မင်းလက်စွမ်းပြခဲ့တဲ့ အလုပ်ကြီးကလည်း ထင်သလောက် မကြီးပါလား
Vol. 3 Ch. 23
ကောင်းကင်ယံမှာ ကြည်လင်နေပြီး လေပြေညင်းက အေးမြစွာ တိုက်ခတ်နေသည်။
ဧရာမ သင်္ဘောကြီးတစ်စင်း၏ ဦးပိုင်းတွင် တာကျန်းဂိုဏ်း၏ ဂိုဏ်းချုပ် ဝမ်ဟိုင်ချောင်သည် လက်အောက်ငယ်သားများ၏ သတင်းပို့ချက်ကို နားထောင်ရင်း ရပ်နေသည်။
“မနေ့ညက ဖိုရှန်းဂိုဏ်းရဲ့ အပြင်မြို့က စခန်းခုနစ်ခုကို အောင်အောင်မြင်မြင် တိုက်ခိုက်နိုင်ခဲ့ပါတယ် ဂိုဏ်းချုပ်၊ ရရှိတဲ့ပစ္စည်းတွေကလည်း အများကြီးပဲ"
“ဒုတိယအဆင့် မိစ္ဆာကျားအရေခွံ တစ်ချပ်၊ အဆင့်နိမ့် ဝိညာဉ်ကုန်ကြမ်း တစ်ထောင်ကျော်နဲ့ ဝိညာဉ်ကျောက်တုံး သောင်းချီ သိမ်းဆည်းရမိခဲ့ပါတယ်”
"ညီအစ်ကိုတွေ ကိုယ်တိုင်သိမ်းဆည်းလိုက်တဲ့ ပစ္စည်းတွေကိုတော့ စာရင်းထဲ မထည့်ထားပါဘူး၊ ဂိုဏ်းချုပ်ရဲ့ အမိန့်အတိုင်း ဘယ်သူအရင်လုနိုင်သလဲ၊ အဲဒီလူပဲ ပိုင်ရစတမ်းပါပဲ"
“ဂိုဏ်းချုပ်၊ ဒီတစ်ခေါက်တော့ ကျွန်တော်တို့ တကယ့်ကို အမြတ်ကြီး ထွက်ခဲ့တာပဲ"
ဝမ်ဟိုင်ချောင်သည် လှည့်ပင်မကြည့်ဘဲ အေးဆေးစွာပင် ဆိုလိုက်သည်။
“ဒါက အသေးအဖွဲ စစ်ဆင်ရေးလေးတစ်ခုပါပဲ၊ အဲဒီကောင်တွေရဲ့ အာရုံက တောင်တန်းတွေဆီ ရောက်နေလို့သာ ငါတို့ ဒီလောက် လွယ်လွယ်ကူကူ ရခဲ့တာ”
သူ သက်ပြင်းတစ်ချက် ခပ်ဖွဖွချရင်း သင်္ဘောလက်ရန်းကို ပုတ်ကာ မေးလိုက်သည်။ "ရှောင်ကောင်း... မနေ့ညက ငါတို့ဘက်က အထိအခိုက် ဘယ်လောက်ရှိလဲ"
ရှောင်ကောင်းဟု ခေါ်သော ထိုလူမှာ အရပ်ပုသော်လည်း ပခုံးကျယ်ကာ ကြွက်သားအမြှောင်းမြှောင်းနှင့် ခက်ထန်သော မျက်နှာထားရှိသူ ဖြစ်သည်။
“အထိအခိုက်ကတော့ နည်းပါတယ် ဂိုဏ်းချုပ်၊ ချီသန့်စင် အဆင့် ၄ နဲ့ ၅ ရှိတဲ့ တပည့်အနည်းငယ်ပဲ သေဆုံးခဲ့ပါတယ်၊ အဆင့် ၇ အထက် သူတွေကတော့ ဒဏ်ရာတောင် မရခဲ့ကြဘူး၊ သြော်…. တင်းယိလုံကတော့ ကံဆိုးသွားတယ်ဗျ၊ တောင်ပေါ်ကနေ ပြန်ဆင်းလာတဲ့ ဖိုရှန်းဂိုဏ်းရဲ့ လူသတ်သမား ဝမ်ယွမ်၊ ဓားကျိုး တို့နဲ့ တိုးပြီး၊ သူ့ရဲ့ အဆင့်မြင့်မှော်လက်နက်နှစ်ခုလုံး အပိုင်းပိုင်း ဖျက်ဆီးခံလိုက်ရပါတယ်”
