← Chapters

နှိမ့်ချသော အိမ်ဝင်းလေးထဲမှ ပုန်းအောင်းနေသော ပါရမီရှင်များ

Vol. 3 Ch. 28

နှိမ့်ချသော အိမ်ဝင်းလေးထဲမှ ပုန်းအောင်းနေသော ပါရမီရှင်များ

Vol. 3 Ch. 28

ဘာကြောင့်ရယ်မသိ၊ လော့ချန်သည် ဝမ်ယွမ်ကို ယခင်ကထက် ပို၍အေးစက်လာသည်ဟု ခံစားရသည်။ သူသည် စကားနည်းမြဲဖြစ်သော်လည်း ရံဖန်ရံခါ ပြောလိုက်သော စကားတစ်ခွန်းမှာပင် လူကို ကြက်သီးထသွားစေသည်။

လော့ချန်သည် ဝမ်ယွမ်၏ မကြာသေးမီက ကျော်ကြားလာသော ဓားရူး ဟူသော ဘွဲ့ထူးအကြောင်းကိုလည်း မသိသလို၊ သူ သတ်ဖြတ်လုယက်ခဲ့သည့် အောင်မြင်မှုများအကြောင်းကိုလည်း အိပ်မက်ပင် မမက်ဖူးချေ။

လူသတ်ပစ္စည်းလုခြင်းဟူသည်မှာ သူနှင့် အလှမ်းဝေးလွန်းလှသည်ဟု ယူဆထားသည်။ အကယ်၍ တစ်နေ့နေ့တွင် ပတ်သက်ခဲ့မိလျှင်ပင် ထိုအရာမှာ ရှောင်လွှဲမရသော ကံကြမ္မာကြောင့်သာ ဖြစ်ပေလိမ့်မည်။ လော့ချန်သည် ကျင့်ကြံခြင်း လမ်းစဉ်အတွက်သာ စိတ်နှလုံးကို ပုံအပ်ထားသူ ဖြစ်သည်။

စာအုပ်ပုံများကြားတွင် အထပ်ထပ် ရှာဖွေပြီးနောက် လော့ချန်တစ်ယောက် သူလိုချင်သည့် အရာကို ရှာတွေ့သွားတော့သည်။

“အစ်ကိုဝမ်၊ ကျွန်တော့်ကို အစ်ကိုကြီးရဲ့ ညီလေးလို့ သတ်မှတ်လို့ရမလား"

“အင်း.... ရတာပေါ့”

“ဒါဆိုရင် ညီလေးတစ်ယောက်အနေနဲ့ အခွင့်အရေးလေးတွေ ဘာတွေ မရှိဘူးလားဗျာ၊ ဥပမာ.…”

“ဒီစာအုပ်ကတော့ မရဘူး၊ ဒါက ဖိုရှန်းဂိုဏ်းက အဆင့် ၉ ကျင့်ကြံသူတစ်ယောက်က ငါ့ကို ရောင်းခိုင်းထားတာ၊ ဖတ်ချင်ရင်တော့ ဝယ်ရလိမ့်မယ်”

လော့ချန်၏ လက်ထဲရှိ စာအုပ်မှာ ဝမ်ယွမ်၏ ဆိုင်တွင် ကြာရှည်စွာ တင်ထားသော်လည်း မရောင်းရသေးသည့် ချီသန့်စင်အဆင့်အတွက် မရှိမဖြစ် မှော်အတတ် ၅ မျိုးပင် ဖြစ်သည်။

သို့သော် လော့ချန် အမှတ်မမှားလျှင် ဤစာအုပ်မှာ ဝမ်ယွမ် ကိုယ်တိုင် လုယက်လာခြင်း မဟုတ်ပေလော။ တစ်ကိုယ်တော်ကျင့်ကြံသူအချင်းချင်း မလိမ်ညာကြပါဘူးဆိုသည့် စကားမှာ ယုံစရာ မရှိတော့ချေ။

