← Chapters

အခန်း (၁၅၆)

Vol. 13 Ch. 156

အခန်း (၁၅၆)

Vol. 13 Ch. 156

ကွမ်ချန်၊ ရှင်းဟွာစာအုပ်ဆိုင်၌~

ပေ့ရှုးယွင်သည် စားသောက်ကုန်စက်ရုံတစ်ခုမှ ဝန်ထမ်းတစ်ဦးဖြစ်၏။ ယနေ့ သူမ စာအုပ်ဝယ်ဖို့ ရှင်းဟွာစာအုပ်ဆိုင်သို့ ရောက်လာခဲ့ခြင်းပင်။

သူမက အလုပ်နားရက်တွေမှာ ဝတ္ထုနှင့် ရုပ်ပြကာတွန်းတွေ ဖတ်ရတာ နှစ်ခြိုက်လေ၏။ ယနေ့တော့ သူမ လူပိစိလေးရဲ့စာအုပ်တွေလို့ ခေါ်တဲ့ ရုပ်ပြကာတွန်းစာအုပ်ကို ဝယ်ဖို့ ရောက်လာခြင်းပင်။

အရွယ်ရောက်ပြီးသူတွေအနေနှင့် စာအုပ်သေးသေးလေးတွေကို ဖတ်ရတာ သဘောကျကြောင်း အပြင်လူတွေကို ပြောပြရတာ ရှက်မိပေမယ့် ပေ့ရှုးယွင်က ဒီလိုစာအုပ်တွေကိုပဲ နှစ်သက်တဲ့အတွက် လစဉ်လတိုင်း ဆင့်အနည်းငယ်ဖြင့် အမြဲဝယ်လေ့ရှိသည်။

သူမက အစားအစာနှင့် ကုန်ကျစရိတ်ကို ချွေတာနိုင်သော်လည်း စာအုပ်လေးတွေကို မဖတ်ဘဲမနေနိုင်ပါချေ။

ပေ့ရှုးယွင် သူမဝယ်ချင်တဲ့ စာအုပ်လေးကို ရွေးလိုက်ပြီး ငွေရှင်းကောင်တာမှာ ငွေရှင်းခါနီးတွင် တာဝန်ကျစာရေးမက စာအုပ်တစ်အုပ်ကို ဘေးဖယ်လိုက်တာကို တွေ့လိုက်ရ၏။

သူမ သာမန်ကာလျှံကာ ကြည့်လိုက်တော့ ချစ်စရာ "ခေါင်းကြီးကြီးငါးတစ်ကောင်"ကို တွေ့လိုက်ရလေသည်။

"???"

အထဲမှာပါတဲ့ အကြောင်းအရာကလည်း ပန်းချီကားတစ်ချပ်အလား။

စာရေးမက သူမအတွက် ဘေလ်ထုတ်ပေးခဲ့သည်။

"၈ဆင့်ပါတယ်ရှင့်"

ယခုအချိန်တွင် စာအုပ်လေးတစ်အုပ်က ဆင့်အနည်းငယ်ပဲကုန်ကျလေရဲ့။

ပေ့ရှုးယွင် ပိုက်ဆံပေးဖို့ အလျင်စလိုမလုပ်ဘဲ မေးလိုက်သည်။

"ဒီစာအုပ်ကို ဖတ်ကြည့်လို့ရမလား"

"နင် အခု ဒါကိုကြည့်နေတာလား"

"ကြည့်လို့ရတယ်၊ ကြည့်ကြည့်ပါ"

စာရေးမလေးရဲ့ မျက်နှာမှာ အနည်းငယ်နီမြန်းသွားလျက်။ သူမလည်း ဘာကြောင့်ရယ်မသိ ဒီလို"ကလေးစာအုပ်"မျိုးကို ဖတ်ရတာ စွဲလန်းနေမိ၏။

အထဲက ငါးမန်းငယ်လေးဟာ အမှန်တကယ်ပင် ချစ်စရာကောင်းလှသလို အဏ္ဏဝါဆိုင်ရာ ဗဟုသုတများစွာနှင့် စတင်မိတ်ဆက်ထားကာ စိတ်ဝင်စားဖွယ်ရာ အဏ္ဏဝါနေထိုင်မှုဘဝနှင့် ပတ်ဝန်းကျင်အကြောင်း များစွာပါရှိလေ၏။

သူမတို့က ကမ်းရိုးတန်းမှာ နေထိုင်ကြပေမယ့်လည်း သမုဒ္ဓရာအကြောင်းတွေကို အများကြီး မသိကြဘူးလေ။

