12 Ch. 138

အိမ်မှာ ခရမ်းချဉ်သီးတွေ အများကြီးရှိသဖြင့် ချင်းရို့လည်း သူမအလွန်ကျွမ်းကျင်လှတဲ့ ခရမ်းချဉ်သီးဟင်းချိုကို ချက်ပြုတ်ခဲ့သည်ပင်။ ဟင်းချိုမှာ လတ်ဆတ်ထူပျစ်နေကာ ချဥ်ပြုံးချဥ်ပြုံးအရသာနှင့် ကလေးတွေရော လူကြီးတွေပါ ကြိုက်နှစ်သက်ကြတဲ့ နူးနူးညံ့ညံ့ ငါးသားလုံးတွေဖြင့် တွဲဖက်ချက်ပြုတ်ထားခဲ့သည်။

Weekdaysတွေမှာ သူမကိုယ်တိုင်လည်း ဒီလိုစားရတာ နှစ်သက်သလို လတ်ဆတ်ပြီး ချဥ်ပြုံးပြုံးအရသာရှိတဲ့ ခရမ်းချဥ်သီးဟင်းချိုနှင့် ထမင်းကို တွဲဖက်စားလေ့ရှိသည်။

လုရွှမ်နှင့် လုရှောင်းတို့ ရောက်လာတဲ့အခါ သူတို့က ပုစွန်အရှင်တွေ အများကြီးယူလာခဲ့ကြတာကြောင့် လတ်လတ်ဆတ်ဆတ်စားနိုင်လေပြီ။ ပုစွန်အများစုကို ပြုတ်လိုက်ပြီး အခွံခွာကာ ပုစွန်နှင့်ကြက်ဥ​၊ ခရမ်းချဥ်သီးဆော့စ်နှင့်ပုစွန်၊ နောက်ပြီးတော့ ပုစွန်နှင့် ပဲကြာဇံတစ်အိုး၊ ပင်လယ်ခရု၊ ပုစွန်နှင့် ကြက်သားနှပ် စသဖြင့် ချက်ပြုတ်ထားခဲ့သည်။ ဒါတွေက တစ်မိသားစုလုံးရဲ့ အကြိုက်ဆုံးဟင်းလျာတွေပါပဲ။

ဘန်းမုန့်ပေါင်းနှင့် အသားတွေအပြင် ချင်းရို့က သူမအကြိုက် မြေအိုးထမင်းကိုလည်း ချက်ပြုတ်ခဲ့သည်။ အိုးထဲရှိ ထမင်းပေါင်းအနံ့လေးက မွှေးကြိုင်နေလေ၏။ ထို့နောက် သူမရဲ့ မကြာသေးမီက အနှစ်သက်ဆုံးဖြစ်လာတဲ့ ဟင်းလျာအသစ် မက်ကရယ်ငါးဆားနယ်ကို ထမင်းပေါ်မှာ တင်ထားလိုက်သည်။

ဝက်ဆားနယ်ခြောက်အရသာကိုတော့ မမေ့ရဘူးနော်။ ဝက်သားကင်ဟာ မြေအိုးထမင်းရဲ့ ဝိညာဉ်ပဲလေ။ ချက်ပြုတ်ပြီးတဲ့နောက် ဂုံးပဲကြာဇံ၊ ဗိုလ်စားပဲမွှေကြော်နှင့် ငါးဥဆားနယ်ဇွန်းကြီးတစ်ဇွန်းကို ထပ်ထည့်လိုက်လေ၏။

ခရမ်းချဉ်သီးကြက်ဥမွှေကြော်၊ ခရမ်းသီးနှင့် နုပ်နုပ်စင်းအသားကဲ့သို့ အိမ်ချက်ဟင်းလျာတွေကိုလည်း ပွဲတော်အငွေ့အသက်နှင့် လိုက်ဖက်စေရန် တည်ခင်းထားပြီး လုရွှမ်တို့မောင်နှမတွေကလည်း ဖက်ထုပ်တွေ အများကြီး လုပ်ခဲ့ပါသေးသည်။

"ညစာစားလို့ရပါပြီ!"

လုရှောင်းက ထမင်းစားစားပွဲမှာ ထိုင်နေရင်း သူ့ရှေ့က အရောင်အသွေးစုံလင်လှတဲ့ ဟင်းလျာတွေကို ကြည့်လိုက်သည်။ ဟင်းပွဲတွေရဲ့ အရောင်တွေဟာ ကျွန်းပေါ်ရှိ အရောင်တွေလိုမျိုး နီနီ၊ စိမ်းစိမ်းတို့ဖြင့် တောက်ပ၍ လှပနေလျက်။

ခရမ်းချဉ်သီးဟင်းချိုက အနည်းငယ် ဆွဲဆောင်မှုရှိနေသလို ဟင်းချိုထဲက ဖြူဖြူဖွေးဖွေး ငါးသားလုံးတွေကလည်း စားချင့်စဖွယ်ပင်။

ကြည့်ရတာ အရသာရှိမယ့်ပုံပဲ?

