အဆိပ်
Vol. 8 Ch. 733
ကျိုးရီရှင်းနှင့် စီစဥ်မှုများ ပြုလုပ်ပြီးနောက် ပိုင်ရှောင်ချန်းမှာ ဆိုင်အသစ်နှစ်ဆိုင်ကို စိုးရိမ်မနေတော့ပေ။ သူ၏ ဆိုင်ကိုသာ အပြေးလေးပြန်သွားပြီး စိတ်ဓာတ်များတက်ကြွကာ ရင်ထဲတွင် လှိုက်ဖိုနေတော့သည်။
" ဒီကိစ္စသာ ပြီးသွားရင်း ခင်ဗျားတို့ အဘိုးကြီးနှစ်ယောက် ကျုပ်ကို လျှော့တွက်ရဲမှာ မဟုတ်တော့ဘူး။ လူဆိုတာ အတွေ့အကြုံပိုများလေလေ ပိုပြီး ထက်မြက်လာလေလေပဲဗျ။ ကျုပ်ကိုပဲ ဥပမာထားကြည့်။ ရှင်းကုံကျစ်တာအိုဂိုဏ်းမှာရှိခဲ့တုံးက ကျုပ်နဲ့ အဲဒီနာမည်ဘာဆိုလား မမှတ်မိတော့တဲ့ အဖွဲ့အစည်းနဲ့ ကြားထဲမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကြောင့် ဒီနည်းလမ်းကိုသုံးဖို့ တွေးမိသွားတာပဲ။ ဟမ့်၊ ရိုးရိုးလေးနဲ့ ထိရောက်စေရမယ်။ သူတို့သုံးခဲ့တဲ့နည်းအတိုင်း ကျုပ်ပြန်သုံးပြမယ် "
ပိုင်ရှောင်ချန်းမှာ ယုတ်မာသည့် ကောင်းကင်ဘုံအဖွဲ့အစည်းက သူ၏ဝမ်းမီးငြိမ်သက်ဆေးလုံးများကို ဖြေရှင်းရန် သုံးခဲ့သည့်နည်းလမ်းကို မမေ့နိုင်သေးပေ။ ဝိညာဥ်အစားအစာများနေရာတွင် အစားထိုးနိုင်ရန်သူတည်ထွင်ခဲ့သည့် ထူးခြားသောဆေးလုံးကို သူတို့သိမ်းပိုက်ကာ အပြီးတိုင်ပျက်စီးပစ်ခဲ့သည့် ဖြစ်ရပ်ကြောင့် သူစိတ်ဓာတ်အကြီးအကျယ် ကျဆင်းခဲ့ရသည်။
" ငါ့ကိုပြဿနာလာရှာတဲ့ အောက်လမ်းဆရာနှစ်ယောက်ရှိနေမှတော့ ငါလည်းဘာမှ စာနာသနားမနေပဲ ပြန်ယုတ်မာရတော့မှာပေါ့။ အေး အဲဒီကျမှ ငါ့ကိုအပြစ်လာမတင်ကြနဲ့ "
ထိုသို့ဆိုကာ သူကတင်ပျဥ်ခွေ ထိုင်ချလိုက်ပြီး တရားထိုင်လိုက်တော့သည်။ ထိုအခါ တံခါးကိုဖြတ်၍ အတွင်းသို့ဝင်လာသည့် အလင်းရောင်များကြောင့် သူ၏အရိပ်မှာ ထင်ထင်ရှားရှားပေါ်နေသဖြင့် သူ၏ပုံစံမှာ ရည်မှန်းချက်ကြီးမားပြီး ရက်စက်ကြမ်းကြုတ်မှုအပြည့်ရှိနေသည့် လူတစ်ယောက်ပုံစံ ပေါက်နေတော့သည်။
နောက်တစ်ရက်ရောက်သော် ကျိုးရီရှင်းမှာ ပိုင်ရှောင်ချန်းက သူ့အားပေးခဲ့သည့် အမုန်းဝိညာဥ်များနှင့်ပတ်သတ်သည့် တာဝန်ကို ကိုင်တွယ်ဖြေရှင်းနေဆဲ။ သူကိုယ်တိုင် ဝင်ရောင် လုပ်ဆောင်သည်တော့မဟုတ်ပေ။ စီမာတာအိုနှင့် စွန်းရီဖန်တို့ဖွင့်ထားသည့် ဆိုင်များသို့ သွားရန် လူများကိုငှားကာ သာမန် ဖောက်သည်များအဖြစ် ရုပ်ဖျက်စေလိုက်ပြီး အဆင့်မြင့် ဝိညာဥ်ဆေးဝါးများစွာကို ဝယ်ယူစေလိုက်သည်။