လော့ချန် ခပ်တိုးတိုး ကျိန်ဆဲရင်း ဝိညာဉ်ကျောက် ၂၀၀ တိတိကို မတတ်သာဘဲ ထုတ်ပေးလိုက်ရသည်။ ထိုစာအုပ်ကို အဖိုးတန်ပစ္စည်းသဖွယ် ရိုရိုသေသေဖြင့် သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။

ဝမ်ယွမ် သူ့အား ကြည့်ကာ ရယ်မောလိုက်သည်။

“အဲဒီ ချန်ရှောင် ဆိုတဲ့ကောင်ကတော့ တကယ်ကို ကံဆိုးတာပဲ၊ သူ ခြောက်လလောက် ပင်ပင်ပန်းပန်း လုပ်ထားသမျှ အားလုံးက မင်းအတွက် လက်ဆောင် ဖြစ်သွားတာပဲ”

“ကျွန်တော်သတ်ခဲ့တဲ့ အဲဒီကောင်စုတ်လေးရဲ့ နာမည်က ချန်ရှောင် လား"

“အေး.... သူက အကြီးအကဲတစ်ယောက်ရဲ့ ဂူသင်္ချိုင်းကို တွေ့ပြီး ခြောက်လလောက် အစီအရင် တွေကို ဖျက်ခဲ့တာ၊ နောက်ဆုံး ရသမျှ ပစ္စည်းအကုန်လုံးက မင်းလက်ထဲ ရောက်ကုန်တာပေါ့”

လော့ချန် သူ၏ ဝိညာဉ်သိုလှောင်အိတ်ကို အသာအယာ ပြန်စမ်းကြည့်လိုက်မိသည်။ အပြင်မြို့ရှိ အဆင့် ၅ ကျင့်ကြံသူတစ်ယောက်ထံတွင် ဝိညာဉ်သိုလှောင်အိတ်နှင့် ဝိညာဉ်ဖျက်သံမှိုကဲ့သို့ အဆင့်မြင့် မှော်လက်နက်များ ရှိနေသည်မှာ မဆန်းတော့ပေ။

"သူတို့ ညီအစ်ကိုတွေက ပစ္စည်းတော်တော်များများ ရထားလို့သာ ငါ့ကို ဝိုင်းတိုက်ရဲကြတာ၊ ဒါပေမဲ့ ကံဆိုးတာက သူတို့မှာ ရတနာရှိပေမဲ့ အသုံးချတတ်တဲ့ ဉာဏ်မရှိကြဘူး"

“အစ်ကိုဝမ် ဘာကို ဆိုလိုတာလဲ"

“ဥပမာ…. အဲဒီ ဝိညာဉ်ဖျက်သံမှိုပေါ့၊ အဲ့ဒါက ငါ့အကာအကွယ်ကို လွယ်လွယ်ကူကူ ဖောက်ထွက်နိုင်ပေမဲ့ ငါ့ကို အပေါ်ယံဘဲ ဒဏ်ရာ ပေးနိုင်တယ်၊ သူ့ရဲ့ မိုးကြိုးအတတ်ကတောင် ပိုပြီး ခြိမ်းခြောက်မှု ရှိသေးတယ်”

ဝမ်ယွမ်သည် လော့ချန်၏ စိတ်ထဲတွင် ရှိနေသည်များကို ထိုးထွင်းသိမြင်ဟန်ဖြင့် ဆက်လက် ရှင်းပြနေသည်။

“ဒါပေမဲ့ သူသာ အဲဒီ ဝိညာဉ်ဖျက်သံမှိုမှာ အဆိပ်တစ်မျိုးမျိုး သုတ်ထားမယ်ဆိုရင်တော့ ငါ့အတွက် အတော်လေး အန္တရာယ်ရှိသွားနိုင်တယ်”

လော့ချန် ခဏတာ မှင်သက်သွားပြီးနောက် လက်မထောင်ပြလိုက်သည်။

“အစ်ကိုဝမ်က တကယ့်ကို ကောက်ကျစ်....အဲ....တကယ်ကို တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝတာပဲ"

ဝမ်ယွမ်၏ မည်းမှောင်သွားသော မျက်နှာထားကို မြင်လိုက်ရသဖြင့် လော့ချန် အမြန်ပင် ပြင်ပြောလိုက်ရသည်။

