← Chapters

ရတနာနန်းဆောင်မှ မြေခွေးအိုကြီးနှင့် စျေးဆစ်ခြင်း

Vol. 3 Ch. 26

ရတနာနန်းဆောင်မှ မြေခွေးအိုကြီးနှင့် စျေးဆစ်ခြင်း

Vol. 3 Ch. 26

ယခုတစ်ခေါက်တွင်မူ လော့ချန်သည် ပစ္စည်းဝယ်ယူရန်အတွက် ပုံမှန်သွားနေကျ ကျင့်ကြံသူများစျေးတန်းသို့ မသွားရန် ဆုံးဖြတ်လိုက်သည်။

သူသည် မနေ့ကမှ ပစ္စည်းအများအပြား ဝယ်ယူထားခြင်းဖြစ်ရာ ယနေ့သာ ထပ်သွားပါက လူအများ၏ သံသယကို ဖိတ်ခေါ်ရာ ရောက်ပေလိမ့်မည်။ ထို့အပြင် ထိုနေရာတွင် လူပေါင်းစုံ ရောထွေးနေပြီး အပြင်လူများကလည်း များပြားလှရာ၊ စပ်စုတတ်သူတစ်ဦးဦးသာ အာရုံစိုက်လိုက်ပါက လော့ချန်၏ ပြောင်းလဲမှုများကို သတိထားမိသွားနိုင်ပေသည်။

ထို့ကြောင့် လော့ချန်သည် အံကြိတ်ကာ ဆေးပေါင်းတစ်ထောင်ခန်းမ သို့သာ ဦးတည်လိုက်သည်။ ရလဒ်အနေဖြင့် ဆေးဖော်စပ်ရန် လိုအပ်သော ကုန်ကြမ်းများကို စုံလင်အောင် ရလိုက်သော်လည်း သာမန်ထက် ဝိညာဉ်ကျောက်တုံး (၁၀) တုံးခန့် ပိုမို ပေးဆောင်လိုက်ရလေသည်။

ဤသို့ဖြင့် သူ၏ လက်ထဲတွင် ဝိညာဉ်ကျောက်တုံး ၂၉ တုံးသာ ကျန်တော့သည်။ နေ့စဉ်သုံး ပစ္စည်းများနှင့် ထင်းများဝယ်လျှင် ၂၅ တုံးသာ ကျန်ပေတော့မည်။ မနေ့ညကအထိ ဝိညာဉ်ကျောက်တုံး ၁၅၀ နီးပါး ရှိခဲ့သော သူဌေးလေးမှာ ချက်ချင်းပင် ဆင်းရဲသား ပြန်ဖြစ်သွားရရှာသည်။

“ဝိညာဉ်ကျောက်တွေက တကယ်ကို ကုန်လွယ်တာပဲ၊ ဒီလောက်နဲ့တော့ ဆွဲငင်မှော်အတတ် စာအုပ် ဝယ်ဖို့ မလောက်သေးဘူး”

လမ်းဆုံ၌ ရပ်ကာ လော့ချန်သည် ရှေးမူမပျက် ခမ်းနားလှသော ရတနာနန်းဆောင်ကို တစ်ချက်ကြည့်လိုက်ပြီး၊ အံကို တင်းတင်းကြိတ်ကာ အတွင်းသို့ လှမ်းဝင်လိုက်သည်။ ဂိုဏ်းကြီး ခြောက်ဂိုဏ်းထဲမှ တစ်ခု၏ လက်အောက်ခံ လုပ်ငန်းဖြစ်သည့်အတွက် သတင်းလုံခြုံမှုရှိကာ အခြားသူများ စုံစမ်းရန် ခက်ခဲသောကြောင့်ပင်။

“ဧည့်သည့်တော်…. မှော်လက်နက်များ ဝယ်ယူချင်လို့လားရှင်"

