စိမ်းမြရတနာဓားနှင့် ယန်စွမ်းအားစစ်ပုဆိန်
Vol. 3 Ch. 25
မြို့ပြင်တွင်လည်း ချီစွမ်းအား ရှိသည်မှာ အမှန်ပင်။
သဘာဝအလျောက် ပြန့်နှံ့နေသည်ဖြစ်စေ၊ အရှေ့အရပ်ရှိ ဝမ်တောင်တန်းကြီးဆီမှ လွင့်ပျံ့လာသည်ဖြစ်စေ၊ သို့မဟုတ် မြို့တွင်းပိုင်းမှ လျှံထွက်လာသည်ဖြစ်စေ အနည်းနှင့်အများတော့ ရှိစမြဲပင်။ ထို့ကြောင့်လည်း အရပ်မျက်နှာအနှံ့မှ တစ်ကိုယ်တော် ကျင့်ကြံသူ တို့သည် ဤနေရာသို့ ကျီးကန်းတောင်မှောက် စုပြုံတိုးဝှေ့လာကြခြင်းပင်။
သို့သော် ထိုချီစွမ်းအား၏ ပမာဏမှာ ကျင့်ကြံသူတစ်ဦးအတွက် မဆိုစလောက်သာ ရှိသည်။ လော့ချန်သည် မဆုတ်မနစ် အားထုတ်ခဲ့သော်လည်း တစ်လခွဲခန့် ကျင့်ကြံမှသာ တိုးတက်မှုအမှတ်အသားသည် ပုရွက်ဆိတ်ခြေလှမ်းမျှ လှုပ်ရှားသည်။
တစ်နည်းအားဖြင့်ဆိုသော် ချီသန့်စင်အဆင့် ၃ သို့အပြည့်အဝ ရောက်ရှိရန် သူသည် လေးငါးနှစ်ခန့် အချိန်ပေးရမည် ဖြစ်သည်။ ထိုကာလအတွင်း ချီစွမ်းအား တစ်စက်မျှ မလေလွင့်စေရန်နှင့် အချိန်ပြည့် ကျင့်ကြံနေရန် သတိကပ်ရဦးမည် ဖြစ်သည်။
မူလခန္ဓာကိုယ်ပိုင်ရှင်မှာ သုံးနှစ်ကျော်တိုင်အောင် ရုန်းကန်ခဲ့သော်လည်း အဆင့်တက်လှမ်းနိုင်ခြင်း မရှိခဲ့ပေ။ ဝမ်းစာရှာဖွေရသည့် ဒုက္ခက ကျင့်ကြံချိန်ကို ဝါးမြိုသွားခြင်းမှာလည်း အဓိကအကြောင်းရင်း တစ်ရပ်ပင်။
လော့ချန် ဤလောကသို့ ရောက်ရှိလာပြီးနောက် အခြေအနေပြကြေးမုံပြင်၏ အကူအညီဖြင့် နွေဦးကျင့်စဉ်ကို ကျွမ်းကျင်အဆင့်အထိ ရောက်အောင် လေ့ကျင့်နိုင်ခဲ့၍သာ အခြေအနေမှာ တဖြည်းဖြည်း ကောင်းမွန်လာခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း တိုးတက်မှုနှုန်းမှာ အမှတ် ၇၀ ဝန်းကျင်တွင် အတော်ကြာအောင် တစ်ဆို့နေခဲ့ရပြန်သည်။ နောက်ဆုံးတွင် ချီစွမ်းအင်ဖြည့်ဆေးလုံး တစ်ပုလင်းနှင့် ပြီးပြည့်စုံအဆင့် သို့ ရောက်ရှိသွားသော နွေဦးကျင့်စဉ်၏ အကူအညီဖြင့် အဆင့် ၄ သို့ ခက်ခက်ခဲခဲ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် သူသာ ထိုစဉ်က အတွင်းမြို့၌ ကျင့်ကြံခွင့်ရခဲ့မည်ဆိုလျှင် ထိုကြာမြင့်ချိန်မှာ အနည်းဆုံး သုံးပုံတစ်ပုံခန့် လျော့နည်းသွားပေလိမ့်မည်။
"ဒါ ဝိညာဉ်ကြောရဲ့ ဆွဲဆောင်မှုပဲလား"
"ဒါတောင် ပထမအဆင့် ဝိညာဉ်ကြောပဲ ရှိသေးတာ၊ ဒုတိယအဆင့်၊ တတိယအဆင့် ဝိညာဉ်ကြောတွေပေါ်မှာရှိတဲ့ ဂိုဏ်းသားတွေရဲ့ ကျင့်ကြံမှုအရှိန်က ဘယ်လောက်တောင် မြန်လိုက်မလဲ"