ရှောင်ကောင်းသည် ရယ်ရင်းပြောသော်လည်း သူ၏မျက်နှာထားကြောင့် ရယ်သံက ပို၍ပင် ကြောက်စရာကောင်းနေသည်။
ဝမ်ဟိုင်ချောင်က တဟားဟား လိုက်ရယ်ရင်း ဆိုသည်။
"အဲဒီကောင် တော်တော် နစ်နာသွားတာပဲ၊ ဒီတစ်ခေါက်ရတဲ့ ပစ္စည်းတွေထဲက အဆင့်မြင့်မှော်လက်နက် တစ်ခုလောက် သူ့ကို ထုတ်ပေးလိုက်၊ နောက်တစ်ခါ တိုက်ပွဲဝင်ရင် လက်နက်မပါဘဲ ဖြစ်နေဦးမယ်"
ဝမ်ဟိုင်ချောင်က ပြုံးလိုက်သော်လည်း ချက်ချင်းပင် မျက်မှောင်ကြုတ်သွားသည်။
“ဖိုရှန်းဂိုဏ်းရဲ့ ဓားနှစ်လက်က တော်တော် အနှောင့်အယှက် ပေးလွန်းနေပြီ”
ဖိုရှန်းဂိုဏ်းတွင် ဂိုဏ်းသား တစ်ထောင်ကျော်ရှိပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ရှိသူ ဂိုဏ်းချုပ်မီသည် ဝမ်ဟိုင်ချောင်ကဲ့သို့ပင် ကိုယ်တိုင်လှုပ်ရှားလေ့မရှိပေ။ ကိစ္စအဝဝကို အဓိက ကိုင်တွယ်ဖြေရှင်းသူမှာ လက်ထောက်ဂိုဏ်းချုပ် နှစ်ဦး နှင့် အကြီးအကဲ ခုနစ်ဦး ဖြစ်သည်။
သို့သော် တာ့ကျန်းဂိုဏ်းအတွက် အတားအဆီး အကြီးမားဆုံးမှာ ဓားနှစ်လက်ဟု ကျော်ကြားသော ဓားရူး ဝမ်ယွမ် နှင့် ဓားကျိုး ရွှီရန်ခယ် တို့ပင် ဖြစ်သည်။
ဓားကျိုး ရွှီရန်ခယ်မှာ စျေးကွက်များစွာတွင် ကျင်လည်ခဲ့သော လူဟောင်းတစ်ဦးဖြစ်ပြီး ဂိုဏ်းချုပ်မီ၏ ဖိတ်ခေါ်မှုကြောင့်သာ ဖိုရှန်းဂိုဏ်းသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။
သို့သော် ဓားရူး ဝမ်ယွမ်မှာမူ ကျင့်ကြံမှုသက်တမ်း ဆယ်နှစ်ပင် မပြည့်သေးသူ ဖြစ်သည်။ သူသည် ပထမဆုံး စတင်ထွက်ပေါ်လာချိန်၌ ချီသန့်စင် အလယ်အလတ် အဆင့်ရှိသော အောက်လမ်းဂိုဏ်းသားများကို တစ်ကိုယ်တည်း အဆင့်ကျော် သတ်ဖြတ်နိုင်ခဲ့သဖြင့် နာမည်ကျော်ခဲ့သည်။
ထို့နောက် တောင်တန်းများကြား အမဲလိုက်ရင်း အခြားသူများနှင့် ပဋိပက္ခများစွာ ဖြစ်ပွားခဲ့ရာ နောက်ဆုံး၌ ဂိုဏ်းချုပ်မီကိုယ်တိုင် သွားရောက်စေ့စပ်ပြီး ဖိုရှန်းဂိုဏ်းသို့ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
ပထမပိုင်းတွင် ဝမ်ယွမ်သည် ထူးထူးခြားခြား လှုပ်ရှားမှုမရှိခဲ့ပေ။ သူသည် ဖိုရှန်းဂိုဏ်းအတွက် လက်နက်ဟောင်းများ၊ ကျမ်းစာအဟောင်းများကို လိုက်လံရောင်းချပေးခြင်းဖြင့်သာ အချိန်ကုန်နေခဲ့သည်။