အကြောင်းကား ဤခေတ်ရှိ လူတွေက ပင်လယ်အနီးနားမှာ မွေးဖွားခဲ့ရင်တောင်မှ သူတို့ရွာထဲက ထွက်ခွာသွားကြဖို့ ခဲယဥ်းကြသည်။ အများစုမှာ ခရိုင်ကိုသာ သွားကြပြီး ပင်လယ်ပြင်ကိုကြည့်ဖို့အတွက်တောင် မသွားကြချေ။

ပင်လယ်နှင့် အနည်းငယ်ဝေးသော ချုံကျိုးကျွန်းရှိ ရွာတွေတောင်မှ သူတို့က ကျွန်းပေါ်တွင်နေထိုင်ကြသော်လည်း အများစုမှာ ငယ်စဉ်ကတည်းက ပင်လယ်ကိုမမြင်ဖူးကြပေ။

ဤခေတ်အခါ၌ လမ်းပန်းဆက်သွယ်ရေး မဖွံ့ဖြိုးသေးဘဲ ယေဘုယျအားဖြင့် ဒေသခံတောင်သူတွေကလည်း ပြောင်းရွှေ့ခြင်းမရှိကြပေ။

ပညာတတ်လူငယ်များ၊ စစ်မှုထမ်းဟောင်းများ၊ အလုပ်သမားများနှင့် တိုင်းပြည်တည်ဆောက်ရေးတွင် တက်ကြွစွာ ပါဝင်သူများ၊ နယ်စပ်ဒေသများနှင့် လူသူကင်းမဲ့တဲ့ဒေသများသို့ ပြောင်းရွှေ့နေထိုင်ကြသူများသာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ပေ့ရှုးယွင်က စာအုပ်ကို ကောက်ကိုင်လိုက်ပြီး စိတ်အလိုအလျောက် ဖွင့်ကြည့်လိုက်တဲ့အခါ ငါးမန်းဝတုတ်လေးကို တွေ့လိုက်ရ၏။

ဒီခေါင်းကြီးကြီးငါးမန်းဝတုတ်လေးဟာ အရမ်းချစ်စရာကောင်းတယ်လို့ သူမထင်ပေသည်။ ဗိုက်သားဖြူဖြူလေးနှင့် မီးခိုးရောင်ခန္ဓာကိုယ်လေး၊ မျက်လုံးသေးသေးလေးတွေနှင့် ငါးမန်းဆူးတောင်တိုတိုသေးသေးလေးတွေဟာ အတော်လေး ချစ်စဖွယ်ကောင်းနေလေ၏...

သူမ ဆက်မဖတ်ဘဲ မနေနိုင်တော့ပေ။ ဇာတ်လမ်းက ရိုးရှင်းပေမယ့် ပန်းချီစတိုင်က တကယ့်ကို ချစ်ဖို့ကောင်းတာကြောင့် လူတွေ မြင်မြင်ချင်းမှာပဲ သဘောတကျဖြစ်သွားရ၏။

"အဟမ်း..."

စာရေးမက ချောင်းဟန့်ကာ သတိပေးလိုက်ရင်း

"ဒါက နှစ်နှစ်ကနေ လေးငါးနှစ်အရွယ် ကလေးတွေအတွက် သင့်တော်တဲ့ အသစ်ရောက်ထားတဲ့ ကလေးစာအုပ်လေးပါရှင့်။ ကျွန်မအိမ်မှာလည်း တူမလေးတစ်ယောက်ရှိတော့လေ ဝယ်သွားဖို့ ကြံရွယ်ပြီးတော့ ဖွင့်ဖတ်ကြည့်လိုက်တာပါ"

ပေ့ရှုးယွင်လည်း အနည်းငယ်ရှက်ရွံ့သွားကာ ချက်ချင်းပဲ ပြောလိုက်၏။

"ငါ့မှာလည်း တူလေးတစ်ယောက်ရှိလို့လေ။ သူဖတ်ဖို့ တစ်အုပ်လောက်ဝယ်ပေးချင်လို့၊ ဒါက ဘယ်မှာရှိလဲ"

"ဟိုဘက်နားမှာပါရှင့်။ အဲဒီစာအုပ်ရဲ့ ဘေးမှာ ကလေးရုပ်ပြစာအုပ်တစ်အုပ်ရှိသေးတယ်။ တစ်ချက်ကြည့်ကြည့်ချင်လားရှင့်"

"ကောင်းပါပြီ"

ပေ့ရှုးယွင် စာအုပ်နှစ်အုပ်ကို တွေ့ရှိခဲ့ပြီး နမူနာစာအုပ်တွေကို လှန်လှောကြည့်ပြီးနောက် နှစ်အုပ်စလုံးဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။

သူ့တူလေးအတွက် တစ်အုပ်နှင့် ငါးမန်းငယ်လေးကိုတော့ သူမအတွက်ပေါ့။ အဲဒီစာအုပ်ကို ရုပ်ပြကာတွန်းအဖြစ်ယူဆလိုက်တာပေါ့လေ...