လုရှောင်းက သူ့ညီလေးလုပ်ထားတဲ့ ဘန်းမုန့်ပေါင်းနှင့် ဘေးနားရှိ သူ့အဖေလုပ်ထားတဲ့ နှမ်းထောင်းတစ်ပန်းကန်ကို ယူလိုက်ကာ တစ်ကိုက်ကိုက်ပြီးနောက်မှ တူကိုဆန့်၍ ခရမ်းချဥ်သီးကြက်ဥမွှေကြော်တစ်ဖတ်ကို ကောက်ယူစားကြည့်လိုက်လေသည်။

တော်တော်လေးအရသာရှိတာပဲ…

ကြက်သားနှပ်နှင့် ပင်လယ်ခရုတစ်ပိုင်းစီကိုလည်း မြည်းကြည့်လိုက်၏။

ကြည့်ရတာ ဒါလေးလည်း အရသာရှိမယ့်ပုံပဲကွာ...

ပြည်ကြီးငါးကြော်တစ်ဖတ် စားကြည့်လိုက်ပြန်သည်။

တော်တော်အရသာရှိတယ်...

အန္တရာယ်ရှိပုံရတဲ့ အစိမ်းရောင်ဗိုလ်စားပဲမွှေကြော်တစ်ဖတ်လောက် မြည်းကြည့်မယ်ကွာ...

မခါးဘူးပဲဟ... အရသာလည်းကောင်းနေရော...

"ငါ ဒီ​ထမင်းကို မြည်းကြည့်လိုက်ရမလား?"

*

ချင်းရို့က သူမရဲ့ မြေအိုးထမင်းကို ပျော်ရွှင်စွာစားနေကာ ငါးသားလုံးတွေကို ခပ်လိုက်ပြီး ခရမ်းချဉ်သီးဟင်းချိုကို လောင်းချလိုက်ရာ အရောင်အဆင်းမှာ အမိုက်စားဖြစ်သွားတော့သည်။ ချင်းရို့က ဟင်းချိုကို ထမင်းပေါ် စမ်းစားရတာကို နှစ်သက်လှသည်။

ဒီလိုလုပ်ပြီးတာနဲ့ မြန်မြန်စားရမယ်နော်။ ကြွပ်ဆတ်ဆတ်ထမင်းတွေက အရမ်းကြွပ်ရွလတ်ဆတ်နေပြီး မွှေးပျံ့လွန်းပေမယ့် ဟင်းချိုရည် လောင်းထည့်ပြီးတဲ့နောက် အိုးအတွင်းပိုင်းရှိ ထမင်းကြွပ်လေးတွေမှာ ကြွပ်ဆတ်မှုကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပြီး အပြင်ပိုင်းကတော့ ဟင်းချိုနှင့်အတူ စေးကပ်နူးညံ့လာလေပြီ။

အဲဒီအချိန်ဟာ စားဖို့ အကောင်းဆုံးအချိန်ပါပဲ။

ချင်းရို့က ကြွပ်ကြွပ်ရွရွလေးနဲ့ အရသာရှိတဲ့ ထမင်းကြွပ်လေးတစ်ပိုင်းကို စားလိုက်၏။ ချိုချိုချဥ်ချဥ်ဟင်းချိုမှာ စားချင့်စဖွယ်ကောင်းနေတော့သည်။

ထို့နောက် သူမက နူးနူးညံ့ညံ့ ငါးသားလုံးလေးနှင့် ချိုချိုငန်ငန် ဝက်သားကင်တို့ကို တစ်ကိုက်ကိုက်လိုက်လေ၏။ ပါးစပ်ထဲက အရသာခံဖုတွေဟာ ကခုန်နေသည့်အလား... အရသာအရမ်းရှိတာပဲကွယ်...

"ဒီထမင်းကြွပ်လေးကို မြည်းကြည့်၊ အရမ်းမွှေးနေရောပဲ"

လုယန်က ထမင်းကို သိပ်မကြိုက်ပေမယ့် တစ်ခါတစ်ရံ သူ့ဇနီးလေးရဲ့ မြေအိုးထမင်းကို မြည်းစမ်းတတ်၏။ သူ့ဇနီးလေးရဲ့ ပန်းကန်ထဲက တိုက်ရိုက်ပင် အနည်းငယ်ယူစားလိုက်သည်။

နည်းနည်းမြည်းတယ်တဲ့လား... တစ်ဝက်လောက်ကုန်သွားတယ်ဟဲ့....

