ရုတ်တရက် ကြွယ်ဝချမ်းသာလာခြင်း
Vol. 3 Ch. 21
မှော်အာဟာရဆေးလုံးများမှ ဝိညာဉ်ကျောက် ၁၁ တုံးနှင့် အံ့ဖွယ်တစ်သောင်းဆေးလုံးများမှ ဝိညာဉ်ကျောက် ၁၅၀ တုံး၊ အားလုံးပေါင်းသော် ဝိညာဉ်ကျောက် (၁၆၁) တုံးတိတိ။
ဤသည်မှာ လော့ချန်တစ်ယောက် ယနေ့တစ်ရက်တည်းဖြင့် ရရှိခဲ့သော ဝင်ငွေ ဖြစ်သည်။ လက်ထဲရှိ ဝိညာဉ်ကျောက်များကို ကြည့်ကာ လော့ချန်၏ မျက်နှာထက်၌ ကြည်နူးမှုတို့ လှိုက်တက်လာတော့သည်။ အတိတ်က ခါးသီးသော အရှုံးများကို ယခုအခါတွင် အရင်းကျေရုံမျှမက အမြတ်ပါ သိမ်းယူနိုင်ခဲ့လေပြီ။
သေသွားသော ငတုံးချန်ခဲ့သည့် ဝိညာဉ်ကျောက် ၉၂ တုံးနှင့် ပေါင်းလိုက်လျှင် သူ၏ စုဆောင်းငွေမှာ ၂၅၃ တုံးအထိ ရုတ်တရက် တရှိန်ထိုး တက်သွားခဲ့သည်။ ဤမျှများပြားသော ပမာဏမျိုးမှာ သူ၏ ကျင့်ကြံသူဘဝတစ်လျှောက် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသေးသည့် ပမာဏမျိုးပင်။
ဤငွေပမာဏဖြင့် အဆင့်နိမ့် မှော်ရတနာ နှစ်လက်၊ သို့မဟုတ် ချီစွမ်းအင်ဖြည့်ဆေးလုံး နှစ်ပုလင်းခွဲခန့်ကို အလွယ်တကူ ဝယ်ယူနိုင်ပေသည်။ သို့မဟုတ်ပါကလည်း ခေါင်းလောင်းရွှေအိုးရိပ်မြုံသို့ သွားရောက်ကာ ရက်ဝက်ခန့် ဝိညာဉ်စားသောက်ပွဲကြီးများကို စိတ်ကြိုက်ဇိမ်ခံနိုင်သကဲ့သို့ ထျန်ရှန်းမျှော်စင် တွင်ပင် ရက်အတော်ကြာ စံပယ်ရန် တတ်နိုင်နေပြီ ဖြစ်သည်။
သို့သော်လည်း ထိုသို့သော အာရုံခံစားမှု အပျော်အပါးတို့မှာ လော့ချန်၏ စိတ်အာရုံထဲသို့ ခဏတဖြုတ်မျှပင် ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပေ။
ရင်းနှီးငွေ ပိုရှိလာလျှင် သူ ဘာလုပ်မည်နည်း။
ဆေးဖော်စပ်မှုအရှိန်ကို မြှင့်တင်မည်။ ပိုသန်မာအောင် ကျင့်ကြံမည်။ တောက်ပသော အနာဂတ်ဆီသို့ ခြေလှမ်းရမည်။
“လော့လေး….”
အဘိုးချန်၏ လှမ်းခေါ်သံကြောင့် လော့ချန်၏ အတွေးစများ ပြတ်တောက်သွားသည်။
အဘိုးချန်က ဆက်လက်၍ “လော့လေး၊ မင်း ဟိုကိစ္စလေးတော့ မေ့မသွားဘူး မဟုတ်လား….” ဟု ဆိုကာ အကြွေးကိစ္စကို လမ်းကြောင်းခင်းလိုက်တော့သည်။
“ဦးလေးချန်၊ ငါးကင်လေး စားပါဦးဗျ၊ ဒါ မနေ့က ကျွန်တော် ကိုယ်တိုင် ဖမ်းလာတဲ့ ငါးလေ၊ မီးလုံးမှော်အတတ်ရဲ့ နူးညံ့တဲ့ အပူရှိန်နဲ့ နာရီဝက်လောက် စိတ်ရှည်လက်ရှည် ကင်ထားတာ၊ ဦးလေး နည်းနည်းလောက် ပြန်နွှေးစားလိုက်ရင်ကို အရသာက ထူးခြားနေမှာ”
“ဒါပေမဲ့....”
