← Chapters

အစ်ကိုဝမ်၏ သွေးစွန်းသောဆိုင်

Vol. 3 Ch. 27

အစ်ကိုဝမ်၏ သွေးစွန်းသောဆိုင်

Vol. 3 Ch. 27

ကျင့်ကြံရေး လမ်းစဉ်ကြီးတွင် အောင်မြင်မှုကြီးကြီးမားမား ရရန်အတွက် လော့ချန်တစ်ယောက် အကြီးအကျယ် သုံးစွဲရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။

ဝိညာဉ်ဆေးနန်းဆောင် အတွင်းရှိ အရောင်းအမျိုးသမီးလေး၏ ပြုံးရွှင်နေသော မျက်နှာကို ကြည့်ရင်း ရင်ထဲ တဆစ်ဆစ် နာကျင်လျက်ပင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀၀ တိတိကို ထုတ်ပေးလိုက်ရသည်။

"ချီစွမ်းအင်ဖြည့်ဆေးလုံး ငါးပုလင်းပါ၊ အားပေးမှုကို ကျေးဇူးတင်ပါတယ်ရှင်၊ နောက်လည်း ကြွခဲ့ပါဦး"

ရတနာနန်းဆောင်မှ ရလာခါစ ဝိညာဉ်ကျောက်တုံး ၁၁၀၀ ထဲမှ တစ်ဝက်နီးပါးမှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေပြီ။ မည်သူမဆို နှမြောမိမည်မှာ အမှန်ပင်။ သို့သော် လော့ချန်ကမူ လက်ရှိအခြေအနေအရ ဤအသုံးစရိတ်မှာ မဖြစ်မနေ လိုအပ်ကြောင်း သဘောပေါက်ထားသည်။

ပုံမှန်အတိုင်းဆိုလျှင် ဤဝိညာဉ်ကျောက်တုံးများကို အံ့ဖွယ်တစ်သောင်းဆေးလုံး ဖော်စပ်သည့် လုပ်ငန်းထဲ၌ ရင်းနှီးမြှုပ်နှံပြီး၊ ဆေးဖော်စပ်မှုကို အရှိန်အဟုန်ဖြင့် မြှင့်တင်ကာ အမြတ်အစွန်းများစွာ ထုတ်ယူသင့်သည်။ ဤသို့ဖြင့်သာ သူသည် ဆင်းရဲတွင်းမှ လွတ်မြောက်ပြီး ရေရှည်တည်တံ့သော ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ လျှောက်လှမ်းနိုင်မည် မဟုတ်ပါလော။

သို့သော် ပြင်ပအခြေအနေများက ပြောင်းလဲသွားပြီ ဖြစ်သည်။

သူသည် ကျင့်ကြံသူ နှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထံမှ ပစ္စည်းများ သိမ်းယူခဲ့သည်။ အထူးသဖြင့် ထိုကောင်းမျိုးနွယ် ကျင့်ကြံသူမှာ နောက်ခံ အတော်ကြီးပုံရသဖြင့် တစ်ယောက်ယောက်က သူ့နောက်သို့ လိုက်လာပြီး တာဟဲဈေးမြို့တော်၏ စည်းမျဉ်းများကို ဂရုမစိုက်ဘဲ သူ့အား သတ်ဖြတ်ရန် ကြိုးစားလာလျှင် ချီသန့်စင်အဆင့် ၄ သာရှိသေးသော သူသည် မည်သို့ ခုခံနိုင်မည်နည်း။

သူ၏ လျှို့ဝှက်လက်နက်ဖြစ်သော ဝိညာဉ်ဖျက်သံမှိုမှာ အစွမ်းထက်သည် မှန်သော်လည်း အရာရာကို မကာကွယ်နိုင်ပေ။

ဝမ်ယွမ်သည် ထိုသံမှို၏ တိုက်ခိုက်မှုကို ခံထားရသည့်တိုင် အေးအေးဆေးဆေး ထွက်ပြေးနိုင်ခဲ့ရုံသာမက လူနှစ်ယောက်ကိုပါ ပြန်လည်သတ်ဖြတ်နိုင်ခဲ့သည်။ ထိုစဉ်က လော့ချန်သာ တတိယမြောက်လူကို မသတ်ခဲ့လျှင် ဝမ်ယွမ်သည် ထိုသူကိုလည်း ဓားဖြင့် အပိုင်းပိုင်း ခုတ်ထစ်ပစ်နိုင်မည်မှာ အသေအချာပင်။