ချင်းရို့: "…"

ထားလိုက်ပါတော့လေ... ငါက ရက်ရောတဲ့သူလေးပဲဟာ...

"ကျွန်မအတွက် ပုစွန်အခွံခွာပေးဦး"

လုယန် သူမကို ပြုံးပြုံးလေး ကြည့်လိုက်ပြီး သူ့ဇနီးလေးအတွက် နာနာခံခံလေး ပုစွန်အခွံခွါပေးနေခဲ့သည်။

ညီအစ်ကိုမောင်နှမတွေဖြစ်ကြတဲ့ လုရှောင်းနှင့် လုရွှမ်တို့ကတော့ သူတို့ရဲ့ ဦးခေါင်းတွေကို မြှုပ်ကာ အသည်းအသန် စားသောက်နေကြလေရဲ့။

တိုင်ဖွန်းမုန်တိုင်း ရုတ်ချည်းတိုက်ခတ်သွားသလိုမျိုး တခဏအတွင်းမှာပဲ စားပွဲကြီးတလုံးရှိ စားစရာတွေနှင့် ဘန်းမုန့်ပေါင်းတွေ ပျောက်ကွယ်သွားခဲ့ချေပြီ။ ဘယ်ကလေတွေ ဘယ်လိုတိုက်သွားမှန်းတောင် သူမ မသိလိုက်ပါဘူးနော်...

ချင်းရို့က ဒီညီအကိုနှစ်ယောက်... အိုး မဟုတ်သေးဘူး မောင်နှမသုံးယောက်စလုံးက အတူတူပဲဖြစ်ကြောင်း တွေ့ရှိသွားခဲ့လေပြီ။

လုရှောင်းနှင့် လုရွှမ်တို့မောင်နှမနှစ်ယောက်က စားသောက်ပြီးတဲ့နောက် ဒုတိယထပ်ရှိ လှေကားထစ်တွင် လေညင်းခံနေလျက်။

လုရှောင်း ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါ ဤနေရာရှိ ညဥ့်ကောင်းကင်ယံဟာလည်း တောင်ပေါ်ကညတွေနှင့် ကွဲပြားခြင်းမရှိဘူးဆိုတာ ခံစားလိုက်ရသည်။ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေတဲ့ ကြယ်လေးတွေ ရှိနေတာ အားလုံးအတူတူပါပဲ...

စားပွဲပေါ်တွင် ပျားလိမ္မော်လက်ဖက်ရည်တစ်အိုးရှိနေခဲ့သည်။ လုရှောင်းက အစကတော့ မသောက်ချင်ပေမယ့် တစ်ငုံသောက်ကြည့်ပြီးတဲ့နောက် လက်ဖက်ရည်ဟာလည်း အရသာရှိနေတာကို တွေ့ရှိသွားခဲ့ပြီ။

လုစန်းကျဲက အများကြီးသောက်နေတာ အံ့သြစရာမရှိတော့ပါဘူးလေ...

ညလေအေးအေးခံနေရင်း ကြယ်တွေကြည့်နေရသည်မှာ လွန်စွာ လန်းဆန်းစေလေသည်။ မျက်နှာပေါ်သို့ ပင်လယ်လေညင်းလေး တိုက်ခတ်သွားတဲ့အခါ ပိုလို့တောင် စိတ်အေးလက်အေးဖြစ်စေကာ ခန္ဓာကိုယ်ထဲက ပင်ပန်းနွမ်းနယ်မှုအလုံးစုံကို အဝေးကို ဆောင်ကျဥ်းပေးသွားသည့်နှယ်။

လုရှောင်း: "... မှော်ဆန်တဲ့နေ့တစ်နေ့လေးပဲကွာ"

ငါ့ညီလေးက ဘာလို့များ အရမ်းကို ဇနီးအရှာတော်ရတာတုန်းကွ ? ! !

"ကောင်းတာတွေက ဒီကောင်စုတ်လေးမှာပဲ ဘာလို့ဖြစ်နေရတာလဲ?"

လုရွှမ်က သူမရဲ့ မေးစေ့ကို လက်ဖြင့် ထောက်ထားလျက် ကောင်းကင်ပေါ်က လင်းလက်တောက်ပနေတဲ့ ကြယ်လေးတွေကို မော့ကြည့်နေရင်း သူမအတွက် သစ်သီးလက်ဖက်ရည် နောက်တစ်ခွက် လောင်းထည့်လိုက်ပြန်သည်။

သူမ ယောက်မလေးလုပ်တဲ့ ဒီအသီးလက်ဖက်ရည်ကို အရမ်းကြိုက်တာပဲ... အရမ်းအရသာရှိလိုက်တာ...