မကြာသေးမီကမှ တာကျန်းဂိုဏ်းသား သုံးဦး၏ ခေါင်းကို ဖြတ်ယူလာခဲ့သဖြင့် လူအများက သူ့အား ပြန်လည်သတိထားမိလာကြသည်။
ပြီးခဲ့သည့် တစ်လအတွင်း သူသည် တောင်ကြားလမ်းတွင် တစ်ကိုယ်တည်း စောင့်ကြို၍ တာကျန်းဂိုဏ်းသားများကို ကြက်ကလေး ငှက်ကလေးသဖွယ် သတ်ဖြတ်ခဲ့သည်။ ချီသန့်စင် အဆင့် ၈ ရှိသော တာကျန်းဂိုဏ်းသားတစ်ဦးပင် သူ့လက်ချက်ဖြင့် သေဆုံးခဲ့ရပြီး အဆင့် ၉ ကျင့်ကြံသူများပင် သူနှင့် တိုက်ခိုက်ရာ၌ အနိုင်မရခဲ့ပေ။
ထို့ကြောင့်ပင် ဝမ်ယွမ်အား 'ဓားရူး' ဟူသော ဘွဲ့နာမည် ပေးခဲ့ကြခြင်း ဖြစ်သည်။
ဓားကျိုး ရွှီရန်ခယ် ကိုယ်တိုင်ကပင် ဝမ်ယွမ်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သူ့ထက်ပင် သာလွန်နိုင်ကြောင်းနှင့် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်မည့် ပါရမီရှိကြောင်း ဝန်ခံခဲ့သည်။ ရွှီရန်ခယ်၏ အသိအမှတ်ပြုမှုနှင့်အတူ ဝမ်ယွမ်သည် ဖိုရှန်းဂိုဏ်း၏ ဓားနှစ်လက် အဖြစ် ဘွဲ့ထူးကို ရရှိခဲ့သည်။
ဂိုဏ်းချုပ်ဝမ်၏ စကားကို ကြားသောအခါ ရှောင်ကောင်းမှာ တိတ်ဆိတ်သွားသည်။
တာကျန်းဂိုဏ်း ဂိုဏ်းချုပ်ဝမ်၏ လက်အောက်တွင် ထိပ်တန်းပုဂ္ဂိုလ်ဖြစ်သည့်အတွက် သူသည် မိမိကိုယ်မိမိ အမြဲ အထင်ကြီးခဲ့သူ ဖြစ်သည်။ သူသည် ဓားကျိုး ရွှီရန်ခယ်နှင့် အစွမ်းချင်း တူညီသည်။ မြစ်ပေါ်တွင် တိုက်ခိုက်မည်ဆိုပါက အကြိမ် တစ်ရာအတွင်း အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်ရှိသည်။ သို့သော် ဓားရူးမှာမူ သူ မခန့်မှန်းနိုင်သော ပုဂ္ဂိုလ် ဖြစ်နေသည်။
သတင်းများအရ ထိုသူမှာ ရေတပ်စစ်ဆင်ရေးတွင်လည်း ကျွမ်းကျင်သူဖြစ်သည်ဟု ဆိုသည်။
ဒီလိုလူမျိုးက ဘာလို့ ရှိနေရတာလဲ....။
ထိုသူသည် ချီသန့်စင် အဆင့် ၇ မှာပင် ဤမျှ တန်ခိုးကြီးနေလျှင် အဆင့် ၉ သို့ ရောက်ပါက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကိုပင် စိန်ခေါ်ဝံ့တော့မည် မဟုတ်ပါလော။
ဝမ်ဟိုင်ချောင်က ကိုယ်လက်ဆန့်ထုတ်ရင်း မေးလိုက်သည်။
“မင်းရဲ့ ညီလေးကော ဘယ်မှာလဲ"