အဆင့်မြင့် ဝိညာဥ်ဆေးဝါးများမှာ စျေးကြီးသော ပစ္စည်းများဖြစ်သော်လည်း ပိုင်ရှောင်ချန်းမှာ အသာစီးရလိုစိတ်များ ပြင်းထန်နေသည်။ နောင်ရက်ပေါင်းများစွာအထိ ကျိုးရီရှင်းမှာ တစ်ပုံစံထဲလုပ်ကာ အချိန်တိုင်း အချိန်တိုင်းတွင် မတူညီသည့် သူလျှို အမျိုးမျိုးကို သုံးနေခဲ့သည်။ အဆုံးတွင် လတစ်ဝက်တိတိ ကုန်သွားပြီး အဆင့်မြင့် ဝိညာဥ်ဆေးဝါး အမြောက်အမြားကို စုစည်းမိသွားတော့သည်။
ထိုဆေးလုံးတိုင်း၊ ဆေးလုံးတိုင်းတွင် စီမာတာအိုနှင့် စွန်းရီဖန်တို့၏ အမှတ်အသားများ ပါဝင်နေသည်။ ထိုအမှတ်အသားများ ရှိနေသည့်အချက်ပင်လျှင် ထိုဆေးလုံးများကို ပုံမှန်ထက် ပို၍စျေးကြီးအောင် စွမ်းဆောင်ပေးနေသည်။
ထိုအဆင့်မြင့်ဆရာများ၏ တံဆိပ်များပါဝင်သော အလယ်အလတ်အဆင့် ဝိညာဥ်ဆေးဝါးများလည်း ရှိသေးသည်။ ကျိုးရီရှင်းမှာ ၎င်းတို့ကိုလည်း အကုန်ဝယ်ယူခဲ့သည်။ ရက်အနည်းငယ် ကြာပြီးနောက် အဆုံးတွင် ပိုင်ရှောင်ချန်းက သူ့အားပေးထားသည့် အမုန်းဝိညာဥ်များမှာ ကုန်သွားတော့သည်။
ထိုအချိန်တွင် သူသည် ပိုင်ရှောင်ချန်းနှင့် အဆက်အသွယ်လုပ်လိုက်လေသည်။ ညဥ့်နက်ချိန်သို့ရောက်သော် ယခင်က စားသောက်ဆိုင်တွင် ပြန်ဆုံကြသည်။ ပိုင်ရှောင်ချန်းက အနည်းငယ်မျှ တွေဝေမနေပဲ ဒုတိယအကြိမ် ဝိညာဥ်ဆေးဝါးများအားလုံးကို ဝယ်ယူနိုင်ရန် လုံလောက်သည့် အမုန်းဝိညာဥ်များကို ကျိုးရီရှင်းအားပေးလိုက်ပြီး သူဝယ်ယူထားသည့် ပထမအသုတ်ကို ပြန်ယူသွားတော့သည်။
နောက်တစ်နေ့ရောက်သော် ကျိုးရီရှင်းမှာ ဆက်လက်၍ လှုပ်ရှားပြန်တော့သည်။
ထိုစဥ် ပိုင်ရှောင်ချန်းမှာ သူ၏ဆိုင်ထဲတွင် အလောတကြီးနှင့် အလုပ်စလုပ်ရန် ပြင်နေသည်။ ဘေးနားတွင် ပိုင်ဟောက်က သူ့ကိုကြည့်ကာ သူ၏အကြံမှာ မည်သို့မည်ဖုံဖြစ်သည်ကို အနည်းငယ်မျှ သဘောပေါက်သွားတော့သည်။
" ဆရာက ပြိုင်ဘက်တွေရဲ့ ဝိညာဥ်ဆေးဝါးတွေကိုဝယ်ပြီးတော့ အခြားပါဝင်ပစ္စည်းတွေ လျှောက်ထည့်နေတာပဲ။ ပြီးမှ အဲဒီဆေးတွေကို ခိုးဖြန့်မှာ။ အဲဒီဆေးတွေကို သုံးမိတဲ့လူတွေ ပြဿနာတစ်ခုခု ကြုံလာပြီဆို သူတို့က စီမာတာအိုနဲ့ စွန်းရီဖန်တို့ကို အပြစ်တင်ကြမှာပဲ "
