← Chapters

အသက်နှင့်ရင်း၍ တိုက်ခိုက်နေကြသော လူဆင်းရဲတစ်သိုက်

Vol. 3 Ch. 22

အသက်နှင့်ရင်း၍ တိုက်ခိုက်နေကြသော လူဆင်းရဲတစ်သိုက်

Vol. 3 Ch. 22

ညလေညင်းက တိုးဝှေ့တိုက်ခတ်နေသော်လည်း လေထုထဲ၌ သတ်ဖြတ်ခြင်းအငွေ့အသက်တို့က ဖုံးလွှမ်းနေသည်။

တောအုပ်လေးအတွင်း၌ လူရိပ်တစ်ခုသည် နောက်သို့ မကြာခဏလှည့်ကြည့်ရင်း အသည်းအသန် ပြေးလွှားနေသည်။

“ငါ သူတို့ကို မျက်ခြေဖြတ်နိုင်ခဲ့ပြီလား"

ကျိုးဆန်းသည် အံကြိတ်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ကျန်ရှိနေသော ချီစွမ်းအားတို့ကို အိတ်သွန်ဖာမှောက် အသုံးပြု၍ သူ ရှေ့သို့ ဆက်လက်ပြေးထွက်ခဲ့သည်။ လေဟုန်စီးအတတ်ကို အသုံးပြုထားသော်လည်း သူ့အတွက် အေးမြမှုကို မပေးစွမ်းနိုင်ဘဲ ရင်ထဲ၌ မီးဟုန်းဟုန်းတောက်နေသကဲ့သို့ ပူလောင်လှိုင်းထနေသည့် ထိတ်လန့်မှုကိုသာ ခံစားနေရသည်။

အကြောင်းမှာ သူ၏နောက်၌ အပြာရောင်ဝတ်ရုံဝတ် ကျင့်ကြံသူတစ်ဦးက ပျံသန်းရေး မှော်ရတနာတစ်ခုကို စီးနင်းကာ လျှပ်စီးကဲ့သို့ လိုက်ပါလာသောကြောင့် ဖြစ်သည်။

“ကျိုးဆန်း၊ မင်း ဘယ်လိုမှ မလွတ်နိုင်တော့ဘူး"

ကျိုးဆန်းသည် ထိုစကားကို ဂရုမစိုက်ဘဲ လပြည့်ညတောင်တန်း ဆီသို့သာ အသည်းအသန် ဦးတည်ပြေးနေတော့သည်။ လပြည့်ညတောင်တန်း၏ ရှုပ်ထွေးလှသော မြေပြင်အနေအထားထဲသို့ ရောက်ရှိသွားပါက ရန်သူ့လက်မှ လွတ်မြောက်ရန် အခွင့်အလမ်း ရှိကောင်းရှိနိုင်ပေသည်။

ကိုယ်တိုင် လေဟုန်စီး၍ ပြေးခြင်းက မှော်ရတနာစီးပြီး လိုက်ခြင်းထက် ပိုမြန်သော်လည်း ဝိညာဉ်စွမ်းအား သုံးစွဲမှုကမူ အဆမတန် များပြားလှသည်။

နောက်မှ ထပ်ကြပ်မကွာ လိုက်လံဖမ်းဆီးနေသော ကောင်းထင်အယ်၏ မျက်နှာမှာ အေးစက်လှောင်ပြောင်သော အမူအရာဖြင့် ပြည့်နှက်နေသည်။ ရန်သူနှင့် အကွာအဝေး အနည်းငယ် ကျယ်ပြောသွားသည်ဟု ခံစားရတိုင်း သူသည် ချီစွမ်းအားကို မြှင့်တင်ကာ အရှိန်အဟုန်ဖြင့် အနားသို့ ကပ်လာလေ့ရှိသည်။

“ဟက်.... ဖိုရှန်းဂိုဏ်းဆီ မပြေးဘဲ အခုလို တောစွန်တောင်ဖျားကို ပြေးဝင်လာတာကတော့ မင်း ကိုယ့် သေတွင်းကိုယ်တူးတာပဲ”

ကောင်းထင်အယ်က အေးစက်စွာ နှာခေါင်းရှုံ့ရင်း လက်ထဲတွင် အသင့်ကိုင်ထားသော မှော်စာရွက်ကို အချိန်မရွေး အသက်သွင်းရန် ပြင်လိုက်သည်။ သို့သော်လည်း ပတ်ဝန်းကျင်၏ အနေအထား တဖြည်းဖြည်း ပြောင်းလဲလာသည်ကို သတိပြုမိသောအခါ ကောင်းထင်အယ်၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။

“နေဦး.... ဒီကောင် တောင်ထဲကို ဝင်ချင်နေတာပဲ....”