“မသိဘူးဗျ၊ ဝိညာဉ်သိုလှောင်အိတ် တစ်လုံး သွားယူမယ်လို့ ပြောတာပဲ၊ မနေ့ညက ဖိုရှန်းဂိုဏ်းရဲ့ စခန်းခုနစ်ခုကို တိုက်တဲ့အဖွဲ့မှာ ပါသွားတယ်၊ ဒါပေမဲ့ အခုထိ ပြန်မလာသေးဘူး”
“မင်း ညီ တစ်ခုခုဖြစ်မှာ မစိုးရိမ်ဘူးလား"
“ဟားဟား…. ဂိုဏ်းချုပ် ကျွန်တော့်ကို လက်ဆောင်ပေးထားတဲ့ မြေသားအကာအရံကို သူ့ကို ပေးထားတာပဲ၊ အဆင့် ၉ ကျင့်ကြံသူနဲ့ မတိုးသရွေ့ သူ ဘာမှမဖြစ်ပါဘူး” ဟု ရှောင်ကောင်းက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
“ပြီးတော့ သူ့မှာ ပျံသန်းရေးမှော်လက်နက် လည်း ပါသေးတယ်၊ သူ ပြေးချင်ရင် အဆင့် ၉ ကျင့်ကြံသူတောင် လိုက်မမီနိုင်ဘူး”
ဝမ်ဟိုင်ချောင်က ခေါင်းညိတ်လိုက်သည်။ မြေသားအကာအရံ နှင့် ပျံသန်းရေးမှော်လက်နက် ရှိနေပါက အခြေခံတည်ဆောက်ခြင်းအဆင့်အောက်မှ မည်သူမျှ ရှောင်ကောင်း၏ ညီကို အန္တရာယ် မပေးနိုင်ပေ။
“ကောင်းပြီလေ၊ ဂိုဏ်းရဲ့ ကိစ္စရပ်တွေကို ဆက်ပြီး စောင့်ကြည့်နေ၊ ဖိုရှန်းဂိုဏ်းက မကြာခင် ပြန်တိုက်လာနိုင်တယ်၊ ဒါပေမဲ့ ငါတို့ရဲ့ စစ်ကူတွေလည်း မကြာခင် ရောက်လာတော့မှာပါ”
ရှောင်ကောင်း စဉ်းစားခန်း ဝင်သွားသည်။
စစ်ကူ.... လျန်ယွန်း ကုန်သွယ်ရေး မဟာမိတ်က သူတွေကို ပြောတာလား....။
….
တာဟဲစျေးမြို့တော်၏ အမြင့်ဆုံး အဆောက်အအုံဖြစ်သော ကျောက်စိမ်းအိုးဓားနန်းဆောင်၏ အပေါ်ထပ် အခန်းလေးအတွင်း၌ စွန်းရှို့သည် အမဲခြောက်ဖတ်လေးများကို ဝါးရင်း လော့ချန်ကို ကြည့်ကာ ပြောနေသည်။
"အရသာကတော့ တကယ့်ကို ရှယ်ပဲဟေ့၊ လော့လေး.... မင်းသာ နောင်တစ်ချိန် ကျင့်ကြံခြင်းလမ်းစဉ်ကို လက်လျှော့လိုက်ရင် ဇာတိပြန်ပြီး အမဲခြောက်ဆိုင်ဖွင့်စားစမ်းကွာ၊ သေချာပေါက် ချမ်းသာမှာ"
လော့ချန် ရှက်ပြုံးကလေး ပြုံးလိုက်သည်။
ဇာတိကို ပြန်ဖို့လား၊ ဒီဘဝတော့ မဖြစ်နိုင်တော့ဘူး၊ ဘယ်လမ်းက ပြန်ရမှန်းတောင် မသိတော့တာ….။
"ကဲ... ပြောစမ်းပါဦး၊ ငါ့ဆီ ဘာကိစ္စနဲ့ လာတာလဲ၊ မင်းအိမ်လခ ပေးရမယ့်ရက်လည်း မရောက်သေးပါဘူး" အဘိုးစွန်းက မေးလိုက်သည်။
“ကျွန်တော် အိမ်တစ်လုံး ငှားချင်လို့ပါ"