" ဒီအကြံက ရိုးရှင်းပေမဲ့ ထင်မှတ်မထားလောက်အောင် ကြောက်စရာကောင်းတယ်။ ဒါပေမဲ့ အဲဒီဝိညာဥ်ဆေးတွေကို သေသေချာချာ ပြုလုပ်ထားတာဆိုတော့ အခြားပါဝင်ပစ္စည်းတွေ လျှောက်ထည့်ဖို့က လွယ်မှာမဟုတ်ဘူး။ အဲဒီလိုလုပ်ထားကြောင်း လူတွေသာ သိသွားလို့ကတော့ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသလိုဖြစ်နေမှာ "
ပိုင်ဟောက်မှာ အနည်းမျှ တွေဝေသွားပြီးနောကိ သူ၏စိုးရိမ်မှုများကို ပိုင်ရှောင်ချန်းအား အသိပေးလိုက်သည်။
" မပူပါနဲ့ တပည့်ရ။ ဘာလုပ်ရမလဲဆိုတာ ဆရာသိပါတယ်။ ဒီအကြံ သေချာပေါက်အောင်မြင်မှာ ကြည့်နေ "
ပိုင်ရှောင်ချန်းကမူ ဝင့်ကြွားစွာ မေးငေါ့၍ အနောက်အခန်းထဲသို့ဝင်သွားပြီး ကျိုးရီရှင်းဝယ်ထားသည့် ဝိညာဥ်ဆေးအားလုံးကို ထုတ်လိုက်လေသည်။ ထိုဆေးလုံးများကို သေသေချာချာ လေ့လာဆန်းစစ်ပြီးသွားသောအခါ ထိုအောက်လမ်းဆရာနှစ်ယောက်မှာ သူတို့၏ ဂုဏ်သတင်းနှင့် ထိုက်တန်ကြောင်း ဝန်ခံလိုက်ရသည်။ ဆေးလုံးများထဲတွင် ဝိညာဥ်စွမ်းအားများ အပြည့်ပါဝင်နေသည် မဟုတ်ပါလော။
" ကျုပ်မှာလည်း တခြားရွေးချယ်စရာမရှိတော့လို့ပါ။ ခင်ဗျားတို့က ကျုပ်ကိုအရင် ရန်လာစတာကိုးဗျ "
ပိုင်ရှောင်ချန်းမှာ အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်ဝန်းထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု တောက်ပလာတော့သည်။ သူသည် ဤစစ်ဆင်ရေးတွင် အရေးကြီးသည့်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ အကယ်၍ အခြားပါဝင်ပစ္စည်းများအား သူ လျှောက်ထည့်ထားသည်ကို လူအများက ရိပ်မိသွားလျှင် ပိုင်ဟောက်စိုးရိမ်နေသည့်အတိုင်း ဖြစ်လာမည်ကို သူ သိသည်။ သို့သော် သူက သူ့ကိုယ်သူယုံကြည်မှုအပြည့်ရှိနေသည်။ သူမြေရိုင်းဒေသသို့ စရောက်ခဲ့စဥ်က ဝိညာဥ်ဆေးများနှင့်ပတ်သတ်၍ လေ့လာခဲ့သည် မဟုတ်ပါလော။
ထိုစဥ်က သူသည် ဝိညာဥ်ဆေးလုံးများကို ရိုးရိုးဆေးလုံးများကဲ့သို့ သဘောထားပြီး မြေရိုင်းဒေသ၏ အောက်လမ်းဆရာအတတ်နှင့် ကောင်းကင်တံတားမြစ်ဒေသ၏ သမားတော်အတတ်များကို ပေါင်းစည်းကာ အံ့သြဖွယ်ကောင်းသည့် ဝိညာဥ်ဆေးလုံးအမျိုးအစားတစ်ခုကို ဖန်တီးရန် ကြိုးပမ်းခဲ့သည်။