လော့ချန်သည် တအံ့တဩ ရေရွတ်မိရင်း စိတ်လှုပ်ရှားမှုကို မနည်းထိန်းချုပ်နေရသည်။ အကယ်၍ သူသာ ထိုကဲ့သို့သော နေရာမျိုးတွင်ရှိနေပါက သက်တမ်းမကုန်ဆုံးမီ ချီသန့်စင် အဆင့် ၉ အထိ အောင်မြင်အောင် ကျင့်ကြံနိုင်မည်လော။
လော့ချန် မသိနိုင်ပေ။ သူသိသည်မှာ သူ၏ လက်ရှိဘဝသည် ယခင်ကထက် အဆပေါင်းများစွာ သာလွန်သွားပြီ ဖြစ်သည်။
ထို့ကြောင့် အတွင်းမြို့၌ ရေရှည်ခြေကုပ်ယူနိုင်ရန် ကြိုးစားရမည်။ ဤနေရာသည်သာ စစ်မှန်သော ကျင့်ကြံရာဘုံ ဖြစ်သည်။ ရွှံ့နွံများ၊ အညစ်အကြေးများနှင့် သွေးညှီနံ့များ ထုံမွမ်းနေသည့် ပြင်ပမြို့နှင့် မည်သို့မျှ နှိုင်းယှဉ်၍ မရနိုင်ပေ။
သို့သော်လည်း ထိုကြည်နူးမှုတို့သည် ညသန်းခေါင်ယံသို့ ရောက်သောအခါ အေးစက်စက် အရှိန်အဝါတစ်ခုကြောင့် ရိုက်ချိုးခြင်း ခံလိုက်ရသည်။
“ဘာလို့ ဒီလောက်အေးစက်နေရတာလဲ"
"အဆင့် ၄ ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်တောင် မခံနိုင်ဘူးပဲ"
"မနက်ဖြန်ကျရင် စောင်အထူကြီးတစ်ထည် ဝယ်မှ ဖြစ်မယ်"
အေးလွန်း၍ အိပ်မပျော်သဖြင့် လော့ချန် အိပ်ရာမှထကာ တစ်ခုခုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ဆေးဖော်စပ်ရန်မှာ ကိရိယာမစုံသေးသဖြင့် သူရရှိထားသော စိမ်းမြရတနာဓားအစုံကို ထုတ်ယူကာ ချီစွမ်းအား သွင်းကြည့်လိုက်သည်။
ဝီ….
ကြည်လင်သော မြည်သံလေး ထွက်ပေါ်လာသော်လည်း ပျံလွှားဓားခုနစ်စင်းမှာ မလှုပ်မယှက် ရှိနေဆဲပင်။
“တစ်ခုခု မှားနေတာလား.…”
သူ ခေတ္တစဉ်းစားပြီးနောက် တစ်လက်ချင်းစီကို စွမ်းအင်စမ်းသပ်သွင်းကြည့်သည်။ အကြီးဆုံးဖြစ်သော ပင်မဓား ထံသို့ စွမ်းအင်အပြည့်အဝရောက်ရှိသွားသည့် အခိုက်အတန့်တွင်မှ ဓားမြှောင်ခုနစ်စင်းလုံးသည် မြစိမ်းရောင် အလင်းတန်းများ တဖျတ်ဖျတ် ထွက်ပေါ်လာတော့သည်။
“သြော်…. ပင်မဓားကနေ ဓားငယ်တွေကို ထိန်းချုပ်တာကိုး”
လော့ချန် စိတ်ဝင်တစားဖြင့် ဓားများကို ကစားကြည့်နေမိသည်။ သူ၏ ထိန်းချုပ်မှုအောက်တွင် ဓားမြှောင်ခုနစ်စင်းသည် ရေထဲတွင် ကူးခတ်နေသော ငါးငယ်လေးများသဖွယ် သူ၏ ပတ်ပတ်လည်၌ ဝဲပျံနေကြသည်။
“သွားစမ်း"
လော့ချန် နံရံထောင့်သို့ ညွှန်ပြလိုက်ရာ ဓားငယ်တစ်စင်းသည် မြှားတစ်စင်းကဲ့သို့ လေထုကို ခွဲကာ မြေကြီးထဲသို့ စိုက်ဝင်သွားသည်။ အရှိန် မြန်ဆန်လှသလို အစွမ်းမှာလည်း မဆိုးလှပေ။ အုတ်ကြွပ်မြေပြင်မှာ အလွယ်တကူ ပေါက်ထွက်သွားသည်။