ဝမ်ယွမ်ကဲ့သို့ ချီသန့်စင် အဆင့် ၇ ရှိသူပင်လျှင် ဝိညာဉ်ဖျက်သံမှို၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်ပြီး တန်ပြန်တိုက်စစ် ဆင်နိုင်ခဲ့သည်ဆိုပါက၊ ထိုထက် အဆင့်မြင့်သော ကျင့်ကြံသူများအတွက်မူ ဆိုဖွယ်ရာမရှိတော့ပေ။ ဤလောကတွင် သူ့ထက် သာလွန်သူများမှာ သဲပွင့်များပမာ မရေမတွက်နိုင်အောင် ရှိနေသည်ဖြစ်ရာ၊ လော့ချန်သည် အသက်ကို ကံတရားအပေါ်၌ မကိုးစားရဲပေ။

ထို့ကြောင့် မြို့တွင်းသို့ ပြောင်းရွှေ့ခြင်းနှင့် အဆင့်တက်အောင် လုပ်ခြင်းသည်သာ အကောင်းဆုံး နည်းလမ်းဖြစ်သည်။

ပြီးခဲ့သည့်အကြိမ်က ချီစွမ်းအင်ဖြည့်ဆေးလုံးကို အသုံးပြုခဲ့စဉ်က ရရှိခဲ့သော အစွမ်းထက်သည့် အာနိသင်ကို လော့ချန် ကောင်းကောင်းကြီး မှတ်မိနေသည်။ သာမန်အတိုင်း ကျင့်ကြံနေပါက နှစ်နှင့်ချီ၍ ကြာမြင့်မည့် အဆင့်တက်လှမ်းမှုမှာ ဆေးလုံး၏ အကူအညီဖြင့် သိသိသာသာ မြန်ဆန်သွားခဲ့သည်။

မနေ့ညက သူ စမ်းသပ်ကြည့်ခဲ့ရာ၊ ပြီးပြည့်စုံအဆင့် ရှိသော နွေဦးကျင့်စဉ်နှင့် ပထမအဆင့် ဝိညာဉ်ကြောတို့ ပေါင်းစပ်မှုကပင် သူ့အား သိသိသာသာ တိုးတက်လာအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။

တိုးတက်မှု အစစ်အမှန်ကို လိုချင်ပါက အချိန်ယူ၍ စုဆောင်းရပေလိမ့်မည်။ သို့သော် အသက်ရှင်ရန် ၇၅ နှစ်သာ ကျန်တော့သော လော့ချန်အတွက် အလိုအပ်ဆုံးအရာမှာလည်း အချိန်ပင် ဖြစ်နေသည်။ ထို့ကြောင့် ဆေးလုံးများကို သုံးစွဲရန်မှာ မဖြစ်မနေ လိုအပ်ချက်ဖြစ်ပြီး အခြားရွေးချယ်စရာ မရှိတော့ပေ။

ချီစွမ်းအင်ဖြည့်ဆေးလုံး ငါးပုလင်းကို ဝိညာဉ်သိုလှောင်အိတ်ထဲသို့ သေချာ ထည့်သွင်းပြီးနောက် လော့ချန် ခေတ္တမျှ ဝေခွဲမရ ဖြစ်နေသည်။ နောက်ဆုံးတွင် သူ အံကို တင်းတင်းကြိတ်လိုက်ကာ လင်ယွမ်နန်းဆောင်ဆီသို့ ခြေဦးလှည့်လိုက်တော့သည်။

ကံကောင်း၍ သူသည် ကျင့်ကြံသူ ဖြစ်နေခြင်းကြောင့်သာ၊ လူသားတစ်ယောက်သာဆိုလျှင် နှမြောလွန်း၍ အံကြိတ်ရင်း သွားများပင် ကျိုးကုန်လောက်ပြီ ဖြစ်သည်။

လင်ယွမ်နန်းဆောင် ဆိုသည်မှာ အရှေ့ဘက်နယ်မြေခြောက်ခု၏ ထိပ်သီးဂိုဏ်းကြီးခြောက်ခုအနက် တစ်ခုဖြစ်သော ဓာတ်ကြီးငါးပါးဂိုဏ်းမှ တာဟဲစျေးမြို့တော်တွင် ဖွင့်လှစ်ထားသော ဆိုင်ဖြစ်သည်။