“ကောင်းတာပေါ့၊ မင်း ငှားသင့်ပါတယ်၊ မင်းအခု နေနေတဲ့ အနောက်တောင်ဘက်က နေရာက သိပ်ဝေးလွန်းပြီး အန္တရာယ်များတယ်၊ ဘယ်နားမှာ ငှားချင်လဲ ပြော၊ ကျယ်ကျယ်ဝန်းဝန်းနဲ့ ဘေးကင်းမယ့်နေရာ ငါ ရှာပေးမယ်၊ မင်းကျွေးတဲ့ အမဲခြောက်အတွက် ကျေးဇူးဆပ်တာလို့ မှတ်လိုက်ပေါ့”
ပြောနေရင်းနှင့် သူသည် သံလိုက်အိမ်မြှောင် တစ်ခုကို ကောက်ကိုင်လိုက်သည်။
ချီစွမ်းအားကို စီးဆင်းစေလိုက်သည်နှင့် သံလိုက်အိမ်မြှောင်ပေါ်တွင် လင်းလက်နေသော အချက်အလက်များစွာ ပေါ်ထွက်လာသည်။ တစ်ချက်ကြည့်ရုံဖြင့် ထောင်နှင့်ချီသော အလင်းပွင့်များ ရှိနေသည်ကို မြင်ရသည်။ သူ လက်ဖြင့် တစ်ချက် ဝှေ့လိုက်ရာ ထူထပ်လှသော အလင်းပွင့်များမှာ မှိန်သွားပြီး အနည်းငယ်သာ ကျန်တော့သည်။
ကျန်ရှိနေသော အလင်းပွင့်များမှာ အပြင်ဘက်ရပ်ကွက်တွင် လစ်လပ်နေသော အိမ်ရာများ ဖြစ်ကြသည်။
လော့ချန်၏ မျက်လုံးများ တောက်ပသွားကာ ပြောလိုက်သည်။
“ကျယ်ကျယ်ဝန်းဝန်း နေရာတွေလား"
“ဘာဖြစ်လို့လဲ၊ မင်းရဲ့ အဘိုးစွန်းကို မယုံဘူးလား"
စွန်းရှို့သည် အသက် ၁၂၁ နှစ် ရှိပြီဖြစ်ပြီး၊ ကျောက်စိမ်းအိုးဓားဂိုဏ်း၏ အပြင်စည်းတပည့် တစ်ဦးဖြစ်သည်။ အသက်အရွယ်အရ ကြည့်လျှင် လော့ချန်၏ အဘိုး အစစ်အမှန်ပင် ဖြစ်နိုင်သည်။
“ကျွန်တော်က အတွင်းမြို့မှာ ငှားချင်တာပါ"
“အတွင်းမြို့၊ နေဦး….ငါ ကြည့်ကြည့်ဦးမယ်၊ ခဏနေပါဦး မင်းပြောတာ အတွင်းမြို့လား…."
စွန်းရှို့က လော့ချန်ကို သံသယဖြင့် ကြည့်လိုက်သည်။
"မင်းက အရင်က တစ်လမှ ဝိညာဉ်ကျောက်တုံး တစ်ဝက်တန်တဲ့ အိမ်မှာနေပြီး အခု မြို့တွင်းကို ပြောင်းချင်တယ်ပေါ့…."
သူ လော့ချန်ကို အထက်အောက် အကဲခတ်သလို ကြည့်လိုက်ပြီးမှ ခပ်ဖျော့ဖျော့ ပြုံးလိုက်မိသည်။
ဝတ်ဆင်ထားသည့် ဝတ်ရုံမှာ ယခင်ကဲ့သို့ နွမ်းဖတ်မနေတော့ဘဲ သူ့ထံမှ ထွက်ပေါ်နေသော အငွေ့အသက်များတွင်လည်း အတွေ့အကြုံရင့် ကျင့်ကြံသူတစ်ဦး၏ သတ်ဖြတ်လိုသော အရှိန်အဝါ အနည်းငယ် ကိန်းဝပ်နေသည်။ ဤလူငယ် တစ်ခုခုတော့ အကြီးအကျယ် လက်စွမ်းပြခဲ့ပုံရပြီး ယခုမူ အတွင်းမြို့၌ ဇိမ်နှင့် အခြေချနေထိုင်ရန် ပြင်ဆင်နေပြီဟု စွန်းရှို့ တွေးလိုက်မိသည်။