ဤဒေသတစ်ဝိုက်ရှိ တောင်တန်းများ၏ အနေအထားကို မြစ်ကမ်းအနီး နေထိုင်ကြသော တာကျန်းဂိုဏ်းသားများထက် ဖိုရှန်းဂိုဏ်းသားများက ပိုမို ကျွမ်းကျင်ကြသည်။ အကယ်၍ ကျိုးဆန်းသာ တောင်ထဲသို့ အမှန်တကယ် ရောက်ရှိသွားပြီး နှစ်ရက်သုံးရက်ခန့် ပုန်းအောင်းနေပါက ကောင်းထင်အယ် အတွက် ရှာဖွေရန် ခက်ခဲသွားပေလိမ့်မည်။

"ကောင်းပြီလေ.... ဒီ မြေလျှိုးမှော်စာရွက်ကို မင်းအတွက် သုံးလိုက်ရတာ နည်းနည်းတော့ နှမြောစရာကောင်းတယ်"

ကောင်းထင်အယ်သည် မဆိုင်းမတွဘဲ ပျံသန်းရေး မှော်ရတနာကို သိမ်းလိုက်ပြီး မြေဝါရောင် အဆောင်တစ်ခုကို ကိုယ်ပေါ်တွင် ကပ်လိုက်သည်။ ချီစွမ်းအား သွင်းလိုက်သည်နှင့် နောက်တစ်ခဏ၌ ဝါကျင်ကျင်အလင်းတန်းတစ်ခုသည် မြေနဂါးတစ်ကောင်ကဲ့သို့ ဟိန်းဟောက်ကာ ရှေ့မှ ရန်သူဆီသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိသွားတော့သည်။

ရှေ့မှ ပြေးနေသော ကျိုးဆန်းမှာ ထိုအရှိန်အဟုန်ကို မြင်သောအခါ ထိတ်လန့်တုန်လှုပ်သွားတော့သည်။ မည်သို့ပင် အစွမ်းကုန် ကြိုးစားပါစေ၊ အကွာအဝေးမှာ တဖြည်းဖြည်း နီးကပ်လာကာ လွတ်မြောက်ရန် လမ်းစ ပျောက်ကွယ်လုနီးပါး ဖြစ်လာသည်။

“ကျိုးဆန်း၊ သေပေတော့"

စူးရှသော အော်ဟစ်သံနှင့်အတူ မီတာ ရာချီ အကွာမှ ပျံလွှားဓား တစ်စင်း ဝဲပျံလာသည်။

ဝှစ်….

ကျိုးဆန်းမှာ လဲကျလုနီးပါး ဖြစ်သွားသော်လည်း အံကြိတ်ကာ ဆက်လက်ပြေးလွှားနေသည်။ ကောင်းထင်အယ်၏ ဓားမြှောင်ပေါ်တွင်မူ လတ်လတ်ဆတ်ဆတ် သွေးစက်အချို့ စွန်းထင်ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။

“အတော်လေး ခံနိုင်ရည်ရှိတာပဲ၊ မင်း ငါ့ဓားချက်ကို ဘယ်နှစ်ချက်လောက် ထပ်တောင့်ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့”

ကောင်းထင်အယ် ဆက်လက် လိုက်လံနေတော့သည်။ မျက်နှာသို့ လာတိုက်နေသော ညလေအေးများက သူ့အား လန်းဆန်းမှု အနည်းငယ် ပေးစွမ်းနေသည်။

….

