← Chapters

အခန်း (၁၅၄)

Vol. 13 Ch. 154

အခန်း (၁၅၄)

Vol. 13 Ch. 154

ချင်းရို့: "..." ငါက ဒီမှာ မင်းတို့နဲ့ နေပေးရုံပဲလေ။ ငါတော့ အိပ်ချင်နေပြီဟဲ့။ အရင်တုန်းက မူကြိုက ကလေးတွေတောင် ဒီလောက်စိတ်တိုစရာမကောင်းကြဘူးနော်။

ယင်ကောင်ဆိုတာ အစုံလိုက်ရောက်လာတာပဲ။

ချော့သိပ်ရင်း ချော့သိပ်ရင်း သူမပဲ အရင်ဆုံးအိပ်ပျော်သွားတယ်။

ညီအစ်ကိုနှစ်ယောာက်က သူတို့မားမား အိပ်ပျော်သွားတာကို မြင်တော့ ဒေါသထွက်ကြပါလေရော။ ဘာလို့လဲဆိုတော့ သူတို့မားမားက သူတို့ထက် အရင်အိပ်ပျော်သွားလို့ဆိုပဲ။

ချင်းရို့လည်း အလွန်ထူးဆန်းသော အရာတစ်ခုကို တွေ့ရှိခဲ့သည်။ ဥပမာပြောရရင် ကလေးကို ချော့သိပ်နေချိန်မှာဆို သူမ အရမ်းကို အိပ်ငိုက်လာတယ်။

ဒါပေမယ့် ကလေးတွေ အိပ်ပျော်သွားရင်တော့...

- သူမနိုးသွားပြီ ! ! ! !

လုယန် အိမ်ပြန်ရောက်ပြီး နှစ်ရက်သုံးရက်ကြာတဲ့အခါ ဒီညီအစ်ကိုနှစ်ယောက်ရဲ့ ပြောင်းလဲလာတဲ့ အခြေအနေတွေကို လက်ခံခဲ့ချေပြီ။ သူ့သားတွေရဲ့ ချိုမြိန်တဲ့ စကားလုံးတွေနဲ့ အပွေ့အဖက်တွေကို ရင်ဆိုင်ရတဲ့အခါ သူလည်း ပိုပိုပြီးစဥ်းစားဆင်ခြင်တတ်လာတယ်။

"ပါးပါး ပါးပါး... သား ဒါလိုချင်တယ်၊ သား ဒါလေး လိုချင်တယ်..."

"ပါးပါး..."

တဝီဝီမြည်နေတဲ့ ယင်ကောင်လေးတွေအလား...

အများကြီးတော့ ပြောစရာမရှိပါဘူး...

ကလေးတွေမရှိတဲ့ ဘဝလေးကို လွမ်းရုံလေးပါပဲကွာ...

ကလေးနှစ်ယောက် မိခင်ဝမ်းထဲမှာရှိတုန်းအချိန်တွေဆို အပျော်ရွှင်ရဆုံးအချိန်တွေပါပဲ။

အခု သူ့မိသားစုမှာ တခြားအရာတွေ အများကြီးမရှိပေမယ့် ကွန်ဒုံးတွေကိုတော့ အကောင်းဆုံးပြင်ဆင်ထားတယ်လေ။

ကလေးတွေနဲ့ အချိန်ဖြုန်းပေးပြီးနောက် အရာရှိလု အခန်းထဲ ပြန်ရောက်သည်နှင့် သူ့ဇနီးလေးကို ပွေ့ဖက်ကာ ချုပ်နှောင်ထားပါတော့သည်။

ချင်းရို့က သူ့ကို အားပေးကာဖြင့် "သဘောထားကြီးစမ်းပါ.. ကလေးတွေ မြင်းစီးကြတာ ဘာဖြစ်လို့လဲ? အများဆုံးမှ ကလေးတွေဆီက ရှုးပန်းခံရရုံလေးပဲကို၊ ရှင် ဘာတွေကြောက်နေတာလဲနော်"

လုယန်: "... အဲဒါ ကလေးတွေ ကိုယ့်ခေါင်းပေါ်မှာ မြင်းစီးနေတဲ့အချိန် မင်းပဲ သူတို့ကို အုန်းရည်တိုက်လိုက်တာကြောင့်လေကွာ"