"ဒီစာအုပ်တွေရှင်းမယ်နော်"

အိမ်ပြန်ရောက်တဲ့အခါ တတိယအစ်ကိုက သုံးနှစ်အရွယ် သူမတူလေးဖြစ်သူနှင့် ရောက်နေတာကို တွေ့လိုက်ရ၏။

များသောအားဖြင့် သူရောက်လာတဲ့အခါတိုင်း ပေ့ရှုးယွင်က သူမရဲ့ စာအုပ်လေးတွေကို ဒီလူဆိုးကောင်လေး ဆွဲလုပြီး ဆုတ်ဖြဲပစ်မှာကို ကြောက်ရွံ့နေရတာကြောင့် ဂရုတစိုက်ထားရှိရ၏။

ဒီအရွယ်ကောင်ငယ်လေးတွေဟာ စာအုပ်တွေကို ဆုတ်ဖြဲရတာ ကြိုက်နှစ်သက်ကြသည်။ သူမရဲ့ စာအုပ်ပေါင်းများစွာမှာ ဒီကောင်စုတ်လေးလက်ထဲမှာ စုတ်ပြဲခဲ့ရပြီးပြီလေ။ အခုတော့ သူမလည်း များစွာအတွေ့အကြုံရှိလာပြီဖြစ်၍ သူမစာအုပ်တွေကို သေချာဝှက်ထားရမှာပေါ့။

"ဒေါ်လေး ပြန်လာပြီလား?!!"

"ဒေါ်လေး စာအုပ်တွေ သွားဝယ်တာလား? သားလည်း ကြည့်ချင်တယ်!! သားလည်းကြည့်ချင်တယ်!!!"

ပေ့ရှုးယွင် စိတ်ဆိုးသွားပေမယ့် ဒီတစ်ခါတော့ သူမ စာအုပ်နှစ်အုပ် ဝယ်လာတာကို သတိရမိသွားကာ သူမတူလေး ပေ့ပေါင်ရှန်းကို ပေးလိုက်၏။

ပေ့ပေါင်ရှန်းက ကလေးတွေရဲ့ ရုပ်ပြစာအုပ်ထဲရှိ အုန်းသီးတွေကို ကိုက်နေတဲ့ ရှဉ့်ငယ်လေးကို ပထမဆုံးတွေ့မြင်လိုက်ရာ "ဝိုး ဝိုး ဝိုး"လို့ မအော်ဟစ်ပဲ မနေနိုင်ခဲ့ပေ။

"ငါး! ငါး! ငါးလည်းရှိတယ်!"

နောက်ပိုင်းတွင် သူမတူလေး ပေ့ပေါင်ရှန်းက ထိုစာအုပ်နှစ်အုပ်လုံးကို အပိုင်သိမ်းသွားခဲ့သဖြင့် ပေ့ရှုးယွင် သက်ပြင်းချကာ နောက်ရက်မှ ထိုစာအုပ်တွေကို ပြန်ဝယ်ဖို့အတွက် ရှင်းဟွာစာအုပ်ဆိုင်သို့ ထပ်သွားရန် ဆုံးဖြတ်လိုက်သည်။

နောက်နေ့ကျတော့ စာအုပ်ဆိုင်ကို သူမ ရောက်ရောက်ချင်းမှာပဲ သူမယောက်မဆီမှ ဖုန်းတစ်ကောရခဲ့ကာ

"မနေ့က ပေါင်ရှန်းပြန်ယူလာခဲ့တဲ့ စာအုပ်တွေကို နင် ဘယ်ကရတာလဲ?"

"ရှင်းဟွာစာအုပ်ဆိုင်ကလေ၊ ဘာဖြစ်လို့လဲ?"

"ဒီနေ့ သူက မူကြိုကို သူ့စာအုပ်တွေ ယူသွားတော့ ကလေးတွေ တော်တော်များများက အပြေးအလွှားလာဖတ်ကြတယ်တဲ့။ သူတို့က သူ့စာအုပ်တွေကို ယူသွားပြီးတော့ အပိုင်းပိုင်းပြဲကုန်ရောပဲဟယ်။ အခု သူ့စာအုပ်တွေအတွက် အိမ်မှာ ငိုယိုသောင်းကျန်းနေပြီလေ"

"နင် ရှင်းဟွာစာအုပ်ဆိုင်မှာ ဝယ်ခဲ့တာလား? ဘယ်လောက်လဲ? ကောင်းပြီ ဒါဆို ငါ ထပ်သွားဝယ်ပေးလိုက်မယ်... တစ်အုပ်ဝယ်ပေးမယ်နော်။ မငိုနဲ့တော့ အဲဒါ စာအုပ်လေးပဲ မဟုတ်ဘူးလား..."