“ကောင်းပြီလေ၊ ငါက ပြောပြီးရင် တည်တဲ့လူပါ၊ အတွင်းမြို့က အိမ်တွေကိုတော့ ကိုယ်တိုင် သွားကြည့်ရမယ်၊ ငါကိုယ်တိုင် လိုက်ပြပေးမယ်”
သံလိုက်အိမ်မြှောင်ကို ဝိညာဉ်သိုလှောင်အိတ်ထဲ ထည့်လိုက်ပြီး သူ တုန်တုန်ချိချိဖြင့် ထရပ်လိုက်သည်။
လော့ချန်က အဘိုးစွန်း လဲသေသွားမည် စိုးသဖြင့် အမြန်ပင် တွဲကူလိုက်သည်။
ဤအဘိုးကြီးသည် မည်သို့သော ကံကြမ္မာကြောင့် ဂိုဏ်းထဲတွင် အေးဆေး အနားမယူဘဲ ဤကဲ့သို့ ဝေးလံသည့်အရပ်တွင် စီးပွားရှာနေရပါသနည်း။ ကြည့်ရသည်မှာ ဤအဘိုးကြီးသည် သေသည်အထိ ဂိုဏ်းအတွက် အလုပ်အကျွေးပြုသွားမည့် သစ္စာရှိသူ တစ်ဦး ဖြစ်ပေလိမ့်မည်။
အဘိုးစွန်းကမူ လော့ချန်၏ အတွေးကို ရိပ်မိပုံမရဘဲ အသက်ကို ခပ်ပြင်းပြင်းရှူကာ ပတ်ဝန်းကျင်ကို လက်ညှိုးထိုးပြလိုက်သည်။
“ဒီနေရာက ကျယ်ပါတယ်၊ မဟုတ်ဘူးလား၊ ထျန်ရှန်းမျှော်စင်နဲ့လည်း နီးတယ်"
“ဈေးကြီးလွန်းတယ်ဗျ”
“ဒါဆို ဒါကော…. နောက်ဆုံး ငှားသွားတဲ့သူက ဂိုဏ်းတစ်ဂိုဏ်းက ကျင့်ကြံသူပဲ၊ ကျင့်ကြံဖို့ လိုအပ်တဲ့ နေရာလွတ်တွေ အလုံအလောက် ရှိပါတယ်”
“ဒါလည်း ဈေးကြီးသေးတယ်ဗျ”
“ကြည့်ရတာ မင်းက ဈေးသက်သာတာကို ရှာနေတာပဲ၊ မြို့ရဲ့ မြောက်ဘက်ခြမ်းကတော့ ဈေးသက်သာပါတယ်၊ လာ.... ငါ လိုက်ပြမယ်”
နှစ်နာရီခန့် ကြာပြီးနောက်....။
စွန်းရှို့သည် လော့ချန်၏ လက်ကို ခါထုတ်လိုက်ပြီး အမောတကော ပြောလိုက်သည်။
“လော့လေး၊ ကြည့်ရတာ မင်းလက်စွမ်းပြခဲ့တဲ့ အလုပ်ကြီးကလည်း အဲဒီလောက် မကြီးပါလား၊ အဲ့ဒါကို ဘာလို့ အတွင်းမြို့ထဲ ပြေးလာပြီး ဇိမ်ခံချင်နေရတာလဲ"
လော့ချန်က ပြန်ပြောလိုက်သည်။
“အဘိုးစွန်း ကလည်းဗျာ၊ အပြင်ဘက်မှာ ဂိုဏ်းတွေက နေ့တိုင်း တိုက်ခိုက်နေကြတာဗျ၊ ဘယ်အချိန်မှာ ဓားစာခံ ဖြစ်သွားမလဲ မသိနိုင်ဘူး၊ ကျွန်တော်တော့ လမ်းပေါ်မှာ မတော်တဆ အသေမခံချင်ဘူး၊ ဇိမ်ခံတာထက် အသက်ရှင်ဖို့က ပိုအရေးကြီးတယ်”
“ကောင်းပြီလေ…. ငါက ပြောရင် တည်တဲ့လူပဲ၊ မင်းအတွက် အိမ်ကြီးကြီးတစ်လုံး ရှာပေးမယ်"