သို့သော် သူသည် ခေါင်းပူအောင်စဥ်းစားကာ စမ်းသပ်မှုအမျိုးမျိုး ပြုလုပ်ခဲ့ပါသော်လည်း သူ၏ အတွေးစများမှာ စိတ်ကူးယဥ်အိပ်မက်များထက် ပို၍ဖြစ်မလာခဲ့ပေ။ ထိုပညာရပ်နှစ်ခုကို ပေါင်းစည်းရန်မှာ လုံးဝမဖြစ်နိုင်ချေ။ သို့သော် သူသည် အကျိုးမဲ့တော့ မဖြစ်ခဲ့ပေ။ ဝိညာဥ်ဆေးထဲသို့ အဆိပ်အတောက်ဖြစ်စေနိုင်သည့် ဒြပ်စင်များကို မည်သူမှဖော်ထုတ်၍မရနိုင်အောင် ထည့်သွင်းနိုင်သည့်နည်းလမ်းကို သူက တွေ့ရှိခဲ့သည်။ ထိုပညာရပ်နှစ်ခုမှာ လုံးဝဆန့်ကျင်ဘက်ဖြစ်နေသဖြင့် သမားတော်အတတ်ပညာနှင့် မရင်းနှီးသူများအဖို့ ရေမြေခြားအရပ်မှ ပစ္စည်းများကို သတိထားမိနိုင်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။
အဆင့်မြင့်အောက်လမ်းဆရာ သာမက အဆင့်မြင့်သမားတော်ပါ ဖြစ်နေမှသာသတိထားမိနိုင်မည်ဖြစ်သည်။ မြေရိုင်းဒေသတွင် အောက်လမ်းဆရာများမှာ မရေမတွက်နိုင်လောက်အောင်များသော်လည်း သမားတော်များမှာ လုံးဝမရှိသည် မဟုတ်ပါလော။
ထိုအကြောင်းအရင်းမှာ မြေရိုင်းဒေသတွင် ပေါက်ရောက်သည့် အပင်နှင့်အသီးအရွက်များမှာ ဆေးဝါးများဖော်စပ်ရာတွင် အသုံးပြုရန် သင့်တော်မှုမရှိခြင်းကြောင့် ဖြစ်သည်။ ထိုအကြောင်းအရင်းကြောင့်ပင် စိတ်စွမ်းအင်အဆင့်မြှင့်ထားသည့် မှော်ရတနာများမှာ ကောင်းကင်တံတားမြစ်ဒေသတွင် ပို၍ရှားပါးနေရခြင်းဖြစ်သည်။
" အရင်က ငါ့ကျရှုံးမှုတွေက စွမ်းအားကြီး လက်နက်တစ်ခုဖြစ်လာလိမ့်မယ်လို့ လုံးဝမတွေးမိခဲ့ဘူး "
အတွေးများစွာ ထင်ဟပ်နေသည့် မျက်ဝန်းများဖြင့် သူသည် ဝိညာဥ်ဆေးထဲသို့ အဆိပ်ရှိသော်လည်း အသက်သေစေနိုင်သည်အထိ အန္တရာယ်မပြုနိုင်သည့် အငွေ့များထည့်ရန် တွေးတောလိုက်တော့သည်။ ပိုင်ရှောင်ချန်းမှာ အပြစ်မရှိသော လူများကို သတ်ပြီး အောင်မြင်မှုရယူမည့် လူစားမျိုး မဟုတ်သည် မဟုတ်ပါလော။
" ကာမအားတိုးဆေးလုံးဆိုရင်ရော၊ မဟုတ်သေးဘူး။ အဲဒီဆေးလုံးဆို ရက်စက်ရာကျလွန်းတယ်။ မူးယစ်ဆေးလုံးဆိုရင်ရော၊ အဲဒီလိုဆိုလည်း မဖြစ်သေးဘူး။ အဲဒီဆေးလုံးက နာမည်အရမ်း ကြီးလွန်းတယ်။ အရင်တုံးကအတိုင်း လက္ခဏာတွေ ပြလာမယ်ဆိုရင် လူတွေက ငါ့သရုပ်မှန်ကို သံသယရှိလာနိုင်တယ်။ ပြီးတော့ ဒီကိစ္စကြီးက အရမ်းကြီးသွားရင် ထိန်းမရတော့ပဲ နေလိမ့်မယ် "
အနည်းငယ်ဆက်၍ တွေးတောလိုက်ပြီးနောက် သူ၏မျက်ဝန်းများမှာ တောက်ပလာတော့သည်။
" သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတုံးက လူတွေကို ဝမ်းလျှောစေခဲ့တဲ့ အစိမ်းရောင်ဓာတ်ငွေ့ဆိုရင် ကွက်တိပဲ။ ပြီးတော့ အရမ်းကြီးကြီးမားမားဖြစ်သွားမယ်ဆိုရင်တောင် ပြန်ထိန်းချုပ်နိုင်မဲ့ နည်းလမ်းအများကြီးရှိတယ်။ "
သူက မရယ်မိစေရန် နှုတ်ခမ်းကိုစူကာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရှိ အလယ်တောင်ထိပ်ပေါ်တွင် မြူဝိညာဥ်အမွှေးတိုင် ဖော်စပ်ရန် ကြိုးစားခဲ့စဥ်က ပေါ်ထွက်လာခဲ့သည့် အစိမ်းရောင်အငွေ့အကြောင်း ပြန်၍တွေးတောမိလိုက်တော့သည်။
" မြိူဝိညာဥ် အမွှေးတိုင်က အဆင့်လေး ဝိညာဥ်ဆေးပဲ။ အဲဒီလောက်ကတော့ ငါမျက်စိမှိတ်ပြီး ဖော်စပ်လို့ရတယ်။ "
ချက်ချင်းပင် သူ၏အိတ်ကို မွှေနှောက်ရှာလိုက်လေသည်။ အပင်နှင့်အသီးအရွက် အမျိုးအစားများစွာ မရှိပါသော်လည်း အဆင့်မြင့်သမားတော် တစ်ယောက်ဖြစ်သည့်အတွက် သူသည် ဆေးဖော်စပ်နည်းများကို ပြောင်းလဲနိုင်သည့် နည်းလမ်းအမျိုးမျိုးကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူအလိုရှိသော ရလဒ် ပေါ်လာရန်မှာ မခက်ပေ။ သူက အနည်းငယ် ထပ်၍တွေးတောလိုက်ပြီး သူ၏မျက်နှာဖုံးအစွမ်းကိုသုံးကာ ပြင်ပရှိ ဘေးအန္တရာယ်များထံမှ သူ့ကိုယ်သူ ကာကွယ်လိုက်ပြီး ဆေးပေါင်းဖိုတစ်လုံးကိုထုတ်ကာ သူ၏ရှေ့တွင် ချလိုက်သည်။
" ငါဆေးမဖော်စပ်တာတောင် အတော်ကြာပြီပဲ " သူ၏ချီကိုတည်ငြိမ်အောင်လုပ်ကာ သူ၏စိတ်ကိုရှင်းအောင်ထားလိုက်ပြီး ဆေးလုံးအချို့ဖော်စပ်လိုက်လေသည်။ ထို့နောက် အစိမ်းရောင် အဆိပ်ငွေ့အချို့ကိုယူကာ ဝိညာဥ်ဆေးလုံးများထဲသို့ သွတ်သွင်းလိုက်တော့သည်။
ထိုညတွင် မည်သည့်အချင်းအရာမှ မဖြစ်ပွားခဲ့ပေ။ နောက်တစ်နေ့မနက် သူအခန်းအပြင်သို့ထွက်လာသောအခါ သူသည် ပင်ပန်းနွမ်းနယ်နေသော်လည်း အလွန်စိတ်လှုပ်ရှားနေသည်ကို ပိုင်ဟောက်က သတိထားမိလိုက်သည်။ သူသည် ကျယ်လောင်စွာပင် ရယ်မောနေသေးသည်။
" မင်းကငါ့ကို တိုက်ခိုက်ချင်တာတဲ့လား ကျိုးဟုန်ရာ။ ကိုယ်တော်ပိုင် ဘဝမှာ မကြုံဘူးတဲ့အရာဆိုတာ မရှိပါဘူးကွ "
သူက အားပါးတရ ကြိမ်းဝါးနေတော့သည်။ ကံကောင်းသည်မှာ သူသည် အချုပ်အနှောင်မန္တန်များစွာ တပ်ဆင်ထားသဖြင့် သူ၏အသံက ဆိုင်အပြင်သို့ ထွက်မသွားပေ။