ဝမ်ယွမ် ခေါင်းခါလိုက်သည်။

“ကျင့်ကြံသူဖြစ်ဖြစ်၊ သာမန်လူဖြစ်ဖြစ် တိုက်ပွဲရဲ့ အခြေခံသဘောတရားကတော့ အတူတူပဲ၊ အဲဒါက ရန်သူကို သတ်ဖို့ပဲ၊ တာဟဲစျေးမြို့တော်က တစ်ကိုယ်တော်ကျင့်ကြံသူ အများစုက ကျင့်ဝတ်စည်းကမ်းတွေကို တော်တော်ကြီး လိုက်နာလွန်းကြတယ်၊ သူတို့က တစ်ယောက်တစ်လှည့် လက်နက်ချင်း ယှဉ်တိုက်ဖို့ပဲ သိကြတယ်"

"ဒါမှမဟုတ် သူတို့ဆီမှာ ကျင့်ကြံသူတွေကို ထိရောက်စေမယ့် အဆိပ်တွေ မရှိတာလည်း ဖြစ်နိုင်တယ်"

လော့ချန် ခေါင်းကို အဆက်မပြတ် ညိတ်လိုက်သည်။

ကျင့်ကြံသူများသည် ချီစွမ်းအားကို စုပ်ယူကြသဖြင့် ခန္ဓာကိုယ်ကို အထူးတလည် မလေ့ကျင့်ထားလျှင်ပင် ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ တဖြည်းဖြည်း ပြောင်းလဲတိုးတက်လာလေ့ရှိသည်။ ထို့ကြောင့် အဆင့်မြင့် ကျင့်ကြံသူများမှာ ချီစွမ်းအား ပမာဏအမြောက်အမြားကို ထိန်းချုပ်နိုင်သော်လည်း ခန္ဓာကိုယ်မှာမူ ထိုကဲ့သို့သော ဒဏ်ရာအနာတရမျိုးကို ခံနိုင်ရည် မရှိကြပေ။

ဝမ်ယွမ်က ကျောက်စိမ်းပုလင်းငယ်တစ်ခုကို လော့ချန်ထံ ကမ်းပေးလိုက်သည်။

“ဒါက ငါလုယူလာတဲ့ ဝိညာဉ်ရှုပ်ထွေးဆေးမှုန့်ပဲ၊ ဒါကို ဝိညာဉ်ဖျက်သံမှိုပေါ်မှာ သုတ်ထားလိုက်၊ ရန်သူရဲ့ အသွေးအသားနဲ့ ထိတွေ့မိတာနဲ့ သူတို့ရဲ့ ချီစွမ်းအားတွေ ကမောက်ကမ ဖြစ်သွားပြီး ထိန်းချုပ်လို့ ရမှာမဟုတ်တော့ဘူး"

“ဒါက ညီလေးတစ်ယောက်ဖြစ်ရတဲ့ အကျိုးကျေးဇူးပေါ့….”

လော့ချန်က ဝမ်းသာအားရ လက်ခံလိုက်ပြီး ပြန်ရောက်လျှင် ချက်ချင်း သုတ်လိမ်းရန် ဆုံးဖြတ်လိုက်သည်။ သူသည်လည်း တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝသူ တစ်ယောက် ဖြစ်ချင်သည်။

“မှတ်ထားနော်၊ ဝိညာဉ်ရှုပ်ထွေးဆေးမှုန့်ရဲ့ အာနိသင်က ခဏပဲ ခံတာ၊ ချီစွမ်းအား အားကောင်းတဲ့ သူတွေက အဲဒီအာနိသင်ကို လွယ်လွယ်ကူကူ ဖိနှိပ်ထားနိုင်တယ်၊ ဒါကြောင့် သံမှိုကို ပစ်ပေါက်ပြီးတာနဲ့ တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ဖို့ ပြင်ထား”