လော့ချန်သည် စိတ်လှုပ်ရှားစွာဖြင့် နံရံထောင့်သို့ ပြေးသွားကာ စိုက်ဝင်နေသော ဓားငယ်လေးကို ပြန်နှုတ်ယူလိုက်သည်။
“ဆွဲငင်မှော်အတတ် လက်စွဲစာအုပ်ကို မဖြစ်မနေ ဝယ်ရတော့မယ်၊ ဒီပိုက်ဆံကိုတော့ နှမြောလို့ မဖြစ်ဘူး"
သူသည် ထိုအတတ်ကို မတတ်သေးသဖြင့် ဓားများကို စိတ်ကြိုက် မကွေ့ဝိုက်နိုင်သေးဘဲ တန်းတန်းမတ်မတ်သာ ပစ်လွှတ်နိုင်သေးသည်။
ဝိညာဉ်ဖျက်သံမှိုကဲ့သို့ တစ်ချက်တည်းနှင့် အသက်ယူရမည့် လက်နက်မျိုးအတွက် ပြဿနာမရှိသော်လည်း ဤ စိမ်းမြရတနာဓား အစုံ၏ စစ်မှန်သော စွမ်းပကားကို ထုတ်ဖော်ရန်မှာ ထိုအတတ်က မရှိမဖြစ် လိုအပ်လှသည်။
ဆွဲငင်မှော်အတတ်မပါဘဲ အသုံးပြုခြင်းမှာ ဤကဲ့သို့သော မှော်လက်နက်ကောင်းကို ဖြုန်းတီးရာ ရောက်ပေသည်။
စိမ်းမြရတနာဓားနှင့် ခဏကြာ ဆော့ကစားပြီးနောက် လော့ချန် ဝိညာဉ်သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။ အခြေခံအားဖြင့် ဆွဲငင်မှော်အတတ်ဆိုသည်မှာ ချီစွမ်းအားကို ကျွမ်းကျင်စွာ အသုံးချခြင်းသာ ဖြစ်သည်။
အကယ်၍သာ သူသည် စိမ်းမြရတနာဓားနှင့် အကျွမ်းတဝင်ရှိနေပါက အတတ်ပညာမပါဘဲနှင့်ပင် ထိုဓားကို လွယ်ကူစွာ ထိန်းချုပ်နိုင်ပေလိမ့်မည်။
သို့သော် လော့ချန်မှာမူ ထိုကဲ့သို့သော အရည်အချင်း မရှိသေးပေ။ တစ်နည်းအားဖြင့် အဆင့်နိမ့်ကျင့်ကြံသူအများစုမှာ ထိုအဆင့်သို့ မရောက်နိုင်ကြချေ။ ရှိသမျှ ချီစွမ်းအားမှာလည်း အကန့်အသတ်ရှိနေလေရာ မည်သည့်နေရာတွင် လေ့ကျင့်နိုင်မည်နည်း။
ထို့ကြောင့်ပင် အဆင့်မြင့်ကျင့်ကြံသူများက အဆင့်နိမ့်သူများအတွက် လွယ်ကူစေရန် ဆွဲငင်မှော်အတတ်ကို တီထွင်ခဲ့ကြခြင်း ဖြစ်သည်။
ထို့နောက် လော့ချန်သည် ကိုယ်ဖော့ခြင်း အတတ်နှင့် စာဖတ်ခြင်းဖြင့် ညတာကို ကုန်လွန်စေသည်။ အိမ်တွင်း၌ ပရိဘောဂမရှိသဖြင့် လေ့ကျင့်ရန် နေရာအကျယ်ကြီး ရနေသည်။ လေလွင့်ခြေလှမ်းသည် အရှိန်အဟုန်သက်သက်ကိုသာ အာရုံစိုက်ခြင်း မဟုတ်ဘဲ၊ ပိုမိုမြင့်မားသော အဆင့်များတွင် လွတ်လပ်ခြင်း၊ သက်သောင့်သက်သာရှိခြင်းနှင့် တည်ငြိမ်ခြင်းတို့ကို အလေးပေးသည်။
လော့ချန်သည် အိမ်အတွင်း၌ ဟိုဘက်ဒီဘက် ပျံဝဲရင်း စွမ်းအား ထိန်းချုပ်ပုံကို လေ့ကျင့်နေသည်။ ယခင်က ကြမ်းတမ်းလှသော လှုပ်ရှားမှုများနှင့် မတူဘဲ ယခုမူ ပို၍ သိမ်မွေ့ငြိမ့်ညောင်းလာသည်။