ဓာတ်ကြီးငါးပါးဂိုဏ်း၏ ဂုဏ်သတင်းမှာ အရှေ့ဘက်နယ်မြေတစ်ခုလုံးတွင် မိုးထစ်ချုန်းမျှ ကျော်ကြားလှသည်။ ဓာတ်ကြီးငါးပါး စွမ်းအင်များကို စိတ်အလိုရှိတိုင်း ထိန်းချုပ်နိုင်သည့် မှော်အတတ်များကြောင့် လူသိများကြပြီး၊ ဂိုဏ်းသားအများစုမှာလည်း အဆင့်မြင့် ဓာတ်ကြီးငါးပါး အတတ်ပညာများကို ပါရမီမြောက် တတ်မြောက်ထားကြသူများ ဖြစ်သည်။

အသက်ရှင်သန်ရေးနှင့် တိုက်ပွဲများအတွက် မှော်စာရွက်များ၊ မှော်လက်နက်များကိုသာ အဓိက အားကိုးကြသည့် ကျင့်ကြံရေးလောကတွင် ဓာတ်ကြီးငါးပါးဂိုဏ်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အထူးတလည် တမူထူးခြားနေသည်။

တိုက်ခိုက်ခြင်းထက် ဓာတ်ကြီးငါးပါးဂိုဏ်းသားများသည် မိမိတို့ အတတ်ပညာများကို ကုန်ထုတ်လုပ်မှုတွင် အသုံးပြုရသည်ကို ပို၍ နှစ်သက်ကြသည်။ သီးနှံမျိုးစုံ စိုက်ပျိုးခြင်းနှင့် ပတ်သက်လျှင် နယ်မြေခြောက်ခုလုံးတွင် အတော်ဆုံးဟု ဆိုရပေမည်။

ဝိညာဉ်ပင်များ စိုက်ပျိုးခြင်း၌ နာမည်ကြီးသော ဆေးဘုရင်ဂိုဏ်း ပင်လျှင် ဆေးဖက်ဝင် အပင်များ စိုက်ပျိုးသည့် ကဏ္ဍတွင်သာ အနည်းငယ် အသာစီးရနိုင်ပြီး ကျန်ကဏ္ဍများတွင်မူ ဓာတ်ကြီးငါးပါးဂိုဏ်းကို မယှဉ်နိုင်ချေ။

ဓာတ်ကြီးငါးပါးဂိုဏ်းတွင် ပြိုင်ဘက်ဟူ၍ မရှိသလောက်ပင်။

နယ်မြေခြောက်ခုလုံး၏ ကျင့်ကြံခြင်းလောကတွင် အတွေ့ရများဆုံးဖြစ်သော ဝိညာဉ်ဆန် များမှာ အများအားဖြင့် ဓာတ်ကြီးငါးပါးဂိုဏ်းမှ ထွက်ရှိခြင်း ဖြစ်သည်။ အခြားဂိုဏ်းများတွင်လည်း ကိုယ်ပိုင် ဝိညာဉ်စိုက်ခင်းများ ရှိကြသော်လည်း မည်သည့်အကြောင်းကြောင့် မသိ၊ သူတို့ထွက်ရှိသော ဆန်များမှာ အရသာပိုင်း၌ဖြစ်စေ၊ ချီစွမ်းအား ပါဝင်မှု၌ဖြစ်စေ ဓာတ်ကြီးငါးပါးဂိုဏ်းထွက် ဆန်များကို မမှီကြပေ။ စိုက်ပျိုးရေးနှင့် ပတ်သက်လာလျှင် ဓာတ်ကြီးငါးပါးဂိုဏ်းသည် နယ်မြေခြောက်ခုလုံးကို လွှမ်းမိုးထားသည်ဟုပင် ဆိုရမည်။

လော့ချန်သည် လင်ယွမ်နန်းဆောင်သို့ ဝင်ရောက်ကာ၊ ပထမဆုံးအနေဖြင့် ဝိညာဉ်ကျောက် ၁ တုံး သုံး၍ ဝိညာဉ်ဆန် ၁၀ ပြည်ကို ဝယ်ယူလိုက်သည်။ ထို့နောက် အရောင်းစားပွဲရှေ့သို့ လျှောက်သွားလိုက်သည်။

"မှော်အတတ်စာရင်း လေး ကြည့်ပါရစေ"

လှပချောမောသော အရောင်းစာရေးမလေး၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး စာအုပ်တစ်အုပ်ကို အမြန်ဆွဲထုတ်လိုက်သည်။

"ဘယ်လို မှော်အတတ်မျိုးကို စိတ်ဝင်စားလို့လဲရှင့်….”