ဝမ်ယွမ်က အလေးအနက် မှာကြားလိုက်သည်။ သူ၏ လက်ထဲတွင်လည်း ပုလင်းအချို့ ကျန်သေးသော်လည်း လော့ချန်ကို ပြောပြရန် မလိုဟု သူ ယူဆသည်။ သူသည် မွေးရာပါ စကားနည်းသူ ဖြစ်ပြီး ယနေ့တွင် စကားများစွာ ပြောခဲ့ပြီး ဖြစ်သည်။

လော့ချန်သည် အခြေအနေကို နားလည်သဖြင့် အဆာပြေမုန့်အချို့ကို ဝမ်ယွမ်အတွက် ထားခဲ့ကာ နှုတ်ဆက်ထွက်ခွာလာခဲ့သည်။ စျေးမှ ထွက်လာစဉ် နောက်လှည့်ကြည့်လိုက်ရာ ဝမ်ယွမ်တစ်ယောက် စတင် ကျင့်ကြံနေသည်ကို တွေ့လိုက်ရသည်။

"စျေးဗန်းခင်းထားရင်းနဲ့တောင် မြို့ထဲမှာရှိတဲ့ အဆင့် (၁) ဝိညာဉ်ကြောက စွမ်းအားတွေကို စုပ်ယူနေတာလား"

လော့ချန်မှာ အံ့သြသွားသော်လည်း ထိုသို့ လိုက်လုပ်ရန် စိတ်ကူးကို ချက်ချင်းပင် ဖျောက်ဖျက်လိုက်သည်။ စျေးထဲတွင် လူများမှာ ရှုပ်ယှက်ခတ်နေပြီး စိတ်အေးလက်အေး ကျင့်ကြံရန် မသင့်တော်သော နေရာဖြစ်သည်။ တစ်စုံတစ်ယောက်ကသာ အနှောင့်အယှက်ပေးလိုက်လျှင် သွေးကြောမှားယွင်းကာ ဒုက္ခရောက်နိုင်သည်။ ဝမ်ယွမ်တွင်မူ ထိုသို့လုပ်ရဲရန် နောက်ခံအကြောင်းရင်း တစ်ခုခု ရှိပေလိမ့်မည်။ သူသာ လိုက်လုပ်လျှင်မူ သေတွင်းထဲ ခြေစုံပစ်ဝင်သလို ဖြစ်ပေလိမ့်မည်။

....

နေအိမ်သို့ ပြန်ရောက်သောအခါ….။

“ရှင်က တကယ်ပဲ ဆေးဖော်စပ်တဲ့သူ ဖြစ်နေတာကိုး"

ချိုင်ယီသည် နေ့လယ်ခင်း တစ်ရေးနိုးပြီးနောက် အလှပြင်ကာ အပြင်သို့ ထွက်လာခဲ့သည်။ လော့ချန်တစ်ယောက် ဆေးကုန်ကြမ်းများ ကြိတ်ခွဲနေသည်ကို သူမ တွေ့လိုက်ရသည်။

ကျယ်ဝန်းသော အခန်းထဲတွင်လည်း ဆေးဖက်ဝင်အပင်များမှာ ပုံနေပြီး ရောထွေးနေသော အနံ့အသက်များကြောင့် အသက်ရှူရသည်မှာပင် အနည်းငယ် ခက်ခဲလှသည်။

ချိုင်ယီ တံခါးဝတွင် မှီရပ်နေသည်ကို မြင်သောအခါ လော့ချန်က ပြုံးပြရင်း ကျေက်ငရုတ်ဆုံထဲမှ ရွှေရောင်မှုန့်များကို သစ်သားပုံးထဲသို့ လောင်းထည့်လိုက်သည်။

ထိုပုံးထဲတွင် အခြားသော ဆေးပင်များ စိမ်ထားပြီး ဖြစ်ရာ၊ ရွှေရောင်မှုန့်များ ထည့်လိုက်သည်နှင့် ရုတ်တရက် ထူးခြားသော တုံ့ပြန်မှုများ ဖြစ်ပေါ်လာတော့သည်။