“မိတ်ဆွေ…. ကယ်ပါဦးဗျ"

စူစူးစူးဝါးဝါး အော်ဟစ်သံကြီးကြောင့် လော့ချန်၏ မျက်နှာမှာ အတော်လေး ပျက်သွားသည်။ သူသည် တံခါးနောက်၌ ပုန်းအောင်းရင်း လက်ထဲ၌ မှော်စာရွက်အချို့နှင့် ဝိညာဉ်ဖျက်သံမှို တစ်ခုကို အသင့်ကိုင်ထားမိသည်။

"ဘယ်သူ့ကို လာကယ်ခိုင်းနေတာလဲ၊ ငါ့ဆီကို ပြေးမလာနဲ့လေ.…"

လော့ချန်တစ်ယောက် စိတ်ထဲမှ ကြိတ်၍ မေတ္တာပို့နေသော်လည်း ကျိုးဆန်းကမူ မကြားနိုင်တော့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ကျိုးဆန်းမှာ လော့ချန်၏ ခြံဝင်းအတွင်းသို့ တန်းတန်းမတ်မတ် ပြေးဝင်လာတော့သည်။

“တာကျန်းဂိုဏ်းက အလုပ်လုပ်နေတယ်၊ မဆိုင်တဲ့သူတွေ ဖယ်နေကြ"

ဟိန်းဟောက်သံနှင့်အတူ မှောင်မည်းနေသော ကောင်းကင်ယံ၌ ဧရာမ မီးလုံးကြီးတစ်လုံး ဝင်းခနဲ ပေါ်လာသည်။ တံခါးကြားမှ ချောင်းကြည့်နေသော လော့ချန်မှာ မျက်လုံးပြူးသွားရတော့သည်။

တောက်.... ဒီကောင်တွေ သူများအိမ်လာပြီး ဘာလုပ်နေကြတာလဲ....။

နောက်တစ်စက္ကန့်၌ ထိုမီးလုံးကြီးမှာ မိုးကြိုးသဖွယ် ကျိုးဆန်း ဆီသို့သာမက လော့ချန်၏ ခြံဝင်းတစ်ခုလုံးဆီသို့ပါ ဒိန်းခနဲ ကျရောက်လာတော့သည်။

ဘုန်း….

ကောင်းထင်အယ် မြေပြင်ပေါ်သို့ သာသာယာယာ ဆင်းသက်လိုက်သည်။ သူ၏ကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားကာ မှော်စာရွက်မှာလည်း ပြာအဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။ မီးဟုန်းဟုန်းတောက်နေသော အိမ်အပျက်အစီးများကြားရှိ အလောင်းကို ကြည့်ကာ သူ အေးစက်စွာ ပြောလိုက်သည်။

“သေချင်ယောင်ဆောင်နေတုန်းလား"

စကားမဆုံးမီမှာပင် မြေပြင်ပေါ်ရှိ အလောင်းမှာ ရုတ်တရက် လှုပ်ရှားသွားသည်။ သို့သော် ပျံလွှားဓား တစ်စင်းက ထိုသူ၏ ကိုယ်ကို ထိုးဖောက်၍ မြေပြင်ပေါ်၌ တုပ်တုပ်မျှ မလှုပ်နိုင်အောင် စိုက်ထူထားလိုက်သည်။

ကောင်းထင်အယ်က လှောင်ပြုံးပြုံးရင်း ဘေးသို့ စောင်းငဲ့ကြည့်လိုက်သည်။

“မင်း ဘာသာမင်း ထွက်လာမလား၊ ဒါမှမဟုတ် အထဲမှာပဲ အရှင်လတ်လတ် အကင်ခံမလား”

သူ့အား ပြန်လည်ဖြေကြားလိုက်သည်မှာ မီးလုံးတစ်လုံးပင် ဖြစ်သည်။

“ကလေးကလား အတတ်ပညာလေးနဲ့ ငါ့ရှေ့မှာ လာကစားနေတာလား”

ကောင်းထင်အယ် လက်တစ်ဖက်ကို မြှောက်လိုက်ရာ ဝါကျင်ကျင် အလင်းအကာအရံတစ်ခု ပေါ်လာသည်။ လော့ချန် ပစ်လိုက်သော မီးလုံးမှာ ထိုအကာအရံကို ထိမှန်ကာ ပျောက်ကွယ်သွားသည်။ ကောင်းထင်အယ် လက်ကို ဝှေ့ယမ်းလိုက်ရာ မြေကြီးပေါ်မှ ဓားမှာ ချက်ချင်းပင် သူ့လက်ထဲသို့ ပြန်ရောက်လာသည်။

“အစ်ကိုကြီး၊ သက်ညှာပါဦး"

