အခန်း (၁၄၈)
Vol. 13 Ch. 148
သူတို့လေးတွေဆီမှ ပါးပါး၊ မားမား ခေါ်သံကို ကြားလိုပါက မင်းဘက်က အရင်ဆုံး ပါးပါး၊ မားမား ဆိုတဲ့စကားလုံးတွေကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပြောပြနေရမည်ပင်။
စာနာထောက်ထားတတ်တဲ့ ဇနီးလေးတစ်ဦးအနေနှင့် ချင်းရို့က သူ့ကို နှစ်သိမ့်ပေးလေ၏။
"ကောင်းပါပြီ၊ ကောင်းပါပြီရှင်... ဒီနေ့ သူတို့လေးတွေ ပါးပါးလို့ ခေါ်တတ်အောင် ကျွန်မသင်ပေးလိုက်မယ်နော်"
လုယန်: "မင်းရဲ့သားတွေကို ချော့တဲ့လေသံနဲ့ ကိုယ့်ကို ချော့နေစရာမလိုပါဘူးကွာ"
ချင်းရို့ ပြုံးကာ အလေးပြုဟန်ဖြင့် "အရာရှိဆီက အမိန့်ကို လက်ခံရရှိပါတယ်"
"အဆိုးလေးပဲကွာ... မင်းကမှ ကိုယ့်ရဲ့ အရှင်သခင်ပါကွာ..."
"ဟေး ဟေး ....."
"အား အား........"
ပုခက်ပေါ်က ကလေးလေးနှစ်ယောက်ဟာ မကျေမနပ်ဖြစ်နေလျက်။
ဘာလို့ သူတို့မိဘတွေက သူတို့ကို မကြည့်ရတာလဲ? သူတို့က အာရုံစိုက်အခံရဆုံး ဘေဘီလေးတွေဖြစ်ရမှာလေ မဟုတ်ဘူးလား?
ချင်းရို့နှင့် လုယန်တို့လည်း သားတွေအနားသွားကာ စနောက်နေရုံမှတပါး ရွေးချယ်စရာမရှိတော့ပေ။
ရလဒ်အနေဖြင့် ဖက်ထုပ်လေးက အကာအရံအစွန်းဆီ တွယ်တက်လာတာကို လုယန်တွေ့လိုက်တဲ့အခါ သူ့ကို ကူညီပေးလိုက်၏။ ဘေဘီလေးက သူ့အဖေရဲ့ ရင်ခွင်ထဲသို့ ပျော်ပျော်ကြီး ပစ်ဝင်လိုက်ကာ "မားမား"လို့ အော်ခေါ်လိုက်သည်။
ခုနတုန်းက သူတို့ရဲ့ မားမားလို့ခေါ်သံကို သူတို့အမေကြားတဲ့အခါ အရမ်းပျော်နေတာဆိုတော့ အခု သူတို့အဖေလည်း ဒါကိုကြားလိုက်ရရင် အရမ်းပျော်နေမှာပဲ...
အစ်ကိုကြီးကျိုးကျိုးလည်း မားမားလို့ အမြန်ခေါ်လိုက်ပြန်၏။
လုယန်: "..."
ချင်းရို့: "…"
မားမားဟာ ကလေးတွေ အမြဲတမ်းပြောဖို့အတွက် သင့်လျော်တဲ့ နာမ်မဟုတ်ကြောင်း ထင်ရှားပေသည်။
"ဒါက ပါးပါး... လိမ္မာတယ်နော်... ပါးပါးလို့ခေါ်လိုက်"
"မားမား ဟီးဟီး..."
"မာ --"
"ပါးပါး"
"မား ရီး ... ရာ့..."
(ကလေးတွေ လျှောက်ထွက်တဲ့အသံလေးတွေပါ)
ကလေးတွေကို စကားပြောတတ်အောင် သင်ပေးရတဲ့ လမ်းကြောင်းဟာ ရှည်လျားခက်ခဲလေသည်။
ချင်းရို့က ကလေးတွေကို ပါးပါးလို့ ခေါ်တတ်အောင် သင်ပေးခဲ့၏။
ရာသီဥတုကောင်း၍ နွေးထွေးလာချိန်၌ ချင်းရို့က အထူးရေချိုးကန်ကြီးတစ်ခုကို ထုတ်ကာ သက်ကယ်ထီးဘေးတွင် ထီးတစ်ချောင်း တပ်ဆင်လိုက်ပြီး ရေချိုးကန်ထဲ ရေဖြည့်လိုက်ကာ ကလေးတွေကို ရေကစားစေဖို့ ရေချိုးကန်ထဲ ထည့်လိုက်လေသည်။
"မာမား မားမား ..."
