← Chapters

အခန်း (၁၃၉)

Vol. 12 Ch. 139

အခန်း (၁၃၉)

Vol. 12 Ch. 139

ချင်းရို့သည် အနှီရှဉ့်ကလေးဟာ လုရှောင်းနံဘေးမှာသာ တစ်နေကုန် ကပ်တွယ်နေတာကို တွေ့လိုက်ရ၍ လုယန်အား ပြောမိသည်။

"တိရိစ္ဆာန်ငယ်လေးတွေက ရှင့်အစ်ကိုကို တကယ်ချစ်ကြတာပဲ၊ သူတို့လေးတွေက သူ့ကို အများကြီးကြိုက်ကြတယ်နော်"

"တကယ်လား?"

"ဟုတ်ပါ့၊ အကောင်လေးတွေက သူ့ကို သဘောကျကြပြီးတော့ သူ့အတွက် အသီးအနှံတွေ ပေးကြတယ်။ ဒါပေမယ့် ရှင့်မှာတော့ အဲ့သလိုကောင်းချီးမျိုး မရှိဘူးပဲ"

လုယန်လည်း ထိုကဲ့သို့သောကောင်းချီးမျိုးကို မလိုချင်ပါပေ။ သူက သူ့ဇနီးလေးရဲ့ နဖူးကို အနမ်းပေးလိုက်ပြီး အကြံအဖန်ထွက်တတ်တဲ့ ဦးနှောက်လေးက အကြံတစ်ခုထွက်ပေါ်လာလေသည်။

"တိရိစ္ဆာန်လေးတွေက သူ့ကို နှစ်သက်ကြတယ်လို့ မင်းပြောတယ်ဆိုတော့ ကိုယ့်ရဲ့ စတုတ္ထအစ်ကိုကို မနက်တိုင်း ကြက်ဥတွေကောက်စေလိုက်မလား? ကိုယ်တို့ကြက်လှောင်အိမ်က ကြက်မအိုကြီးက သူ့ကို သဘောကျပြီး နေ့တိုင်း ကြက်ဥတစ်လုံး ပိုဥရင်ဥပေးမှာပေါ့"

ချင်းရို့: "..." ရှင့်လို ညီလေးမျိုး ရှိသေးတာလား? ဒီလိုစိတ်ကူးမျိုးထွက်လာသေးတယ်ပေါ့?

လုယန် တွေးရုံတင်မဟုတ်၊ လုရှောင်းကိုပါ သွားပြောလိုက်၏။ လုယန်ဆီက ကြိမ်ဖန်များစွာ သရော်သံကို ကြားလိုက်ရ၍ သူလည်း နှစ်ရက်လောက် ကြက်ဥသွားကောက်ကြည့်မယ်လို့ ပြောလာခဲ့ပေသည်။

လုရွှမ်က လုရှောင်း ကြက်မအိုကြီးကို စောင့်ရှောက်ဖို့အတွက် ကြီးကြပ်ခဲ့ပြီး နောက်တစ်နေ့မှာပဲ သူ ကြက်ဥသွားကောက်တဲ့အခါ တကယ်ကြီး ကြက်ဥ ၂လုံး၊ ၃လုံး အပိုကောက်နိုင်ခဲ့လေသည်။

ဒီလိုမျိုး နှစ်ရက်၊ သုံးရက်ဆက်တိုက်ဖြစ်နေတာ!

ကျန်းဖျင်: "... အံ့သြစရာပဲဟေ့၊ ငါ့သားက ကြက်မွေးတာတော်သားပဲ"

"သူစစ်သားမဖြစ်ခဲ့ရင် ဝက်နဲ့ကြက်တွေကို မွေးမြူသင့်တယ်ဟေ့!!"

​လုရှောင်း: "…"

ချင်းရို့: "…"

ဤကိစ္စတွေဟာ အရမ်းထူးဆန်းနေသော်လည်း လူတိုင်းက ဒီလိုမှော်ဆန်တဲ့အရာကို ယုံကြည်ဖို့သာ တတ်နိုင်ကြပေမယ့် ချင်းရို့က တိုက်ဆိုင်မှုလို့သာ တွေးခဲ့သည်။

သို့သော် အချက်အလက်တွေကတော့ ဒါဟာ တိုက်ဆိုင်မှုမဟုတ်ဘဲ လူဖန်တီးမှုဖြစ်နေတာပါပဲ။

လုယန်: "ကိုယ် တိတ်တိတ်ကလေး ခိုးထည့်ထားတာလေ"

ချင်းရို့: "…"

လုကောရေ... ရှင့်ကိုယ်ရှင် အဖေတစ်ယောက်ဖြစ်နေပြီဆိုတာ မေ့နေပြီလား?

