အခန်း (၁၅၂)
Vol. 13 Ch. 152
ချင်းရို့က စာအုပ်ကို လှန်လှောကြည့်လိုက်ပြီး အလွန်နှစ်ခြိုက်နေလေပြီ။ မစ္စတာချန်ရဲ့ အရေးအသားစတိုင်ကလည်း ကလေးဆန်ပြီး နွေးထွေးမှုရှိပေသည်။
"ဒီလို နွေးထွေးပြီး ရိုးရှင်းလှတဲ့ ဇာတ်လမ်းလေးတွေကို ရေးဆွဲရတာ အရမ်းပျော်ဖို့ကောင်းတာပဲ" မစ္စတာချန် ဆိုခဲ့သည်။
"မင်းရဲ့ ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးတို့ သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်ကွာ"
အနှီရုပ်ပြစာအုပ်မှာ တကယ့်ကို လက်ရာမြောက်လှသဖြင့် ချင်းရို့လည်း ကျောင်းအုပ်ဝူမင်ကို မပြကြည့်ဘဲ မနေနိုင်တော့ပေ။
မူကြိုကျောင်းအုပ်ဝူမင်က ဒါကိုမြင်တဲ့အခါ အရမ်းသဘောကျသွားခဲ့၍
"ငါတို့ ဘာလို့ ဒီစာအုပ်ကို မထုတ်ဝေရတာလဲ? ငါတို့မူကြိုကလည်း က အုပ်ရေရာနဲ့ချီပြီး မှာယူလို့ရတယ်။ ဒါတွေက ကလေးတွေဖတ်ဖို့ သင့်တော်တယ်လေ"
"ကလေးတွေ သဘောကျလိမ့်မယ်"
ချင်းရို့လည်း ဒါကိုကြားတဲ့အခါ စိတ်ဝင်တစားဖြစ်လာလေ၏။ ကလေးတွေရဲ့ ရုပ်ပြစာအုပ်မှာ ဘာအမှားအယွင်းမှမရှိသလို ထုတ်ဝေရန်လည်း သင့်တော်ပေသည်။ မရောင်းနိုင်ရင်တောင် ကိစ္စမရှိပါချေ။ သူတို့ကိုယ်ပိုင်စရိတ်ဖြင့် ထုတ်ဝေနိုင်ပါသည်။
မိသားစုဝင်အားလုံးကလည်း ထိုအကြောင်းကို တွေးကြည့်လိုက်ကြကာ ငြင်းခုံခြင်းတွေ ရှောင်ရှားစေဖို့ လူတိုင်းကို တစ်အုပ်စီ ဖြန့်ဝေပေးမည်ဖြစ်သည်။
ချင်းရို့က ကွမ်ချန်မှာရှိတဲ့ ထုတ်ဝေရေးဌာနကို သူမကိုယ်တိုင် ဆက်သွယ်ခဲ့ပေမယ့် သူတို့က ပထမတော့ ထုတ်ဝေဖို့ကို သဘောမတူခဲ့ကြသဖြင့် ကျောင်းအုပ်ဝူက ညှိနှိုင်းရာမှာ ကူညီပေးခဲ့သည်။
ချင်းရို့က သူမကိုယ်ပိုင်စရိတ်ဖြင့် အုပ်ရေရာကျော်အနည်းငယ် ထုတ်ဝေမယ်လို့ ပြောခဲ့ပေမယ့် ထုတ်ဝေသူက ရုတ်ချည်း လေသံပြောင်းပစ်လိုက်ကာ ဒီနေရာမှာ ပုံနှိပ်တိုက်တစ်ခုက ထုတ်ဝေပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကိုယ်ပိုင်ရန်ပုံငွေဖြင့် ထုတ်ဝေခြင်းမှာ အခြေခံအားဖြင့် အမှတ်တရအဖြစ် စာအုပ်တစ်အုပ် ထုတ်ဝေရန်အတွက် ငွေဆုံးရှုံးမည်ဖြစ်ပြီး အများစုကတော့ ထိုအတိုင်းပင်။