သူ အတွင်းသို့ ဝင်လိုက်သည်နှင့် အမျိုးသမီးတစ်ဦးက ခရီးဦးကြိုပြုလာသည်။ ဤကဲ့သို့ အဆင့်မြင့်မားသော နေရာမျိုးသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သဖြင့် လော့ချန် အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ ထို့နောက် အရင်ဆုံး လေ့လာကြည့်ပါဦးမည်ဟု ပြောလိုက်သောအခါ အမျိုးသမီးမှာ ယဉ်ကျေးစွာပင် ထွက်ခွာသွားသည်။ မလိုလားအပ်သော ရောင်းချမှုမျိုး မပြုလုပ်ပေ။

သို့သော် လော့ချန်သည် ဆိုင်အတွင်းရှိ မှန်ချပ်များထဲမှ မိမိကိုယ်မိမိ ပြန်ကြည့်မိသောအခါ ခါးသီးစွာ ပြုံးလိုက်မိသည်။

သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ချီသန့်စင် အဆင့် ၄ သာ ရှိသေးပြီး၊ ဝတ်ဆင်ထားသော ဝတ်ရုံမှာလည်း အသစ်မဟုတ်သည့်အပြင် ကိုယ်နှင့်မတော်ဘဲ ကျပ်ထုတ်နေသဖြင့် ကြည့်ရသည်မှာ အတော်ပင် အနေရခက်လှသည်။ တစ်ချက်ကြည့်ရုံနှင့်ပင် ဝယ်ယူနိုင်စွမ်း အကန့်အသတ်ရှိသည့် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးမှန်း သိသာလှသည်။

ထို့ကြောင့်လည်း သူအား သိပ်ဂရုမစိုက်ကြခြင်း ဖြစ်မည်ဟု သူ တွေးလိုက်မိသည်။

ကျယ်ဝန်းသော ပထမထပ်တွင် ခေတ္တမျှ လှည့်ပတ်ကြည့်ရှုပြီးနောက် လော့ချန်၏ စိုးရိမ်စိတ်များမှာ တဖြည်းဖြည်း တည်ငြိမ်သွားသည်။ အထူးသဖြင့် အဆင့်မြင့် မှော်လက်နက်များ တင်ထားသော စင်များကို ကြည့်ပြီးနောက် သူ၏ စိတ်ထဲတွင် ပို၍ ယုံကြည်မှု ရှိလာသည်။

သူ အမျိုးသမီးအား ပြန်ခေါ်ကာ ပြောလိုက်သည်။

“ကျွန်တော် မှော်လက်နက်တစ်ခု ရောင်းချင်လို့၊ ဒီမှာ လက်ခံလား"

အမျိုးသမီးက ခေါင်းညိတ်ပြသည်။

“ဟုတ်ကဲ့၊ လက်ခံပါတယ်ရှင်၊ ဒါပေမဲ့ ပစ္စည်းရဲ့ တန်ဖိုးကို သိရအောင် ဆရာကြီးနဲ့ အရင် စစ်ဆေးရပါမယ်၊ အဲ့ဒီနောက်မှ ဈေးနှုန်း သတ်မှတ်ပေးမှာပါ၊ စျေးနှုန်းကို သဘောတူမှ ရောင်းချဖို့ ဆုံးဖြတ်နိုင်ပါတယ်”

“စစ်ဆေးခ တော့ ထပ်မယူဘူး မဟုတ်လား"

“ဟိဟိ…. ဧည့်သည့်တော်က နောက်နေပြန်ပြီ၊ ရှင်က ကျွန်မတို့ဆီ ရောင်းမှာပဲဥစ္စာ၊ စစ်ဆေးခ ဘယ်ယူပါ့မလဲ”

လော့ချန်သည် မနေ့က စွန်းရှို့၏ လုပ်ရပ်များကြောင့် အတော်လေး ကြောက်လန့်နေခဲ့သည်။ မဟုတ်ကယုတ် အပိုကြေးများမှာ ပုံစံအမျိုးမျိုးဖြင့် ပေါ်လာတတ်သည် မဟုတ်လော။

စွန်းရှို့မှာ ကျောက်စိမ်းအိုးဓားဂိုဏ်းမှ ဖြစ်ပြီး၊ ဤရတနာနန်းဆောင်ကမူ ပျံလွှားဂိုဏ်း၏ လုပ်ငန်းတစ်ခုဖြစ်သည်။ ဤကဲ့သို့ ချမ်းသာကြွယ်ဝသော ဂိုဏ်းကြီးများမှာ တစ်လှေတည်းစီး တစ်ခရီးတည်းသွားများ ဖြစ်မည်ကို သူ စိုးရိမ်နေမိသည်။