"ကျွန်မကို အပြစ်မတင်ပါနဲ့နော်။ ကလေးတွေက ရှုးရှုးပန်းတဲ့နေရာမှာ အရမ်းတော်နေတယ်ဆိုတာ သိသာနေတာပဲကို"

လုယန် ကလေးနှစ်ယောက်နှင့် ခြံဝင်းထဲက မြက်ခင်းငယ်လေးမှာ ကစားနေကြစဥ် ချင်းရို့က သက်ကယ်ထီးအောက်တွင် ထိုင်ကာ သူမရှေ့ရှိ ကလေးတွေကို ကြည့်ရှုနေရင်း နို့လက်ဖက်ရည်တစ်ခွက်သောက်နေခဲ့သည်။

သူမလက်ပေါ် မေးတင်ထားရင်း သူမရဲ့ လက်ဖက်ရည်ထိုင်သောက်ရတဲ့နေ့ရက်တွေဟာ နောက်ဆုံးမှာတော့ ပြန်ရလာပြီပဲလို့ တွေးနေမိလျက်။

ယနေ့​မှာ အလွန်သာယာလှပလေသည်။ ကလေးတွေရဲ့ အဖေက ကလေးလေးတွေကို ဂရုစိုက်ပေးနေတာကို မြင်ရတဲ့အခါ အချုပ်အနှောင်ကင်းတဲ့ဧရိယာရှိ ကောင်းကင်ကြီးကို မြင်လိုက်ရသည့်နှယ်။

ကောင်းကင်ကြီးမှာ ရိုးစင်းစွာ ပြာလဲ့နေသလို တိမ်တွေကလည်း ဖွေးဖွေးဆွတ်ဖြူနေလျက်၊ ပင်လယ်လေညင်းကလည်း တကယ့်ကို သက်တောင့်သက်သာရှိလှသည်ပင်။

အကယ်၍ ကလေးတွေ နည်းနည်းပိုကြီးလာမယ်ဆိုရင် ပိုကောင်းမှာပဲနော်။

ဟွမ်ရှင်းရင်သည် ဘေးအိမ်မှ ရှောင်ချာကျင်းက ဒုတိယထပ်တွင် လက်ဖက်ရည်သောက်နေပြန်တာကို တွေ့လိုက်ရပြီး ကြေကွဲသွားရ၏။

သို့သော် ဘေးအိမ်က အမြွှာနှစ်ယောက်ကို သူမတွေ့လိုက်ရတော့ နာကျင်နေတဲ့ နှလုံးသားမှာ ရုတ်ချည်း အနည်းငယ် သက်သာသွားခဲ့ချေပြီ။

သူတို့ရဲ့ သားလေး သွင်းသွင်းလည်း အသက်တစ်နှစ်လောက်ရှိနေပြီဖြစ်၍ လောင်ကျန်းနှင့် သူ့မိန်းမတို့လည်း ကလေးထိန်းရတာ ခေါင်းကိုက်ရကာ သူတို့ ဘာကြောင့်များ ဒီလိုမျိုးထောင်ချောက်ကို နင်းမိသွားရသလဲဆိုတာကို အမှန်ပင် မတွေးတတ်တော့ပါချေ။

နောက်ဆုံးတွင်မူ ယခု သူတို့ရဲ့ သားကြီးက အနည်းငယ် ပိုသိတတ်လာပေမယ့် ဒီကျိုးကြောင်းဆီလျော်ခြင်းမရှိတဲ့ ကလေးတစ်ယောက် ထပ်ရောက်လာပြန်ပြီလေ...

ဘေးအိမ်က ကောင်လေးနှစ်ယောက်က တစ်ကြိမ်တည်း အတူတူရောက်လာတာကြောင့် သူတို့က နှစ်ဆပိုခံစားရမှာပဲနော်...

ဒီကလေးငယ်လေးဟာ ညဘက်တွေမှာ ငိုယိုဆူညံနေပြီး လူတွေကို အိပ်လို့မရအောင် ပြဿနာရှာတတ်တာကြောင့် သူမ သူ့ကို ပြန်ထည့်ပစ်လိုက်ချင်လှပါပြီ။

သမီးလေးထပ်ယူဖို့ မူလက တွေးထားတဲ့ ကျန်းစုံတွဲကတော့ ကလေးနောက်တစ်ယောက် ထပ်မလိုချင်တော့ပါပေ။

ကျန်းချန်ပေ့: "..."