ပုံနှိပ်တိုက်မှ ထုတ်ဝေမယ်ဆိုရင်တော့ တစ်နိုင်ငံလုံးဖြန့်ဖြူးမည်ဖြစ်သလို ရှင်းဟွာစာအုပ်ဆိုင်တွေမှာ တင်ထားမည်ဖြစ်ပြီး စာရေးသူကလည်း တိကျတဲ့ဝင်ငွေတစ်ခုကို ရရှိနိုင်လေ၏။
ယခုအချိန်တွင် အနောက်အရပ်သို့ခရီးသွားခြင်း (Journey to the West) ကဲ့သို့သော စာအုပ်တွေ ထွက်ရှိနေပြီဖြစ်သလို ပုံနှိပ်တိုက်ကလည်း အနောက်အရပ်သို့ခရီးသွားခြင်း၊ ကောင်းကင်ဘုံပျက်စီးခြင်း (Havoc in Heaven)တို့နှင့် စပ်လျဥ်း၍ ကာတွန်းအတွဲများစွာ ထုတ်ဝေနေကြပြီဖြစ်ရာ သူတို့က ဒီလိုကလေးရုပ်ပြစာအုပ်တွေကို သိပ်မကြိုက်ကြပေ။ ရိုးရှင်းလွန်းပြီး အဓိပ္ပါယ်ကြီးကြီးမားမားမရှိဘူးလို့ ထင်မြင်နေခြင်းကြောင့်သာ။
ပုံနှိပ်တိုက်ရှိလူတွေက ထုတ်ဝေသင့် မဝေသင့်ကြောင်း ငြင်းခုံနေကြဆဲ။
"ဒီလိုရိုးရှင်းတဲ့ ရုပ်ပုံတွေက အတော်လေးကို နွေးထွေးကြည်နူးစရာကောင်းပြီး လှပတယ်ဆိုပေမဲ့ အဓိကအချက်ကတော့ ဘာအကြောင်းအရာမှမရှိတာပဲ။ ကလေးတွေကြိုက်ပါ့မလား"
"ကောင်းကင်ဘုံပျက်စီးခြင်းကို ဖတ်ရှုသူတွေက ဒီလိုရိုးရှင်းတဲ့ရုပ်ပြမျိုးကို ကြိုက်ကြမှာမဟုတ်ဘူး"
"စကားလုံးတွေ မသိကြသေးတဲ့ နှစ်နှစ် သုံးနှစ်သားတွေကို ဒါလေးတွေပြလို့ရတယ်လေ"
"ကလေးတွေက ပိုစိတ်ဝင်စားစရာကောင်းတဲ့ ရုပ်ပြစီးရီးတွေကို ဖတ်ချင်ကြတုန်းပဲ..."
…
အလွန်အငြင်းပွားဖွယ်ကောင်းသော်ငြား ပထမအကြိမ်တွင် အုပ်ရေတစ်ထောင် ရိုက်နှိပ်ထုတ်ဝေလိုက်ဆဲပင်။
ချင်းရို့က သူမနှင့်အတူ "ငါးမန်းဘေဘီလေး"ရုပ်ပြကို ယူသွားခဲ့ပြီး ကိုယ်ပိုင်စရိတ်ဖြင့် ကော်ပီရာချီ ရိုက်နှိပ်ခဲ့ကာ သူမရဲ့ စုဆောင်းမှုအတွက် သိမ်းဆည်းထားမည်ပင်။ သူတို့က ဒါတွေကိုပါ အတူတူရိုက်နှိပ်လို့ရတယ်လို့ ဆိုခဲ့ကြသည်။
မကြာခင်မှာ နမူနာရရှိလာပါလိမ့်မယ်...
ငါးမန်းဘေဘီလေးနှစ်ကောင်ရဲ့ မွေးနေ့အတွက် ရုပ်ပြစာအုပ်လေး...
"သင်္ဘောလာနေပြီ... သင်္ဘောလာနေပြီ!!!"