ကောင်းထင်အယ်သည် ပြတင်းပေါက်မှ လူးလဲထွက်လာသော လော့ချန်ကို ကြည့်ကာ အထင်သေးစွာ ခေါင်းယမ်းလိုက်သည်။ ချီသန့်စင် အဆင့် (၄) မျှသာရှိသော ကောင်လေးတစ်ယောက်အား သူ ဂရုမစိုက်ပေ။

ရုတ်တရက် သူ ဒေါသတကြီး ဟောက်လိုက်သည်။

"သတ္တိရှိလှချည်လား"

နောက်ထပ် မီးလုံးတစ်လုံးက သူ့ဆီသို့ ပြေးဝင်လာပြန်သည်။ မီးလုံးကို သူ မကြောက်ပေ။ သူ ဒေါသထွက်သည်မှာ ချီသန့်စင် အဆင့် ၄ သာရှိသော ကောင်လေးက သူ့အား မြင်သည်နှင့် တိုက်ခိုက်ရဲခြင်းကြောင့် ဖြစ်သည်။

သူ၏ ပျံလွှားဓားကို ထုတ်ရန် ပြင်လိုက်သော်လည်း ထိုမီးလုံးကိုမူ သူ ဂရုမစိုက်ပေ။ သူ၏ စတုတ္ထအဆင့် မြေသားအကာအရံ သည် မီးလုံးအဆင့်အား အေးဆေး ခံနိုင်ရည်ရှိသည် မဟုတ်ပါလော။

သို့သော် နောက်တစ်ခဏ၌ သူ၏ မျက်နှာအမူအရာမှာ လုံးဝ ပြောင်းလဲသွားသည်။

မီးလုံး ပျောက်ကွယ်သွားသည်နှင့် အနက်ရောင် အလင်းတန်းတစ်ခုသည် သူ၏ အကာအရံကို ဖောက်ထွက်သွားပြီး ရင်ဘတ်ထဲသို့ စိုက်ဝင်သွားတော့သည်။

စွပ်….

“ဝိညာဉ်ဖျက်.... သံမှို....”

ဘုန်း.…ဘုန်း….ဘုန်း….

ညအမှောင်ထုအတွင်း၌ လော့ချန်သည် တစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်စွာ လှုပ်ရှားရင်း လက်မှ မီးလုံးများကို တရစပ် ပစ်လွှတ်နေသည်။ ကောင်းထင်အယ်မှာ အကာအရံကို ပြန်လည် ပြုလုပ်ရန် ကြိုးစားသော်လည်း အဆက်မပြတ် ကျရောက်နေသော မီးလုံးများကြောင့် အသက်ရှူရန်ပင် အချိန်မရတော့ပေ။

သူ့ရဲ့ မှော်အတတ် အသုံးပြုတဲ့ အရှိန်က.... အရမ်းမြန်လွန်းတယ်....။

ဤသည်မှာ ကောင်းထင်အယ် သတိမလစ်မီ နောက်ဆုံးတွေးလိုက်သော အတွေးပင် ဖြစ်တော့သည်။

…

လော့ချန်သည် မီတာ နှစ်ရာအကွာမှနေ၍ လဲကျနေသော အလောင်းကို စိုက်ကြည့်နေသည်။

“သေချင်ယောင်ဆောင်နေတာလည်း ဖြစ်နိုင်တယ်၊ အရင်လူလည်း ဒီလိုပဲ လုပ်ခဲ့တာပဲ၊ စမ်းသပ်ကြည့်ရမယ်”

လော့ချန်သည် မဆိုင်းမတွဘဲ နောက်ထပ် မီးလုံးတစ်လုံးကို ထပ်မံ ပစ်လွှတ်လိုက်ပြန်သည်။

ဘုန်း….

အလောင်းမှာ မည်သည့်တုံ့ပြန်မှုမျှ မရှိဘဲ မီးတောက်များကြား၌ တိတ်ဆိတ်နေဆဲပင်။ လော့ချန်မှာ စိတ်မချသေးဘဲ အကွာအဝေးကို ထိန်းထားကာ ထွက်ပြေးရန် အသင့်ပြင်ထားသည်။ သို့သော် ကောင်းထင်အယ်၏ လည်ပင်းမှ ထူးဆန်းသော လှုပ်ရှားမှုတစ်ခုကို မြင်လိုက်ရသောအခါ လော့ချန်၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားသည်။

သူ ဂါထာတစ်ခုကို ရွတ်ဆိုလိုက်ကာ လက်ချောင်းကို ညွှန်လိုက်သည်။ ဝေးလံသော မြေပြင်မှ စိမ်းပြာရောင် အလင်းတန်းတစ်ခုသည် နွယ်ပင်ကဲ့သို့ ထွက်ပေါ်လာပြီး ထိုကျင့်ကြံသူ၏ လည်ပင်းကို ရစ်ပတ်လိုက်သည်။

ဂျွတ်….