ဒုတိယထပ်သို့ ရောက်သောအခါ လက်ထဲတွင် အနီရောင် သစ်ကြားသီးနှစ်လုံးကို လှည့်ကစားရင်း လက်ဖက်ရည် သောက်နေသော အဘိုးအိုတစ်ဦးကို တွေ့ရသည်။

“အဘိုးချူ.... ဒီဧည့်သည်တော်က မှော်လက်နက်တစ်ခု ရောင်းချင်လို့ပါတဲ့”

“အေး…. မင်း အရင် သွားတော့”

အဘိုးချူက သစ်ကြားသီးများကို သိမ်းလိုက်ပြီး လက်ကို ဆန့်ထုတ်ကာ “ကဲ…. ပစ္စည်းကို ကြည့်ပါရစေ” ဟု ဆိုသည်။

ပျံလွှားဓားတစ်လက်ကို လော့ချန် သူ့ထံ ကမ်းပေးလိုက်သည်။

အဘိုးချူက ခေါင်းညိတ်လိုက်ပြီး “ဒါ ငါတို့ ပျံလွှားဂိုဏ်းက ထုတ်တဲ့ ပျံလွှားဓား ပဲ၊ အဆင့်မြင့် လက်နက်တစ်ခုပါပဲ” ဟု မှတ်ချက်ပြုသည်။

သို့သော် သူသည် ဓားကို ခေတ္တကိုင်တွယ်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်ကာ ခေါင်းခါလိုက်သည်။

"အလေးချိန်က နည်းနည်း ပေါ့သွားပြီ၊ ဓားကိုယ်ထည်မှာ ပျက်စီးမှုတွေ အတော်များနေတာပဲ၊ မီးဖိုထဲ ပြန်ထည့်ပြီး အသစ်ပြန်သွန်းမှ ရမယ်"

သူသည် ချီစွမ်းအားကို ဓားအတွင်းသို့ ပို့လွှတ်လိုက်ရာ ဓားဖျား၊ ဓားကိုယ်ထည်နှင့် ဓားရိုးတို့မှ အလင်းများ ထွက်ပေါ်လာသည်။

“ရွှေဓာတ်အစီအရင်က ပျက်စီးနေပြီ”

“လေဟုန်စီးအစီအရင် က ၈၀ ရာခိုင်နှုန်းလောက် သုံးလို့ရသေးတယ်”

“ခိုင်ခံမှုအစီအရင် ကတော့ မတည်မငြိမ် ဖြစ်နေပြီ၊ အစီအရင်လမ်းကြောင်းတွေကို ပြန်ပြင်ရမယ်”

"ဓားပိုင်ရှင်ကလည်း အသည်းယားစရာပဲ၊ ဓားပေါ်မှာ စာတွေပါ လာရေးထားသေးတယ်"

ပြောပြီးသည်နှင့် အဘိုးချူက ပျံလွှားဓားကို စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။

“၁၀၀၀၊ မင်းရောင်းမယ်ဆိုရင် ငါတို့ ရတနာနန်းဆောင်က ဝိညာဉ်ကျောက် ၁၀၀၀ နဲ့ ယူမယ်”

ထိုမျှ ကြီးမားသော ကိန်းဂဏန်းကို ကြားလိုက်ရသဖြင့် လော့ချန် မျက်လုံးပြူးသွားသည်။ သို့သော် သူ အံ့ဩသွားရခြင်းမှာ ဈေးကြီးလွန်း၍ မဟုတ်ဘဲ ဈေးနှိမ်လွန်းသောကြောင့် ဖြစ်သည်။