ကလေးပိစိနှစ်ယောက်မှာ ဆိပ်ကမ်း၌ သင်္ဘောကြီးတစ်စင်း ဆိုက်ကပ်လာတာကို ကြည့်ရှုနေကြ၏။ အဖြူရောင်ဝတ်စုံဖြင့် လူတစ်စုကြီးဟာ သင်္ဘောပေါ်မှ ဆင်းလာကြရာ ကလေးနှစ်ယောက်ကလည်း သူတို့အဖေကိုရှာဖို့ ကြိုးစားနေရင်း သူတို့အမေဘေးတွင် ကပ်တွယ်နေကြလေ၏။
"ပါးပါး ဘယ်မှာလဲ? ပါးပါး ဘယ်မှာလဲ"
"ငါးမန်းကြီး..."
ငါးမန်းဘေဘီလေးတွေကလည်း ပင်လယ်မှ ပြန်ကူးလာတဲ့ ငါးမန်းအဖေကြီးကို တွေ့ချင်နေကြလေပြီ။
အမြင်စူးရှတဲ့ မေမေချင်းရို့က ငါးမန်းအဖေကြီးကို ပထမဆုံးတွေ့မြင်ခဲ့ကာ ထိုနေရာသို့ လက်ဝှေ့ယမ်းနှုတ်ဆက်လိုက်သည်။
ချင်းရို့က ဂနာမငြိမ်ဖြစ်နေကြတဲ့ ငါးမန်းဘေဘီလေးနှစ်ကောင်ကို ဆွဲထားကာ သူတို့လေးတွေရဲ့ အဖေရောက်လာမယ့်အချိန်ကို စောင့်ဆိုင်းနေလေ၏။
"လုယန်...."
သူမစကားမဆုံးခင်မှာပင် အပွေ့ဖက်ခံလိုက်ရ၏။ ချင်းရို့သည်လည်း သူမရှေ့မှထိုလူကို ပျော်ရွှင်စွာ ပွေ့ဖက်ထားလေရာ ကမ္ဘာကြီးပေါ်တွင် သူတို့နှစ်ဦးသာ ကျန်ရှိနေသည့်အလား။
လုယန်က သူ့ဇနီးလေးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားသည်။ ဒီအချိန်မှာတော့ သူ ရှက်ရွံ့မနေတော့ပေ။ သူ့ဇနီးလေးကို သူ့ရင်ခွင်ထဲမှာ ပွေ့ဖက်ထားရတယ်လို့တောင် အမြဲအိပ်မက်မက်နေခဲ့ရတာလေ။
စုံတွဲနှစ်ယောက် တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားကြသည်မှာ ခွဲခွာလို့ပင်မရနိုင်ပေ။
အချိန်အတော်ကြာကြာ ဝေးကွာခဲ့ရပြီးနောက် ပြန်လည်ဆုံစည်းရသည်မို့ သူတို့နှလုံးသားထဲမှာ စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေပေသည်။
အမေ့ခံလေး ငါးမန်းဘေဘီလေးနှစ်ကောင်ကတော့ သူတို့မိဘတွေကို ကြည့်ရန်အတွက် သူတို့ခေါင်းသေးသေးလေးတွေကို မော့လိုက်ကြ၏။
အနီးနားရှိ ဦးလေးတွေနှင့် အဒေါ်တွေကလည်း ပြန်လည်ဆုံဆည်းခြင်းတွင် နစ်မျောနေကြကာ ကလေးနှစ်ယောက်ကို မည်သူမျှ ဂရုမစိုက်ကြတော့ပေ။
ငါးမန်းဘေဘီအကြီးလေး: "…"
ငါးမန်းဘေဘီအငယ်လေး: "…"
ဘာတွေဖြစ်နေကြတာလဲ?