ပိုင်ဟောက်ကမူ စိုးရိမ်နေသည့်အတွက် သူ့ဆီပြေးလာပြီး စကားပြောရန်ပြင်လိုက်စဥ် ပိုင်ရှောင်ချန်းမှာ ဝိညာဥ်ဆေးလုံးတစ်လုံးကို ထုတ်လိုက်လေသည်။
" ဒီမှာ ငါ့တပည့် " သူက ဝင့်ကြွားစွာဆိုလိုက်သည်။
" မင်းတတ်သမျှ ပညာအကုန်သုံးပြီး ဒီဝိညာဥ်ဆေးလုံးမှာ ဘာအပြစ်အနာအဆာ ရှိလဲ ရှာကြည့်စမ်းကွာ "
ထိုအခါ ပိုင်ဟောက်သည် မျက်ဝန်းထဲတွင် အလွန်တည်ကြည်သော အကြည့်ဖြင့် ထိုအဆင့်မြင့် ဝိညာဥ်ဆေးလုံးကို ကြည့်လိုက်တော့သည်။ သို့သော် အချိန်အတော်အတန်ကြာသည်အထိ စစ်ဆေးပါသော်လည်း တမူထူးခြားသည့် အရာတစ်ခုတစ်လေပင် မတွေ့ရပေ။ သူသည် မန္တန်လက်ကွက်တစ်ခုဖော်ကာ လက်ချောင်းကိုဝှေ့ယမ်းလိုက်ပြီး ထိုဝိညာဥ်ဆေးလုံးကို သူတတ်သမျှနည်းလမ်းအားလုံးသုံးကာ လေ့လာဆန်းစစ်လိုက်ပြန်သည်။ အဆုံးတွင် ထိုဆေးလုံးမှာ သာမန်ဝိညာဥ်ဆေးလုံးတစ်လုံးအတိုင်း ရှိနေကြောင်း သူကလက်ခံလိုက်ရတော့သည်။
ထို့နောက် သူသည် နားမလည်နိုင်သည့် အမူအရာဖြင့် ပိုင်ရှောင်ချန်းကို မော့ကြည့်ကာ မေးလိုက်တော့သည်။ " ဆရာ။ ဆရာ တကယ်ပဲ ဒီဆေးလုံးကို ပြုပြင်ထားတာလား။ ဒါမှမဟုတ် ဆေးလုံးအမှားကြီးများ မှားထုတ်မိတာလားဗျာ "
ပိုင်ဟောက်သည် ဝိညာဥ်ခန္ဓာကိုယ် ရှိသည့် ဝိညာဥ်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်သာမက မီးတောက်ဖော်စပ်ရာတွင် ထူးချွန်ထက်မြက်သည့် လူတစ်ယောက်လည်းဖြစ်သည်။ ဤဝိညာဥ်ဆေးလုံး၏ အပြစ်အနာအဆာကို သူသတိမထားမိပါက မြေရိုင်းဒေသထဲတွင် ထိုသို့သတိထားမိနိုင်သူကို တွေ့နိုင်ရန်မှာ အလွန်ခက်ခဲမည်သာဖြစ်သည်။
အစတွင် ပိုင်ရှောင်ချန်းမှာ ဆေးလုံးမှားထုတ်မိခဲ့မည်ကို စိုးရိမ်နေသော်လည်း သေသေချာချာ ပြန်ကြည့်လိုက်ပြီးသောအခါ သူက အားပါးတရရယ်မောလိုက်တော့သည်။
" မမှားဘူးကွ။ တစ်လအတွင်း အဲဒီဆိုင်နှစ်ဆိုင် နာမည်ပျက်ပြီသာ မှတ်တော့ "
ကောင်းကင်ဘုံအဖွဲ့အစည်း၏ လက်အောက်တွင် သနားစဖွယ်ကောင်းလောင်အောင် သူ ကျရှုံးခဲ့ရသည့် ပုံရိပ်များကို ပြန်တွေးမိလိုက်သောအခါ ယခုသူသုံးနေသည့် နည်းလမ်းမှာ အလွန်ရက်စက်ယုတ်မာကြောင်း သိလိုက်သည်။ သို့သော် သူ၏ပြိုင်ဘက်များမှာ သူ့ကို ချောင်ပိတ်ရိုက်နေသည် မဟုတ်ပါလော။
" ငါလှုပ်ရှားပြီဟေ့ဆိုရင် ငါ့ကိုငါတောင် ပြန်လန့်ေနရတယ်ကွ "