“ဝိညာဉ်ကျောက်တွေလား၊ ကျွန်တော့် စိတ်ထဲမှာ အမြဲရှိပါတယ်၊ အခုက ကျွန်တော့်ရဲ့ ဆေးဖော်အရှိန်ကို မြှင့်ဖို့ ကြိုးစားနေတဲ့ အချိန်မို့ ကုန်ကြမ်းတွေ အများကြီး လိုနေလို့ပါ၊ ကျွန်တော် အမြတ်ရတာနဲ့ ချက်ချင်း ပြန်ပေးပါ့မယ်၊ အဲဒီကျရင် ခေါင်းလောင်းရွှေအိုးရိပ်မြုံမှာ အကြီးအကျယ် ဧည့်ခံကျွေးမွေးပါဦးမယ်”
ခေါင်းလောင်းရွှေအိုးရိပ်မြုံ ဆိုသည်မှာ ဤဒေသ၌ အဆင့်အမြင့်ဆုံးနှင့် အခမ်းနားဆုံး စားသောက်ဆိုင်ကြီး ဖြစ်သည်။ ချီစွမ်းအင်များ ကိန်းအောင်းနေသော ဟင်းလျာများ၊ အဆင့်မြင့် ဝိညာဉ်ကြောများမှ ထုတ်ယူချက်လုပ်ထားသော နတ်သုဒ္ဓါသောက်စရာများနှင့် လန်ချန်းမြစ်တစ်လျှောက် ခက်ခဲစွာ တင်သွင်းလာသည့် ရှားပါးအစားအစာများ၊ သစ်သီးဝလံများကို ခမ်းနားစွာ ဝန်ဆောင်မှုပေးသော နေရာဖြစ်သည်။
အဘိုးချန် စိတ်လှုပ်ရှားသွားသည်ကို မြင်သည်နှင့် လော့ချန်တစ်ယောက် အခွင့်အရေးကို လက်လွှတ်မခံဘဲ ပြောလိုက်သည်။
“ပြီးတော့ ကျွန်တော်တို့က အခုဆို ချီသန့်စင် အလယ်အလတ်အဆင့်ကို ရောက်နေတဲ့ ကျင့်ကြံသူကြီးတွေပဲလေ၊ ဒီဝိညာဉ်ကျောက် ၅၀ လောက်ကို ကျွန်တော်က လိမ်ပြေးပါ့မလား၊ စိတ်မပူပါနဲ့၊ အချိန်တန်ရင် သေချာပေါက် ပြန်ပေးမှာပါ”
လော့ချန်က အာမခံလိုက်ပြီးမှ “ကုန်ကြမ်းဝယ်ဖို့ အလျင်လိုနေလို့ သွားပြီနော်" ဟု ဆိုကာ ထွက်ခွာသွားသည်။
“ဒီကောင်စုတ်လေး"
အဘိုးချန်မှာ တစ်ခဏအတွင်း လေဟုန်စီး၍ ပျောက်ကွယ်သွားသော လော့ချန်ကို ကြည့်ရင်း စိတ်ပျက်လက်ပျက် ရေရွတ်လိုက်မိသည်။
"ငါ့ကို ခေါင်းလောင်းရွှေအိုးရိပ်မြုံမှာ ကျွေးမယ်ဆိုတာ လိမ်ပြောတာ မဟုတ်ဖို့ဘဲ ဆုတောင်းရမှာပဲ…."
….