ပွက်ပွက်ဆူသော အသံများနှင့်အတူ အမြှုပ်များ တစီစီ ထွက်ပေါ်လာသည်။

လော့ချန်သည် လက်ကို ဆေးကြောပြီးနောက် တံခါးဝသို့ လျှောက်လာကာ ပျင်းကြောဆန့်လိုက်သည်။

“မိန်းကလေးချိုင်ယီ….တရုတ်ဆီးသီး စားမလားဗျ၊ ကျွန်တော် ဒီနေ့ ဆေးကုန်ကြမ်းဝယ်ရင်းနဲ့ လက်ဆောင်ရလာတာ၊ ချီစွမ်းအားတော့ မပါဘူး၊ ဒါပေမဲ့ ချိုချိုချဉ်ချဉ်လေးနဲ့ စားလို့ကောင်းတယ်”

ချိုင်ယီသည် လော့ချန်၏ လက်ထဲမှ ဆီးသီးတစ်ဆုပ်ကို ယူလိုက်စဉ် သူမ၏ အကြည့်မှာ လော့ချန်၏ ဝိညာဉ်သိုလှောင်အိတ် ဆီသို့ ရောက်သွားသည်။

“ရှင်တို့ ဆေးဖော်ဆရာတွေက တကယ် ချမ်းသာတာပဲ၊ ချီသန့်စင် အလယ်အလတ်အဆင့်မှာတင် ဝိညာဉ်သိုလှောင်အိတ် ကိုင်နိုင်တယ်ဆိုတော့....”

သူမ၏ လေသံမှာ မနာလိုမှုများဖြင့် ပြည့်နှက်နေသည်။

လော့ချန်သည် ထိုအကြောင်းကို မပြောဘဲ အကြောင်းအရာကို ပြောင်းလိုက်ကာ ပတ်ဝန်းကျင်ရှိ အိမ်နီးချင်းများ၏ အခြေအနေကို မေးမြန်းလိုက်သည်။ နေရာအသစ်တွင် နေထိုင်မည်ဆိုပါက ပတ်ဝန်းကျင်ရှိ လူများနှင့် ရင်းနှီးအောင် လုပ်ထားခြင်းက ပိုကောင်းပေလိမ့်မည်။

သို့သော် သူမ၏ ရှင်းပြချက်များကို နားထောင်ပြီးနောက် လော့ချန်မှာ အံ့သြတုန်လှုပ်သွားရသည်။

“ဒီဝင်းထဲမှာ အိမ်မကြီးရယ်၊ အရှေ့ဘက်ဆောင်၊ အနောက်ဘက်ဆောင်ရယ်၊ ဘေးအဆောင်ငယ် နှစ်ဆောင်ရယ်၊ ပြီးတော့ ရှင်နေတဲ့ အဆောင်ရယ် ရှိတယ်၊ စုစုပေါင်း အိမ်ထောင်စု ခြောက်စု ပေါ့”

“အရှေ့ဘက်ဆောင်မှာက ဖူရှို့ရှို့ နေတယ်၊ သူက ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူတစ်ယောက်၊ နတ်ဘုရားမှော်စာရွက်နန်းတော်မှာ အလုပ်လုပ်တယ်၊ အခု ဆိုင်တာဝန်ခံ ရာထူးတောင် ရနေပြီ”

“အနောက်ဘက်ဆောင်မှာက ချင် မိသားစု သုံးယောက်နေတယ်၊ ချင်လျန်ချန်နဲ့ သူ့ဇနီး နှစ်ယောက်လုံးက ချီသန့်စင် အဆင့် ၉ တွေ၊ သူတို့ကိုတော့ အခုတလော တွေ့ရမှာ မဟုတ်ဘူး၊ သူတို့သားကို တိမ်ပြိုဂိုဏ်း ရဲ့ ဝင်ခွင့်စစ်ဆေးပွဲအတွက် လိုက်ပို့နေကြလို့”

“ဘေးအဆောင်နှစ်ဆောင်မှာတော့ ပိုင်မေလင်း နဲ့ ဖုန်းရှ တို့ နေကြတယ်၊ သူတို့နှစ်ယောက်လုံးက ချီသန့်စင် အဆင့် ၇၊ သူတို့က ဆေးပေါင်းတစ်ထောင်ခန်းမ မှာ အလုပ်လုပ်ကြတာ”

