အခန်း (၁၄၆)
Vol. 13 Ch. 146
"မတ်လေး နင်ကလေ တအားရိုးဖြောင့်တာပဲနော်။ နင်က တပ်ရင်းမှူးတစ်ယောက်ပဲဟာ။ အဲဒီရဲဘော်ရှောင်လုက နင်နဲ့ ဘယ်လိုယှဉ်နိုင်မှာလဲဟယ်"
ဟွမ်ယွဲ့ရင် ဒီလိုပြောတဲ့အခါ သူမရဲ့ နှလုံးသားထဲမှာ အနည်းငယ် ဂုဏ်ယူနေမိပါသေးသည်။ သူမရဲ့ ခင်ပွန်းက ပြီးပြည့်စုံတာတော့မဟုတ်ပေမယ့်လည်း ကျန်းချန်ပေ့ထက် နည်းနည်းပိုကောင်းလေရဲ့။
ကျန်းချန်ပေ့: "…"
ကျန်းချန်ပေ့သည် လုယန်က သူ့လောက် မကောင်းပါဘူးလို့ ခံစားခဲ့ရသော်လည်း ရုပ်ရည်အရဆိုရင်တော့...
သူ ရိုးရိုးသားသား ဝန်ခံရမှာပေါ့လေ
"ရှောင်လုက ရုပ်မဆိုးပါဘူး။ သူက ကျွန်တော့်ထက်တောင် နည်းနည်းလေး ပိုဖြောင့်သေးတယ်"
ဝမ်ချိုးမင်: " ? ? ! "
ဟွမ်ယွဲ့ရင်: " ? ? ? "
ဒီလိုလူမျိုးရှိနိုင်လို့လားနော်?
ထိုသူက ငယ်လည်းငယ်ပြီးတော့ ရုပ်လည်းမဆိုးဘူး... ပြီးတော့ သူ့မိန်းမကို ဒီလောက်ကြင်နာသေးတယ်လား? ဒါဆို မိသားစုအခြေအနေက အရမ်းဆင်းရဲနေတာများလား?
"ဒါဆို အဲဒီရဲဘော်လုက ကေဒါတစ်ယောက်ရဲ့ သမီးနဲ့ လက်ထပ်ခဲ့တာလား? သူက ကျေးလက်သားလား?"
မင်းသာ ခေါင်းဆောင်ရဲ့ သမီးကို လက်ထပ်လိုက်ရင် သူမကို စိတ်ကျေနပ်အောင်လို့ မင်း လုပ်ရမှာပေါ့။
ခေါင်းဆောင်ရဲ့ သမီးက မင်းရဲ့သမီးနဲ့ ဘယ်လိုလုပ်တူနိုင်မလဲနော်?
"မဟုတ်ပါဘူး၊ သူ့မိန်းမက တောင်ပေါ်က မိန်းကလေးတစ်ယောက်ပါ။ ရှောင်လုရဲ့ မိဘတွေကတော့ အငြိမ်းစားကေဒါတွေဖြစ်ပြီးတော့ ပါတီအဖွဲ့ဝင်တွေလေ"
ဝမ်ချိုးမင်နှင့် ဟွမ်ယွဲ့ရင်တို့နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြကာ 'ဒီလူက ဘာလုပ်ဖို့ကြိုးစားနေတာလဲ'လို့ တွေးနေမိလျက်။
ဝမ်ချိုးမင် တွေးကြည့်လိုက်ပြီးနောက်မှ ပြောလာသည်မှာ
"ရဲဘော်လုမိသားစုရဲ့ ဒီချွေးမက တကယ့်ကို ကံကောင်းတာပဲနော်။ ငါတို့ ရှင်းရင်လိုပဲ... သူမက မင်းနဲ့လက်ထပ်လိုက်ရတာဟာ ဘယ်လောက်ကံကောင်းလိုက်သလဲ"
ကျန်းချန်ပေ့သည် ဒါကိုကြားရတာ သဘောတကျဖြစ်သွားရလျက်။
ကျန်းချန်ပေ့ မကြွားဝါပဲ မနေနိုင်ဖြစ်ကာ
"ကျွန်တော်တို့မိသားစုခြံဝင်းထဲမှာ ကံကောင်းတဲ့ဇနီးသည်တွေ အများကြီးရှိတယ်"
သူသာ လုံလုံလောက်လောက်ကံကောင်းမှုမရှိခဲ့ရင် ဒီနေရာမှာ အနှီးလျှော်ဖို့ ကံကောင်းနေမှာမဟုတ်ဘူးလေ။
သူ့အရှေ့တွင် လောင်လုနှင့် သူ့အနောက်တွင် လောင်လျိုတို့က သူ့အား တင်းတင်းကြပ်ကြပ် ချုပ်နှောင်ထားလေရဲ့။
သူ နောက်ကျကျန်ခဲ့လို့မဖြစ်ချေဘူး။
"ငါမယုံပါဘူးနော် မတ်လေးရေ လျှောက်မပြောပါနဲ့တော့"
ဟွမ်ယွဲ့ရင်က သူမရဲ့ မတ်လေးပြောတာကို လုံးဝမယုံကြည်ခဲ့ပေ။
သူမက တပ်မတော်မိသားစုအဖွဲ့ဝင်တွေနဲ့ မဆက်ဆံဖူးတဲ့သူမှမဟုတ်ဘဲ... တပ်မတော်ရှိ အမျိုးသားတွေအားလုံးဟာ သူတို့မိသားစုအပေါ် ညှာတာထောက်ထားတဲ့ စိတ်မျိုးမရှိကြသလို မိသားစုကို ဂရုလည်းမစိုက်တတ်ကြတဲ့သူတွေပဲလေ။
ဒီလိုလူကောင်းတစ်ယောက်ရှိခဲ့ရင်တော့ သူမ မနာလိုဖြစ်လို့ သေမှာပဲနော်...
