အခန်း (၁၅၇)
Vol. 13 Ch. 157
ဖြစ်ချင်တော့ ထိုအချိန်တွင် ချန်မိသားစု၌ ယောက်ျားတစ်ယောက် အလည်ရောက်နေခဲ့သည်။
ထိုသူမှာ ချန်မျန့်ရဲ့ အလယ်တန်းကျောင်းနေဖက်ဟောင်းဖြစ်သော ထန်ကျားဖူပင်။ ကျောင်းတက်စဥ်က သူ့အမှတ်တွေ သိပ်မကောင်းဘဲ ချန်မျန့်ထက် အမြဲနောက်ကောက်ကျလေ့ရှိပေမယ့် ယခုတော့ သူက စက်ရုံတစ်ခုမှာ အဆင်ပြေနေလေပြီ။
သူ အလုပ်ကိစ္စနဲ့ ကွမ်ချန်ကို ရောက်လာခဲ့ခြင်းဖြစ်ပြီး ချန်မျန့်က အနှီလူသူကင်းမဲ့တဲ့ကျွန်းပေါ်မှာ နေထိုင်နေမှန်း သိသဖြင့် သူလည်း ကွမ်ချန်ကနေ ဆွေမျိုး၊ မိတ်ဆွေတွေကို တွေ့ဖို့အတွက် ကျွန်းဆီအလည်လာကြတဲ့ သတင်းဓာတ်ပုံအဖွဲ့တစ်ဖွဲ့နှင့် အတူတူလိုက်ပါခဲ့ခြင်းပင်။
ယခု ထန်ကျားဖူသည် ချန်မျန့်ရဲ့ ရှေ့မှာ ဝံ့ကြွားမောက်မာနိုင်လာပြီဖြစ်သည်။ သူက သူ့အင်္ကျီလက်ကို ပင့်တင်ကာ ရှန်ဟိုင်းကဝယ်ထားတဲ့ နာရီကြီးကို ထုတ်ဖော်ပြသလိုက်၏။
သူ ဒီနာရီကို ဝယ်ကတည်းက လူတွေနှင့် တွေ့ဆုံတဲ့အခါတိုင်း သူ အဆင်ပြေပြေနေနိုင်ပြီဖြစ်ကြောင်း ပြသရန်အလို့ငှာ သူ့လက်ကောက်ဝတ်မှနာရီနှင့် ခါးပတ်ကြီးကို ပြသတတ်လေသည်။
"ချန်မျန့် ချန်မျန့်ရေ ငါတို့အားလုံးက အတန်းဖော်ဟောင်းတွေပါပဲ။ အခုတော့ မင်းဘယ်လိုအဆုံးသတ်သွားသလဲ ကြည့်စမ်းပါဦးကွာ"
"အရင်ကတော့ ကောလိပ်ကျောင်းသားကောင်းတစ်ယောက်ပေါ့၊ အခုတော့ ဒီလိုလူသူကင်းမဲ့နေတဲ့ကျွန်းပေါ်က မူလတန်းပြကျောင်းဆရာဖြစ်လာပြီးတော့ ဒီလိုအိမ်မျိုးမှာ နေနေရတယ်လို့ကွာ"
"မင်းမိန်းမရဲ့ ညီမက အရာရှိတစ်ယောက်နဲ့ လက်ထပ်ထားတာမဟုတ်ဘူးလား? မင်းတို့မိသားစုကို ကူညီပေးဖို့ ဘာလို့မပြော..."
ထန်ကျားဖူက စိတ်သဘောထားသေးသိမ်စွာ ပြောနေရင်း စာသင်ထားတော့ရော ဘာများအသုံးဝင်လို့လဲလို့ တစ်ကိုယ်တည်းတွေးတောနေလျက်။
ချန်မျန့်ကို ကြည့်ပါလား... သူ ဘယ်လောက်ပဲ စာတော်နေပါစေ အခုတော့ ဘာများအသုံးဝင်နေလို့လဲကွာ...
သူ့ယောက်ဖဟာ ဒီစုတ်ပြတ်တဲ့ကျွန်းလေးက အရာရှိတစ်ယောက်ဆိုရင်တောင်မှ အရာရှိဖြစ်ရတာ ဘာထူးလို့လဲ?