လော့ချန်သည် ဈေးကွက်ပေါက်ဈေးများကို အလွတ်ရနေသူ ဖြစ်သည်။

လူတိုင်း သိကြသည့်အတိုင်း မှော်လက်နက်ဈေးကွက်မှာ အဆင့်အတန်းဖြင့် ခွဲခြားထားသည်။

အဆင့်နိမ့် မှော်လက်နက်များမှာ ၁၀၀ မှ ၅၀၀ ဝန်းကျင်။

အဆင့်လတ် မှော်လက်နက်များမှာ ၅၀၀ မှ ၁၀၀၀ ဝန်းကျင်။

အဆင့်မြင့် မှော်လက်နက်များမှာ ၁၀၀၀ မှ အထက်။

တိုက်ခိုက်ရေး လက်နက်များထဲတွင် ဓားနှင့် လှံများမှာ အများဆုံးဖြစ်သဖြင့် ဈေးနှုန်း အနည်းငယ် နည်းတတ်လေ့ရှိသည်။ ကာကွယ်ရေးလက်နက်များမှာမူ စျေးအကြီးဆုံး ဖြစ်သည်။ သို့သော် အဆင့်မြင့် လက်နက်တစ်ခုအတွက် တစ်ထောင်ဟူသော စျေးမှာ အနိမ့်ဆုံး စျေးနှုန်းသာ ဖြစ်သည်။

"ပျံလွှားဓားရဲ့ စျေးနှုန်းကို ကျွန်တော် သိထားပါတယ်၊ ဒါပေမဲ့ ဒီလောက်အထိ စျေးနှိမ်တာကတော့ ကျွန်တော် လက်မခံနိုင်ဘူး"

လော့ချန်က မကျေမနပ် ပြောလိုက်သည်။

"ခင်ဗျားတို့ ဆိုင်မှာ ရောင်းနေတဲ့ ပျံလွှားဓားအသစ် တစ်လက်ရဲ့ စျေးက ဝိညာဉ်ကျောက်တုံး ၂၅၀၀ မဟုတ်ဘူးလား"

ယခု အဘိုးချူ ထုတ်ပေးသည့် ဈေးနှုန်းမှာ အဆင့်မြင့်မှော်လက်နက်တစ်ခုအတွက် အခြေခံအနိမ့်ဆုံး ဈေးနှုန်းသာ ဖြစ်နေသည်။ ဤပျံလွှားဓား၏ အရည်အသွေးနှင့် အစွမ်းအရဆိုလျှင် ဤထက်မက တန်ဖိုးရှိသင့်သည်မှာ သေချာလှသည်။

အဘိုးချူက ခပ်အေးအေးပင် ပြန်ပြောသည်။

“တစ်ပတ်ရစ် မှော်လက်နက်တွေကို ငါတို့က ဈေးတစ်ဝက်နဲ့ပဲ ပြန်ဝယ်တယ်ဆိုတာ မသိဘူးလား"

“ဒါပေမဲ့ ဒါက တစ်ဝက်စျေးတောင် မရှိဘူးလေ"

လော့ချန်က ခပ်တင်းတင်း ပြန်ငြင်းလိုက်သည်။

ဂိုဏ်းကြီးများမှ ကျင့်ကြံသူများအတွက် ဝိညာဉ်ကျောက် ရာဂဏန်းမှာ မပြောပလောက်သော်လည်း သူ့အတွက်မူ အချိန်အတော်ကြာ ကြိုးစားအားထုတ်မှသာ ရမည့် ပိုင်ဆိုင်မှုမျိုး ဖြစ်သည်။

“ဒီလက်နက်ကို ပြန်ပြင်ပြီး အရောင်းတင်ဖို့ ဘယ်လောက်တောင် အားစိုက်ရလဲ မင်းသိလား"

အဘိုးချူက လက်ချောင်းလေးများကို ချိုးကာ ရေတွက်ပြသည်။

“ပထမဆုံးအနေနဲ့ ဒါကို ဂိုဏ်းဆီ ပြန်ပို့ရမယ်၊ သယ်ယူပို့ဆောင်ခက အဲ့မှာစကုန်ပြီ….”

“ပြင်ဆင်ဖို့အတွက် သင့်တော်တဲ့ ကုန်ကြမ်းတွေ ပြန်ဝယ်ရမယ်၊ အဲ့ဒါက တစ်ချက်….”

“ပြီးတော့ အစီအရင်တွေကို ပြန်ပြင်ဖို့ အစီအရင်ပညာရှင် တစ်ယောက် ငှားရမယ်၊ အဲ့ဒါက ပိုကုန်သေးတယ်….”