"မယုံဘူးပေါ့၊ ဟေး ဟိုမှာကြည့်လိုက်၊ ဘေးအိမ်က လောင်လုက သူ့သားတွေနဲ့ အတူတူ လမ်းလျှောက်ထွက်လာပြီ"
ကျန်းချန်ပေ့သည် ဤအချိန်အခါဟာ သူ စောင့်မျှော်နေတဲ့ အခိုက်အတန့်လေးဖြစ်ကြောင်း သူ့ကိုယ်သူ တွေးနေမိ၏။
လောင်လုလား?
အဲဒီလူက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အရာရှိကြီးဖြစ်လာပြီးတော့ ဇနီးချောချောလေးကို လက်ထပ်ခဲ့တယ်ဆိုတဲ့ အရာရှိလုတဲ့လား?
ဝမ်ချိုးမင်နှင့် ဟွမ်ယွဲ့ရင်တို့ လှမ်းကြည့်လိုက်ရာ အရပ်ရှည်ရှည် ချောမောခန့်ညားတဲ့ အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရ၏။ သူ့ရင်ခွင်ထဲမှာ ကလေးနှစ်ယောက်ကို ဘယ်တစ်ယောက် ညာတစ်ယောက် ပွေ့ချီထားလေသည်။
ဤအရာရှိလုဟာ အမှန်ပင် ချောမောခန့်ညားလှ၏။ တကယ်တော့ သူမသမီးကြီး ဟွမ်ယွဲ့ရင်ရဲ့ အမျိုးသားဟာ သူရဲဘောကြောင်သူဖြစ်သော်လည်း တခြားလူလိမ်လူကောက်တွေထက် ပိုမိုချောမောသူပင်။
သို့သော် သူတို့ရှေ့က အရာရှိချောချောလေးကတော့ သာမန်ချောမောရုံသာမကဘဲ မီးပုံးထွန်းရှာရင်တောင်မှ ရှာမတွေ့နိုင်လောက်တဲ့ ရုပ်ရည်မျိုးရှိလေ၏။
သူ့အသွင်အပြင်မှာ ခန့်ညားပြီး အရပ်ရှည်ရှည် နှာတံစင်းစင်းနှင့် တောက်ပတဲ့မျက်လုံးတွေ ရှိပေသည်။ ဒီလိုချောမောခန့်ညားလှတဲ့ လူငယ်လေးကို ဒီကမ္ဘာပေါ်မှာ ဘယ်မှာမှ ရှာမတွေ့နိုင်ပေဘူး။
အနှီအရာရှိကြီးရှောင်လုကို ဟွမ်ယွဲ့ရင် တွေ့လိုက်ရတဲ့အခါ အံ့အားသင့်သွားရ၏။
ဒီလောက်ချောမောခန့်ညားတဲ့ အရာရှိလူငယ် ရှိသေးတာလားဟ ? ! !
"လောင်ကျန်း"
လုယန် အိမ်ကို မကြာခဏ ပြန်လာလို့မရခဲ့ပေ။ သူ အိမ်ပြန်ရောက်တိုင်း သူ့ဇနီးလေးက သူ့အား ကလေးတွေနှင့်အတူတူ လမ်းလျှောက်ထွက်ဖို့ တာဝန်တစ်ရပ် ပေးအပ်လေ၏။
ယခုဆို အနှီပိစိလေးနှစ်ယောက်ဟာ သူတို့ပတ်ဝန်းကျင်မှ ရှိရှိသမျှအားလုံးကို စူးစမ်းလိုစိတ်များနေလေရာ သူတို့လေးတွေရဲ့ အဖေကသာ တစ်ချိန်တည်းမှာ နှစ်ယောက်စလုံးကို ထိန်းထားနိုင်တယ်လေ...