"ကောင်းပြီ လောင်လျိုနဲ့အတူတူ အဖေဖြစ်ရတာ ကောင်းတဲ့အရာပါပဲ"

လောင်ကျန်းသည် ဒါဟာ ကျေနပ်စရာလား ဒါမှမဟုတ် သနားစရာကောင်းတာလားဆိုတာတော့ သူလည်း မသိတော့ပေ။ ဘာပဲဖြစ်ဖြစ် အတူတူ ကံဆိုးကြတာပဲလေ...

နိုင်ငံရေးအရာရှိလျိုရဲ့ သမီး ထျောင့်ထျောင့်ဟာ တကယ့်ကို နာမည်အတိုင်းပါပဲ။ အကြောင်းကတော့ အဲဒီကလေးမလေးက အမှန်တကယ် ခုန်ပေါက်နေရတာကို နှစ်ခြိုက်ပြီးတော့ တက်ကြွလွန်းလေရဲ့။

သူမလေးဟာ တွားသွားတာ၊ လမ်းလျှောက်တာ၊ သို့မဟုတ် စကားပြောတာတွေကို သင်ယူရာမှာ မြန်ဆန်လှသလို ငယ်ငယ်လေးနဲ့ ကြက်တူရွေးစကားပြောနည်းကိုတောင် သင်ယူနိုင်ခဲ့သည်။

ကလေးမလေးက စကားမပြောတတ်သေးရင်တောင်မှ သူမလေးရဲ့ စူးရှကျယ်လောင်လှတဲ့ အသံဖြင့် အော်ဟစ်လိုက်ပါက လောင်လျိုတို့ တစ်အိမ်လုံး စိတ်သောကရောက်စေသည်ပင်။

အခုဆို လောင်လျိုက သူ့သမီးအကြောင်းကို သူ့အရှေ့မှာ မကြွားရဲတော့ပေ။ သူနှင့် မေမေဟွားဟွားတို့လည်း ဒီကလေးမလေးကို ပြန်ထည့်ပစ်ချင်တယ်လို့ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် တွေးနေလိမ့်မယ်လို့ သူ ခန့်မှန်းမိပေသည်။

အရမ်းခုန်ပေါက်နေလိုက်တာ...

- ဟုတ်ပြီကွ!

လောင်ကျန်းသည် တခြားမိသားစုရဲ့ ခုန်ပေါက်တက်ကြွလွန်းတဲ့ သမီးလေးကို မြင်လိုက်ရတဲ့အခါ သူ့စိတ်ထဲမှာ မျှခြေဖြစ်သွားချေပြီ။ ငါ့မှာ သမီးလေးမရှိပေမယ့် အနည်းဆုံးတော့ ငါ့သားက ဒီလောက်ခုန်ပေါက်မနေဘူးလေ။

တခါတရံတွင် လောင်လျိုက လောင်ကျန်းအား တိတ်တဆိတ်ပြောပြလာခဲ့သည်မှာ

"မင်းပြောကြည့်၊ ငါ့သမီးရဲ့ နာမည်ပြောင်ကို ပြောင်းလိုက်သင့်လား?"

ဥပမာပြောရရင်တော့ ဖင်းဖင်း ဒါမှမဟုတ် တစ်ခြားတစ်ခုခုပေါ့။

ထိုအချိန်တွင် လောင်ကျန်း သူ့ကိုအေးအေးဆေးဆေး ဖျောင်းဖျကာ

"ထျောင့်ထျောင့်လည်း ကောင်းပါတယ်ကွာ။ ပိုတက်ကြွတဲ့ ကလေးတွေက ပိုထက်မြက်တယ်လေ။ ထျောင့်ထျောင့်လေးက အရမ်းတက်ကြွနေတာဆိုတော့ ကျန်းမာရေး ဘယ်လောက်ကောင်းလဲ ကြည့်လိုက်။ ငါတို့က မိဘတွေအနေနဲ့ ကိုယ့်ကလေးတွေကို ကျန်းမာစေချင်ကြတယ်မလား"

"ငါ့သားနာမည်က သွင်းသွင်းလေ။ ဒီနာမည်က တုံးတိဖြစ်လွန်းနေပြီးတော့ တက်ကြွမနေဘူးလို့ ငါ တွေးနေမိတာ"