ရှင် လှည့်စားတဲ့နေရာမှာ အရမ်းကျွမ်းကျင်နေတာပဲနော်...

"ရှင့်ကိုယ်ရှင်ကြည့်ဦး၊ အဖေတစ်ယောက်ဖြစ်နေပေမယ့် သားတွေရဲ့ စံနမူနာကောင်းတစ်ခု ဟုတ်မနေဘူးနော်။ ဖက်ထုပ်လေးနဲ့ ကျိုးကျိုးက ရှင့်လိုဖြစ်လာရင်တော့ ကျွန်မ စိတ်ဆင်းရဲရတော့မှာပဲ"

အိမ်မှာ "ရိုးရိုး"ကြက်ဥတွေ အများကြီးရှိနေ၍ ချင်းရို့လည်း ခရမ်းချဥ်သီးကြက်ဥမွှေကြော်နည်းနည်း ထပ်လုပ်လိုက်၏။ ဒီဟင်းပွဲဟာ တစ်မိသားစုလုံး နှစ်သက်ကြတဲ့ဟင်းပွဲပင်။ နေ့တိုင်းစားရရင်တောင်မှ မငြီးငွေ့သွားပါဘူးလို့ ပြောကြလေသည်။

လုယန်ရဲ့ "ကြက်ဥခိုးထည့်ခြင်း" အပြုအမူကို နောက်ဆုံးတွင် ဖမ်းမိသွားခဲ့ကြသည်။

လုရှောင်းက သူ့ကို ရှဉ့်ကလေးနဲ့အတူ မိသားစုခြံဝင်းအပြင်ထိ လိုက်နေခဲ့ကာ "မင်းဆီမှာ ကြက်မွေးမြူနိုင်တဲ့ အရည်အချင်းရှိရင် မင်းလည်း ငါ့အိမ်လာလို့ရတယ်!"

"မင်းအိမ် ဘယ်မှာလဲဆိုတာ မင်းတောင်သိလို့လား? ဒီနေရာမှာ မင်းအိမ်ရောရှိလို့လား?"

လုယန်ရဲ့ ကဲ့ရဲ့လှောင်ပြောင်သံမှာ အဓိကအချက်ကို ထိမှန်သွားလေပြီ။

အိမ်ထောင်ပြုဖို့အတွက် ရဲဘော်လောင်လုရဲ့ မြောက်မြားလှစွာသော တိုက်တွန်းချက်တွေမှာ အနှီစကားတစ်ခွန်းလောက်ပင် မကောင်းခဲ့ပါချေ။

ချင်းရို့: "…"

ဒါဘယ်လိုနေ့မျိုးလဲနော်?

သူမရဲ့ ယောက္ခမအတွက် ဒီကလေးတွေကို ထိန်းကျောင်းခဲ့ရတာ မလွယ်ကူဘူးလို့ သူမ ခံစားခဲ့ရပေသည်။

"ဖောဖော ခဲအိုနဲ့ လုယန်တို့ ငယ်ငယ်တုန်းက ဘယ်လိုလဲဟင်?"

ကျန်းဖျင်: "…"

ရဲဘော်ကျန်းဖျင်က ယခုအချိန်မှာတော့ ဆိတ်ဆိတ်နေခြင်းဟာရွှေပဲဟူ၍ ခံစားလိုက်ရချေပြီ။

လုရှောင်းက သူ့ညီလေးအိမ်မှာ ခရမ်းချဉ်သီးကြက်ဥမွှေကြော်စားခဲ့ပြီး ခရမ်းချဉ်သီးနှင့် အုန်းသီးကို ကြိုက်တဲ့ သူ့ရဲ့ရှဉ့်ကလေးကလည်း ခရမ်းချဉ်သီးကြက်ဥမွှေကြော်ကိုပါ နှစ်ခြိုက်လေ၏။ သူက ပဲစိမ်းတွေနှင့် ကြက်သွန်မြိတ်ဖက်ထုပ်တွေကိုလည်း ကြိုက်သည်ပင်။ သူတို့အားလုံး တူညီကြတဲ့အချက်မှာ ဖက်ထုပ်နှင့် လုယန်လုပ်ထားတဲ့ ဘန်းမုန့်ပေါင်းတွေကို ကြိုက်ကြတာပါပဲ။

ဟုတ်ပါတယ်၊ ယေဘုယျအားဖြင့်တော့ လုမိသားစုဝင်အားလုံး အဲဒါကိုစားရတာ ကြိုက်ကြသည်။

လုရှောင်းက သူ့ညီလေးအိမ်မှာ တည်းခိုနေထိုင်နေရင်း သူ့ရဲဘော်ဟောင်းဆီ ဖုန်းဆက်ကာ "စခန်းက ဟော့ဖြစ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ ငါ့ကို မိတ်ဆက်ပေးဦး၊ ပိုဟော့လေလေ ပိုကောင်းလေလေပဲကွ"