လုယန်က သူ့ရင်ခွင်ထဲမှာ ကလေးလေးတွေကို ပွေ့ချီထားရင်း သူတို့ကို နှုတ်ဆက်လာခဲ့သည်။
"ငါ့သားရဲ့ အနှီးတွေကို လျှော်နေတာလေ"
ကျန်းချန်ပေ့က သူဟာ အတင်းအကြပ်လုပ်ခိုင်းခြင်းခံရတာမဟုတ်ဘဲ သူ့ဆန္ဒအလျောက်လုပ်ခဲ့တာဖြစ်ကြောင်း အလေးပေးပြောကြားနေလေရဲ့ ! !
လုယန် ခေါင်းညိတ်ပြလိုက်၏။ သူ့မှာ လူတွေ အနှီးလျှော်နေတာကို ကြည့်ရတာ ဝါသနာမရှိသဖြင့် ကလေးတွေကို ချီထားရင်း လမ်းဆက်လျှောက်သွားခဲ့သည်။
သို့ပေမယ့် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်မှာပဲ အနောက်ကနေ ဝမ်းသာအားရ အော်ခေါ်သံကို ကြားလိုက်ရလေသည်။
"လောင်လု!!!"
ပြန်လှည့်ကြည့်လိုက်တဲ့အခါ ဦးထုပ်ကို ချွတ်ကာ သူ့ဆီ လက်ဝှေ့ယမ်းပြနေတဲ့ လောင်ဝမ်ကို တွေ့လိုက်ရလေ၏။
ဝမ်ယွမ်ကျန်းရဲ့ မျက်လုံးတွေက တောက်ပလွန်းနေကာ 'သူက မင်းကို ဖမ်းမိသွားပြီ'လို့ တွေးထင်ရသည့်အလား။
လောင်ဝမ်က ခင်ပွန်းကောင်း၊ ဖခင်ကောင်းတစ်ဦးဖြစ်ဖို့ရာ သင်ယူဖို့ အလွန်စိတ်အားထက်သန်သူပင်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ သူ ရဲဘော်လောင်လုဆီမှ သင်ယူရမှာပေါ့။
လုယန်: "..."
ရဲဘော်လောင်ဝမ်သည် မကြာသေးမီက လုယန် မမြင်ချင်ဆုံးလူစာရင်းတွင် နံပါတ်၁ ဖြစ်လာခဲ့သည်။
ဒီဒုက္ခပေးလွန်းတဲ့ကောင်ကတော့ကွာ!
လုယန်က အကြံတစ်ခုရသွားပြီး လောင်ဝမ်အား စကားနည်းနည်းပြော၍ ချက်ချင်းပင် သူ့သားနှစ်ယောက်ကို ပွေ့ချီထားရင်း သူ့ခြေတံရှည်ရှည်တို့ဖြင့် အမြန်ထွက်ခွာသွားပါတော့သည်။
ကျန်းချန်ပေ့ မော့ကြည့်လိုက်တဲ့အခါ ဝမ်ယွမ်ကျန်းကို ရုတ်တရက်ကြီး မြင်လိုက်ရတော့ 'ဒီလူပဲဖြစ်နေပြန်ပြီ'လို့ တွေးမိသွားရလျက်။
"အင်း... ငါ မင်းဆီက အနှီးလျှော်နည်းသင်ချင်လို့။ မင်းမိန်းမ ကလေးမွေးခါစတုန်းက အဲဒီနေ့က မင်းဘယ်လိုခံစားရလဲ?"
ကျန်းချန်ပေ့: "..." ဘာကိုဘယ်လိုခံစားရမှာလဲ? ဆိုးဆိုးရွားရွားခံစားရတာလား?
သူ့ရှေ့တွင် လောင်လုနှင့် သူ့အနောက်တွင် လောင်လျိုတို့ ရှိနေတာတောင် အခု လောင်ဝမ်က သူ့ကို မျက်နှာချင်းဆိုင် တိုက်ခိုက်ချင်နေသေးတယ်...
"ငါက ပထမဆုံးအကြိမ် အဖေဖြစ်မှာဆိုတော့လေ အတွေ့အကြုံ သိပ်မရှိလို့ပါဗျာ..."
"မင်း အနှီးဘယ်လိုလျှော်တာလဲ ငါ့ကိုပြပေးလို့ရလား?"