"ဒီနံစော်နေတဲ့ ကောင်စုတ်လေးက ငါ့ရှေ့မှာ ကြွားဝါပြဖို့ သူ့မိန်းမနဲ့ သားတွေကို လာပွေ့ဖက်ပြနေတာ"

လုရွှမ် သူမဘေးနားကလူကို ဘေးတိုက်ကြည့်ကာ နင်ကလည်း ဆိုးရွားနံစော်နေတဲ့ ကောင်စုတ်လေးပါပဲနော်လို့ တွေးနေမိလျက်။

"မနာလိုမဖြစ်ဘူးလို့ နင်ပဲပြောခဲ့တာမဟုတ်ဘူးလား?"

​"နင် စကားအကောင်းပြောဖို့မရှိတော့ဘူးလား?"

"ဒါဆို ခုနက နင်ဘာလို့ အများကြီးစားသေးလဲ? နင် ငါ့စားစရာတွေ အကုန်စားသွားတာလေ"

လုရှောင်းက သူ့ပေါင်ကို ပွတ်သပ်ရင်း "ငါမမှားဘူး။ ဒါတွေက ငါတို့အမေချက်တာတွေဆိုရင်ရော နင်ဘာပြောချင်လဲ?!"

သူတို့အားလုံးဟာ မိခင်တစ်ယောက်တည်းဆီမှ ပြုစုပျိုးထောင်ခြင်းခံခဲ့ရသူတွေပဲလေ။ ဘယ်သူက ဘာဆိုတာ မသိပဲနေမှာလဲ။

လုစန်းကျဲ: "...ငါတို့အမေက အနောက်မှာ"

"နောက်မှာဘာရှိလို့လဲ?"

လုရှောင်း နောက်ပြန်လှည့်ကြည့်လိုက်တော့ ကျန်းဖျင်ကို တွေ့လိုက်ရလေ၏။

ကျန်းဖျင်: "…"

လုရှောင်း: "…"

ဒီအစ်မဆီကပဲဖြစ်ဖြစ်၊ ညီလေးဆီကပဲဖြစ်ဖြစ် သူကပဲ ဘာလို့ အချိန်တိုင်း အလိမ်ခံနေရတာလဲကွ ? ! !

*

လုရှောင်းအပေါ် တိရိစ္ဆာန်တွေရဲ့ နှစ်သက်မှုမှာ အလွန်မြင့်မားလှသည်။ ရှဥ့်ငယ်လေးဟာ တစ်ညလောက်နေပြီးတာနဲ့ သူ့ဘာသူထွက်သွားလိမ့်မယ်လို့ သူ တွေးထားခဲ့ပေမယ့် ဒီရှဥ့်လေးက သူနဲ့အတူတူ လာအိပ်လိမ့်မယ်လို့ ဘယ်သူသိမှာတုန်း...

အိပ်ပျော်သွားပြီးနောက် နောက်တစ်နေ့ နိုးလာတဲ့အခါ ရှဥ့်ငယ်လေးဟာ လုရှောင်းအိပ်ရာနိုးလာမှာကို တိတ်တဆိတ် လှဲ၍ စောင့်ဆိုင်းနေပါသေးတယ်….

လုရှောင်း: "..."

ကျန်းဖျင်က ယင်းကိုမြင်တွေ့တဲ့အခါ ပြောလာလေ၏။

"သူက နင့်ကို အဖေအဖြစ်ယူဆနေတာပဲ"

လုယန်က မနှစ်က အဖေတစ်ယောက်ဖြစ်လာခဲ့ပြီး သူမရဲ့ သားနောက်တစ်ဦးကတော့ ဒီနှစ်ထဲမှာ ရှဥ့်ဖေဖေဖြစ်လာလေပြီ။ လုရှောင်းနံဘေးမှာ အသိုက်ဖွဲ့ထားတဲ့ ရှဥ့်ငယ်ကလေးဟာ ကျိုးကျိုးနှင့် ဖက်ထုပ်လေးကဲ့သို့ပင်။

လုရှောင်း: "မားရေ မားက သားသမီးတွေအများကြီးကို ပြုစုပျိုးထောင်ခဲ့ရတာပဲ"

ပါးပါးရေ ဘယ်လိုတောင်လဲဗျာ!

လုရှောင်း ရှဥ့်ငယ်လေးကို အပြင်ခေါ်ထုတ်လာတဲ့အခါ ရှဥ့်လေးက ခရမ်းချဥ်သီးနှစ်လုံး သွားခူးပြန်သည်။

လုရှောင်း: "..."

All Chapters