ရေထဲမှာ ပျော်မြူးနေတဲ့ ငါးကြင်းလေးတွေလိုမျိုး ဝဝကစ်ကစ်ကလေးငယ်လေးနှစ်ယောက်ကို ရေထဲပစ်ထည့်လိုက်လေရဲ့။
ချင်းရို့စိတ်ထဲက စံပြကလေးလေးပုံစံဟာ ရေထဲမှာ ကူးခတ်နေတဲ့ koiငါးလေးနှစ်ကောင်ပါပဲ...
ဟူး... ဒါကတော့ koiငါးဝတုတ်လေးတွေပေါ့လေနော်...
"မားမားရဲ့ koiငါးဝတုတ်လေးတွေ..."
သို့သော်လည်း စက္ကန့်အနည်းငယ်ကြာပြီးနောက် ဘေဘီလေးဟာ ရေတွေကို ချင်းရို့မျက်နှာဆီ ပက်ဖြန်းလိုက်လေရဲ့။
ချင်းရို့: "..." စိတ်ဆိုးလိုက်တာနော်...
koiလေးတဲ့လား?
ဟား ဟား ...
ငါးမန်းလေးနှစ်ကောင်ပဲဟ! အဆော့သန်တဲ့ ငါးမန်းလေးတွေ!
- လောဘကြီးနေဆဲ ငါးမန်းလေးနှစ်ကောင်ပဲ...
ရေဆော့ကစားနေရင်းနဲ့တောင် စားချင်နေပြန်ပြီဟ။
ချင်းရို့က သူတို့လေးတွေရဲ့ ပါးဖောင်းဖောင်းလေးကို ဖျစ်လိုက်ရင်း လွန်ခဲ့သည့်ရက်အနည်းငယ်က သူမ ငါးဝယ်ရန် သွားတဲ့အချိန်တုန်းက တံငါလှေပေါ်မှ သင်္ဘောသားတချို့နှင့် ဆုံတွေ့ခဲတဲ့အကြောင်းကို မတွေးမိဘဲ မနေနိုင်တော့ပေ။
လူတွေအများကြီးပြောနေကြတာက အဲဒီနေ့တုန်းက သူတို့ ငါးမန်းလေးတစ်ကောင် မတော်တဆဖမ်းမိသွားခဲ့ရာ အဲဒီငါးမန်းက ဆာလောင်လွန်းနေလို့ လှေပေါ်ရောက်လာတာနဲ့ ငါးဖမ်းပိုက်ထဲကျသွားကာ ရူးသွပ်စွာ စားသောက်နေတယ်တဲ့။
လူနှစ်ယောက်တောင်မှ သူ့ကိုမထိန်းနိုင်ကြတာကြောင့် သူက ပိုက်ကွန်ထဲက ငါးတွေကို ဆက်လက်စားနေပြီးတော့ သူတို့ဖမ်းမိခဲ့တဲ့ ငါးပေါ်မှာဆို သွေးစွန်းရာအကြီးကြီးချန်ထားခဲ့သေးတာဆိုပဲ။
အနှီကံမကောင်းစေတဲ့ ငါးမန်းကို ပင်လယ်ထဲပစ်ချဖို့အတွက် ကြိုးပမ်းအားထုတ်မှုများစွာပြုလုပ်ခဲ့ရလေရဲ့။
အဲ့ဒါက ငါးဖမ်းလှေပေါ်မှာ ဘူဖေးလာစားတာနဲ့တောင် တူနေတာပဲနော်...
"မင်းတို့လေးတွေကို ရေချိုးပေးပြီးမှ မားမားကျွေးမယ်နော်"
"မင်း ရေဆော့နေတုန်းပဲ"
"မင်း... နံစော်နေတဲ့ဖက်ထုပ်လေးကတော့... မင်းအစ်ကိုဆို ကြည့်လိုက်၊ လိမ္မာနေရောပဲ... မင်းကတော့ ဘာတွေလုပ်နေတာတုန်းကွယ်..."