သူ၏လက်ထဲတွင် နယ်မြေခြောက်ခု၏ မြင်ကွင်းများ စာအုပ်ရှိနေပြီး တစ်ဝက်ခန့် ဖတ်ပြီးနေပြီ ဖြစ်သည်။ သူ အစောပိုင်းက စိတ်ဝင်တစား ဖတ်ခဲ့သည်မှာ ကျောက်စိမ်းအိုးဓားဂိုဏ်းနှင့် ပိုးပန်းပင်ဂိုဏ်းတို့ အကြောင်းဖြစ်သည်။ တစ်ခုမှာ ဤဒေသ၏ ထိပ်တန်းဂိုဏ်းဖြစ်ပြီး၊ နောက်တစ်ခုမှာ နာမည်ကျော် ချစ်ဇာတ်လမ်းများနှင့် ကောလဟာလများ ပေါများသော ဂိုဏ်းဖြစ်သည်။
“ပျံလွှားဂိုဏ်း ရဲ့ လူသတ်သမား ခြောက်ဦးထဲက တစ်ဦးဖြစ်တဲ့ မူချင်ချန်း၊ ရှားပါးလှတဲ့ ရွှေအမြုတေအဆင့် အမျိုးသမီး စစ်သည်တစ်ဦး ဖြစ်ပြီး သူမရဲ့ ဓားမြှောင်နှစ်လက်က ကောင်းကင်နဲ့ မြေကြီးကို ပြောင်းပြန်လှန်နိုင်သလို ယင်နဲ့ယန်ကိုလည်း ဖြတ်တောက်နိုင်စွမ်း ရှိတယ်”
လော့ချန်သည် အံ့ဩတုန်လှုပ်စွာဖြင့် ရေရွတ်မိသည်။ အရှေ့အရပ် နယ်မြေခြောက်ခုတွင် ထင်ရှားသော ဂိုဏ်းကြီးခြောက်ခုအနက် လက်နက်သွန်းလုပ်ခြင်းတွင် အထွတ်အထိပ်သို့ ရောက်သည်မှာ ပျံလွှားဂိုဏ်း ဖြစ်သည်။ တာဟဲစျေးမြို့တော်ရှိ ရတနာနန်းဆောင်သည်လည်း ပျံလွှားဂိုဏ်း၏ လက်အောက်ခံ လုပ်ငန်းခွဲတစ်ခုပင်။
ထိုဂိုဏ်းသည် လက်နက်ဆန်းများ သွန်းလုပ်ခြင်းကို အထူးကျွမ်းကျင်ပြီး နှစ်ပေါင်းများစွာအတွင်း အစွမ်းထက်လှသော လက်နက်ဆန်း ခြောက်ခုကို ဖန်တီးခဲ့သည်။ ထိုလက်နက်များကို ရွှေအမြုတေအဆင့် ကျင့်ကြံသူ ခြောက်ဦးအား ပေးအပ်ခဲ့ရာ ထိုသူတို့သည် လောကအနှံ့ နာမည်ကျော်ကြားခဲ့ကြသည်။
ယခု လော့ချန် ဖတ်နေသော မူချင်ချန်းသည် ဆယ်နှစ်အတွင်း အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိခဲ့ပြီး နှစ်တစ်ရာအတွင်း ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်ခဲ့သူ ဖြစ်သည်။ သူမသည် ထိုလက်နက်ဆန်းကို အသုံးပြုကာ ပျံလွှားဂိုဏ်းအတွက် နယ်မြေများစွာကို သိမ်းပိုက်ပေးခဲ့သည်။
ထိုအမျိုးသမီး ကျင့်ကြံသူ၏ အတ္ထုပ္ပတ္တိကို ဖတ်ပြီးနောက် လော့ချန် စိတ်လှုပ်ရှားစွာဖြင့် တစ်ချက်တွေးမိသည်။
"ဪ.... ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီးတွေတောင်မှ ဝိညာဉ်ကျောက်တုံး ရဖို့အတွက် အသက်နဲ့ရင်းပြီး ကြိုးစားနေကြရတာပဲ"
ယခု သူသည်လည်း နေ့စဉ်နှင့်အမျှ ဆေးလုံးများဖော်စပ်ကာ ဝိညာဉ်ကျောက်များရရှိရန် ရုန်းကန်နေရသည် မဟုတ်ပါလော။ လက်ရှိ သူလုပ်နေသော အလုပ်နှင့် ထိုသူတို့၏ လုပ်ရပ်မှာ သဘောတရားချင်း အတူတူဟု သူတွေးမိသည်။
"ဒါဆို ငါလည်း ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီးနဲ့ အဆင့်တူတာပေါ့လေ"
လော့ချန် တစ်ကိုယ်တည်း ရေရွတ်ရင်း မိမိကိုယ်ကို နှစ်သိမ့်လိုက်မိသည်။
….
