← Chapters

အိမ်သစ်ကြီးက တကယ်ကောင်းတယ်

Vol. 3 Ch. 24

အိမ်သစ်ကြီးက တကယ်ကောင်းတယ်

Vol. 3 Ch. 24

"ဘာဖြစ်လို့လဲ ဟုတ်လား၊ သရဲရှိလို့ပေါ့"

အိပ်ရာမှ ထခါစ ချိုင်ယီက သူမ၏ ခါးအထိရှည်သော ဆံနွယ်များကို ဘီးဖြင့် ဖီးသင်ရင်း ရယ်မောကာ ပြောလိုက်သည်။

"အဘိုးစွန်းက ရှင့်ကို မပြောပြဘူးလား"

လော့ချန် ထိတ်လန့်သွားပြီး "သရဲ.... သရဲရှိတယ် ဟုတ်လား" ဟု မေးလိုက်သည်။

ချိုင်ယီက ဆံနွယ်များကို နောက်သို့ ခါယမ်းလိုက်ရင်း "ဘာလို့ ဒီလောက် အံ့သြနေတာလဲ၊ ကျွန်မတို့ ဒီ ကျင့်ကြံခြင်းလောကမှာ သရဲရှိတာ ပုံမှန်ပဲ မဟုတ်လား" ဟု ပြောလိုက်သည်။

အေးလေ.... ဒါက ကမ္ဘာမြေမှ မဟုတ်တာ၊ ငါ ဘာလို့ အံ့သြနေရတာလဲ….။

လော့ချန် မိမိကိုယ်ကို ပြန်လည် သတိပေးလိုက်မိသည်။

"မြို့တွင်းမှာ သရဲတွေရှိတာ လူတိုင်းသိကြတဲ့ကိစ္စပဲ၊ နည်းတာလည်း မဟုတ်ဘူး"

ချိုင်ယီက သူမ သိသမျှကို စတင် ပြောပြလေတော့သည်။

ယခု ကျောက်စိမ်းအိုးနယ်မြေ ဆိုသည်မှာ လွန်ခဲ့သော နှစ်ပေါင်း သုံးရာခန့်ကမှ စတင်ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထိုမတိုင်ခင်က ဤဒေသကြီးတစ်ခုလုံးသည် အရှေ့ပိုင်းလွင်ပြင်၊ ဝမ်တောင်တန်းကြီး၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း လေးရာခန့်တွင် ကျောက်စိမ်းအိုးဓားဂိုဏ်းသည် ဂိုဏ်းပေါင်း ၁၆ ဂိုဏ်းကို စုစည်းကာ တောင်တန်းများကို သိမ်းပိုက်သည့် စစ်ပွဲကြီးတစ်ခုကို ဆင်နွှဲခဲ့သည်။

ထိုအထဲတွင် ဝိညာဉ်သန္ဓေတည်အဆင့် ကျင့်ကြံသူများရှိသော ထိပ်သီးဂိုဏ်းကြီး ခုနစ်ဂိုဏ်းပင် ပါဝင်ခဲ့သည်။ နှစ်ပေါင်း တစ်ရာကြာအောင် လူသားများနှင့် မိစ္ဆာသားရဲများ အသက်ပေး တိုက်ခိုက်ခဲ့ကြပြီးနောက်မှ ယနေ့မြင်တွေ့ရသည့် နယ်မြေအဖြစ် အခြေချနိုင်ခဲ့ခြင်း ဖြစ်သည်။

အောင်ပွဲရခဲ့သော်လည်း ကျန်ရစ်သည့် ပြဿနာများက မနည်းလှပေ။ သေဆုံးသွားသော လူသားနှင့် သားရဲများ၏ ဝိညာဉ်များစွာကြောင့် ဤနယ်မြေသည် သရဲတစ္ဆေခြောက်လှန့်ရာ နယ်မြေကြီးအဖြစ် ပြောင်းလဲလုနီးပါး ဖြစ်ခဲ့ရသည်။