“ကြက်သွေးနီ လား"
“ဟုတ်ကဲ့၊ များများရှိရင် ပိုကောင်းပါတယ်”
“ကျောက်ဝဥ က နည်းနည်းပဲ ကျန်တော့တာလား၊ အကုန်ယူမယ်ဗျာ၊ နောက်တစ်ခါကျရင် ကျွန်တော့်အတွက် ပိုချန်ထားပေးပါ”
“ဒါကို ငါးပိဿာ ပေးပါ"
ပစ္စည်းများ အကြီးအကျယ် ဝယ်ယူပြီးနောက် လော့ချန်၏ နဖူးတွင် ချွေးများ စို့နေပြီဖြစ်သည်။
တစ်ကိုယ်တော် ကျင့်ကြံသူများ၏ ဈေးတန်းကား ဤအတိုင်းပင်။ လူတိုင်းက ဈေးဆစ်ရသည်ကို ဝါသနာထုံကြသည်။ သူနှင့် အကြိမ်ပေါင်းများစွာ အရောင်းအဝယ် လုပ်ဖူးသူများပင်လျှင် ရာသီဥတုနှင့် ဈေးကွက် အခြေအနေကို အကြောင်းပြ၍ ဈေးတင်လေ့ရှိကြသည်။
နှိုင်းယှဉ်ကြည့်လျှင် ဆေးပေါင်းတစ်ထောင်ခန်းမရှိ ပစ္စည်းများမှာ ဈေးကြီးသော်လည်း စကားများများ ပြောစရာ မလိုပေ။ အမှန်စင်စစ် ပစ္စည်းဈေးကြီးသည်မှာ ဆေးပေါင်းတစ်ထောင်ခန်းမ၏ အပြစ်မဟုတ်၊ အိတ်ကပ်ထဲတွင် ငွေမရှိသော လော့ချန်၏ အပြစ်သာ။
“ဂုံးခြောက် ၄၀၀ နဲ့ မီးခွေးမြီး ၄၀ လား၊ လော့လေး ဒီလောက်အများကြီးကို တကယ်ပဲ ကုန်အောင် သုံးနိုင်ပါ့မလား"
ဆိုင်ရှင်လျိုဟယ်ချိုင်က အံ့သြတကြီး မေးလိုက်သည်။
အရောင်းအဝယ် လုပ်ခဲ့သည်မှာ နှစ်ကြိမ်၊ သုံးကြိမ်မျှသာ ရှိသေးသော်လည်း ဤကျင့်ကြံသူလေး၏ ဝယ်ယူအား ပမာဏမှာ လေးဆခန့် တက်လာသည်။ ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသူ တစ်ယောက်အတွက်မူ ဤသည်မှာ လွန်ကဲနေပြီ ဖြစ်သည်။
“ဒီဆိုင်က နယ်မြေလေးခုလုံးမှာ ဆိုင်ခွဲတွေရှိတဲ့ နှစ်ပေါင်း ၅၀၀ သက်တမ်းရှိ ဆိုင်ဟောင်းကြီးပဲ၊ ဒီလောက် ပစ္စည်းလက်ကျန်တော့ ရှိမှာ မဟုတ်လား” ဟု လော့ချန်က ပြန်လည် တုံ့ပြန်လိုက်သည်။
ဆိုင်ရှင်လျိုက ခေါင်းခါပြကာ ဆိုသည်။
“ပစ္စည်းကတော့ ရှိပါတယ်၊ ဒါပေမဲ့ မင်းက....”