သူက ဆိုင်အပြင်သို့ ပြေးထွက်ကာ ကျိုးရီရှင်းကို ဆက်သွယ်လိုက်ပြီး နောက်ထပ်တစ်ခေါက် တွေ့ဆုံရန် ချိန်းဆိုလိုက်သည်။ သူပြုပြင်ထားသည့် ဆေးလုံးများကို ကျိုးရီရှင်းအားပေးလိုက်ပြီးနောက် သူက သတိပေးချက်များနှင့် ညွှန်ကြားချက်အချို့ကို ပေးလိုက်သောအခါ ကျိုးရီရှင်းကလည်း မြေဝယ်မကျ နားထောင်လိုက်လေသည်။ ထို့နောက် ပိုင်ရှောင်ချန်းမှာ ဝမ်းသာပျော်ရွှင်နေတော့သည်။
ကျိုးရီရှင်းမှာ ကျွမ်းကျင်မှုအပြည့်ရှိသည့် နောက်လိုက်တစ်ယောက် ဖြစ်သည်။ သူသည် ဗဟိုဧကရာဇ်မြို့သို့ ရောက်သည်မှာ တစ်ခဏမျှသာ ရှိသေးသော်လည်း သရဲကြီးမြို့တော်တွင် သူ၏လူယုံတော်များနှင့် အထောက်အပံ့ပစ္စည်းများ အများအပြားရှိနေသည်။ ထို့ကြောင့် သူ၏ နယ်မြေအသစ်တွင် ချိတ်ဆက်မှုများပြုလုပ်ရသည်မှာ လွယ်ကူနေတော့သည်။ သူသည် ချက်ချင်းပင် ထိုဝိညာဥ်ဆေးလုံးများကို ဖြန့်ဝေပေးနိုင်မည့် အရောင်းကိုယ်စားလှယ်များနှင့် ချိတ်ဆက်လိုက်တော့သည်။
ထိုဝိညာဥ်ဆေးလုံးများမှာ အဆင့်မြင့်ဆေးများဖြစ်ကြပြီး အဆင့်မြင့်အောက်လမ်းဆရာများ၏ အမှတ်အသားများလည်း ပါရှိနေသည်။ ထို့အပြင် ထိုဆေးများကို ဈေးလျှော့ကာ ရောင်းနေသည်ဖြစ်၍ အရောင်းမှာသွက်လွန်းလှသည်။ အကယ်၍ ပိုင်ရှောင်ချန်းသာ ပေါ်ပေါ်ထင်ထင် မတားမြစ်ထားပါက ထိုဝိညာဥ်ဆေးလုံး တစ်သုတ်လုံးကို တစ်ခေါက်ထဲနှင့် အကုန်ရောင်း၍ပင် ရနိုင်သည်။
ထိုအဆင့်မြင့် ဆေးလုံးများကို ဗဟိုဧကရာဇ်မြို့ထဲတွင် တစ်ရက်အတွင်း ဖြန့်နိုင်လိုက်သည်။ မကြာမီ ကျိုးရီရှင်းဝယ်ထားသည့် ဒုတိယအသုတ်ကိုလည်း ပြုပြင်ပြီးသွားသဖြင့် မြို့တော်ထဲတွင် ထပ်၍ ဖြန့်ဝေလိုက်ပြန်သည်။ ထိုဆေးလုံးများကို ဝယ်နေကြသည့် ဝိညာဥ်ကျင့်ကြံသူများမှာ ပိုမိုများပြားလာတော့သည်။
ထိုဆေးလုံးအများစုကို မြို့နယ်အမှတ် ရှစ်ဆယ့်ကိုးနှင့် ဘေးတစ်ဝိုက်ရှိ မြို့နယ်များမှဝိညာဥ်ကျင့်ကြံသူများ ပိုမိုဝယ်ယူ၍ အဆင်ပြေနိုင်အောင် ကျိုးရီရှင်းက သေချာစီစဥ်ထားသည်။
မကြာမီတွင် တတိယအသုတ်မှာ ရောင်းကုန်သွားပြီးနောက် စတုတ္တအသုတ်နှင့် ပဥ္စမမြောက်အသုတ်များမှာလည်း အလားတူ ရောင်းထွက်သွားကြပြီး ၎င်းတို့ကို ဝယ်ယူထားသည့် ဝိညာဥ်ကျင့်ကြံသူများမှာ ပိုမိုများပြားလာသည်။ ထို့နောက် တဖြည်းဖြည်းနှင့် ထူးဆန်းသောအရာများ စတင်ဖြစ်ပေါ်လာတော့သည်။