(T/N : hot girl/ spicy girlလို့ သုံးထားတာပေါ့နော်။ boldဖြစ်တာ vigorousဖြစ်တာ sassyဖြစ်တာ အဲ့လိုမျိုးအဓိပ္ပါယ်ရှိတာပါရှင့်)

"တကယ်ကြီးလားဟ? ၃၅နှစ်မတိုင်ခင် လက်တွဲဖော်မရှာဘူးလို့ မင်းပဲပြောထားခဲ့တာမဟုတ်ဘူးလား?"

"ငါ အခုရှာနေပြီလေကွာ အိုကေလား?"

လုရှောင်း ဖုန်းချလိုက်ကာ သူတို့အိမ်က ဟော့ဖြစ်တဲ့ မိန်းကလေးတွေကို လိုက်ရှာဖို့ သင့်တော်တယ်လို့ သူခံစားမိပေသည်။ သူ့ညီလေးရဲ့ ဘေးအိမ်က မစ္စတာကျန်းရဲ့ အိမ်ကို ကြည့်လိုက်လေ... သူ့ဇနီးကလည်း အချက်အပြုတ်ကျွမ်းကျင်ပြီး မိသားစုခြံဝင်းထဲမှာ စံပြဇနီးသည်ဖြစ်တယ်လို့ ကျော်ကြား​တယ်မလား...

ဒီတော့ သူလည်း ဟော့ဖြစ်တဲ့ မိန်းကလေးကို ရှာလို့ရတာပေါ့။

လုယန်ကို ကြွားဝါပြဖို့အတွက် စခန်းမှာ အိမ်တစ်လုံးဆောက်ချင်နေပါပြီနော်။

လုရှောင်းက လုယန်အိမ်မှာ ခေတ္တမျှနေထိုင်ပြီးနောက် ရှဥ့်ကလေးနှင့်အတူ ပြန်သွားခဲ့သည်။ စခန်းသို့ သူပြန်ရောက်တဲ့အခါ သဘာဝကျကျပင် ရှဉ့်ငယ်လေးကို သူကိုယ်တိုင် မမွေးနိုင်တော့ပေ။

ဖြစ်ချင်တော့ တစ်ယောက်ယောက်က သူ့ကို ဟော့ဖြစ်တဲ့ မိန်းကလေးတစ်ဦးနှင့် မိတ်ဆက်ပေးလာခဲ့ရာ သူလည်း ရှဥ့်ငယ်လေးကို မွေးမြူပေးဖို့အတွက် အကူအညီတောင်းလိုက်လေ၏။

ဤသို့ဖြင့် ခေါက်တုံ့ခေါက်ပြန် သွားလိုက်ပြန်လိုက် လုပ်ပြီးတဲ့နောက် နှစ်ယောက်သား အတူတူရှိသွားကြလေပြီ။

လုရှောင်းက ထိုမိန်းကလေးကို လက်ထပ်ရန် ဆုံးဖြတ်ခဲ့သည်။

ဒါပေမယ့်... ဒီကောင်မလေးက ချက်တဲ့အစားအစာတွေက အရမ်းစပ်နေတာပဲ... သူ မာပိုတို့ဟူးနှင့် ငါးအစပ်ကို စားနေရင်း မျက်ရည်တောင်ထွက်တယ်လေ...

ကြည့်ရတာတော့ သူမက သူ့ညီလေးရဲ့ ဇနီးနှင့် မတူဘူးပဲ...

"စပ်တော့ ပိုကောင်းတာပေါ့၊ သူမက ငါတို့မိသားစုဝင်တစ်ယောက်ဖြစ်လာလိမ့်မယ်"

စတုတ္ထကလေးဟာ နောက်ဆုံးမှာတော့ လက်တွဲဖော်ရှာတွေ့သွားကြောင်း သိလိုက်ရတဲ့ ရဲဘော်လောင်လုသည် အလွန်စိတ်သက်သာရာရသွားကာ သူ့တွင် မြေးမလေးရဖို့ ရက်တွေနီးကပ်လာပြီမှန်း သိလိုက်လေပြီ။

လောင်လုက လောင်ဝမ်ဆီ ဖုန်းဆက်ကာ

"လောင်ဝမ်ရေ ငါ့သားလေးလည်း လက်တွဲဖော်ရှာတွေ့သွားပြီဟေ့..."