ထို့ကြောင့် ဂိုဏ်းကြီးများသည် ဝိညာဉ်များကို နှိမ်နင်းရန်၊ ဖမ်းဆီးရန်နှင့် ချုပ်နှောင်ရန် နည်းလမ်းမျိုးစုံ သုံးခဲ့ကြသည်။ အလွန်အစွမ်းထက်သော ဝိညာဉ်များကိုမူ တိုက်ရိုက်မဖျက်ဆီးနိုင်သဖြင့် ဝိညာဉ်စွမ်းအားတားမြစ်ချက်များ ဖြင့် ဖိနှိပ်ချုပ်နှောင်ထားခဲ့ကြသည်။

ယခု ကျောက်စိမ်းအိုးနယ်မြေရှိ ဈေးကွက်ကြီးများ၏ အောက်တွင် အင်အားကြီးမားသော ဝိညာဉ်များ၊ ဝိညာဉ်စစ်သူကြီး နှင့် ဝိညာဉ်ဘုရင် အဆင့်ရှိသော ဝိညာဉ်များကို ချုပ်နှောင်ထားသည်။ တာဟဲဈေးမြို့တော်အား မြို့တွင်းနှင့် မြို့ပြင်ဟူ၍ ခွဲခြားထားခြင်းမှာလည်း ဝိညာဉ်ကြော၏ စွမ်းအားများကို စုစည်းကာ အောက်ခြေ၌ ချုပ်နှောင်ထားသော ဝိညာဉ်များကို ဖိနှိပ်ရန်ပင် ဖြစ်သည်။

“ဒီနေရာက ဝိညာဉ်ဘုရင်တစ်ကောင်ကို ဖိနှိပ်ထားတဲ့ နေရာဖြစ်နေတယ်၊ အထူးသဖြင့် ရှင်နေတဲ့ အဲဒီအခန်းက ချုပ်နှောင်မှုရဲ့ ဗဟိုချက် နေရာမှာ ရှိနေတာ၊ အဲဒါကြောင့် အဲဒီမှာ ဝိညာဉ်အရှိန်အဝါက အရမ်းပြင်းတာပေါ့"

ချိုင်ယီသည် ပြုံးစိစိဖြင့် လော့ချန်၏ မျက်နှာတွင် ကြောက်ရွံ့မှုများ ပေါ်လာမည်ကို စောင့်ကြည့်နေသော်လည်း လော့ချန်မှာ မိုက်မဲသူ မဟုတ်ပေ။ စွန်းရှို့က အိမ်ငှားရဲပြီး ချိုင်ယီကိုယ်တိုင်လည်း ဤနေရာတွင် နေထိုင်နေသည်ဆိုလျှင် အသက်အန္တရာယ် မရှိနိုင်သည်မှာ သေချာသည်။

သူ ခဏစဉ်းစားပြီးနောက် “အဲဒီသရဲက ယောင်္ကျားသရဲလား၊ မိန်းမသရဲလား" ဟု မေးလိုက်သည်။

ချိုင်ယီမှာ ခဏတာ ဆွံ့အသွားပြီးမှ သဘောပေါက်သွားကာ "နှာဘူးသရဲပဲ" ဟု ပြော၍ နှာခေါင်းရှုံ့လိုက်သည်။

နောက်ပြောင်ပြီးနောက် သူမက လေသံကို ပြန်ထိန်းကာ "မစိုးရိမ်ပါနဲ့၊ ဒါက ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီးတွေ ခင်းကျင်းထားတဲ့ အစီအရင်ပဲ၊ ဝိညာဉ်ဘုရင်က ကျွန်မတို့ကျင့်ကြံမှုကို မနှောင့်ယှက်နိုင်ပါဘူး၊ အလွန်ဆုံးဖြစ်ရင် အိပ်တဲ့အခါ နည်းနည်း ပိုအေးတာပဲ ရှိမယ်" ဟုဆိုသည်။

“ဟက်.... ကျွန်တော်က ချီသန့်စင် အဆင့် ၄ ရှိတဲ့ ကျင့်ကြံသူကြီးပဲဗျာ၊ အအေးလောက်တော့ ဘယ်ကြောက်မလဲ"