စွန်းရှို့သည် အံကြိတ်ကာ လော့ချန်အား လမ်းကြားများစွာထဲသို့ ဦးဆောင်ခေါ်သွားသည်။ ကွေ့ကောက်နေသည့် လမ်းကြားလေးများအတိုင်း အတော်ကြာ လျှောက်လာခဲ့ကြရာ လမ်းဘေးဝဲယာတွင် အမျိုးသမီး ကျင့်ကြံသူအချို့ကို ခပ်စိပ်စိပ် တွေ့လာရသည်။ ထိုသူများမှာ အဘိုးစွန်းကို မြင်သည်နှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။
ရုတ်တရက် ရှုခင်း ပြောင်းလဲသွားပြီး ပန်းမန်များ ဝေဆာနေသော နေရာတစ်ခုသို့ ရောက်ရှိလာသည်။
ရှေးဟောင်းအိမ်ဝင်း ကြီးတစ်ခုကို သူတို့ မြင်လိုက်ရသည်။
အိမ်ထဲသို့ ဝင်လိုက်ရာ အခန်းပေါင်းများစွာရှိသည့်အနက် အကျယ်ဆုံး အခန်းဆီသို့ စွန်းရှို့က ဦးဆောင်ခေါ်သွားသည်။
“ဒါပဲ…. အိမ်မကြီးနဲ့ မျက်နှာချင်းဆိုင်အဆောင်၊ ဒီအဆောင်က အကျယ်ဆုံးပဲ၊ ၁၇ ယောက် ၁၈ ယောက်လောက် နေချင်ရင်တောင် ဆံ့တယ်”
လော့ချန်သည် အခန်းကို ကျေနပ်အားရစွာ လှည့်ပတ်ကြည့်ရှုနေမိသည်။ အရွယ်အစားမှာ သူ၏ ယခင်အိမ်ထက် မငယ်သည့်အပြင် ခြံဝင်းငယ်လေး တစ်ခုလည်း ပါသေးသည်။ တစ်ခုတည်းသော အားနည်းချက်မှာ အလင်းရောင် အဝင်နည်းသဖြင့် အခန်းတွင်း မှောင်မှောင်မှိုင်းမှိုင်း ဖြစ်နေခြင်းပင်။
“ဝိညာဉ်ကျောက် ဘယ်လောက်လဲ အဘိုးစွန်း"
“ဈေးအနိမ့်ဆုံးပဲ၊ တစ်လကို အဆင့်နိမ့် ဝိညာဉ်ကျောက် ၁၀ တုံး၊ သုံးလစာ ကြိုပေးရမယ်”
ဆိုလိုသည်မှာ တစ်ခါတည်း ဝိညာဉ်ကျောက်တုံး ၄၀ ထုတ်ပေးရမည် ဖြစ်သည်။ လော့ချန် ရင်ထဲ အောင့်သွားသည်။
သို့သော် မြို့တွင်းထဲ၌ ဤမျှကျယ်ဝန်းပြီး စျေးသက်သာသော အိမ်ကို ရှာရန်မှာ မလွယ်ကူပေ။ စွန်းရှို့၏ တာဟဲစျေးမြို့တော် အိမ်ရာဗဟုသုတသာ မရှိပါက ဤနေရာမျိုး ရှိသည်ကိုပင် မည်သူမျှ သိလိမ့်မည် မဟုတ်ပေ။
“ပြီးတော့ လစဉ် စီမံခန့်ခွဲခ ဝိညာဉ်ကျောက် ၁ တုံးနဲ့ သန့်ရှင်းရေးခ ၁ တုံး ထပ်ပေးရမယ်"
လော့ချန် မျက်လုံးများ ပြူးသွားသည်။
“စီမံခန့်ခွဲခ ဆိုတာ ဘာအတွက်လဲ"
အဘိုးစွန်းက မျက်မှောင်ကြုတ်ရင်း ဆိုသည်။
"မင်းတို့ စွန့်ပစ်လိုက်တဲ့ အမှိုက်တွေကို ဘယ်သူက လာသိမ်းပေးမှာလဲ၊ ပြီးတော့ အိမ်နီးနားချင်းတွေနဲ့ ပြဿနာဖြစ်ရင် ငါတို့လို လူကြီးတွေက လာညှိနှိုင်းပေးရမှာလေ၊ အဲဒီအတွက် အခကြေးငွေ မပေးချင်ဘူးလား"
“ဒါပေမဲ့....”