"သူ အရင်က နေမကောင်းဖြစ်သေးတယ်။ ကလေးငယ်လေးတွေ ဖျားနာရင် ဘယ်လောက်တောင် ဒုက္ခများသလဲဆိုတာကွာ၊ တစ်မိသားစုလုံး သောကရောက်ရတာ။ မင်းရဲ့ထျောင့်ထျောင့်လေးက အရင်က အဲလိုနေမကောင်းမဖြစ်ဖူးဘူး မဟုတ်လား? ဒီနာမည်က ပိုကောင်းပါတယ်ကွာ"

လောင်လျို: "…"

လောင်ကျန်းပြောတာ မှန်သားပဲ... ထျောင့်ထျောင့်... တက်ကြွတဲ့ထျောင့်ထျောင့်လေး...

ဒါ​ပေမယ့်​ အရမ်းခုန်​ပေါက်လွန်း​နေတာတော့ သိပ်မကောင်းဘူးလေ။ မိန်းက​လေး​တစ်ယောက်က ဘယ်​လို​လုပ်ပြီး ဒီလောက်ကြမ်းတမ်းနေရတာလဲ?

"သူမလေး ငယ်ငယ်ကတည်းက တက်တက်ကြွကြွရှိလွန်းတော့ သူမကြီးပြင်းလာလို့ ဒီအတိုင်းပဲဆိုရင်တော့..."

"ထျောင့်ထျောင့်ရဲ့ အနာဂတ်ခင်ပွန်းရဲ့ မိသားစုအတွက် ငါ နည်းနည်းလေး အားနာသင့်လား?"

ကျန်းချန်ပေ့လည်း သူ့ကို ကြင်နာစွာ အကြံပေးလာကာ

"အဆင်ပြေပါတယ်ကွာ။ ကလေးမလေး ပြောင်းလဲလာမှာပါ။ အရမ်းကြီး စိုးရိမ်မနေပါနဲ့။ အဲလိုဆိုရင်တောင်မှ... အေးကွာ အများကြီးသိပ်မတွေးနဲ့တော့။ အနာဂတ်မှာ ပိုဒုက္ခများရမှာက သူမခင်ပွန်းနဲ့ ခင်ပွန်းမိသားစုပဲလေကွာ"

....

ဇူလိုင်လအစတွင် ချင်းရို့က ပုံနှိပ်တိုက်မှ နမူနာရုပ်ပြစာအုပ်နှစ်အုပ်ကို လက်ခံရရှိခဲ့သည့်အပြင် ကလေးတွေရဲ့ ရုပ်ပြစာအုပ်နှင့် ငါးမန်းဘေဘီရုပ်ပြစာအုပ် အုပ်ရေ၃၀ကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။

(XH note: ကလေးတွေရဲ့ ရုပ်ပြစာအုပ်က ချင်းမျန့်ယောက္ခထီး ရေးဆွဲခဲ့တာ၊ ငါးမန်းဘေဘီစာအုပ်က ချင်းရို့ ပုံဆွဲထားတာပါ)

သူမ အနည်းငယ် အံအားသင့်သွားရ၏။ ယခုအချိန်တွင် ကျွန်းနှင့် ပြည်မကြီးကြား သွားလာရေးမှာ သိပ်မကောင်းသေးပေ။ တိုင်ဖွန်းမုန်တိုင်းနှင့် ရာသီဥတုကြောင့် သင်္ဘောသယ်ယူပို့ဆောင်ရေးလည်း အကြိမ်ပေါင်းများစွာ နှောင့်နှေးနေဆဲ။

သူမ နမူနာစာအုပ်တွေကို လက်ခံရရှိချိန်၌ စာအုပ်တွေကို ရှင်းဟွာစာအုပ်တိုက်တွင် တရားဝင်ဖြန့်ချီပြီးနေပြီဖြစ်သည်။

ရောင်းအားက ဘယ်လိုဖြစ်မလဲ မသိရသေးပေ။

ယင်းမှာ အံ့သြစရာကောင်းလှသည်ပင်။

ချင်းရို့ လတ်တလောတော့ စာအုပ်တွေကို ကလေးတွေအား မပြသေးပေ။ သူမက ကျောင်းအုပ်ဝူမင်ကို ပြဖို့အတွက် မူကြိုသို့ စာအုပ်အနည်းငယ်ယူသွားခဲ့သည်။

All Chapters