လော့ချန်က ကျင့်ကြံသူတစ်ဦး၏ ဂုဏ်သိက္ခာဖြင့် ယုံကြည်ချက်ရှိရှိ ပြုံးပြလိုက်သည်။

ချိုင်ယီက ပြုံးကာ ထရပ်လိုက်သည်။

"ကဲ.... ကျွန်မ အလုပ်သွားရတော့မယ်၊ မနက်ဖြန်မနက် အားရင် ပြန်တွေ့ကြတာပေါ့"

"နေပါဦး... မေးပါရစေ၊ ခင်ဗျားက ဘာအလုပ်လုပ်တာလဲ"

လော့ချန်က မိုးချုပ်ခါနီးမှ အလုပ်သွားမည့် သူမကို ကြည့်ကာ မေးလိုက်မိသည်။

"ထျန်းရှန်းမျှော်စင် မှာ ကပြဖျော်ဖြေတာလေ၊ အားရင် လာလည်ဦးနော်"

ချိုင်ယီက မွှေးပျံ့သော ရနံ့လေးကို ချန်ထားရစ်ကာ လှပသော ကိုယ်ဟန်ဖြင့် ထွက်ခွာသွားတော့သည်။

လော့ချန်သည် သူမ၏ ကျောပြင်ကို ကြည့်ရင်း ထိုမျှော်စင်တွင် သူမ ကပြနေပုံမှာ မည်မျှ လှပမည်ကို တွေးကြည့်မိသည်။

နှမြောစရာပဲ၊ ငါက အဲဒီလောက် အသုံးစရိတ် မတတ်နိုင်ဘူး….။

လော့ချန် အခန်းထဲ ပြန်ဝင်လာသည်။ တစ်နေကုန် သန့်ရှင်းရေးလုပ်ပြီး လေဝင်လေထွက် လုပ်ထားသဖြင့် အခန်းထဲတွင် အနံ့အသက်များ ကင်းစင်သွားပြီ ဖြစ်သည်။ အိမ်နီးနားချင်းဖြစ်သူ ချိုင်ယီသည် သူ့အား ကတိုးနံ့သာတစ်ခု ပေးသွားခဲ့သည်။ ထွန်းထားလျှင် အနံ့မွှေးရုံတင်မက ပိုးမွှားများကိုပါ နှင်ထုတ်နိုင်သည်ဟု ဆိုသည်။

လော့ချန် ပစ္စည်းများကို စတင်ထုတ်လိုက်သည်။ အမှန်စင်စစ် သူ့တွင် ပစ္စည်းအများကြီး မရှိပေ၊ ဆေးဖက်ဝင် အပင်အချို့နှင့် အိုးခွက်ပန်းကန် အနည်းငယ်သာ ရှိသည်။ အချို့သော ပစ္စည်းများတွင် မီးလောင်ရာများပင် ထင်ကျန်နေဆဲ ဖြစ်သည်။ မနေ့ညက တိုက်ပွဲတွင် သူ၏ အိမ်တစ်ဝက်မှာ မီးလောင်ပျက်စီးခဲ့ရသည်။ နောက်ပိုင်းတွင် မိုးတိမ်မှော်စာရွက်ကို အသုံးပြု၍ မီးငြှိမ်းသတ်နိုင်ခဲ့သော်လည်း ပစ္စည်းအများစုမှာ ပျက်စီးသွားခဲ့သည်။

သို့သော် ကံကောင်းသည်မှာ တန်ဖိုးရှိသော ဆေးဖက်ဝင် ပစ္စည်းများကို သူ၏ သိုလှောင်အိတ်ထဲတွင် ထည့်ထားခဲ့သဖြင့် မပျက်စီးခဲ့ခြင်းပင်။ စာရင်းတွက်ကြည့်သောအခါ သူ၏ ဆုံးရှုံးမှုမှာ ဝိညာဉ်ကျောက် ၁၀၈ တုံးခန့် ရှိသည်။ သို့သော် သူရရှိခဲ့သည့် အကျိုးအမြတ်မှာ မသေးလှပေ။