ဤအိမ်နီးချင်းများ၏ အခြေအနေကို နားထောင်ပြီးနောက် လော့ချန်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

တကယ့်ကို ပုန်းအောင်းနေတဲ့ ပါရမီရှင်တွေပါလား.…။

ဤကဲ့သို့သော အိမ်ဝင်းလေးထဲမှာပင် ချီသန့်စင် အဆင့် ၉ ကျင့်ကြံသူ သုံးဦးနှင့် အဆင့် ၇ ကျင့်ကြံသူ နှစ်ဦး ရှိနေသည်။ လော့ချန်ကမူ ချီသန့်စင် အဆင့် ၄ တွင်သာ သောင်တင်နေဆဲ ဖြစ်သည်။

‘သနားစရာကောင်းတဲ့ ငါ့ကို တစ်ယောက်ယောက်က ဖက်ထားပေးပါဦး’ ဟု လော့ချန် တွေးလိုက်မိသည်။

ချိုင်ယီက ကိုယ်ဟန်ကို ပြင်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။

“ကျွန်မနာမည်က ကူချိုင်ယီပါ၊ ချီသန့်စင် အဆင့် ၈ ရှိတယ်၊ ထျန်းရှန်းမျှော်စင် မှာ ကချေသည်အဖြစ် အလုပ်လုပ်ပါတယ်”

“ဝင်ငွေကော ကောင်းလား"

“မဆိုးပါဘူး၊ ကျွန်မ အိမ်မကြီးမှာ နေနိုင်တာကို ကြည့်လေ”

လော့ချန် သက်ပြင်းချလိုက်မိသည်။ ချီသန့်စင် အဆင့်အလယ်ပိုင်းသို့ ရောက်ရှိသွားသဖြင့် သူသည် ကျင့်ကြံသူလောကတွင် အထင်ကရ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပြီဟု ထင်မှတ်ခဲ့သော်လည်း ဤသေးငယ်သော ခြံဝန်းထဲတွင်ပင် သူသည် အားအနည်းဆုံး ဖြစ်နေသည်။

သို့သော် သူ အံ့သြသွားသည်မှာ မှန်သော်လည်း လုံးဝ ထိတ်လန့်သွားခြင်းမျိုးတော့ မဟုတ်ပေ။

တာဟဲစျေးမြို့တော်ရှိ သောင်းနှင့်ချီသော တစ်ကိုယ်တော်ကျင့်ကြံသူများအကြားတွင် အဆင့်မြင့်ကျင့်ကြံသူ ရာနှင့်ချီ၍ ရှိနေသည်။ အပြင်ဘက်ရပ်ကွက်တွင် ထိုသူများအား တွေ့ရခဲသော်လည်း အတွင်းမြို့တွင်မူ ၎င်းမှာ သာမန်ကိစ္စတစ်ခုသာ ဖြစ်သည်။

"ဒါနဲ့ ထူးဆန်းတာ တစ်ခုရှိတယ်"

လော့ချန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ဒီခြံထဲမှာ ကျွန်တော့်ကို ဖယ်လိုက်ရင် ကျန်တဲ့ ငါးအိမ်လုံးက အမျိုးသမီး ကျင့်ကြံသူတွေချည်းပဲလား၊ ပြီးတော့ လမ်းထဲက တခြားအိမ်တွေမှာလည်း အမျိုးသမီးတွေပဲ များနေသလိုပဲ"

"ရှင်က အတာပဲ"

ချိုင်ယီက ရယ်မောရင်း ပြောသည်။

"လောကမှာ ယင်နဲ့ ယန် ဆိုတာ ရှိတယ်၊ မြို့မြောက်ဘက်မှာ သရဲဘုရင် တစ်ပါးကို နှိမ်နင်းထားတော့ ဒီဒေသရဲ့ ချီစွမ်းအားက ယင်ဓာတ်ဘက်ကို ပိုနွယ်တယ်၊ အမျိုးသားတွေက ယန်ဓာတ်၊ အမျိုးသမီးတွေက ယင်ဓာတ်ဆိုတော့ ဒီနေရာက အမျိုးသမီးတွေ ကျင့်ကြံဖို့ ပိုသင့်တော်တာပေါ့၊ ဒါကြောင့် ဒီမှာ အမျိုးသမီးတွေ များနေတာ"