“အရည်အသွေးကို စံချိန်စံညွှန်း မီဖို့အတွက် ထိပ်တန်းကျင့်ကြံသူတွေကို ငှားပြီး သေချာ စစ်ဆေးရသေးတယ်….”

“နောက်ဆုံးမှာတော့ နေရာအသီးသီးက ရတနာနန်းဆောင် ဆိုင်ခွဲတွေဆီ ပြန်ဖြန့်ရတာပေါ့၊ သယ်ယူပို့ဆောင်ရတာကလည်း အလုပ်တစ်ခုပဲ….”

“ကျန်တဲ့ အသေးအဖွဲ ကုန်ကျစရိတ်တွေကိုတော့ ငါမတွက်ပြတော့ဘူး”

လော့ချန် အံကြိတ်ထားမိသည်။

ဤအဘိုးကြီးမှာ ကျင့်ကြံခြင်းအဆင့် မြင့်မားသော်လည်း ကပ်စေးနှဲပုံမှာ အဘိုးချန်ထက်ပင် ပိုဆိုးလှသည်။

“ကဲ....လူငယ်၊ မင်းတို့ကို ငါ တစ်ခုလောက် ပြောပြမယ်”

အဘိုးချူက သက်ပြင်းချရင်း ဆိုသည်။

“မင်းတို့လူငယ်လေးတွေ တစ်နေ့လုံး တိုက်ခိုက်သတ်ဖြတ်ကြဖို့ပဲ စဉ်းစားမနေနဲ့၊ မှော်လက်နက်ဆိုတာ မင်းတို့ အသက်ကို ကာကွယ်ပေးမယ့် အရာပဲ၊ တန်ဖိုးထားတတ်ရမယ်…."

"တိုက်ပွဲပြီးရင် သန့်ရှင်းရေး လုပ်ပေးရမယ်၊ အားတဲ့အချိန်မှာ ချီစွမ်းအားနဲ့ ပြုစုပျိုးထောင်ပေးရမယ်၊ ငါ့ဆီ ရောက်လာတဲ့ တစ်ပတ်ရစ် လက်နက်မှန်သမျှက စုတ်ပြတ်သတ်နေတာချည်းပဲ၊ ငါ ကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်ကွာ"

သူ၏ စကားများမှာ တဖြည်းဖြည်းနှင့် စိတ်ခံစားမှုများ ပါလာပြီး ပျံလွှားဓားကို ကြည့်ကာ မျက်နှာပျက်နေသည်။

လော့ချန်မှာ ထိုအမူအရာကို ဆက်မကြည့်နိုင်တော့ပေ။ သို့သော် ကျင့်ကြံရေး အရင်းအမြစ်များအတွက် သူ ထပ်မံ ကြိုးစားကြည့်လိုက်သည်။

"နည်းလွန်းတယ်၊ ဒီဈေးကို ကျွန်တော် တကယ် လက်မခံနိုင်ဘူး၊ တစ်ကိုယ်တော် ကျင့်ကြံသူဈေးကွက်မှာ သွားရောင်းရင် ၁၅၀၀ ဒါမှမဟုတ် ၁၆၀၀ လောက် အသာလေး ရနိုင်တယ်”

ပြောပြီးသည်နှင့် သူသည် ဓားကို ဆွဲယူကာ လှည့်ထွက်ရန် ပြင်လိုက်သည်။

“နေဦး.... လူငယ် မင်း စိတ်မလောပါနဲ့”

အဘိုးချူက အမြန်ပင် လှမ်းခေါ်လိုက်သည်။

“၁၁၀၀.... ဘယ်လိုလဲ၊ ဒါ ငါပေးနိုင်တဲ့ အမြင့်ဆုံးဈေးပဲ”

“နည်းသေးတယ်....”