နှစ်စမှာပဲ ရေတပ်တိုက်ပွဲတစ်ခု ဖြစ်ပွားနေပြီးတော့ အသက်အန္တရာယ်တောင်စိုးရိမ်ရသေးတယ်လေ။
"အခု ငါ ဘဝကို ကောင်းကောင်းဖြတ်သန်းနေတာပဲလေ။ အရမ်းကျေနပ်တယ်"
ချန်မျန့်က ထိုသူနှင့် အငြင်းမပွားချင်ပေ။ နှစ်တွေကြာလာတာနဲ့အမျှ သူက တခြားသူတွေရဲ့ လှောင်ပြောင်သံတွေအများကြီးကို ကြားခဲ့ရပြီးဖြစ်တာကြောင့် ထန်ကျားဖူရဲ့ စကားတွေက သူ့ကို စိတ်အနှောင့်အယှက်မဖြစ်စေခဲ့ပေ။
ထန်ကျားဖူက သူ့ကို ရယ်ကာ "မင်းက အရမ်းခေါင်းမာတာပဲ။ အချိန်တွေ ပြောင်းလဲလာပြီ... မင်းရဲ့ အတွေးအခေါ်ဟောင်းတွေကိုပဲ ဖက်တွယ်မနေသင့်ဘူး"
"ငါ့အမြင်အရဆိုရင်တော့ စာဖတ်တာလား? စာဖတ်တာက အသုံးမဝင်ပါဘူးကွာ။ အခုဆို ငါ့သားက စာဖတ်ချင်နေပြီဆိုပေမယ့် ငါက သူ့ကို မဖတ်ခိုင်းစေချင်လို့ စာအုပ်ကို ဆုတ်ဖြဲဖို့ အားပေးပြီးတော့ အဓိပ္ပါယ်မရှိတာတွေ ဖတ်မနေနဲ့လို့ ပြောခဲ့တာပဲ"
"ချန်မျန့်ရေ မင်း တကယ်ပဲ ငါ့လိုမဖြစ်ချင်ဘူးလားကွာ... စာအုပ်တွေအများကြီးဖတ်မနေနဲ့တော့။ အလွန်အကျွံစာဖတ်တာကလည်း မင်းရဲ့ဦးနှောက်ကို ဆုံးရှုံးစေမယ်။ အခု မင်းလိုအပ်နေတာက ငါ့လိုမျိုး ပြောင်းလဲဖို့ပဲ"
ချန်မျန့် တည်ငြိမ်အေးဆေးစွာ ပြောလာခဲ့သည်။
"စာဖတ်တာက အသုံးဝင်တယ်လေ။ အနည်းဆုံးတော့ စိတ်ဝိညာဉ်ကို ကျေနပ်မှုရစေနိုင်တယ်"
"မင်းက အခုထိ စိတ်ကျေနပ်ဖို့ပြောနေသေးတယ်။ တကယ်ကြီး မေတ္တာတရားအပြည့်နဲ့ပါလားကွာ။ မင်းဘဝကိုပဲ အရင်ရှင်သန်အောင်လုပ်ဦး။ ဆင်းရဲတဲ့ ကျောင်းဆရာအလုပ်ကနေ မင်း တစ်နေ့ ဘယ်လောက်ရှာနိုင်လို့လဲ။
မင်းအဖေရော... မင်းအဖေက အရမ်းအံ့သြဖို့ကောင်းတဲ့သူမလား၊ ဟီးဟီး... တက္ကသိုလ်ဆရာဆိုတဲ့ သူ့ရဲ့လစာက များပေမယ့်... ဗဟုသုတတွေ လေ့လာသင်ယူတဲ့သူတွေက ဒီလောက်ကြီးတဲ့လစာနဲ့ မထိုက်တန်ဘူး"
"သူ နေ့တိုင်း ငွေရှာသေးလား"
"အခု မင်းတို့မိသားစုဘဝက ခက်ခဲနေပြီမလား? မင်းအဖေနဲ့ မင်းရဲ့တပည့်ဟောင်းတွေရော မင်းကိုတွေ့ဖို့ လာကြသေးလား? မင်းမှာ ပိုက်ဆံပြတ်နေပြီလား? မင်းပိုက်ဆံမရှိရင် ငါနည်းနည်းချေးပေးလို့ရပါတယ်ကွာ"
"ငါ အခုလေးတင်ဝင်လာတော့ မင်းရဲ့သားကို ဆင့်ငါးဆယ် ပေးလိုက်တာ သူ့မျက်လုံးတွေ ဘယ်လောက်တောက်ပနေလဲဆိုတာ မင်းမမြင်လိုက်ရဘူးပဲ။ အဲဒါက ဆင့်ငါးဆယ်လေးပဲဟာ။ ငါ့သားအတွက် ဝယ်ပေးတဲ့ သားရေဖိနပ်လေးဆို..."