အရိုးကျိုးသံနှင့်အတူ ကောင်းထင်အယ်၏ ကိုယ်မှာ တွန့်လိမ်သွားကာ နောက်ဆုံးတွင် တိတ်ဆိတ်သွားတော့သည်။

“တကယ်ပဲ သေချင်ယောင် ဆောင်နေခဲ့တာကိုး၊ ကံဆိုးလိုက်တဲ့ကောင်ပါလား၊ ငါ့ရှေ့မှာ ဒီနည်းလမ်းက အလုပ်မဖြစ်ဘူး”

လော့ချန် သက်ပြင်းချလိုက်ကာ အလောင်းအနားသို့ ချဉ်းကပ်သွားသည်။ ကောင်းထင်အယ်၏ ပုံပျက်ပန်းပျက် ဖြစ်နေသော မျက်နှာကို ကြည့်ရင်း လော့ချန်၏ စိတ်မှာ ထူးဆန်းစွာပင် တည်ငြိမ်နေတော့သည်။ ရန်သူကို သတ်ဖြတ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်းမျိုး မရှိဘဲ ပုံမှန်အတိုင်းပင် ခံစားနေရသည်။

ပစ္စည်းရှာဖွေရာတွင် ကျွမ်းကျင်နေပြီဖြစ်သော လော့ချန်သည် အလောင်းပေါ်ရှိ တန်ဖိုးရှိရာမှန်သမျှကို စတင် ရှာဖွေတော့သည်။

ပျံလွှားဓားတစ်စင်း၊ ဝိညာဉ်ကျောက် ၁၅၀ ခန့် တန်ဖိုးရှိသည့် ပျံသန်းရေး မှော်ရတနာ တစ်ခု၊ အတွင်းဝတ် သံချပ်ကာ တစ်ထည်တို့ကို တွေ့လိုက်ရသည်။ အတွင်းဝတ် သံချပ်ကာမှာမူ လော့ချန်၏ ဝိညာဉ်ဖျက်သံမှိုနှင့် မီးလုံးများကြောင့် ပျက်စီးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

“ဝိညာဉ်ကျောက်လည်း မပါဘူး၊ ကျင့်စဉ်လည်း မရှိဘူး၊ ဝိညာဉ်သိုလှောင်အိတ်တောင် မပါဘူးလား....”

“တောက်.... တကယ့် ဆင်းရဲသားပဲ"

လော့ချန်သည် ကောင်းထင်အယ်၏ ရင်ဘတ်ထဲမှ ဝိညာဉ်ဖျက်သံမှိုကို ပြန်လည် ထုတ်ယူလိုက်ကာ နောက်ထပ် အလောင်းတစ်ခုဖြစ်သော ကျိုးဆန်း ဆီသို့ သွားရောက်ရှာဖွေပြန်သည်။ သို့သော် ထိုသူ့ထံမှလည်း ဝိညာဉ်ကျောက် အနည်းငယ်နှင့် လက်နက်အချို့မှလွဲ၍ ဘာမျှ ထူးထူးခြားခြား မရရှိခဲ့ပေ။

“လူဆင်းရဲတစ်သိုက်.... ဒီလောက် ဆင်းရဲတာကို ဘာလို့ အသက်နဲ့ရင်းပြီး နေ့တိုင်း တိုက်နေကြတာလဲ"

လော့ချန်တစ်ယောက် ဗျစ်တောက်ဗျစ်တောက် ပြောရင်း သူ၏ မီးလောင်နေသော အိမ်လေးကို ကြည့်ကာ ငိုချင်စိတ်ပင် ပေါက်သွားသည်။

“ဒီအရပ်က ဂိုဏ်းသားတွေကတော့ တကယ်ကို ယဉ်ကျေးမှု မရှိကြဘူးဗျာ”

All Chapters