"ဧည့်သည်တော်က ချီသန့်စင် အလယ်အလတ်အဆင့်မှာ ရှိနေတာလား၊ အခြေခံ လိုအပ်တဲ့ မှော်အတတ်တွေကိုကော အကုန်တတ်မြောက်ပြီးပြီလား၊ မတတ်သေးဘူးဆိုရင်တော့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက် ၅ တုံးတည်းနဲ့ ရနိုင်မယ့် ဒီ ဓာတ်ကြီးငါးပါး အခြေခံ မှော်အတတ်အတွဲကို ကျွန်မ အထူးညွှန်းချင်ပါတယ်ရှင့်"

လော့ချန်၏ မျက်ခုံးများ တလှုပ်လှုပ် ဖြစ်သွားသည်။ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက် ၅ တုံးဆိုသည်မှာ အဆင့်နိမ့် ဝိညာဉ်ကျောက် ၅၀၀ ပင် ဖြစ်သည်။

"ဒီစာအုပ်ထဲမှာ ကျွန်မတို့ ဓာတ်ကြီးငါးပါးဂိုဏ်းက ပညာရှင်ကြီးတွေ ကိုယ်တိုင် မှတ်ချက်ရေးသားပေးထားတာမို့ အမြန်ဆုံး တတ်မြောက်စေရမယ်လို့ အာမခံပါတယ်”

"အကုန်တတ်ပြီးသားဆိုရင်လည်း ကျွန်မတို့ ဂိုဏ်းက အဆင့်မြှင့်ထားတဲ့ ဓာတ်ငါးပါး အတတ်တွေကို စဉ်းစားကြည့်လို့ ရပါတယ်ရှင့်၊ ဥပမာ- မီးလုံးအတတ် ကနေ ပြုပြင်ထားတဲ့ မီးငှက်အတတ်ပေါ့၊ ချီစွမ်းအား သုံးစွဲမှုက အတူတူပဲဆိုပေမဲ့ ပုံစံမျိုးစုံ ပြောင်းလဲလို့ ရပါတယ်၊ ဝိညာဉ်ကျောက်တုံး ပြတ်လပ်နေတဲ့ အချိန်ဆိုရင်လည်း တခြားသူတွေအတွက် မီးရှူးမီးပန်း လွှတ်ပေးပြီး ပိုက်ဆံအနည်းအကျဉ်း ရှာလို့ရသေးတယ်လေ"

"ဒါလေးလည်း မဆိုးဘူးနော်၊ ရေဓာတ်ရဲ့ မိုးတိမ်ငယ်အတတ် ပါ၊ ပန်းပင်တွေ ရေလောင်းဖို့ အရမ်းသင့်တော်တာ"

"ဈေးနှုန်းလား၊ သေချာပေါက် တန်စေရပါမယ်၊ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက် ၃ တုံးတည်းပါရှင့်"

လော့ချန်တစ်ယောက် အသက်ရှူပင် မဝတော့ဘဲ လင်ယွမ်နန်းဆောင်ထဲမှ မူးဝေစွာဖြင့် ယိမ်းထိုး ထွက်လာခဲ့သည်။

ကြီးကျယ်ခမ်းနားလှသော မှော်အတတ်များ၊ အစွမ်းထက်လှသော ကျင့်စဉ်များ သူ ဘာတစ်ခုမှ မဝယ်ခဲ့ရပေ။ အကြောင်းမှာ ဈေးနှုန်း အလွန် ကြီးလွန်းသောကြောင့် ဖြစ်သည်။ မီးငှက်အတတ် တစ်ခုတည်းကိုပင် အဆင့်နိမ့် ဝိညာဉ်ကျောက် ၃၀၀ ပေးရမည် ဖြစ်သည်။ ထိုအရာအတွက် ငွေသုံးရန်မှာ သူ ရူးမှသာ ဖြစ်ပေလိမ့်မည်။