မေမေက ဖေဖေ့ကို ပွေ့ဖက်ထားကတည်းက သူတို့လည်း ဖေဖေ့ပေါင်ကို ပွေ့ဖက်ထားရုံမှတပါး ရွေးချယ်စရာမရှိတော့။
မိသားစုတွင် လူလေးယောက်ရှိပြီး လုယန်က သူ့ဇနီးလေးကို ပွေ့ဖက်ထားကာ ပိစိလေးနှစ်ယောက်က အနောက်နေ သူ့ခြေထောက်ကို ဘယ်တစ်ယောက် ညာတစ်ယောက် ပွေ့ဖက်ထားကြလေ၏။
"ပါးပါး ပါးပါး..."
"ပါးပါး..."
တစ်ဖက်မှ စစ်ဆရာဝန်ကျိုးက ဒီမြင်ကွင်းကို မနာလိုစွာ ကြည့်ရှုနေရင်း သူ့မိန်းမကို ပြောလိုက်၏။
"ငါပြန်လာတော့ ငါ့သားက ဘာလို့ တခြားတယောက်ကို ပါးပါးလို့ ခေါ်လုနီးပါးဖြစ်သွားရတာလဲ? သူ့သားနှစ်ယောက်ကတော့ သူ့ခြေထောက်ကို ပွေ့ဖက်ပြီး ပါးပါးလို့ ခေါ်နေကြတယ်..."
"အဲဒါက အရာရှိလုရဲ့ မျက်နှာကြောင့်ပဲပေါ့။ သူ့သားတွေက မှတ်မိကြတယ်လေ"
"ငါ့သား မမှတ်မိလောက်တဲ့အထိ ငါက အရမ်းရုပ်ဆိုးနေလို့လားကွာ... သူက ငါ့ကို လောင်ကျန်းပါးပါးလို့တောင် ခေါ်လိုက်သေးတယ်"
"ကျွန်မလည်း မထင်ထားမိပါဘူး။ လောင်ကျိုးရေ ရှင်က ရှင့်ကိုယ်ရှင်တော့ သိသေးတာပဲနော်"
ကပ္ပတိန် ချန်ဖန်ဖေးက ဤမြင်ကွင်းကို ကြည့်ပြီး မျက်ခုံးတွန့်သွားလေ၏။
ဒီပုံစံက ရင်းနှီးနေပုံရတယ်နော်... မဟုတ်ဘူး... အရမ်းကို ရင်းနှီးနေတယ်ကွာ...
ကလေးပေါက်စနှစ်ယောက်ပိုလာသော်ငြား သူတို့နှစ်ဦးကတော့ ယခင်နှစ်တွေကနှင့် အတူတူဖြစ်နေဆဲ။ သူက သူ့မိန်းမကို ပြောလိုက်၏။
"... မင်း အဲဒီကြင်စဦးမောင်နှံကို ကြည့်လိုက်ဦး"
သူ့မိန်းမက သူမလက်ကို မြှောက်၍ သူ့နဖူးအား စမ်းသပ်လိုက်ကာ
"ရှင့်ခေါင်းကို မီးလောင်သွားတာဖြစ်ရမယ် ဟုတ်တယ်ဟုတ်? ရှောင်လု အိမ်ထောင်ပြုပြီးတာဖြင့် နှစ်အတော်ကြာသွားပြီလေ"
"အေးလေ ငါပြောချင်တာလည်း အဲ့ဒါပဲ။ သူတို့လက်ထပ်ခဲ့တာ နှစ်အနည်းငယ်ရှိပြီလေ၊ ဘာလို့ ဒီလောက်ထိ စေးကပ်နေသေးတာလဲ?"