ဆိုင်ရှင်လျိုက လေထုထဲမှ အနံ့ကို ရုတ်တရက် ရှူရှိုက်လိုက်ပြီးနောက် အံ့သြစွာ မေးလိုက်သည်။
“လော့လေး၊ မင်းက ဆေးဖော်ဆရာ တစ်ယောက်လား"
“ပညာနုပါသေးတယ်၊ ဆိုင်ရှင်လျိုက မျက်စိလျင်တာပဲ”
အို.... အညတရ ဆေးဖော်ဆရာလေးပေါ့....။
ဆိုင်ရှင်လျိုက လော့ချန်ကို လှောင်ပြောင်သလိုလို၊ အထင်ကြီးသလိုလို အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။ လော့ချန်မှာ မည်သည့်နောက်ခံအင်အားမျှ မရှိသော တစ်ကိုယ်တော် ကျင့်ကြံသူဖြစ်ကြောင်း သူ အသေအချာ သိထားသည်။ ဝတ်စားဆင်ယင်မှုနှင့် ကျင့်ကြံခြင်း အဆင့်အတန်းတို့က သက်သေပြနေပေသည်။
သို့ဖြစ်ရာ ဤမျှနက်နဲသော ဆေးဖော်စပ်မှု အတတ်ပညာကို လက်တည့်စမ်းရဲသည်မှာ အံ့ဩစရာပင်။ သူ့ရှေ့ရှိ ဤလူငယ်သည် ကိုယ့်အစွမ်းအစကိုယ် မသိနားမလည်ဘဲ စိတ်ကူးယဉ်နေသူသာ ဖြစ်လောက်သည်ဟု သူတွေးမိသည်။
သို့သော်လည်း စီးပွားရေးသမားပီပီ ဖော်ရွေသော အပြုံးဖြင့်သာ ဆိုလိုက်သည်။
“ဒီအသက်အရွယ်နဲ့ ဆေးဖော်စပ်နိုင်တယ်ဆိုရင် မင်းရဲ့ ပါရမီက မသေးလှဘူး၊ တကယ်လို့ နောက်ပိုင်းမှာ ဆေးလုံးကောင်းကောင်းတွေ ထွက်လာရင် ငါ့ကိုလည်း ပြဖို့ မမေ့နဲ့ဦး”
ထိုစကားကြောင့် လော့ချန် စိတ်ဝင်စားသွားသည်။
“ဆိုင်ရှင်လျို၊ ခင်ဗျားတို့က ဆေးလုံးတွေကိုလည်း ဝယ်တာလား"
“ဘေးက ဝိညာဉ်ဆေးနန်းဆောင် ရော၊ ငါတို့ ဆေးပေါင်းတစ်ထောင်ခန်းမ ရောက ဆေးဘုရင်ဂိုဏ်းက ဆင်းသက်လာတာလေ၊ ဒီလောက်ဆို မင်း သဘောပေါက်မှာပါ လော့လေး"
လော့ချန်၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားပြီး လျှို့ဝှက်ချက်တစ်ခုကို သဘောပေါက်လိုက်သည်။ အကယ်၍သာ သူ၏ ဆေးလုံးများကို ဝိညာဉ်ဆေးနန်းဆောင် ကဲ့သို့သော နေရာမျိုးတွင် တင်ရောင်းနိုင်လျှင် ဝိညာဉ်ကျောက်များမှာ မြစ်ရေကဲ့သို့ စီးဝင်လာတော့မည် မဟုတ်ပါလော။
တခြားဆေးလုံးများကို မဆိုထားနှင့်၊ အခြေခံအကျဆုံးဖြစ်သော မှော်အာဟာရဆေးလုံးပင်လျှင် ဝိညာဉ်ဆေးနန်းဆောင်၌ တစ်ပုလင်းလျှင် ဝိညာဉ်ကျောက် ၁၀၀ ပေးရသည်။ ဤသည်မှာ ဈေးဆစ်၍မရသော တစ်ခွန်းဈေးပင်။ ဤဆိုင်ရှင်လျို၌ ဆေးလုံးများ တင်သွင်းနိုင်သော လမ်းကြောင်းရှိလိမ့်မည်ဟု လော့ချန် ထင်မထားခဲ့ပေ။