သူ အမှန်တကယ် လိုချင်သည့် မှော်အတတ်များ၏ ဈေးနှုန်းမှာမူ သူ့အား အသက်ရှူရပ်လုနီးပါး ဖြစ်စေသည်။

“ဒါတွေ အားလုံးက ငါ ဆင်းရဲနေလို့ပဲ”

ဓာတ်ကြီးငါးပါးဂိုဏ်းသည် ဓာတ်ငါးပါး အတတ်ပညာများတွင် နာမည်ကြီးသလို အခြားသော မှော်အတတ်ပညာများ၌လည်း နက်ရှိုင်းသော အခြေခံရှိကြသည်။ ထို့ကြောင့် လင်ယွမ်နန်းဆောင်တိုင်း၌ အတတ်ပညာအချို့ကို ရောင်းချလေ့ရှိသည်။ ထိုအရာများမှာ အခြေခံအတတ်ပညာများ ဖြစ်နိုင်သော်လည်း ဂိုဏ်းမှ ပညာရှင်များ၏ မှတ်ချက်များ ပါဝင်သောကြောင့် ကျင့်ကြံသူများအတွက် နားလည်တတ်မြောက်ရန် အလွန်လွယ်ကူပေသည်။

အကယ်၍ အဆင့်မြှင့်တင်ထားသော မှော်အတတ်များ ဖြစ်ပါက ပို၍ပင် အံ့သြစရာ ကောင်းလှသည်။ ထို့ကြောင့်ပင် လော့ချန် လာရောက်ကြည့်ရှုခြင်း ဖြစ်သည်။ သို့သော် ဈေးနှုန်းများက သူ့အား လက်တွန့်သွားစေသည်။

"ကြည့်ရတာ.... ကျင့်ကြံသူတွေရဲ့ စျေးတန်းမှာပဲ လိုက်ရှာကြည့်ရတော့မယ် ထင်တယ်"

ဂိုဏ်းကြီးများ၏ အာမခံချက်နှင့် ထောက်ခံချက်မျိုး မရှိသော်လည်း ဈေး ပိုသက်သာပေလိမ့်မည်။

မြို့တောင်ဘက်ရှိ ကျင့်ကြံသူစျေးတန်းသို့ ရောက်သောအခါ၊ လူစုလူဝေးမှာ ကျဲပါးနေပြီး ပတ်ဝန်းကျင်မှာလည်း အနည်းငယ် တိတ်ဆိတ်နေသည်။ ဈေးနေ့ကြီး ပြီးသွားပြီဖြစ်ပြီး ဈေးငယ်မှာမူ နောက်ထပ် သုံးရက်နေမှ စတင်မည် ဖြစ်သည်။

"စမ်းကြည့်တာပေါ့" ဆိုသည့် စိတ်ဖြင့် လော့ချန်သည် တစ်စုံတစ်ခုသော ကံကောင်းမှုကို မျှော်လင့်ရင်း ဈေးအတွင်း လှည့်ပတ်ကြည့်ရှုနေသည်။ သို့သော် လှည့်ပတ်ကြည့်ပြီးနောက် သူ အတော်လေး စိတ်ပျက်သွားခဲ့သည်။

ယနေ့မှာ ဈေးကြီးနေ့မဟုတ်သဖြင့် ပုံမှန် ဆိုင်ခန်းအချို့သာ ကျန်ရှိတော့ပြီး ၎င်းတို့ရောင်းချသည်မှာလည်း လူတိုင်းသုံးနေကျ ပုံမှန်ပစ္စည်းများသာ ဖြစ်သည်။

လော့ချန် အလိုရှိနေသည့် ကျင့်စဉ်များ သို့မဟုတ် ရှားပါးမှော်အတတ်များမှာ ထိုသို့သော ဆိုင်များတွင် အလွယ်တကူ မရှိနိုင်ချေ။ ထိုကဲ့သို့သော အရာများကို ဓားစာခံလုပ်၊ သတ်ဖြတ်လုယူတတ်သည့် ကျင့်ကြံသူများ ထံတွင်သာ ရှာတွေ့နိုင်ပေသည်။

"ဒီနေ့ကတော့ ကံဆိုးတာပဲ၊ တစ်ယောက်မှ မတွေ့ဘူး"