ထိုအချိန်တွင် အပြင်ဘက်မှ လူတစ်ယောက်ပြေးဝင်လာခဲ့ရာ ချန်မျန့် လှည့်ကြည့်လိုက်တော့ သူ့သမီး ချန်ကျွမ်းကျွမ်းဖြစ်နေတာကို တွေ့လိုက်ရ၏။
သူမက ထန်ကျားဖူအရှေ့ကို ဆင့်ငါးဆယ်အား ပစ်ချလိုက်ကာ
"သမီးမောင်က ဦးလေးရဲ့ ပိုက်ဆံကို မလိုချင်ဘူး!"
သူမအနောက်မှ ချန်ကျင်းဟွ လိုက်ပါလာခဲ့သည်။ ချန်ကျွမ်းကျွမ်းက ကျယ်လောင်စွာ ပြောလိုက်၏။
"သမီးရော သမီးမောင်ရောက နဂိုက တုံးအတယ်။ ဒီတော့ သမီးတို့ စာမကျက်ဘူးဆိုရင် လူမိုက်ဖြစ်သွားဖို့က အလွယ်လေးပဲ!!"
"မောင်လေးရေ နောက်ဆို လူမိုက်တွေနဲ့ စကားပြောဖို့ ရှောင်ရမယ်နော်!!"
"လူမိုက်တွေကိုတွေ့ရင် ပုန်းရမယ်"
ထန်ကျားဖူရဲ့ အမူအရာမှာ ပြောင်းလဲသွားကာ "ကလေးမလေး မင်း ဘယ်လိုစကားပြောလိုက်တာလဲ"
"မင်း ကလေးကို ဘယ်လို သင်ပေးထားတာလဲကွ"
ထိုအချိန်တွင် ချင်းမျန့်လည်း လက်ဖက်ရည်ခွက်တွေနှင့် ရောက်လာခဲ့၍ သူမက ထန်ကျားဖူအား ရွှင်လန်းစွာ ပြောလိုက်လေ၏။
"စိတ်မကောင်းပါဘူးနော်။ ငါ့လို တောင်ပေါ်က မိန်းကလေးတစ်ယောက်က ပျိုးထောင်ထားတဲ့ ကလေးတွေဆိုတော့လေ... သူတို့က နည်းနည်းလေး မသိနားမလည်လို့ ရှင်ကပဲ သည်းခံပေးပါဦး"
"ငါက ဘာစာအုပ်မှ မဖတ်ဖူးသလို ပညာရေးလည်း သိပ်မကောင်းခဲ့တော့ ကလေးတွေကို တခြားအိမ်သွားလည်တဲ့အခါ ဘယ်လိုကျင့်ဝတ်တွေရှိရမလဲဆိုတာကို မသင်ပေးထားမိဘူးလေ။ ဒါကြောင့် သူတို့က ကိုယ့်အိမ်မှာလည်း ကျင့်ဝတ်တွေ သိပ်နားမလည်ကြဘူးပေါ့"
"အဲဒါကြောင့် ငါကတော့ သူတို့တွေကို စာများများဖတ်ခိုင်းတယ်။ သူတို့ စာကောင်းကောင်းမဖတ်ရင် နောင်တစ်ချိန်ကျ တခြားသူတွေရဲ့ အိမ်သွားလည်တဲ့အခါ ပြဿနာတွေလုပ်မိရင် မိသားစုကို အရှက်ရစေမှာပေါ့။ မိဘတွေအနေနဲ့ ဒီကမ္ဘာမှာ နေရတာ ရှက်ဖို့ကောင်းနေရလိမ့်မှာ"
သူ့ကို အဝေဖန်ခံလိုက်ရ၍ ထန်ကျားဖူရဲ့ မျက်နှာမှာ နီမြန်းသွားရကာ
"မင်း..."
"မင်းတို့မိသားစုက လူတွေက တကယ့်ကို ခေါင်းမာကြတာပဲ။ အနာဂတ်မှာ မင်းတို့ ဆင်းရဲတွင်းနက်ပြီးတော့ ဒီလိုစုတ်ပြတ်တဲ့ ကျွန်းပေါ်မှာပဲ သေရလိမ့်မယ်ကွ"
"မင်းသာ ငါနဲ့ ဆက်ဆံရေးကောင်းကောင်းရှိရင် ကွမ်ချန်က စက်ရုံမှာ မင်းရဲ့သားကို အလုပ်ရဖို့ စီစဥ်ပေးနိုင်တယ်"
"မင်းက စက်ရုံကို မသွားဘူးဆိုရင် ဒီစုတ်ပြတ်နေတဲ့ကျွန်းမှာပဲ တကယ်နေသွားချင်တာလား"
"မင်း စာသင်တာ တစ်လမှ ဘယ်လောက်ရှာနိုင်လို့လဲ။ ပြီးတော့ ဒီလိုသက်ကယ်စုတ်လေးမှာတောင် နေနေရသေးတာ.."