…

ရှင်းဟွာစာအုပ်တိုက်ရှိ စာရေးမက သမ်းဝေနေရင်း လူလတ်ပိုင်းတစ်ယောက် လာမေးမြန်းတာကို တွေ့လိုက်ရ၏။

"မျက်နှာဖုံးမှာ ရှဉ့်လေးတစ်ကောင်ရှိတဲ့ စာအုပ်လေ၊ ကလေးတွေအတွက် စာအုပ်လေးပဲ။ ပြီးတော့ နောက်တစ်အုပ်က ငါးပါတာ..."

"လူကြီးမင်းပြောတဲ့စာအုပ်က ရောင်းကုန်သွားပါပြီရှင့်"

"ရောင်းကုန်သွားပြီလား? ဘာလို့ရောင်းကုန်သွားရတာလဲ?"

"အဲဒီစာအုပ်က အုပ်ရေအများကြီးမရှိတာကြောင့်ပါရှင်၊ နောက်ကျ ဒီမှာ အုပ်ရေပိုတင်ပေးဖို့ ပြောထားပေးပါ့မယ်ရှင့်"

ထုတ်ဝေရေးပုံနှိပ်တိုက်က အလွန်အံ့အားသင့်သွားရကာ

"ဒါက ဒီလောက်မြန်မြန်ကြီး ရောင်းကုန်သွားပြီလား?"

"ထပ်ပြီးပုံနှိပ်ကြမယ်။ နောက်ထပ်ပုံနှိပ်ဖို့ပြင်ဆင်လိုက်တော့"

"မိဘတွေက သူတို့ကလေးတွေအတွက် ဝယ်ပေးချင်ကြတယ်ပေါ့လေ?"

…

အမှန်တော့ ဒါဟာ ကလေးစာအုပ်ပဲဖြစ်သည်။ ပိုက်ဆံမရှိတဲ့ မိဘတွေက သူတို့ကလေးတွေအတွက် စာအုပ်တွေ ဝယ်ပေးနိုင်မှာ မဟုတ်သလို များသောအားဖြင့် စာအုပ်တွေကို လက်လှမ်းပင်မမီနိုင်ကြပေ။

ယေဘုယျအားဖြင့် သူတို့ကလေးတွေကို မူကြိုပို့နိုင်တဲ့ မိဘတွေက အလုပ်ရှိကြသူများပင်။ သူတို့က စာအုပ်တွေအတွက် ဆင့်အနည်းငယ်သုံးနိုင်ကြ၏။

ကစားစရာအရုပ်တွေနှင့် နှိုင်းယှဉ်ပါက စာအုပ်တွေက ဈေးအများကြီး မကုန်ကျတာကြောင့် ကလေးက ကြိုက်တယ်ဆို သူတို့ ဝယ်ပေးလိုက်ရုံသာ။

အုပ်ရေတစ်ထောင် ရောင်းကုန်သွားပြီ...

အုပ်ရေနှစ်ထောင်လည်း ရောင်းကုန်သွားပြီ...

"ရောင်းကောင်းတယ်လား?"

ချင်းရို့ ဖုန်းလက်ခံရရှိသောအခါ အလွန်အံ့အားသင့်သွားရကာ နောက်ထပ်မေးခွန်းအနည်းငယ် အသေးစိတ်မေးမြန်းခဲ့သည်။

"ကုန်သွားပြီ၊ အခုထပ်ပုံနှိပ်တော့မယ်!"

…

ဖုန်းချလိုက်ပြီးနောက် ချင်းရို့ နှလုံးခုန်မြန်နေဆဲ။ စာအုပ်တွေ ပိုရောင်းကောင်းတာကြောင့် ထုတ်ဝေရေးပုံနှိပ်တိုက်ရှိ လူတွေရဲ့ အသံမှာ ပို၍ကောင်းမွန်လာသလို ငွေလွှဲပေးဖို့လည်း အချိန်သိပ်မကြာပါဘူးလို့ ဆိုခဲ့ကြ၏။

"ကောင်းလိုက်တာ၊ ငါ ခဏလောက် သည်းခံရမယ်။ ငွေရလာတော့မှပဲ မမဆီကို သတင်းပေးလိုက်မယ်"

"မရဘူး၊ ဘယ်လိုမှထိန်းမထားနိုင်တော့ဘူးဟ!! မမအိမ်ကို မြန်မြန်သွားပြောတော့မယ်ဟာ"

ချင်းရို့ အိမ်ပြန်မသွားတော့ဘဲ သူ့အစ်မနှင့် ခဲအိုအိမ်ဆီ စက်ဘီးနင်းသွားခဲ့သည်။ သူမ သူတို့ကို သတင်းကောင်းပြောပြချင်နေပြီလေ...

All Chapters