လော့ချန် တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ပြန်ရန်ပြင်စဉ်မှာပင် ရင်းနှီးသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူကို မြင်လိုက်ရသည့် ခဏ၌ လော့ချန် အလွန်ပင် ဝမ်းသာသွားပြီး ရင်ခုန်သံများပင် မြန်လာခဲ့သည်။

"အစ်ကိုဝမ်....ကျွန်တော့်အစ်ကိုကြီး"

ဝမ်ယွမ်သည် လော့ချန်အား တစ်ချက်ကြည့်လိုက်ပြီး သူ၏ ကိုယ်ပိုင်ဆိုင်ခန်းလေးဆီသို့ လျှောက်သွားသည်။ လော့ချန်သည်လည်း အမြီးလေးနံ့နေသည့် နောက်လိုက်လေးတစ်ယောက်လို ထပ်ချပ်မကွာ လိုက်ပါသွားတော့သည်။

ဝမ်ယွမ်သည် မြေပြင်ပေါ်သို့ အဝတ်အစုတ်တစ်ထည် ဖြန့်ခင်းလိုက်ပြီး လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ ပစ္စည်းအမြောက်အမြား ပေါ်ထွက်လာတော့သည်။ သွေးစွန်းနေသော မှော်လက်နက်များ၊ စာအုပ်များနှင့် ဝါကျင်ကျင် ဖြစ်နေသော ကျောက်စိမ်းစာလိပ် တစ်ခုလည်း ပါဝင်သည်။

ထိုပစ္စည်းများပေါ်မှ ပြင်းထန်သော သွေးညှိနံ့ကြောင့် လော့ချန်မှာ မျက်တောင်များပင် တလှုပ်လှုပ် ဖြစ်သွားရသည်။

"အစ်ကိုဝမ်၊ ဒီရက်ပိုင်းတော့ တကယ်ကို လက်ရည်တက်နေတာပဲနော်"

ဝမ်ယွမ်က နှုတ်ခမ်းကို အနည်းငယ်တွန့်ရုံ ပြုံးလိုက်ပြီး "ဒါတွေအားလုံးက ငါ့ဟာတွေ မဟုတ်ပါဘူး" ဟု ဆိုသည်။

လော့ချန်သည် ယခင်က စုံစမ်းကြည့်ဖူးသဖြင့် ဝမ်ယွမ်၏ နောက်ကြောင်းကို အနည်းငယ် သိရှိထားသည်။ ဝမ်ယွမ်သည် လူသတ်လုယက်သည့် အလုပ်တစ်ခုတည်းကို လုပ်နေသူ မဟုတ်ပေ။ သူ့တွင် တရားဝင်အလုပ် တစ်ခုရှိသေးသည်။ ထိုအလုပ်မှာ ဖိုရှန်းဂိုဏ်း အတွက် ခိုးရာပါပစ္စည်းများကို ပြန်လည်ရောင်းချပေးရသည့် အလုပ် ဖြစ်ပြီး ထိုမှတစ်ဆင့် အမြတ်အစွန်းများစွာ ရရှိလေသည်။

ထို့ကြောင့်လည်း ဈေးငယ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဝမ်ယွမ်ကို ဤနေရာတွင် အမြဲတွေ့နိုင်ခြင်း ဖြစ်သည်။ ဤသည်မှာ အလားအလာ အလွန်ကောင်းသော အလုပ်တစ်ခု မဟုတ်ပေလော။

"ဒီရက်ပိုင်း အပြင်မှာ တိုက်ပွဲတွေ မရှိတော့ဘူးလား"

ဝမ်ယွမ်က မျက်တောင်ကို ပင့်လိုက်ပြီး "ခဏရပ်သွားပြီ၊ နောက်ရက်နည်းနည်းကြာရင် ပြန်စလိမ့်မယ်" ဟု အေးစက်စွာ ပြောလိုက်သည်။

“ဂိုဏ်းတွေ တိုက်ပွဲဖြစ်တာတောင် အချိန်ဇယားနဲ့ ဖြစ်နေတာလား....”

လော့ချန်တစ်ယောက် အံ့သြမှင်သက်သွားမိသည်။ သို့သော် ဤသည်မှာ သတင်းကောင်းပင်။ မဟုတ်လျှင် ဝမ်ယွမ်တစ်ယောက် ဆိုင်ခန်းလာဖွင့်ရန် အားလပ်နေမည် မဟုတ်ချေ။

All Chapters