ချန်ကျင်းဟွ : "သား စက်ရုံကို သွားမှာမဟုတ်ဘူး။ အသက်ကြီးလာရင် စစ်တပ်ထဲဝင်ချင်တာ။ သား မိသားစုနဲ့ တိုင်းပြည်ကို ကာကွယ်ချင်တယ်"
သူ့စကားလုံးတွေက ပတ်ဝန်းကျင်ကလူတွေကို ထိတ်လန့်သွားရစေလျက်။
ထန်ကျားဖူက သူပြောတာကိုကြားသည်နှင့် ချက်ချင်းပင် ရယ်မောကာဖြင့်
"မင်းရဲ့ ခြေလက်ပိန်ပိန်သေးသေးလေးတွေနဲ့ မျောက်တစ်ကောင်လို မည်းနေတာကွာ... ဒါတောင် မင်းက စစ်တပ်ထဲဝင်ချင်နေသေးတယ်ပေါ့လေ။ မင်းမှာ ပြေးဖို့ရော ခွန်အားရှိရဲ့လား? မင်းက မင်းအဖေလို ပညာတတ်တစ်ယောက်နဲ့ တကယ်တူတယ်ကွာ။ ဒါကြောင့် ပညာတတ်တွေက အသုံးမဝင်ဘူးလို့ ပြောကြတာ မဆန်းတော့ပါဘူး"
"မင်းက စစ်သားဖြစ်ချင်နေသေးတယ်။ ကိုယ့်ပုံကိုယ် မှန်ထဲသွားကြည့်လိုက်ဦး"
ချင်းရို့က ထန်ကျားဖူနှင့် ချန်ကျင်းဟွတို့ရဲ့ စကားကို အပြင်ကနေ ကြားလိုက်ရကာ သူမ လျှောက်ဝင်လာရင်း ပြောလိုက်လေ၏။
"ငါ့တူလေးက ဘာလို့ စစ်သားမဖြစ်နိုင်ရမှာလဲ? အခုချိန်မှာ နည်းပညာပိုင်းဆိုင်ရာ အရည်အချင်းတွေက အလိုအပ်ဆုံးပဲလေ။ ထိပ်တန်းစစ်သားကောင်းတွေတောင်မှ စာဖတ်ဖို့ သင်ကိုသင်ယူရတယ်။ ရေတပ်ဆိုရင် ပြောနေစရာတောင်မလိုဘူး။
ကျင်းဟွရေ ဒေါ်လေးအိမ်မှာ မင်းဦးလေးရဲ့ စာအုပ်တွေကို မြင်ဖူးတယ်မလား? သင်္ဘောအကြောင်းရေးထားတဲ့ စာအုပ်တွေထဲမှာ သင်္ချာနှင့် ရူပဗေဒအကြောင်း ဗဟုသုတတွေအများကြီးပါတယ်လေ။ တကယ်လို့ လူတစ်ယောက်က ဥာဏ်မကောင်းဘူး၊ စာမတတ်ဘူးဆိုရင်တော့ အဲဒါတွေကို နားလည်နိုင်မှာမဟုတ်ဘူးနော်။ ငါတောင်မှ နားမလည်ဘူးလေ"
"ဒေါ်လေး!"
ချန်ကျွမ်းကျွမ်းနှင့် ချန်ကျင်းဟွတို့ သူမအား အော်ခေါ်ကြ၏။
ချင်းမျန့်လည်း ချင်းရို့အား တွေ့လိုက်ရတဲ့အခာ အံ့အားသင့်သွားကာ
"ညီမလေး နင် ဒီအချိန်ကြီး ဘာလို့ရောက်လာတာလဲ"
"မမရေ ငါ နင်တို့ဆီကို သတင်းကောင်းလာပြောပြတာပါနော်။ ထုတ်ဝေရေးဌာနက မစ္စတာချန်အတွက် ယွမ်၅၀၀ လွှဲပေးလိုက်ပြီ"
"ဘာ.. ဘာယွမ်၅၀၀လဲ"
"စာအုပ်ထုတ်ဝေလို့ရတဲ့ စာမူခလေ"