သို့သော် ယခုလောလောဆယ်တွင် ဤကိစ္စမှာ သူနှင့် မဆိုင်သေးပေ။ အပြင်ဈေးကွက်၌ ဝယ်လိုအား ရှိနေသော်လည်း သူ၏ ထုတ်လုပ်နိုင်စွမ်းမှာ အကန့်အသတ်ရှိနေသေးသဖြင့် ဝိညာဉ်ဆေးနန်းဆောင်နှင့် ပူးပေါင်းရန် မဖြစ်နိုင်သေးဟု သူ တွေးမိသည်။
ခေတ္တမျှ စကားပြောပြီးနောက် ဆိုင်ရှင်လျိုက ဂုံးခြောက်နှင့် မီးခွေးမြီးများကို အမြဲမပြတ် ထောက်ပံ့ပေးမည်ဟု ကတိပေးလိုက်သည်။
သူ့အဆိုအရ မီးခွေးမြီးများကို ဆေးဘုရင်ဂိုဏ်း လက်အောက်ခံ ကျင့်ကြံရေးမိသားစုတစ်ခုက ပေးပို့ခြင်းဖြစ်ရာ နှစ်စဉ်ထွက်ကုန်မှာ တည်ငြိမ်ပြီး စိတ်ချရသည်ဟု ဆိုသည်။ ဆေးဖက်ဝင်ပစ္စည်းများကို ဝိညာဉ်သိုလှောင်အိတ်ထဲသို့ ထည့်သွင်းကာ လော့ချန်တစ်ယောက် နှုတ်ဆက်ထွက်ခွာလာခဲ့တော့သည်။
သူ ထွက်သွားပြီးနောက် ဆိုင်ရှင်လျိုက အံ့သြတကြီး ရေရွတ်လိုက်မိသည်။
“တောကြီးတော့လည်း ငှက်စုံတာပဲ၊ အခုခေတ်မှာ ကျင့်ကြံခြင်း အဆင့်နိမ့်သူတွေတောင် ဆေးဖော်စပ်ဖို့ ကြိုးစားနေကြပြီ”
အနားရှိ ရှောင်လင်းက နှာခေါင်းရှုံ့ကာ မျက်နှာလေး ရဲခနဲ ဖြစ်သွားရင်း “သူ ဖော်စပ်တဲ့ ဆေးက ကောင်းမှာ မဟုတ်ပါဘူး" ဟု ဆိုလိုက်လေသည်။
….
အံ့ဖွယ်တစ်သောင်းဆေးလုံးသည် အမှန်တကယ် ဆေးကောင်း တစ်လက် ဖြစ်နိုင်ပါသလော….။
ဤသည်မှာ သုံးစွဲသူ အပေါ်၌သာ မူတည်ပေလိမ့်မည်။
ကျင့်ကြံခြင်းလမ်းစဉ်ကို လိုက်စားသော်လည်း လူသားတို့၏ ကာမဂုဏ်ကို ခံစားလိုသူများအတွက်မူ ဤဆေးမှာ နတ်ဆေးတစ်လက်ပင် ဖြစ်သော်လည်း၊ အပျော်အပါးမက်သူများအတွက်မူ မိမိကိုယ်ကို ဒုက္ခပေးမည့် လက်နက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
သနားစရာကောင်းသည်မှာ မီးခွေးဟုခေါ်သော မိစ္ဆာသားရဲများသာ ဖြစ်သည်။
တစ်စုံတစ်ယောက်က ကာမစည်းစိမ်ကို အငမ်းမရ ခံစားရန်အတွက် အံ့ဖွယ်တစ်သောင်းဆေးလုံးတစ်လုံးကို အသုံးပြုလိုက်တိုင်း တစ်နေရာရာရှိ မီးခွေးတစ်ကောင်မှာမူ ရင်နင့်စရာကောင်းလှသော အော်ဟစ်သံနှင့်အတူ အသက်ပျောက်နေရပေလိမ့်မည်။
အပြန်လမ်းတွင် လော့ချန်၏ စိတ်အာရုံမှာ လွန်စွာ ကြည်လင်နေတော့သည်။ ဈေးသို့ အကြိမ်ကြိမ် လာဖူးသော်လည်း ယနေ့ကဲ့သို့ စိတ်ပေါ့ပါးမှုမျိုး မရှိခဲ့ဖူးပေ။ မြွေရေခွံအိတ်ကြီးကို ကျောပိုးထားစရာ မလိုတော့ခြင်းမှာ သိုလှောင်အိတ်၏ ကျေးဇူးပင် ဖြစ်သည်။ ဤအိတ်ကို တီထွင်သူမှာ အမှန်ပင် ကျင့်ကြံခြင်းလောကအတွက် ကျေးဇူးကြီးမားလှပေသည်။