"တကယ်လား? ဒီနေ့ ငါ့မြေးမလေး ငါ့အိမ်ကို လာတယ်လေ"

လုကျုံးရီ: "…"

သူ့အတွက်တော့ မြေးမလေးဆိုတာ ရဖို့ခက်ခဲနေဆဲ...

"နောက်တစ်ခါ မင်းကိုတွေ့ဖို့ ငါ့မြေးမလေးကို ခေါ်လာခဲ့မယ်ကွာ၊ ဒါပေမဲ့ အရင်ဆုံး မင်းရဲ့ ရုပ်တူတဲ့ မြေးလေးနှစ်ယောက်ကို အရင်တွေ့ပါရစေဦး"

သူ့ရဲ့ချစ်စရာကောင်းတဲ့ မြေးလေးနှစ်ယောက်အကြောင်းပြောလာတဲ့အခါ ရဲဘော်လောင်လုမှာ ချက်ခြင်းပင် လန်းဆန်းတက်ကြွသွားကာ

"ငါ့မြေးနှစ်ယောက်က ဖြူဖြူဖွေးဖွေးကြီးနဲ့ ချစ်စရာကောင်းနေရောပဲ။ သူတို့ဓာတ်ပုံလေးတွေ ငါပို့ပေးလိုက်မယ်"

"ပန်းပွင့်ဂါဝန်လေးနဲ့ ငါ့မြေးမလေးရဲ့ ဓာတ်ပုံကိုလည်း ပို့ပေးလိုက်မယ်ကွာ"

လောင်လုနှင့် လောင်ဝမ် နှစ်ယောက်စလုံးက အလွန်လေးနက်တဲ့ အမူအရာဖြင့် ဖုန်းချလိုက်ကြသည်။

ဧပြီလနှင့် မေလများတွင် လမ်းဘေးရှိ သရက်ပင်များစွာမှာ အသီးတွေ ဖောဖောသီသီသီးနေကြသလို မိသားစုခြံဝင်းတွေမှာလည်း သရက်ပင်တွေ အများအပြား စိုက်ပျိုးထားခဲ့ကြသည်။

ယခုနှစ်တွင်မူ ဘာဖြစ်လို့လဲဆိုတာမသိကြပေမယ့် သရက်သီးတွေ အများကြီးသီးနေကြရာ အိမ်ထောင်စုတိုင်း အမြောက်အမြား စားသုံးနိုင်​ခဲ့ကြသည်။

သရက်ပင်ဟာ အလွန်စိမ်းလန်းစိုပြည်သော အပင်တစ်မျိုးလည်းဖြစ်တာကြောင့် အချို့မြို့ကြီးများတွင် မြို့ပြလမ်းနှစ်ဖက်စလုံးမှာ စိမ်းလန်းစိုပြည်သောသစ်ပင်များအဖြစ် သရက်ပင်တွေကို စိုက်ပျိုးထားတတ်ကြ၏။ အသီးတွေသီးတဲ့အခါ အပင်တွေမှာ အဝါရောင်သရက်သီးများနှင့် ပြည့်နှက်နေလေပြီ။

ကျောင်းတော်တော်များများတွင်လည်း သရက်ပင်ကို စိမ်းလန်းသောသစ်ပင်အဖြစ် စိုက်ပျိုးကြလေသည်။

ချင်းရို့ရဲ့ ခဲအိုဖြစ်သူ ချန်မျန့် စာသင်ပေးနေတဲ့ မူလတန်းကျောင်းမှာလည်း သရက်ပင်များစွာ စိုက်ပျိုးထားခဲ့ရာ ယခုနှစ်တွင် အသီးအနှံများစွာ ရိတ်သိမ်းနိုင်ခဲ့လေပြီ။

ချင်းမျန့်လည်း သရက်ပင်နှစ်ပင်ကို ကိုယ်တိုင်ကိုယ်ကျ ပြောင်းရွှေ့စိုက်ပျိုးထားခဲ့သည်ပင်။ ချင်းမျန့်က သရက်သီးတွေ အများကြီးခူးပြီး ညီမဖြစ်သူထံ ယူလာခဲ့သည်။

"ကလေးတွေ နေ့တိုင်း သရက်သီးတွေ အများကြီးစားနေတာတောင် မကုန်နိုင်ဘူးဟယ်။ ကျောင်းအုပ်ကြီးဆို အကျန်တွေကို ဝက်တွေဆီ ကျွေးပစ်ရတယ်"

ဟုတ်တယ်၊ ဝက်နဲ့ ကြက်တွေကျွေးတာအပြင် တခြားဘာများလုပ်နိုင်ဦးမှာလဲ?

သရက်သီးဖြုန်းတီးမှုပါပဲ...

All Chapters