ချင်းရို့က ကလေးတွေအတွက် ပုစွန်ဖက်ထုပ်သေးသေးလေး လုပ်ပေးခဲ့သည်။ ကလေးနှစ်ယောက်လုံးက အဲဒါစားရတာ တော်တော်ကြိုက်တယ်လေ။
ဒါပေမဲ့ မဟုတ်သေးဘူး... သူတို့မကြိုက်တာ ဘာရှိလို့လဲနော်? ငါးမန်းငယ်လေးတွေအနေနဲ့ စားဖို့ဆို ဘယ်တုန်းကမှ မငြင်းဆန်ကြဘူးလေ။
အရမ်းကိုစားနိုင်ကြတဲ့ကလေးတွေ...
"ပါးပါးလို့ခေါ်၊ အချစ်လေးတွေရေ ပါးပါးလို့ခေါ်နော်"
"ပါးပါး"
"မားမားပြောတာ နားထောင်... ပါးပါးလို့ခေါ်ကြည့်"
လုယန် နောက်တစ်ခါ ပြန်လာတဲ့အခါ ကလေးတွေဆီမှ "ပါးပါး" ဆိုတဲ့အသံလေးကို အောင်မြင်စွာ ကြားနိုင်စေရန်အတွက် ချင်းရို့လည်း ကြိုးစားအားထုတ်ကာ ကလေးတွေကို သင်ပေးနေခဲ့သည်။
နောက်ဆုံးတွင်မူ လုယန် အိမ်ပြန်ရောက်သည်နှင့် ကလေးတွေဆီမှ ပါးပါးလို့ ခေါ်သံကို ကြားလိုက်ရလေပြီ။
"ပါးပါး ပါ့ပါး..."
"ပါးပါး..."
နားထောင်လို့ကောင်းတဲ့ သံပြိုင်အသံလေးတွေပဲကွာ...
လုယန်က ကလေးတွေကို ဘယ်တစ်ဖက်၊ ညာတစ်ဖက် တစ်ယောက်စီကို ပွေ့ချီထားရင်း အဖေအိုကြီးမှာ စိတ်လှုပ်ရှားသွားရတော့သည်။
သို့သော်လည်း ပါးပါးလို့ခေါ်တာကို အလွန်အကျွံ သင်ကြားပေးပြီးနောက်တွင် နောက်ဆက်တွဲဆိုးကျိုးတွေလည်းရှိလေရဲ့။
အမြဲလိုလိုစကားများတဲ့ ရှမင်ရှီး အိမ်ပြန်လာတဲ့အခါ လွန်ခဲ့တဲ့နှစ်ရက်လောက်ကတည်းက သူ့ရဲ့ ဝမ်းကွဲညီလေးနှစ်ယောက်နှင့် သူ စကားပင်မပြောရဲတော့ပေ။
"ပါးပါး"
အတန်းဖော်ရှောင်မင်သည် သူက ကလေးပဲရှိသေးတာကို၊ အခုလို ပါးပါးလို့ အခေါ်ခံနေရတာ အရမ်းကြောက်စရာကောင်းတာပဲလို့ ခံစားနေမိ၏။
ဖခင်ဖြစ်ရခြင်းမှာ တာဝန်ဝတ္တရားများစွာရှိတယ်လို့ ဆိုကြတယ်လေ။
"ကောကောပါဆို ! ! !"
"ကောကောလို့ခေါ် ! ! !"
"ပါးပါး?"
"ကောကောပါဆို၊ ငါက မင်းတို့ကောကောလေ ! ! !"
"ငါ့ကို ကောကောလို့ခေါ်ပါဆို ! ! ! !"
ကျိုးကျိုးနှင့် ဖက်ထုပ်လေးတို့က လူတွေကို စကားပြောလာနိုင်ပြီးတဲ့နောက် လမ်းလျှောက်သင်ကြလေပြီ။ လမ်းမလျှောက်တတ်ခင် ကလေးနှစ်ယောက်လုံး တွားသွားပုံမှာ အလွန်လျင်မြန်လေ၏။
ဤအချိန်တွင် သူတို့ကိုယ်တိုင် တွားသွားရတာကို မကျေနပ်ကြတော့ဘဲ တစ်ခုခုကို ဆုပ်ကိုင်ကာ မတ်တပ်ရပ်ဖို့ကြိုးစားလေ့ရှိကြသည်။ ကလေးတွေက ခိုင်မြဲတည့်မတ်အောင် မတ်တပ်ရပ်လို့မရသေးသော်လည်း အမြဲတမ်း ဇွဲနပဲနဲ့ အကြိမ်ပေါင်းများစွာ ကြိုးစားနေဆဲ။
ချင်းရို့နှင့် လုယန်တို့က ကလေးနှစ်ယောက်ကို ထောက်ကူပေးကာ လမ်းလျှောက်နည်းကို သင်ပေးကြသည်။
အစပိုင်းတွင်မူ ကလေးနှစ်ယောက်ဟာ ခြေနှစ်လှမ်းသာ လှမ်းနိုင်ခဲ့၏။ သူတို့နှစ်ယောက် ခြေနှစ်လှမ်းလှမ်းနိုင်ပြီးတဲ့နောက် ရည်မှန်းချက်ကြီးကြီးဖြင့် အော်ဟစ်ကာ လူကြီးတွေရဲ့ လက်ကိုတောင် တွန်းဖယ်လိုက်ပါသေးသည်။
- မားမား ပါးပါးရဲ့ အကူအညီတွေ မလိုပါဘူးနော်...