တစ်ဦးနှင့်တစ်ဦး အချိန်အတော်ကြာ ပွေ့ဖက်ပြီးနောက် တာဝန်မဲ့နေတဲ့ ငါးမန်းမိဘနှစ်ပါးက နောက်ဆုံးမှာတော့ လွှတ်လိုက်ကြလေပြီ။
လုယန်က ဦးထုပ်ကိုချွတ်ကာ ကလေးတစ်ယောက်ရဲ့ ခေါင်းပေါ် ဆောင်းပေးလိုက်ပြီး ကလေးနှစ်ယောက်လုံးကို ကောက်ချီလိုက်လေ၏။
ချင်းရို့က သူ့ဘေးမှာ တိုးဝှေ့ပူးကပ်ထားကာ မိသားစုလေးယောက်သား ရယ်ရယ်မောမော စကားပြောဆိုကြရင်း အတူတူ အိမ်ပြန်သွားကြလေပြီ။
မိသားစုတွင် ကလေးနှစ်ယောက်ရှိတော့ တရားမျှတမှုရှိ၏၊ မရှိ၏ကို ပူပန်စရာမလိုပေ။
သို့သော် ဖက်ထုပ်လေးမှာ သူ့ပါးပါးက သူ့ကောကော ခေါင်းပေါ် ကို ဦးထုပ်ဆောင်းပေးလိုက်တာကို ကြည့်ပြီး မကျေမနပ်ဖြစ်နေလေရဲ့။
သူက လက်သေးသေးလေးကို လှမ်းကာ ပြောလိုက်သည်။
"သားလည်း ဦးထုပ်လိုချင်တယ်၊ သားလည်း ဦးထုပ်လိုချင်တယ်..."
ကျိုးကျိုးက သူ့ခေါင်းပေါ်ရှိ တောက်ပနေတဲ့ ကြယ်နီဦးထုပ်ကို ကိုင်ထားလိုက်၏။
ဖက်ထုပ်လေး: "! ! !"
သူ အရမ်းစိတ်ဆိုးနေပြီနော်။ သူ့ကောကောမှာ ညီအစ်ကိုအချစ်တွေ လုံးဝမရှိဘူးပဲ...
"ကောင်းပြီ၊ ကောကောက ခဏဝတ်ပြီးရင် တိတိကို ခဏပေးဝတ်လိုက်နော်"
"လိမ္မာတယ်နော်၊ အိမ်ပြန်ကြရအောင်"
ဖက်ထုပ်လေးမှာ ဦးထုပ်တစ်လုံးနှင့် မဖြေသိမ့်နိုင်တော့ဘူးလို့ ခံစားရကာ
"သား ပါးပါးရဲ့ အဝတ်အစားတွေ လိုချင်တယ်!!"
"သားရောပဲ!"
ဖက်ထုပ်လေးမှာ ဦးထုပ်တစ်လုံးနှင့် မဖြေသိမ့်နိုင်တော့ဘူးလို့ ခံစားရကာ "သား ပါးပါးရဲ့ အဝတ်အစားတွေ လိုချင်တယ်!!"
"သားရောပဲ!"
လုယန်: "မင်း ကလေးတွေကို ဘယ်လို သင်ပေးထားတာလဲကွာ?"
သူတို့လေးတွေက ပါးပါးကို ဆွဲဖြဲပစ်ချင်နေပုံပဲနော်...
ချင်းရို့: "…"
သူ ဘယ်လိုလုပ်ပြီးသိမှာတုန်းလို့?
"ရှင်သင်ပေးလိုက်ပေါ့"
ရှင်လုပ်နိုင်ရင် လုပ်လိုက်စမ်းပါ...
ကလေးတွေရဲ့ ဖေဖေပြန်လာပြီးနောက် ကလေးနှစ်ယောက်မှာ သူတို့ဖေဖေ့ရဲ့ ခြေထောက်ပေါ် မှာ ကပ်တွယ်နေကြပြီး ပါးပါး ပါးပါး လို့ ဆက်တိုက် ခေါ်နေကြသည်မှာ သူ့ကိုသာ အချစ်ဆုံးဖြစ်တယ်လို့တောင် ထင်ရလေ၏။ ပြန်လာခါစဖြစ်လို့ ဒီနှစ်ရက်မှာ ကပ်တွယ်နေသလားတော့ သူလည်းမသိပေ။
ပါးပါးနဲ့ နေရတာ အရမ်းကောင်းတာပဲနော်...