ကျန်းချန်ပေ့: "…"
မင်းဖျားနေတာလားကွ။
အပေါ်ထပ်အခန်းထဲ၌ ဟွမ်ယွဲ့ရင်က သူမညီမရဲ့ ကုတင်ဘေးမှာ ရပ်နေကာ သူမရဲ့ နှလုံးသားထဲမှာ မုန်တိုင်းတစ်ခုဝင်မွှေနေသည့်အလား။ သူမ ခုနက ဆုံခဲ့ရတဲ့ အရာရှိလုနှင့် အဲဒီလောင်ဝမ်တို့ကို ပြန်တွေးကြည့်နေမိလျက်။
အဲဒီနှစ်ယောက်က ဘယ်သူတွေလဲဟယ် ? ?
သူတို့ဟာ တပ်ရင်းမှူး၊ နိုင်ငံရေးအရာရှိတွေ ဖြစ်နေကြရဲ့သားနဲ့ ဘာလို့များ အားလုံးက ဒီလို...
အဲဒီဝမ်မျိုးရိုးအမည်ရှိတဲ့ တစ်ယောက်ဆို အနှီးတွေလျှော်ဖို့တောင် သင်ယူချင်နေသေးတာ။
ဒေါသထွက်စရာပဲ ! !
သူ့ဇနီးက အခုထိမမွေးသေးပေမယ့်လို့ သူကတော့ ဘက်ပေါင်းစုံကနေ စဉ်းစားထားပြီးနေပြီ။
ဒီလို ထောက်ထားညှာတာတတ်တဲ့ ယောက်ျားမျိုး ဘယ်လိုလုပ်ရှိနိုင်မှာလဲနော် ? !
နောက်ပြီးတော့ အဲဒီအရာရှိလုကလည်း အရမ်းကြည့်ကောင်းတယ်လေ ဟုတ်တယ်မလား?
သူ့ရင်ခွင်ထဲက ဘေဘီလေးနှစ်ယောက်ကလည်း ဖြူဖွေးနူးညံ့နေကြသလို သူတို့အဖေနဲ့တူကြပြီး ပုံစံခွက်တစ်ခုထဲက ထွက်လာသည့်နှယ်...
ဟွမ်ယွဲ့ရင်သည် မူလက မိသားစုခြံဝင်းထဲမှာ ဂုဏ်ဖော်ကြွားဝါလိုသော်လည်း အခုတော့ သူမ ဘာကိုသွားကြွားရမလဲလို့ !!
သူမအကြောင်း ဘာအားကျမနာလိုစရာရှိလို့လဲလို့!!
"ညီမလေးရေ နင့်ယောကျ်ားကို ဘယ်လိုလုပ်ပြီး အဲဒါတွေလုပ်ခွင့်ပေးထားရတာလဲ"
"သူက နင့်အတွက် ယာဂု၊ ငါးဆန်ပြုတ်နှင့် တခြားအရာတွေ... ချက်ပေးချင်တာလို့ ပြောလိုက်တယ်ဟယ်။ နင် သူ့ကို ဘယ်လိုလုပ်ပြီး မီးဖိုချောင်ဝင်ခိုင်းနိုင်ရတာတုန်းဟ? သူက ယောကျ်ားတစ်ယောက်ဖြစ်တဲ့အပြင် တပ်ရင်းမှူးတစ်ယောက်လေဟဲ့။ နင် သူ့ကို ဖျောင်းဖျဖို့ ဘာလို့မကြိုးစားရတာတုန်း!!!"
ဟွမ်ယွဲ့ရင် သည်းမခံနိုင်တော့သလို ခံစားလိုက်ရ၏။ ဒါက နှစ်နှစ်သုံးနှစ်ပဲရှိသေးတယ်လေ... မတ်လေးက ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်လာရတာလဲဟာ...
"အခု သူ အပြင်မှာ အနှီးလျှော်နေတာ၊ နင် သူ့ကို မစည်းရုံးတော့ဘူးလား။ သူ့လိုလူအတွက် ရှက်စရာကောင်းနေမယ်လေ"
"ငါတို့ သူ့ကို အိမ်မှာ ထမင်းချက်ခွင့်ပေးလိုက်တာ ဖြစ်နိုင်မလားနော်"
ကုတင်ပေါ်တွင် ခေါင်းစည်းထားရတဲ့ ဟွမ်ရှင်းရင်က သူ့သားလေးကို တစ်ချက်ကြည့်လိုက်သည်။ နို့တိုက်ပြီးတာနဲ့ ကလေးလေးဟာ မျက်လုံးမှိတ်ပြီး အိပ်ပျော်သွားပြန်၏။
ဒီကလေးက ပထမကလေးထက် ပြုစုပျိုးထောင်ရတာ ပိုလွယ်နေတာပဲ။
မေ့လိုက်တော့... သားဆိုလည်း သားပေါ့လေ ဟုတ်တယ်မလား? သားနှစ်ယောက်လည်း အဆင်ပြေပါတယ်နော်...