လော့ချန် ချက်ချင်းပင် နားလည်သွားသော်လည်း စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

“ဒီမှာ အကြာကြီးနေရင် ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းကို ထိခိုက်နိုင်မလား"

အရပ်ရှည်ရှည်နှင့် ကျော့ရှင်းလှသော ချိုင်ယီက သူမ၏လက်ကို ပိုက်ထားရင်း ဝေခွဲမရသည့် လေသံဖြင့် ပြန်လည်ဖြေကြားသည်။

"သိပ်တော့ မထိခိုက်လောက်ပါဘူး၊ ကျွန်မတို့ အမျိုးသမီးတွေအတွက်တော့ အကျိုးရှိပေမဲ့ ရှင့်လို အမျိုးသားတွေအတွက်ကတော့ အပိုအကျိုးကျေးဇူး မရှိရုံပဲရှိမှာပါ"

"ဒါဆိုရင် ချင်မိသားစုက ယောကျာ်းကရော"

"သူက ဒီမှာနေတာ ကြာပြီလေ၊ သူလည်း ဘာမှပြောတာ မကြားဖူးဘူး။ ညကျရင် ကျွန်မ ထျန်းရှန်းမျှော်စင်က အစ်မယွီရှန်းကို မေးပေးကြည့်ပါ့မယ်၊ သူက ကျွန်မထက် ပိုသိမှာပါ"

"အင်း... ကျေးဇူးတင်ပါတယ်ဗျာ"

"ဒါနဲ့ ရှင့်ကို မေးရဦးမယ်၊ ရှင်ဖော်စပ်နေတဲ့ ဆေးက ဘာဆေးလဲ"

ချိုင်ယီက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ အကယ်၍ လော့ချန် ဖော်စပ်သည့် ဆေးသည် သူမနှင့် သင့်တော်ပါက အိမ်နီးနားချင်းအချင်းချင်း သူငယ်ချင်းစျေးဖြင့် ရနိုင်သည် မဟုတ်ပါလော။

သို့သော် လော့ချန်ထံမှ ချက်ချင်း အဖြေမရပေ။

ချိုင်ယီ လော့ချန်ကို ကြည့်လိုက်ရာ သူ၏ မျက်နှာမှာ အနည်းငယ် နီမြန်းနေသည်ကို တွေ့လိုက်ရသည်။

"မှော်အာဟာရဆေးလုံး...."

"ဟုတ်တယ်၊ မှော်အာဟာရဆေးလုံး"

လော့ချန်က ထပ်လောင်းပြောလိုက်သည်။

ချိုင်ယီသည် ညနေပိုင်း အလုပ်သွားသည့်တိုင် လော့ချန်၏ အဖြေကို စဉ်းစားနေမိသည်။

ထျန်းရှန်းမျှော်စင်သို့ ရောက်သောအခါ မိန်းကလေးများမှာ နိုးထလာကြပြီး အစားအစာများကို စားသောက်နေကြပြီ ဖြစ်သည်။ ချိုင်ယီသည် ချီစွမ်းအား ပြည့်ဝသော အစားအစာများကို စားရင်း သူနှင့် အတူစားနေသော ယွီရှန်းကို လှမ်းမေးလိုက်သည်။

"အစ်မယွီရှန်း... ကျွန်မ တစ်ခုလောက် မေးပါရစေ"

"အင်း... မေးလေ"

"ချီသန့်စင် အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ယောက်က မှော်အာဟာရဆေးလုံး ဖော်ရင် ပိုက်ဆံ အများကြီး ရနိုင်သလား"

ယွီရှန်းမှာ ခဏတာ မှင်သက်သွားပြီးနောက် တဟားဟား အော်ရယ်တော့သည်။

All Chapters