“ဒါပေမဲ့တွေ ဘာတွေ မလုပ်နဲ့”
“ဒါဆို သန့်ရှင်းရေးခကော"
“မင်းက အပြင်ဘက်ရပ်ကွက်မှာလို ဘယ်နေရာမဆို စွန့်ပစ်ပြီး ချီစွမ်းအင် အနံ့အစား အညစ်အကြေးနံ့တွေ လှိုင်နေတဲ့ နေရာမှာ နေချင်တာလား"
“ကောင်းပြီလေ၊ ကျွန်တော် အရှုံးပေးပါတယ်"
လော့ချန် သဘောတူလိုက်ရသည်။ သူတစ်ပါး အိမ်မိုးအောက်တွင် နေရသည်ဖြစ်ရာ မတတ်နိုင်ပေ။ ထို့ပြင် စွန်းရှို့သည် ချီသန့်စင် အဆင့် ၉ ရှိသူ ဖြစ်သဖြင့် ရန်ဖြစ်၍လည်း မဖြစ်နိုင်ပေ။
“သြော်.... မင်းကို သတိပေးစရာ တစ်ခု ကျန်သေးတယ်”
“ဘာကျန်သေးတာလဲဗျာ.…”
လော့ချန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သော်လည်း သူ့ရှေ့ရှိ ထိုအဘိုးကြီးမှာ ချီသန့်စင် အဆင့် ၉ အထိ ရောက်နေသူဖြစ်ကြောင်း သတိရသွားသည်နှင့် စိတ်လျှော့လိုက်ရသည်။
စွန်းရှို့က အိမ်မကြီး၏ တံခါးဝတွင် ပုံထားသော ထင်းပုံကို လက်ညှိုးထိုးပြလိုက်သည်။
“မင်း ချက်ပြုတ်မယ်ဆိုရင် မီးခိုးမထွက်တဲ့ ထင်းကို သုံးနော်၊ တကယ်လို့ မီးခိုးထွက်တဲ့ ထင်းသုံးမယ်ဆိုရင် ငါ့ဆီကနေ မီးခိုးစုပ်မှော်ပစ္စည်း တစ်ခု ငှားဖို့ အကြံပေးချင်တယ်”
“ဗျာ.... ဘာဖြစ်လို့လဲ"
လော့ချန် လုံးဝ ဇဝေဇဝါ ဖြစ်သွားသည်။
“ဟက်.... ငါတို့ အခု ဘယ်ရောက်နေလဲဆိုတာ မင်းသိရဲ့လား….ဒါက မြို့အတွင်းပိုင်းကွ၊ ပထမအဆင့် ဝိညာဉ်ကြော ပေါ်မှာ တည်ဆောက်ထားတဲ့ ကျင့်ကြံရာနယ်မြေလေ၊ မီးခိုးငွေ့တွေနဲ့ မသန့်စင်တဲ့ လေထုတွေသာ ဖုံးလွှမ်းနေရင် မင်းတို့တွေ ကျင့်ကြံလို့ ရပါဦးမလား”
ကျင့်ကြံသူတွေကတောင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်နေကြတာလား....။
လော့ချန် တစ်ယောက် ကြောင်အမ်းအမ်းဖြင့် အဘိုးကြီးလက်ထဲမှ မြူငြိမ်မိုးဖွဲ နံ့သာဟု ခေါ်သော မှော်ရတနာလေးကို လှမ်းယူလိုက်သည်။ ပုံစံမှာမူ လေးထောင့်ပုံစံ အချွန်အတက်လေးများနှင့် ဖြစ်ပြီး အသုံးပြုလိုလျှင် အခန်း၏ အတွင်းနှင့် အပြင် ဆုံရာနေရာတွင် တပ်ဆင်ထားရုံသာ ဖြစ်သည်။
စာချုပ်ချုပ်ဆိုပြီးနောက် ဝိညာဉ်ကျောက်တုံး ၄၃ တုံး ပေးဆောင်လိုက်ရာ ဤအခန်းကြီးမှာ နောက်ထပ် လေးလတာအတွက် လော့ချန်၏ ပိုင်နက် ဖြစ်သွားလေတော့သည်။
စွန်းရှို့ ပြန်ခါနီးတွင် လော့ချန်က လှမ်းမေးလိုက်သေးသည်။
"ဒီအခန်းက အလင်းရောင် မရတာ တစ်ခုပဲရှိတာ၊ ဘာလို့ တခြားအခန်းတွေထက် အများကြီး စျေးသက်သာနေရတာလဲ"
"မင်း ခန့်မှန်းကြည့်လေ...."
စွန်းရှို့က ထူးခြားသော အပြုံးဖြင့် ပြန်ပြောလိုက်လေသည်။