“မနည်းတော့ပါဘူးကွာ၊ တကယ် မနည်းပါဘူး၊ ဒီလို ပျက်စီးနေတဲ့ ဓားမျိုးကို ငါ ဒီစျေး တစ်ခါမှ မပေးဖူးဘူး”

အဘိုးချူက လေသံပြောင်းကာ ထပ်ပြောသည်။

“ပြီးတော့ ဒီလို နာမည် ထွင်းထားတဲ့ ဓားကို သာမန် ကျင့်ကြံသူတွေက ဝယ်ရဲမှာ မဟုတ်ဘူး၊ မှန်တယ် မလား….”

“၁၁၀၀.... ဒါပဲ၊ မင်းရောင်းမယ်ဆိုရင် ရတနာနန်းဆောင်က ယူလိုက်မယ်၊ ပြီးတော့ မင်း ဒီပစ္စည်း လာရောင်းတယ်ဆိုတဲ့ သတင်းကို ဘယ်သူ့ကိုမှ အသိပေးမှာ မဟုတ်ဘူးလို့ ငါ ကတိပေးတယ်”

လော့ချန်၏ မျက်နှာတွင် ဝေခွဲမရသည့် အမူအရာများ ပေါ်လာသည်။ နောက်ဆုံးတွင် သူ သက်ပြင်းရှည်ကြီး ချလိုက်သည်။

“ကောင်းပြီ၊ သဘောတူတယ်”

ခေတ္တကြာသော် လော့ချန်တစ်ယောက် ရတနာနန်းဆောင်အတွင်းမှ ထွက်လာခဲ့သည်။

ပြင်းထန်လှသော နေရောင်ခြည်မှာ သူ့မျက်နှာပေါ်သို့ ကျရောက်လာသော်လည်း သူ့ရင်ထဲမှ ဒေါသအပူရှိန်ကိုမူ မမီနိုင်ချေ။ သူ နောက်ပြန်လှည့်ကြည့်ကာ တံတွေးကို ထွေးထုတ်လိုက်ပြီး အံကြိတ်ကာ ကျိန်ဆဲလိုက်တော့သည်။

“တောက်…. ကောက်ကျစ်တဲ့ မြေခွေးအိုကြီး၊ တကယ်ကို သွေးစုပ်ဖုတ်ကောင်ပဲ”

အနားမှ ဖြတ်သွားသော အမျိုးသမီး ကျင့်ကြံသူတစ်ဦးက သူ့အား ရွံရှာသော မျက်လုံးဖြင့် ကြည့်သွားသော်လည်း သူ ဂရုမစိုက်ပေ။

ရတနာနန်းဆောင်အတွင်း၌....။

အဘိုးချူသည် ပျံလွှားဓားကို ဗလတောင့်တောင့် ပန်းပဲဆရာတစ်ဦးထံ ပျော်ရွှင်စွာ ကမ်းပေးလိုက်သည်။

"ဒီပေါ်က စာတွေကို ဖျက်လိုက်၊ ပြီးရင် နည်းနည်းလောက် ပြန်အရောင်တင်ပြီး အောက်ထပ်က အရောင်းစင်ပေါ် တင်လိုက်တော့"

ထိုလူက ဓားကို ယူကာ ခေါင်းကုတ်ရင်း မေးလိုက်သည်။

"အခြေအနေက တော်တော်ကောင်းသားပဲ၊ သိပ်ပြီး ပျက်စီးနေတာလည်း မဟုတ်ဘူး။ အဘိုးချူ....ဒီတစ်ခါ ဘယ်လောက်နဲ့ ဝယ်လိုက်တာလဲ"

"အင်း.... ၁၁၀၀၊ အမြတ်အများကြီး ရမှာပါ"

အဘိုးချူက ပြုံးလိုက်ပြီးမှ သက်ပြင်းချလိုက်သည်။

"အခုခေတ် လူငယ်တွေက တကယ်ကို စေ့စပ်လွန်းတယ်၊ ဝိညာဉ်ကျောက်တုံး တစ်ရာလောက်ကိုတောင် ငါ့လို အဘိုးကြီးနဲ့ အသေအလဲ ဈေးဆစ်နေကြသေးတယ်၊ ဒီလောက် ကပ်စေးနှဲနေရင် နောင်ကျရင် ဘယ်လိုလုပ်ပြီး အောင်မြင်မှုကြီးကြီးမားမား ရပါ့မလဲ"

All Chapters