- ဒီပေါင်ပေါင်းလေး လမ်းလျှောက်တာကို မနှောင့်နှေးစေပါနဲ့လို့...
ကောင်းပါပြီ... ကောင်းပါပြီ...
ကလေးနှစ်ယောက်ဟာ လမ်းလျှောက်ဖို့ စိတ်အားထက်သန်နေလေ၏။
ညီအစ်ကိုနှစ်ဦးသားက ဘဲလေးတွေလိုမျိုး လိမ်ဖယ်လိမ်ဖယ် လမ်းလျှောက်နေကြလျက်။ ဖက်ထုပ်လေးက သူ လဲကျသွားတဲ့အခါ သူ့အစ်ကိုကိုပါ တခါထဲ ဆွဲခေါ်လိုက်ပါသေးတယ်။
လဲကျသွားတယ်ဆိုရင်တောင် ငါက အရမ်းသန်မာနေပါသေးတယ်နော်... လဲကျလို့လည်း မငိုပါဘူးနော်... ပြန်ထပြီး ဆက်ပြေးမှာပဲ...
နောက်ပိုင်းတွင် ချင်းရို့က အလုပ်မှ အိမ်ပြန်ရောက်တဲ့အခါ ကလေးနှစ်ယောက်က သူမဆီ ပြေးလာကာ "မားမား မားမား..." လို့ခေါ်သံကို ကြားရပေမည်။
စူပါကပ်စေးလေးတွေပဲကွယ်...
ချင်းရို့က ဘေဘီလေးနှစ်ယောက်ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်ပြီး
"မင်းတို့လေးတွေက တကယ့်ကို ဒုံးပျံလောင်ချာနှစ်ခုပဲနော်"
သူတို့အမေ့ကို တွေ့တာနဲ့ ကျည်ဆန်သေးသေးလေးလို ပြေးဝင်လာလိုက်တာများ...
ကံကောင်းလို့ပေါ့... အခုအချိန်မှာ ဘေဘီလေးတွေက သိပ်မကြီးကြသေးလို့လေ။ သူတို့ ပိုကြီးလာရင်တော့ ဒီအမေကို လဲကျစေလိမ့်မှာပဲ...
ချင်းရို့လည်း ကလေးတွေရဲ့ ပါးဖောင်းဖောင်းလေးတွေကို တစ်ယောက်ချင်းစီ အနမ်းပေးနေရင်း အပြုံးလေးနှင့် ပြောလိုက်၏။
"ဒါက မားမားချစ်တဲ့ ကျိုးကျိုးလေး၊ ဒါကတော့ မားမားချစ်တဲ့ ဖက်ထုပ်လေး"
"မားမားက ကျိုးကျိုးနဲ့ ဖက်ထုပ်လေးကို ချစ်တယ်နော်"
"ကျိုးကျိုးလည်း မားမားကိုချစ်"
"ဖက်ထုပ်လေးလည်း မားမားကိုချစ်"
အချစ်တွေကို နေ့တိုင်းဖော်ပြကြမယ်...
ကလေးလေးနှစ်ယောက်က သူမရဲ့ ခြေသလုံးတွေကို ပွေ့ဖက်ထားကာ ကြောင်ငယ်လေးတွေလိုမျိုး တွယ်ကပ်နေကြရင်း သူမခြေထောက်ကို ပွတ်သပ်နေကြ၏။
ဒါဟာ အရမ်းကိုတွယ်ကပ်လွန်းတဲ့အချိန်လေးပဲ...