ပထမဆုံး သေဆုံးသွားသော ကျင့်ကြံသူထံမှ အဆင့်လတ် မှော်လက်နက်ဖြစ်သည့် စိမ်းမြရတနာဓားကို ရရှိခဲ့သည်။ ၎င်းမှာ သစ်သားဓာတ်ရှိသည့် ပျံလွှားဓားမြှောင် အစုံလိုက် ဖြစ်ပြီး အစီအရင်ဖြင့် အသုံးပြုလျှင် အဆင့်မြင့် မှော်လက်နက်တစ်ခုထက်ပင် ပို၍ အစွမ်းထက်နိုင်သည်။ ထို့အပြင် ထိုသူ့ထံမှ ဝိညာဉ်ကျောက် ၁၅၀ ကျော်လည်း ရခဲ့သည်။

သူ လည်ပင်းညှစ်သတ်ခဲ့သော ဒုတိယမြောက်လူထံမှ ရရှိသော ပစ္စည်းများမှာ ပို၍ပင် တန်ဖိုးရှိသည်။ အဆင့်မြင့် ပျံလွှားဓား နှင့် ပျံသန်းရေး မှော်ရတနာ တို့ဖြစ်သည်။ ထိုသူမှာ ချီသန့်စင် အဆင့် ၅ သာ ရှိသော်လည်း ပစ္စည်းကောင်းများစွာ ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူ၏ ကိုယ်ပေါ်တွင် အဆင့်မြင့် ကျင့်ကြံသူ ဝတ်ရုံကို ဝတ်ဆင်ထားပြီး အထဲတွင်လည်း အတွင်းချပ်ဝတ်တစ်ခု ပါသေးသည်။

အပြင်ဘက်ရပ်ကွက်တွင် ဤမျှအထိ ချမ်းသာကြွယ်ဝသူမျိုးမှာ အလွန်ပင် ရှားပါးလှသည်။

"အဲဒီကောင်က တော်တော် ချမ်းသာတာပဲ။ မြေသားအကာအရံ၊ ပျံသန်းရေးမှော်လက်နက် တွေတင်မကဘဲ အဆင့်မြင့် ဝတ်စုံတွေပါ ဝတ်ထားတာ။ ငါသာ ခိုးမတိုက်ခဲ့ရင် သေမှာက ငါပဲ"

လော့ချန် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

လော့ချန်သည် ထိုသူများ၏ နောက်ကြောင်းကို စိုးရိမ်သဖြင့် သဲလွန်စများကို ဖျောက်ဖျက်ကာ မြို့တွင်းသို့ အမြန်ဝင်လာခဲ့ခြင်း ဖြစ်သည်။ ကျောက်စိမ်းအိုးဓားဂိုဏ်း၏ စည်းကမ်းများအရ မြို့တွင်းသို့ ဝင်ရောက်လာရန် မည်သူမျှ မဝံ့ရဲပေ။

ပစ္စည်းများကို နေရာချပြီးနောက် လော့ချန်သည် ကျယ်ဝန်းလှသော အခန်းကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

"မနက်ဖြန် ဆေးဖက်ဝင် အပင်တွေသွားဝယ်ရင် စင်အချို့ပါ ဝယ်ရမယ်"

"ပြီးတော့ ညအိပ်ရင် သုံးဖို့အတွက် ကျင်ခွက်တစ်ခုလည်း ဝယ်ရဦးမယ်"

လော့ချန်သည် ယခင် အိမ်ဟောင်းလေးကို သတိရမိသွားသည်။ ယခင်က လွတ်လွတ်လပ်လပ် နေခဲ့ရသော်လည်း ယခုမူ လစဉ်ပေးရမည့် သန့်ရှင်းရေးခမှာ ယခင် နှစ်လစာ အိမ်ငှားခနှင့် ညီမျှနေသည်။

သို့သော် နွေဦး ကျင့်စဉ်ကို တစ်ခေါက် ကျင့်ကြံပြီးနောက်တွင်မူ လော့ချန်၏ ညည်းညူမှုများမှာ လွင့်ပျယ်သွားသည်။

“ဘုရားရေ…. ဒါက ပထမအဆင့် ဝိညာဉ်ကြောရဲ့ စွမ်းအားလား၊ တကယ်ကို အံ့သြစရာကောင်းပါလား"

All Chapters