ဤရှေးဟောင်းအိမ်ဝင်း၏ ဖွဲ့စည်းပုံမှာ ရိုးရာအတိုင်းဖြစ်ပြီး၊ တံခါးမကြီးနှင့် လော့ချန်၏ အဆောင်မှာ နီးကပ်စွာ တည်ရှိနေသည်။ ထို့ကြောင့် လော့ချန် ပစ္စည်းဝယ်ရန် စောစောထထွက်လာသောအခါ အလုပ်မှ ပြန်လာသော ချိုင်ယီနှင့် တိုးတော့သည်။
"မင်္ဂလာနံနက်ခင်းပါဗျ..."
"မင်္ဂလာပါ.... ဝါး...."
ချိုင်ယီက သမ်းဝေရင်း နှုတ်ဆက်လိုက်သည်။ သူမ၏ သွယ်လျသော ခါးလေးမှာ အမြင်အာရုံကို ဆွဲဆောင်နေသည်။
“ဒီလောက် နောက်ကျမှ ပြန်လာတာလားဗျ"
ချိုင်ယီက သက်ပြင်းချရင်း ပြန်ဖြေသည်။
“ဟုတ်ပါ့ရှင်၊ ဒီရက်ပိုင်း ထျန်းရှန်းမျှော်စင်မှာ ဧည့်သည်တွေ အရမ်းများနေလို့၊ ကျွန်မတို့လို ကချေသည်တွေကတော့ အပင်ပန်းဆုံးပေါ့”
အရမ်းများနေတယ်.... ထျန်းရှန်းမျှော်စင်က အမြဲတမ်း လူစည်ကားနေတာ မဟုတ်ဘူးလား...။
အပြင်ထွက်ရန် ပြင်ဆင်နေသော လော့ချန်ကို ကြည့်ကာ ချိုင်ယီက စူးစမ်းစွာ မေးလိုက်သည်။
“အပြင်ထွက်မလို့လား၊ အိုး…. ဒါနဲ့ လော့လေး ရှင်က ဘာအလုပ်လုပ်တာလဲ၊ ချီသန့်စင် အဆင့် ၄ နဲ့ အတွင်းမြို့မှာ နေနိုင်တာဆိုတော့....”
“ဆေးဖော်စပ်တာပါ၊ မြို့တောင်ဘက်က ကျင့်ကြံသူဈေးတန်းမှာ ဆိုင်ဖွင့်ထားတယ်၊ တစ်ခုခုလိုရင် ပြောနော်၊ ကျွန်တော် ဝယ်လာပေးမယ်” ဟု လော့ချန်က ပြန်ပြောလိုက်သည်။
“ဆေးဖော်ဆရာလား"
ချိုင်ယီ၏ အိပ်ချင်စိတ်များ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူမ၏ အိမ်နီးချင်းသည် ဤမျှ လေးစားဖွယ်ကောင်းသူ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“နောက်မှ အေးအေးဆေးဆေး စကားပြောကြတာပေါ့ဗျာ၊ ဒီနေ့ ကျွန်တော် နည်းနည်း အလုပ်များနေလို့”
လော့ချန်က လက်ပြနှုတ်ဆက်ကာ အပြေးအလွှား ထွက်သွားတော့သည်။
ချိုင်ယီသည် တံခါးဝတွင် မှီရပ်ရင်း လော့ချန်၏ ကျောပြင်ကို ကြည့်ကာ တစ်ခုခုကို နက်နက်ရှိုင်းရှိုင်း စဉ်းစားနေပုံရသည်။