နေ့ခင်းဘက် အချိန်ဖြစ်သဖြင့် အပြင်ဘက်ရပ်ကွက်မှာ ဘေးကင်းသည်ဟု ဆိုနိုင်သည်။ လော့ချန်သည် ကျွမ်းကျင်အဆင့်ရှိသော လေလွင့်ခြေလှမ်း မှော်အတတ်ကို အသုံးချကာ ဈေးတန်းကို လျင်မြန်စွာ ဖြတ်ကျော်ပြီး အိမ်သို့ ပြန်လာခဲ့သည်။ ဤတစ်ခေါက် ဝယ်ယူမှုတွင် ဝိညာဉ်ကျောက် ၂၀၀ ကျော် အသုံးပြုခဲ့ရပြီး လက်ထဲတွင် ၄၀ မျှသာ ချန်ထားခဲ့သည်။
အိမ်သို့ ရောက်ရှိသောအခါ ပစ္စည်းများကို စနစ်တကျ စီစဉ်ပြီးနောက် ယနေ့အတွက် ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။
မီးလုံးမှော်အတတ်အပြင် နွယ်ရှင်နှောင်ကြိုး မှော်အတတ်ကိုလည်း အားစိုက်၍ လေ့ကျင့်လိုက်သည်။ ဤမှော်အတတ်ကို လူအများက အဆင့်နိမ့်သည်ဟု ထင်မြင်ကြသော်လည်း ကျွမ်းကျင်မှု မြင့်မားလာပါက ထိရောက်သော တိုက်စစ်တစ်ခု ဖြစ်လာနိုင်သည်။
"နွယ်ရှင်နှောင်ကြိုး မှော်အတတ်က လူမသတ်နိုင်ဘူးလို့ ဘယ်သူပြောလဲ...."
သူ၏ နှုတ်ခမ်းထောင့်တွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ယှက်သန်းသွားသည်။
အပေါ်ယံကြည့်လျှင် ရန်သူကို ရစ်ပတ်တားဆီးရုံဟု ထင်ရသော်လည်း၊ ကျွမ်းကျင်မှု အထွတ်အထိပ်သို့ ရောက်သွားပါက အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့ခြင်း သို့မဟုတ် အရေးပါသော အကြောများကို ချိုးနှိမ်ခြင်းဖြင့် သေစေနိုင်လောက်သည့် အစွမ်းရှိသည်ကို သူကောင်းကောင်း နားလည်ထားသည်။
မကြာမီ ညအချိန်သို့ ရောက်ရှိလာသည်။
ကိုယ်လက်သန့်စင်ပြီးနောက် လော့ချန်သည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ စိတ်ကိုတည်ငြိမ်စေလျက် ချီစွမ်းအားများကို စုစည်းနေတော့သည်။
ပြီးပြည့်စုံအဆင့်သို့ ရောက်ရှိနေသော နွေဦးကျင့်စဉ်မှာ သူ၏ ခန္ဓာကိုယ်နှင့် တစ်သားတည်း ကျနေသကဲ့သို့ ခံစားရကာ ကျင့်ကြံခြင်း အရှိန်အဟုန်မှာလည်း ယခင်ကထက် များစွာ တိုးတက်လာခဲ့သည်။
ကျင့်စဉ်ကို ရပ်နားကာ အိပ်စက်ရန် ပြင်လိုက်စဉ်မှာပင်....။
မျက်လုံးမှိတ်ထားသော လော့ချန်မှာ ရုတ်တရက် မျက်လုံးများ ပွင့်လာကာ တံခါးပြင်ပရှိ အမှောင်ထုဆီသို့ စူးရှသော အကြည့်တို့ဖြင့် ကြည့်လိုက်လေတော့သည်။